✨ Chapter 12
စစ်ဌာနချုပ်
အမြဲတမ်းနှိမ့်နှိမ့်ချချနေတတ်တဲ့ ဝမ်ယန်က နဉ်ယွီကိုအရှက်ခွဲတဲ့စကားကြောင့် မျက်နှာပြောင်းသွားတာပဲ...
ကျီလင်၏စိတ်ထဲ ဇာတ်လိုက်ရောင်ဝါက ကောင်းမွန်နေသေးသည်ဟု တွေးလိုက်သည်။
ဝမ်ယန်က သူအရှက်ရတာထက် နဉ်ယွီအရှက်ခွဲခံရတာကို သည်းမခံနိုင်ဘူးပဲ ဟုတ်တယ်မလား...
ကျီလင် ခေါင်းအနည်းငယ်မော့ကာ ဝမ်ယန်ကို စိုက်ကြည့်လိုက်သည်။ သူက မကျေနပ်ဟန်ဆောင်ပြီး ဖြည်းညှင်းစွာပြောလိုက်၏။
"ဘာလဲ...ငါပြောတာ လက်မခံဘူးလား..."
ဝမ်ယန်က နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ကျီလင်၏မျက်လုံးများကို စိုက်ကြည့်လာခဲ့သည်။
ကောင်လေး၏မျက်လုံးများက တောက်ပနေပြီး သူ့ကို ခေါင်းမာစွာ စိုက်ကြည့်နေခဲ့သည်။
ဝမ်ယန် ခဏခန့် စိတ်လွတ်သွားသော်လည်း စက္ကန့်အနည်းငယ်အကြာတွင် သူ့ပတ်ဝန်းကျင်ရှိ အေးစက်မှုများကို ပြန်ရုတ်သိမ်းပြီး မျက်လွှာချ၍ လေးစားစွာပြောလိုက်သည်။
"တောင်းပန်ပါတယ်... ကိုယ်မင်းကို ဆန့်ကျင်ဖို့မရည်ရွယ်ပါဘူး..."
မနာလိုမှုက သူ၏ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံးစေနိုင်သည်။
ဝမ်ယန်က ကောင်ငယ်လေးအား သူ့စိတ်ထဲရှိ ရက်စက်ယုတ်မာသောအတွေးများကို မသိစေချင်ဘဲ ကြောက်ရွံ့မှု သို့မဟုတ် စက်ဆုပ်ရွံရှာမှု မခံစားစေချင်ပင်။
ကျီလင် နှာမှုတ်လိုက်၏။
ဝမ်ယန်က လက်တစ်ဖက်ရှေ့မှာထား၍ ခါးညွတ်ကာ ပြောလာခဲ့သည်။
"ဒါဆို ကိုယ် အရင်သွားလိုက်ဦးမယ်..."
ထိုစကားပြောပြီးနောက် သူလှည့်ထွက်သွားခဲ့၏။
ကျီလင်က ဝမ်ယန် ထွက်သွားရာ လမ်းဘက်ကိုကြည့်ပြီး သူပြန်မလာသည်ကို အတည်ပြုပြီးမှသာ စိတ်သက်သာရာရစွာဖြင့် သူ့ရင်ဘတ်သူပုတ်လိုက်သည်။ သူစောစောက တည်ငြိမ်ပြီး မောက်မာပုံရခဲ့သော်လည်း အမှန်တွင် သူသေလောက်အောင်ကြောက်နေခဲ့ပေသည်။
ငါက ကိုယ်ပိုင်အချိန်လေးနည်းနည်းလောက်လိုချင်တာပါ... အဲဒါက အရမ်းခက်နေလို့လား...
