Chapter 11
Viewers 2k

✨ Chapter 11

မနာလိုခြင်း



ဝမ်ယန်၏စိတ်က အကြိမ်ကြိမ်လှည့်ပတ်နေသော်လည်း သူ့မျက်နှာပေါ်တွင်မူ မည်သည့်အရိပ်အယောင်မျှ မရှိနေချေ။ သူ ကားလို့စ်၏မူမမှန်မှုကို ရှာတွေ့ခဲ့သော်လည်း ကားလို့စ်က သူ့အကြောင်းမသိသေးပေ။ အကြောင်းမှာ သူ လက်ရှိအချိန်၌ ယခင်ဘဝကနှင့် မတူသော မည်သည့်အရာကိုမျှ မလုပ်ရသေးသောကြောင့်ဖြစ်၏။


ရန်သူက အလင်းထဲရှိနေပြီး သူက အမှောင်ထဲရှိနေသည်မှာ ကားလို့စ်ကို ရင်ဆိုင်ရာ၌ သူ ရရှိထားသည့် အကြီးမားဆုံးအားသာချက်ဖြစ်သည်။


ဝမ်ယန်က အနည်းငယ် မကျေမနပ်သော အကြည့်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မနေ့က ကျွန်တော် တခြားကြယ်နယ်ပယ်ကနေ ပြန်လာတော့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေ အများကြီး ကြားလိုက်ရတယ်...အဲဒီသတင်းတွေက... ကျွန်တော်တို့ရဲ့ အရင်က သဘောတူညီချက်ထဲမပါဘူးလေ... "


ကားလို့စ်၏ နှုတ်ခမ်းပါးက အနည်းငယ်ပင့်ပြီး တည်ငြိမ်စွာ ပြောလာခဲ့သည်။

"ငါတို့ရဲ့သဘောတူညီချက်ထဲက အကြောင်းအရာအားလုံး ငါ မှတ်မိတယ်...ငါက မင်းကို နောက်လွှတ်တော်အမတ်ဖြစ်လာအောင် ကူညီပေးဖို့ပဲ... တခြားဘာမှမရှိဘူး..."


ဝမ်ယန် ပြောလိုက်သည်။

"အဲဒီလိုပြောရမယ်ဆို ခင်ဗျား ကျွန်တော့်ကို လွှတ်တော်အမတ်ဖြစ်လာဖို့ ကူညီပေးတာက ခင်ဗျား ဧကရာဇ်ကိုဖြေရှင်းတဲ့နေရာမှာ ကျွန်တော် ကူညီဖို့ မျှော်လင့်လို့ပဲ...အဲဒါမတိုင်ခင်မှာ ကျွန်တော်တို့နှစ်ယောက်လုံး နှိမ့်နှိမ့်ချချပိုနေသင့်တယ် မဟုတ်ဘူးလား...ခင်ဗျား ဒီလိုလုပ်တာက ဧကရာဇ်ကို နှိုးဆွမိသလိုဖြစ်သွားပြီး ကျွန်တော်တို့ရဲ့အကြံအစည်တွေကို ထိခိုက်စေလိမ့်မယ်..."


ကားလို့စ် ခဏရပ်သွားခဲ့သည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း ကွေးတက်လာပြီး ရယ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

"မင်းက အရမ်းစိတ်နှစ်မြှုပ်ထားတာပဲ... ငါ့ဘက်မှာ ရပ်တည်တာက မင်းရဲ့နိုင်ငံသားတွေကို ဆန့်ကျင်နေတာပဲဆိုတာ မင်းနားလည်လား..."

 

ဝမ်ယန် ပြုံးလိုက်သည်။  

"ကျွန်တော့်မျက်လုံးထဲမှာတော့ ကျွန်တော်ကိုယ်တိုင်ကလွဲပြီး တခြားဘယ်သူကမှ အကျိုးအမြတ်တွေ စွန့်ရတဲ့အထိထိုက်တန်တာမရှိဘူး...ပြီးတော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတွေကိုမပြောနဲ့ သူတို့လို 'လူတစ်စု' က ကျွန်တော်နဲ့ သက်ဆိုင်နေတယ်လို့ မထင်ဘူး..."


ကားလို့စ် ခပ်ဖွဖွရယ်လိုက်သည်။

သူက အရင်ဘဝတုန်းကနဲ့ တစ်ပုံစံတည်းပဲ... သူက တစ်ကိုယ်ကောင်းဆန်ခြင်းကို အရိုးထဲထွင်းထားတဲ့ သွေးအေးတိရစ္ဆာန်တစ်ကောင်ပဲ...သူရဲ့ကိုယ်ပိုင်ပန်းတိုင်ကိုရဖို့အတွက် ကျီလင်နဲ့ ကျီမိသားစုတစ်ခုလုံးကို လှေကားထစ်လိုချနင်းဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး...သူက တကယ့်ကို မျက်လုံးဖြူဝံပုလွေကောင်ပဲ...


ကားလို့စ် တစ်ချိန်က ထိုကဲ့သို့ လူစားမျိုးကို အလွန်စိတ်တိုင်းကျဖူးခဲ့သည်။ ထိုလူက သူနှင့် ပုံစံချင်းတူပေသည်။ တစ်ဖက်လူ၌ သူနှင့် တူညီသောရည်ရွယ်ချက် သို့မဟုတ် လုံလောက်သောအကျိုးရလဒ်များ ရှိနေသရွေ့ သူတို့က လုပ်ဖော်ကိုင်ဖက်ကောင်းများ ဖြစ်နိုင်ကြသည်။


သို့သော် သူ ယခု ထိုလူကိုပြန်တွေ့ရချိန်တွင် သူ့စိတ်ထဲတွင် အေးစက်သောစက်ဆုပ်ရွံရှာမှုကလွဲပြီး ဘာမှမခံစားရချေ။


သူ ယခင်ဘဝက ကောင်ငယ်လေး၏ ကြင်နာမှုကို နားမလည်ခဲ့ဘဲ ထိုမိုက်မဲပြီး ကောက်ကျစ်ယုတ်မာသော မျက်လုံးဖြူဝံပုလွေကောင်ကို ကောင်လေးအနား၌ ပုန်းအောင်းနေစေခဲ့သည်။ ထိုသူက ကျီလင်ကို ကြံစည်နေရုံသာမက သူ့ကို အင်ပါယာကြယ်မှ နှင်ထုတ်ခံရစေပြီး ကျီမိသားစုတစ်ခုလုံးကိုပါ ဖျက်ဆီးပစ်ရန် သူနှင့် သဘောတူညီချက်လုပ်ခဲ့သည်။


သို့သော် ယခုဘဝ၌ ထိုအပေးအယူက ဘယ်သောအခါမှ ရှိလာမည်မဟုတ်ချေ။


မင်းက ဥပဒေလွှတ်တော်အမတ်ရာထူးကို လိုချင်တာလား... မင်းက အမြင့်ရောက်ချင်တာလား...ငွေကြေးနဲ့ အာဏာကို လိုချင်တာလား…ကိစ္စမရှိဘူး...မင်းက ငါ့အတွက် အသုံးကျနေသေးသရွေ့ အားလုံးပေးနိုင်တယ်... ဒါပေမယ့် ငါ မင်းကို မပေးနိုင်တာတစ်ခုရှိတယ်...


အဲဒါ - ကျီလင်ပဲ...


ကျီလင်ကို တပ်မက်တာက မင်းလုပ်ဖူးသမျှထဲ အကြီးမားဆုံးအမှားပဲ...