ရက်အနည်းငယ်ကြာပြီးနောက် ဝမ်ယန်က ကျီလင်၏ရှေ့တွင် အမှန်တကယ်ထပ်မပေါ်လာခဲ့ချေ။ ကျီလင်က သူ့စကားများ အလုပ်ဖြစ်သွားသည်ဟုတွေးပြီး ပျော်ရွှင်သွားခဲ့သည်။ ထို့နောက် ဇာတ်ကြောင်းပွင့်လာမည့်အချိန်ကို စိတ်ရှည်ရှည်ဖြင့် စောင့်နေခဲ့သည်။
ဝတ္ထုထဲတွင် နဉ်ယွီ စစ်တပ်သို့ ပြန်ရောက်ပြီးနောက် နန်းတော်ပွဲ၌ မာရှယ်ဘရန်ဒန်နှင့် ကျင်းဆွေ့တို့ကို တွေ့ခဲ့ရသည်။ ကျင်းဆွေ့က နဉ်ယွီကို အထူးအာရုံစိုက်ကာ သူ၏ရဲစွမ်းသတ္တိအတွက် ချီးကျူးခဲ့သည်။ ထိုဗီဒီယိုက လူအချို့ထံမှ အာရုံစိုက်ခံရပြီးနောက် စတားကွန်ယက်တွင် ကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့သည်။ လူထုအမြင်တွင် ဧကရာဇ်က နဉ်ယွီကို အလွန်တန်ဖိုးထားသည်ဟုဆို၏။ ဖန်များက အွန်လိုင်းပေါ်တွင် တစ်နေ့လုံးပျော်ရွှင်နေကြပြီး အလွန်ဂုဏ်ယူနေခဲ့ကြသည်။
ကျင်းဆွေ့က အဘယ်ကြောင့် နဉ်ယွီအပေါ် တမင်တကာခြားနားစွာ ကြည့်သည်ကို ကျီလင်သိပေ၏။ ထိုအချိန်က ကျင်းဆွေ့ နဉ်ယွီကို လုံးလုံးသဘောမကျသေးချေ။ သူက အပြင်လောကသို့ သူ့သဘောထားများချပြရန်နှင့် သာမာန်လူများအပေါ် သူ၏အလေးထားမှု၊ ဂရုစိုက်မှုများပြသရန် ၎င်းကိုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုမှသာ အထက်တန်းလွှာများအပေါ်ထားရှိသည့် သာမာန်ပြည်သူများ၏မကျေနပ်မှုများကို လျှော့ချနိုင်မည်ဖြစ်သည်။
ကျင်းဆွေ့၏ သဘောထားက လုံးဝပင် နိုင်ငံရေးပြကွက်ဖြစ်သည်။ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူများက ၎င်းကို ရှင်းလင်းစွာသိပေသည်။ သို့တိုင် ၎င်းက လူထုကို မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များ ဝယ်ယူခြင်းမှ တားဆီးနိုင်စွမ်းမရှိသေးချေ။ အချို့သောရှုထောင့်မှကြည့်လျှင် ယနေ့ခေတ်အင်ပါယာ၏ သဘောထားက အချုပ်အခြာအာဏာရှင်သဘောထားကို အမှန်တကယ်ကိုယ်စားပြုနေသေးသည်။
သို့သော် မူလပိုင်ရှင်က နားမလည်ခဲ့ချေ။ သူက ရူးမိုက်ပြီး အဆိပ်ပြင်းသော အချစ်ရူးတစ်ယောက်ဖြစ်သည်။ ကျင်းဆွေ့က နဉ်ယွီကဲ့သို့ 'ဇာတ်နိမ့်' အပေါ် အလွန်ကြင်နာနေသည်ကိုမြင်ပြီး သူ့နောက်လိုက်များထံမှ နှိုးဆွခံရချိန်တွင် နဉ်ယွီကိုပြဿနာရှာရန် စစ်ဌာနချုပ်သို့ ချက်ချင်းပြေးသွားခဲ့သည်။ သူက ထိုဇာတ်နိမ့်သာမန်လူကို သင်ခန်းစာပေးချင်ခဲ့သည်။
သေချာစွာပင် အဆုံးတွင် သူက သင်ခန်းစာပေးသူ မဖြစ်ခဲ့ရဘဲ ထိုအစား မျက်နှာဖြတ်ရိုက်ခံရသူဖြစ်လာခဲ့သည်။
ကျီလင် ထိုအကြောင်းကို တွေးမိချိန်တိုင်း အလွန်ရှက်ရွံ့မိသည်။ အကြောင်းမှာ သူ့အမြင်အရ မူလပိုင်ရှင်၏ အပြုအမူက သူ့အတွက်အကျိုးယုတ်ပြီး အချို့သူများအတွက်ကောင်းကျိုးရနိုင်သောကြောင့် ဖြစ်သည်။
ကျင်းဆွေ့က ဤကဲ့သို့ နိုင်ငံရေးပြကွက်မျိုးမှတစ်ဆင့် လူအများ၏နှလုံးသားကို အနိုင်ယူချင်သလို အချို့သူများကလည်း ကျင်းဆွေ့ အောင်မြင်လာမည်ကို မမြင်ချင်ကြဘဲ ကျင်းဆွေ့ကို အခက်တွေ့စေချင်ကြသည်။
အဲဒီတော့ သူတို့ဘာလုပ်သင့်လဲ...နဉ်ယွီကို နှိမ်နှင်းတာ ပိုကောင်းတယ်မလား...