ကားလို့စ် ဆိုဖာပေါ်မှထရပ်ကာ ဝမ်ယန်၏ မျက်လုံးများကို တည့်တည့်ကြည့်ကာ အဓိပ္ပါယ်ရှိသောလေသံဖြင့် ဖြည်းညှင်းစွာပြောလိုက်သည်။

"မင်း ဒီကိုရောက်လာပြီဆိုမှတော့...ငါ မင်းကို တည့်တိုးပြောမယ်...ငါ မင်းကို ကူညီမယ်...မင်းက ငါ့ကို ထိုက်တန်တဲ့ဆုတစ်ခု ပြန်ပေးရမယ်...မင်း တခြားလူတွေရဲ့ပိုင်ဆိုင်မှုကို စိတ်ကူးမယဉ်တာ ပိုကောင်းမယ်..."


ဝမ်ယန်၏ မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး ကားလို့စ်၏ အေးစက်နေသော မျက်လုံးများနှင့် ဆုံလိုက်ရ၏။


ထိုအချိန်တွင် သူ တစ်ဖက်လူထံမှ လူသတ်လိုသော အရိပ်အယောင်ကို ဖျတ်ခနဲ ခံစားလိုက်ရသည်။


ကားလို့စ်...သူ တကယ်ပဲ ပြန်လည်မွေးဖွားလာတာလား...


အဲဒါက ငါ့ကို ကျီလင်နဲ့ ပတ်သက်ပြီး စိတ်ကူးမယဉ်နေသင့်ဘူးလို့ ရှင်းရှင်းလင်းလင်းညွှန်ပြနေပေမယ့် ငါကအမြဲတမ်း အတွေးတွေကို နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားခဲ့တာလေ...ကားလို့စ့် အဲဒါကို မသိနေသင့်ဘူး...


ဒါပေမယ့် ကားလို့စ်က ပြန်လည်မွေးဖွားလာတယ်ပဲထားပါတော့...အရင်ဘဝတုန်းက သူ ကျီလင်ကို ဂရုမစိုက်ခဲ့ဘူးလေ... ဒီဘဝကျမှ သူ့သဘောထားတွေ ဘာလို့ ပြောင်းသွားရတာလဲ...


ဝမ်ယန်က ထိုအတွေးမျိုးစုံကို သူ့စိတ်ထဲပြန်မျိုသိပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ခင်ဗျားမှာ ဘာလို့ အဲဒီလိုအတွေးမျိုးရှိနေလဲဆိုတာ ကျွန်တော်မသိဘူး...ကျီမိသားစုက ကျွန်တော့်အတွက် အမြင့်ကိုတက်ဖို့ လှေကားထစ်သာသာပဲ...ကျွန်တော့်အတွက် လွှတ်တော်အမတ်ရာထူးကလွဲပြီး ဂရုစိုက်စရာ ဘာတစ်ခုမရှိဘူး...ဒါပေမယ့် ခင်ဗျားဒီလိုမျိုးလုပ်ပြီး အစီအစဉ်တွေ ရုတ်တရက်ပြောင်းလိုက်တာအတွက် ကျွန်တော့်ကို ရှင်းပြချက်ပေးစရာ မလိုဘူးလား..."


ကားလို့စ်က နှာမှုတ်လိုက်သည်။

မင်းက အခုထိဖုံးထားချင်နေတုန်းပေါ့လေ... မင်း အဲဒါကိုထုတ်မပြချင်ရင်တောင် ကိစ္စမရှိဘူး...ဒါပေမယ့် ဒီတစ်ခါတော့ ဘယ်သူ့ကမှ ကျီလင်ဖြစ်ဖြစ် ကျီမိသားစုကိုဖြစ်ဖြစ် ထိခိုက်နာကျင်အောင်လုပ်ခွင့်မပြုတော့ဘူး...


ပြီးတော့ မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီသေးဘူး...