နဉ်ယွီ အင်ပါယာကြယ်ပေါ်၌ အရှက်ကွဲပြီး မတရားပြုမူခံရသည်နှင့် တစ်ပြိုင်နက် လူအများ၏ ဒေါသကို အလွယ်တကူနှိုးဆွနိုင်ကာ လူများက ကြောင်သူတော်ဧကရာဇ်ကို လက်ညှိုးထိုးကြလိမ့်မည်ဖြစ်သည်။ ကျင်းဆွေ့၏ ကြိုးစားအားထုတ်မှုက အလဟဿဖြစ်သွားပေလိမ့်မည်။
အဲဒါကြောင့် မူလပိုင်ရှင်ဒီလိုလုပ်မယ်ဆိုရင် ကျင်းဆွေ့ သူ့ကိုပြန်သဘောကျဖို့ဆိုတာ မဖြစ်နိုင်ဘူး...
မူလပိုင်ရှင်ရဲ့ သူငယ်ချင်းတွေက ဝက်အသင်းဖော်တွေလိုပဲ...
ကျီလင်၏စိတ်ထဲ အနည်းငယ်ရှက်ရွံ့နေဆဲဖြစ်သော်လည်း အိမ်ပြန်နိုင်ရန်အတွက် ဇာတ်လိုက်ကို ရန်စရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဇာတ်လိုက်များ၏ရောင်ဝါက အလွန်အစွမ်းထက်နေဆဲဖြစ်ပြီး သူ၏လူရွှင်တော်ကဲ့သို့ အပြုအမူက သူတို့ကို အမှန်တကယ်မထိခိုက်စေနိုင်ဘဲ သူ့အပေါ် ပိုရွံရှာသွားစေနိုင်သည်။
ကျီလင် လက်များယှက်ပြီး သူ့စိတ်ထဲ တိတ်တဆိတ်ဆုတောင်းနေမိသည်။-
ကျင်းဆွေ့...နဉ်ယွီ မင်းတို့နှစ်ယောက်လုံးက ကြီးကျယ်ခမ်းနားတဲ့အရာတွေကိုပဲ လုပ်တတ်ကြတဲ့ တောက်ပတဲ့သူတွေပါ...မင်းတို့ ငါ့လိုခုန်ပေါက်ပြနေတဲ့ လူရွှင်တော်ကို အာရုံမစိုက်ကြပါနဲ့...မင်းတို့ တကယ်မပျော်မရွှင်ဖြစ်လာရင် ငါ့ကို ယင်ကောင်တစ်ကောင်လိုပဲ လွှင့်ပစ်လိုက်ကြပါ...ငါ့မစ်ရှင်တွေပြီးသွားလို့ အိမ်ပြန်ရောက်တဲ့အခါကျရင် မင်းတို့အတွက် မနက်တိုင်း ညတိုင်း အမွှေးတိုင်သုံးချောင်းထွန်းပြီး သက်ကျော်ရာကျော်ရှည်ဖို့နဲ့ ဆုတောင်းသမျှပြည့်ဖို့ ငါ ဆုတောင်းပေးပါ့မယ်...ပြီးရင် မင်းတို့ ကလေးစောစောမွေးပြီး ငြိမ်းငြိမ်းချမ်းချမ်းနေသွားကြပါ...
ရက်အနည်းငယ်ကြာပြီးနောက်တွင် အရာအားလုံးက သူ့ယခင်ဘဝကကဲ့သို့ ဖြစ်ခဲ့သည်။ အင်တာနက်တစ်ခုလုံး ကျင်းဆွေ့နှင့် နဉ်ယွီတို့၏ သတင်းများဖြင့်ဖုံးလွှမ်းနေပြီး ဘရန်ဒန်၏ အလင်းရောင်ပင်လျှင် ခေတ္တခန့် ဖိနှိပ်ခံထားရသည်။
ကျီလင် သူ့ဘာသာ တွေးလိုက်မိသည်။
အဲဒါကို လူအင်အားလို့ခေါ်တာပဲ...
အထက်တန်းလွှာများ မည်မျှမြင့်မြတ်နေပါစေ အရေအတွက်အရ သာမန်လူများထက် များစွာနည်းပေသည်။ ၎င်းက ကျင်းဆွေ့ သာမန်လူများကို အလွန်အလေးထားနေရသည့်အကြောင်းအရင်းဖြစ်သည်။ သာမန်လူများက အမှန်တကယ်ပင် လူအင်အားကြီးမားလှသည်။
အယ်...စကားမစပ် ဒီနေ့ ငါနောက်လိုက်တွေ ငါ့ဆီလာကြမှာမလား...
ကျီလင် ပျော်ရွှင်စွာ စောင့်နေခဲ့သည်။
သို့သော် သူ မနက်မှ ညနေအထိစောင့်ပြီး ညမှ နံနက်အထိစောင့်နေသည့်တိုင် သူတို့ရောက်မလာကြချေ။
နဉ်ယွီကို ပြဿနာရှာအောင် မြှောက်ထိုးပင့်ကော်လုပ်ကြမယ့် ငါ့နောက်လိုက်တွေရော... သူတို့ဘယ်ရောက်နေကြတာလဲ...
ကျီလင်က သူ၏မှုန်ဝါးနေသော မျက်လုံးများကိုဖွင့်လိုက်ပြီး စိတ်ရှုပ်ထွေးနေခဲ့သည်။
ယခင်ဘဝအတွေ့အကြုံအရ ယခုအချိန်တွင် မူလပိုင်ရှင်၏ သစ္စာရှိနောက်လိုက်ဖြစ်သော ရို့စ်က မီးထဲလောင်စာထည့်ပြီး မြှောက်ထိုးပင့်ကော်လုပ်ရန် ရောက်ရှိလာသင့်သည်။ ကျီလင်က ကျင်းဆွေ့၏ပါဝင်ပတ်သက်မှုကြောင့် စိတ်လွတ်သွားသည်အထိ အလွန်မနာလိုဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူက နဉ်ယွီကိုပြဿနာရှာရန် စစ်ဌာနချုပ်သို့ ချက်ချင်းသွားခဲ့လေ၏။ သူ့နေရာသူမသိသော ထို'ဇာတ်နိမ့်' ကို သင်ခန်းစာပေးချင်ခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ရို့စ်က အစမှအဆုံးတိုင် ပေါ်မလာခဲ့ချေ။
ဘာတွေဖြစ်နေတာလဲ...
ကျီလင် မျက်မှောင်ကြုတ်ပြီး အချိန်အတန်ကြာပြန်တွေးကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူတို့၏ပါတီပွဲ၌ ကားလို့စ် ပေါ်လာခဲ့ချိန်မှစ၍ ရို့စ် သူ့ကိုဆက်သွယ်သည်မှာရှားလာကြောင်း ကျီလင် သတိရသွားခဲ့၏။
သူ ကားလို့စ်ကိုကြောက်လို့ ငါနဲ့ထပ်ပြီးမပေါင်းရဲတော့တာများလား...