ကားလို့စ်က ဝမ်ယန်ကို စိုက်ကြည့်လာခဲ့သည်။ သူ၏ အညိုရောင်မျက်လုံးများထဲ ပင်ကိုယ်မြင့်မြတ်မှုက ထင်ထင်ရှားရှား ပေါ်လာပြီး ရှုံ့ချစွာ ပြောလာခဲ့သည်။

"ငါ့ရဲ့လုပ်ရပ်တိုင်းကို မင်းဆီရှင်းပြနေစရာ မလိုဘူး...ငါပိုင်ဆိုင်တဲ့အရာကို တခြားဘယ်သူ့ကိုမှ လိုချင်တပ်မက်ခွင့် မပြုဘူးဆိုတာ မင်းသိဖို့ပဲလိုတယ်...အဲဒီလောက်ဆို လုံလောက်ပြီ..."


ဝမ်ယန်၏ မျက်ဆံများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့မျက်လုံးများထဲ အေးစက်မှုတစ်ခုက ဖျတ်ခနဲ လွင့်လာခဲ့သည်။


ခဏအကြာတွင် သူ ပခုံးတွန့်ပြီး ဂရုမစိုက်ဟန်ရယ်မောလိုက်သည်။  

"ကောင်းပြီလေ...ခင်ဗျားက ကျီမိသားစုကို လိုချင်တာဆိုတော့... ကျွန်တော် ဘာမှမပြောတော့ဘူး..."


ကားလို့စ်က လျစ်လျူရှုသောလေသံဖြင့် ပြောလိုက်သည်။

"မင်း အဲဒီလိုတွေးနိုင်ရင် အကောင်းဆုံးပဲ..."


ဝမ်ယန်က အပေါ်ယံ၌ တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ့စိတ်ထဲတွင်မူ ကသောင်းကနင်းဖြစ်နေသည်။ ကားလို့စ်၏ စကားလုံးများက သူ့ကို အလွန်အဓိပ္ပာယ်မဲ့သော အတွေးများပေါ်လာစေသည်။  


ကားလို့စ်က ဒါကို သူ့တွက်ချက်မှုကြောင့် လုပ်နေတာမဟုတ်ဘဲနဲ့ ကျီလင်ကို ကာကွယ်ဖို့အတွက်လုပ်နေတာပဲ...


ဒါပေမယ့် အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


သူ့ကို ဒီလိုပြောင်းလဲသွားအောင် ဘာကလုပ်ခဲ့တာလဲ...


မဟုတ်မှ...


ငါတောင် ပြန်လည်မွေးဖွားလာပြီးတော့ ကျီလင်ရဲ့ကောင်းကွက်တွေကို နားလည်လာနိုင်သေးတာ...ကားလို့စ်လည်း ငါ့လိုပဲပြန်လည်မွေးဖွားပြီးတော့ အဲဒါကိုသဘောပေါက်သွားတာဖြစ်နိုင်တယ်...ဒီဖြစ်နိုင်ချေလည်း ဖြစ်နိုင်ချေရှိတယ်...


သို့သော် သူ့အရှေ့ရှိ အချက်အလက်များက အကန့်အသတ်ဖြစ်နေသောကြောင့် ဝမ်ယန်အတွက် ဆုံးဖြတ်ချက်ချရန် ခက်ခဲပေသည်။


သူ ယနေ့တွင် အချက်အလက်များစွာရခဲ့သည်။ ဝမ်ယန် လောလောဆယ်တွင် မြက်ကိုပုတ်ပြီး မြွေကိုမခြောက်လှန့်ချင်သေးသောကြောင့် ခဏရပ်ပြီး အပြုံးလေးဖြင့် စကားဝိုင်းကို စဉ်းစားဉာဏ်ရှိစွာ အဆုံးသတ်လိုက်သည်။

"ဒီနေ့ အဲဒီကိစ္စကြောင့်လာခဲ့လိုက်တာ...အဲဒီအသေးအမွှားအဖြစ်အပျက်က ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ် မထိခိုက်စေဖို့ မျှော်လင့်တယ်..."