အမှန်တရားရှာတွေ့ခဲ့ပြီဟု တွေးမိသော ကျီလင်က ဝမ်းနည်းမှုကြောင့် မျက်ရည်ကျလုမတတ်ဖြစ်သွားခဲ့၏။
အဲဒီမြေခွေးအိုကြီး ပေါ်လာကတည်းက ကောင်းတာမရှိမှန်း ငါသိသားပဲ...အခုတော့ကြည့် နောက်ဆက်တွဲရလဒ်က ဒီလောက်မြန်မြန်ရောက်လာနေပြီ...
ဤအချိန်တွင် ရို့စ် သူ့ထံသို့လာရန် မျှော်လင့်နေခြင်းက လက်တွေ့မဆန်တော့ချေ။ သို့သော် ၎င်းက နှောင်းပိုင်းဇာတ်ကွက်နှင့် ဆက်နွယ်နေသောကြောင့် သူ နဉ်ယွီထံ သွားကိုသွားရမည်ဖြစ်သည်။
ကျီလင် ၎င်းကိုတွေးပြီး သူ ကယ်တင်နိုင်ဆဲဖြစ်သည်ဟု ခံစားလိုက်ရသည်။
နဉ်ယွီကို ပြဿနာရှာရန် အာရုံစိုက်ထားသည့် ရက်စက်ကြမ်းကြုတ်သော အမြောက်စာဇာတ်ကောင်အနေဖြင့် ကျီလင်က ရို့စ် သူ့ထံမလာလျှင်ပင် သူ နဉ်ယွီဆီသို့သွားရမည်ဖြစ်၏။ ယခုအခါ စတားကွန်ရက်တစ်ခုလုံး၌ နဉ်ယွီကို အော်ဟစ်ချီးကျူးနေကြသည်။ နဉ်ယွီနှင့် ကျင်းဆွေ့တို့၏ CP ပင် ပေါ်ထွက်လာခဲ့သည်။ ဒေါသနှင့် မနာလိုမှုကြောင့် နဉ်ယွီကို ပြဿနာရန် အစပြုခြင်းမှာ ကျိုးကြောင်းဆီလျော်၏။
ကျီလင် ထိုသို့တွေးမိစဉ် ရုတ်တရက် ရွှင်လန်းလာပြီး ဆက်သွယ်ရေးကိရိယာကို ချက်ချင်းဖွင့်ကာ ရို့စ်ထံ ဆက်သွယ်လိုက်သည်။
"ဟဲလို..."
ရို့စ်က အိပ်မှုန်စုန်မွှားဖြစ်နေဆဲဖြစ်သည်။
"ဘာကိစ္စရှိလို့လဲ..."
ကျီလင် ပြောလိုက်၏။
"ငါ အဲဒီတက်သစ်စကြယ်ပွင့်ကို မကြိုက်ဘူး...သူက ငါ့ဧကရာဇ်နဲ့ ယှဉ်ခံရအောင် ဘာအဆင့်ရှိလို့လဲ...ငါတို့ သူ့ကို သင်ခန်းစာပေးကြရအောင်လေ..."
ရို့စ်က ထိုစကားကြားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း နိုးလာပြီး စကားထစ်သွားခဲ့သည်။
"ဘယ်-ဘယ်လို..."
ကျီလင် - "ငါတို့ နောက်နာရီဝက်နေရင် စစ်ဌာနချုပ်ဂိတ်ဝမှာ တွေ့ကြမယ်..."
ရို့စ်: "ခဏလေး..."
သို့သော် သူစကားမပြောနိုင်မီ ကျီလင်က ဆက်သွယ်ရေးကိရိယာကိုချသွားပြီဖြစ်သည်။
ရို့စ်: "... "
ရို့စ်က ဆက်သွယ်ရေးကိရိယာကို မှုန်မှိုင်းသောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ နောက်တစ်စက္ကန့်တွင် အိပ်ရာထဲမှ ကုန်းရုန်းထပြီး ဘောင်းဘီကောက်ဝတ်ကာ အပြေးထွက်လာခဲ့သည်။
ဘိုးဘေးလေးရယ် ဘာလို့ကိုယ့်ဒုက္ခကိုယ်ရှာပြီး စိတ်ရှုပ်ခံနေရတာလဲ...
သူ လုံးဝ မသွားချင်သော်လည်း ကားထဲသို့ လျင်မြန်စွာ ဝင်လိုက်ဆဲဖြစ်သည်။
သူက ဟိုဗာကား၏အရှိန်ကို အမြင့်ဆုံး တင်၍ မောင်းလာခဲ့ပြီး ယာဉ်စည်းကမ်း အများအပြားကို ချိုးဖောက်ခဲ့ကာ နောက်ဆုံးတွင် စစ်ဌာနချုပ်ရှေ့သို့ ကျီလင်မရောက်မီ ဦးစွာရောက်သွားခဲ့သည်။ ထို့နောက် ကျီလင်လာမည့်လမ်းကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ကျီလင်၏ ဟိုဗာကားက အဝင်ဝ၌ ရပ်သွားခဲ့သည်။
ရို့စ်က ခုန်ပေါက်ပြီး ကျီလင်ကို တင်ပါးမီးလောင်နေသကဲ့သို့ ဂနာမငြိမ်စွာ တားလာခဲ့သည်။ သူက ခြောက်ကပ်စွာရယ်ပြီး ပြောလာခဲ့၏။
"မင်း အပြင်ထွက်မလာခင် ဘာလို့ ငါနဲ့ ဒီကိစ္စကို သေချာမဆွေးနွေးရတာလဲ..."
ကျီလင်က ဒေါသတကြီးမျက်လုံးလှိမ့်ပြီး စိတ်ထဲမှ ပြောလိုက်သည်။
မင်းကြောင့်သာ မဟုတ်ရင် ငါဒီကို အစောကြီးကတည်းက ရောက်နေလောက်ပြီ...
ကျီလင် မျက်ခုံးပင့်ပြီး ပြောလိုက်သည်။
"သွားရအောင်..."
ငါ့တို့ တစ်ရက်တောင်နှောင့်နှေးခဲ့တာ ဇာတ်ကြောင်းအပေါ် ထိခိုက်သွားမလားမသိဘူး...အခု သခင်လေးကျီ အရမ်းတွေစိုးရိမ်နေပါပြီနော်...
ရို့စ်က စိတ်ထဲ၌ တိတ်တဆိတ်ညည်းညူနေပြီး ကျီလင်၏လက်ကို သူ့လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"အဲ...ငါတို့ စစ်ဌာနချုပ်ကို ပြဿနာရှာဖို့ သွားတာက နည်းနည်းလေး မစဉ်းစားရာမရောက်သွားဘူးလား..."
ကျီလင်၏ခြေလှမ်းများ ရပ်တန့်သွားပြီး နောက်ဆုံးတွင် ရို့စ်ကို အတွေးများသော မျက်လုံးများဖြင့် အံ့သြတကြီးကြည့်လိုက်သည်။
ဒီကောင်လေးက အရမ်းဆိုးရွားတယ်ဆိုတာ ငါ မှတ်မိပါတယ်...သူက သာမန်လူတွေကို သည်းမခံနိုင်ဘူးမလား...သူ အရင်ဘဝတုန်းကတောင် ငါ့ကို မြှောက်ထိုးပင့်ကော်လုပ်ခဲ့သေးတာပဲ...အခုကျမှ ကြက်တစ်ကောင်လိုငြိမ်ပြီး ငါ့ကို လာတားနေတာ... နည်းနည်းတော့ ကျိုးကြောင်းမဆီလျော်ဘူး...
ကျီလင်၏မျက်လုံးများကြောင့် ရို့စ် စိတ်မသက်မသာဖြစ်သွားသော်လည်း အံတင်းတင်းကြိတ်ကာ ဖြောင်းဖျနေဆဲဖြစ်သည်။
"ကြည့်ပါဦး...နဉ်ယွီက ဘာကောင်ကြီးမှ မဟုတ်ပေမယ့် ငါတို့ရောက်နေတာ စစ်ဌာနချုပ်လေ…မာရှယ်ဘရန်ဒန်က ငါတို့လို လူပေါ်ကြော့တွေနဲ့ မတည့်ဆုံးပဲ... သူသာ ငါတို့ကိုမြင်ရင် ငါတို့ လွယ်လွယ်နဲ့ ပြန်ထွက်သွားလို့ရမှာ မဟုတ်ဘူး..."
ကျီလင် မျက်ခုံးပင့်လိုက်သည်။
ငါ အရင်ဘဝတုန်းက မင်း ဒီလောက် ဦးနှောက်ရှိတာမျိုး မတွေ့ဖူးပါဘူး...ဒါပေမယ့် မင်း မှန်တယ်...ငါလိုချင်တာက အဲဒီလိုမျိုးအရာပဲ...အကျိုးသက်ရောက်မှုမရှိရင် ဘာလို့အပင်ပန်းခံလာနေဦးမှာလဲ...
ကျီလင်၏ မျက်လုံးများက ဆုံးဖြတ်ချက်ခိုင်မာလာပြီး အေးစက်စွာ ပြောလိုက်သည်။
"မင်း ငါနဲ့အတူသွားမှာလား မသွားဘူးလား..."
ရို့စ် : "မ...မဟုတ်...မသွား…"
ကျီလင်က လက်ယမ်းပြလိုက်သည်။
"ဒါဆိုလည်း မင်းပြန်တော့...ငါတစ်ယောက်တည်းပဲ သွားတော့မယ်..."
ရို့စ် : "... "
ကျီလင် အမှန်တကယ် လှည့်ထွက်သွားသည်ကိုမြင်ပြီးနောက် ရို့စ် မျက်ရည်ကျလုမတတ် ဖြစ်သွားခဲ့သည်။ သူ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အမြန်ပြေးကာ ကျီလင် နောက်သို့ လိုက်သွားခဲ့သည်။
ငါ ဘာအပြစ်များ ကျူးလွန်ခဲ့မိလို့လဲ...
ယခင်က သူ့အဖေမှာ သူနှင့် ကျီလင် ပေါင်းသင်းသည်ကို အလွန်ထောက်ခံခဲ့၏။ သူ အပြင်တွင် မည်သို့နေနေ ဂရုမစိုက်ခဲ့ချေ။ သို့သော် မကြာသေးမီက ရုတ်တရက်ကြီး သူ့ကို ကျီလင်နှင့် ဝေးဝေးနေရန်၊ ကျီလင်ကို အပြင်ထွက်ပြီး ဆိုးရွားသောအရာများလုပ်စေအောင် သွေးမထိုးရန် ပြောလာခဲ့သည်။ သူ့ကိုလည်း အိမ်၌သာနေပြီး ဒုက္ခမပေးရန်ပြောခဲ့သည်။ ၎င်းက မြို့စားကြီးကားလို့စ်၏ အမိန့်ဖြစ်ကြောင်းပါ ပြောခဲ့သည်။
အကြောင်းအရင်းကိုမသိသော်လည်း ရို့စ်က နာခံမှုရှိစွာဖြင့် ကျီလင်နှင့် အကွာအဝေးခြားထားလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က နျဲ့ထျန်းချီ ညဘက် အိမ်ပြန်လမ်း၌ လူရမ်းကားတစ်စု၏ ရိုက်နှက်ခြင်းခံရပြီး အောက်ပိုင်းသေသွားသည်ဟု ကြားခဲ့ရသည်။ မျိုးရိုးဗီဇပြုပြင်ခြင်းကုထုံးပင်လျှင် သူ့ကို မကုသနိုင်တော့ချေ။
ရို့စ် ၎င်းကိုတွေးပြီး တုန်လှုပ်သွားခဲ့သည်။
ငါ ဒီတစ်ခေါက် တကယ်ကြီး ကျီလင်ကို သွေးထိုးတာမဟုတ်ရပါဘူး...ကျီလင်ကြောင့် မတတ်သာဘဲ လာခဲ့ရတာပါ...
ငါ ဒီနေ့အိမ်ပြန်တဲ့အခါကျ ငါ့အဖေ ငါ့ခြေထောက်တွေကို ရိုက်မချိုးဖို့ မျှော်လင့်ရတာပဲ....
ကျီလင်က ရို့စ်၏ ရှုပ်ထွေးနေသော စိတ်အခြေအနေကို ဂရုမစိုက်ဘဲ နောက်ပင်ပြန်လှည့်မကြည့်ကာ ရှေ့ဆက်လျှောက်သွားခဲ့သည်။
ရို့စ်က ဤတစ်ကြိမ်တွင် စိတ်မချရပုံရသောကြောင့် သူကိုယ်တိုင်လုပ်ရမည့်ပုံရသည်။
ကောက်ကျစ်ယုတ်မာတဲ့ အမြောက်စာဇာတ်ကောင်လို သရုပ်ဆောင်ရုံပဲမလား... ပြီးတော့ ဒါက ဒုတိယအကြိမ်ပဲဟာ... ငါကိုယ်တိုင် လုပ်နိုင်သားပဲ...
ကျီလင်က ခေါင်းမော့ရင်ကော့ကာ စစ်ဌာနချုပ်ထဲသို့ ဝင်သွားခဲ့သည်။
စစ်ဌာနချုပ်ကဲ့သို့နေရာက အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့် နေရာမျိုးမဟုတ်သော်လည်း ကျီလင်၏ အဆင့်အတန်းက မြင့်မားပြီး သူ့နောက်၌ မြို့စားကြီးနှစ်ဦးလည်းရှိနေသောကြောင့် မည်သူကမျှ သူ့ကိုမတားဝံ့ကြချေ။
နဉ်ယွီ ယခုမည်သည့်နေရာ၌ ရှိနေမည်ကို ကျီလင် သိသော်လည်း သူ စစ်ဌာနချုပ်သို့ ဝင်ပြီးနောက် စစ်သားတစ်ဦးကို ဆွဲကာ မောက်မာစွာဖြင့် ဟန်ဆောင်မေးခဲ့သည်။
"နဉ်ယွီ ဘယ်မှာလဲဆိုတာ မင်းသိလား..."
အခြားသူအကြောင်းမေးပါက ထိုစစ်သားလေး မသိနိုင်လောက်ချေ။ သို့သော် နဉ်ယွီက သာမန်လူဖြစ်သော်လည်း နာမည်ကြီးသောကြောင့် ထိုသူမည်သည့်နေရာ၌ရှိနေသည်ကို သူ သိပေသည်။ သူက လေးစားစွာ ပြန်ဖြေလိုက်သည်။
"ဗိုလ်မှူးနဉ်ယွီက အခု လေ့ကျင့်ရေးကွင်းထဲမှာ လေ့ကျင့်နေလောက်ပါတယ်..."
ကျီလင်က မောက်မာစွာ ခေါင်းညိတ်ပြပြီး လေ့ကျင့်ရေးကွင်းဆီသို့ လှည့်ထွက်သွားခဲ့သည်။
မကြာမီတွင် အဝေးမှ 'ဟူး ဟ' ဟူသော ဆူညံသံများကိုကြားရပြီး ယောက်ျားများ၏ ချွေးနံ့များ ရလာခဲ့သည်။
အနက်ရောင်စစ်ဘောင်းဘီနှင့် ဘွတ်ဖိနပ်များ၀တ်ဆင်ထားသည့် စစ်သားတစ်စုက အပေါ်ပိုင်းဗလာဖြင့် တိုက်ခိုက်နေကြ၏။ သူတို့၏ သန်မာသော ကြွက်သားများနှင့် အမာရွတ်များက ပေါ်ထွက်နေခဲ့သည်။
ကျီလင် သတိမထားမိစွာပင် သူ၏သွယ်လျသော လက်နှင့် ခြေထောက်များကို ငုံ့ကြည့်လိုက်မိသည်။ သူက အတော်လေးရုပ်ရည်ချောမောသော်လည်း စစ်မြေပြင်၌ အမှန်တကယ်တိုက်ခိုက်ခဲ့ရသော ထိုစစ်သားများနှင့် ယှဉ်ပါက ယောက်ျားပီသမှု ကင်းမဲ့နေဆဲဖြစ်သည်။ သူက ရိုးရှင်းပြီး လှပသော ကောင်လေးတစ်ယောက်လိုပင်။
အဟမ်း...သူတို့နဲ့ ဝေးဝေးနေရမယ်...
✨✨✨