__


ကျီလင်က အိမ်တွင် ဘာလုပ်စရာမှမရှိဘဲ နဉ်ယွီပြန်လာမည့်နေ့ရက်များကိုသာ လက်ချိုးရေတွက်နေခဲ့သည်။


ထိုအကြောင်းပြောရလျှင် သူ ကားလို့စ်ထံမှ လက်ဆောင်မရသည်မှာ ရက်အနည်းငယ်ခန့်ရှိပြီဖြစ်ကာ ၎င်းကိုကျင့်သားမရနေချေ။ သို့သော် သေချာပြန်စဉ်းစားပြီးနောက်တွင် ၎င်းက ကောင်းသောကိစ္စဟု ထင်ခဲ့သည်။  


ကားလို့စ် နောက်ဆုံးတော့ လက်လျှော့ချင်စိတ်ရှိသွားပြီ... ကျေနပ်စရာပဲ...


သူ့ကို စိုးရိမ်နေစေသည့် တစ်ခုတည်းသောအရာမှာ ကားလို့စ်က နောက်ဆုံးတွင် လက်လျော့သွားခဲ့သော်လည်း ဝမ်ယန်က အခြားဂြိုဟ်မှ ပြန်လာစဥ်တည်းက သူ့ရှေ့၌ လှည့်ပတ်နေခဲ့သည်။


အဲဒါက ငါသီချင်းဆိုနေတုန်း စင်ပေါ်ကို နောက်တစ်ယောက်ထပ်ရောက်လာသလိုပဲ...


ပင်ပန်းလိုက်တာ...


"သခင်လေး ရေဆာနေလား..."  

ဝမ်ယန်၏ နူးညံ့သိမ်မွေ့ပြီး အက်ရှသော အသံက ကျီလင်၏နားထဲ တိုးဝင်လာခဲ့သည်။


ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ကျီလင်၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားခဲ့သည်။ ကျီလင်က သူ့ဘေး၌ ခေါင်းငုံ့ပြီး နှိမ့်ချသောအမူအရာဖြင့်ရပ်နေသည့် ငွေရောင်ဆံပင်ရှိသော အမျိုးသားကို လှည့်ကြည့်လိုက်သည်။


ကျီလင်၏စိတ်ထဲ ညည်းတွားလိုက်မိသည်။


ငါက နေရောင်ခံပြီး ခြံထဲမှာ တစ်ရေးလောက်အိပ်ချင်ရုံပါ...မင်း အဲဒီလောက် စိတ်နှစ်ပြီး ငါ့ကိုအလုပ်အကျွေးပြုစရာလိုလို့လား...


မင်းရဲ့ရွေးကောက်ပွဲစဖို့ နီးလာပြီလေ... မင်းဘာသာမင်း နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေစမ်းပါ...


ကျီလင် စိတ်ဓာတ်ကျနေသော်လည်း ၎င်းကို ဖော်မပြဝံ့ပေ။ သူ ခေါင်းခါပြပြီး ပြောလိုက်သည်။  

"ရေမဆာဘူး..."


ဝမ်ယန်က စကားထပ်မပြောတော့ဘဲ ထိုနေရာ၌ ငြိမ်သက်စွာ ရပ်နေခဲ့သည်။


ကျီလင်က သူ့ဘေးနားတွင် တစ်ချိန်လုံးနေရန် စီစဉ်ထားပုံရသော ဝမ်ယန်၏ အမူအရာကိုမြင်လိုက်ရသည်။ 


အဲဒါက အဆင်မပြေဘူးလေ...အခုကတည်းက ငါ့ဟန်ဆောင်မျက်နှာဖုံး ကွာကျတော့မလို့ဖြစ်နေတာကို...စာမေးပွဲတစ်ခုဆိုရင်တောင် ငါ့မှာ အနားယူဖို့ အချိန်ရှိသင့်တယ်လေ မဟုတ်ဘူးလား... မင်းက စာမေးပွဲခန်းစောင့်ဆရာလို ဒီမှာစောင့်နေတော့ ငါ့မှာ ပျင်းတောင် မပျင်းရဲဘူး...


မဖြစ်သေးဘူး...ငါ နည်းလမ်းရှာမှရမယ်...


ကျီလင်၏စိတ်က ယောက်ယက်ခတ်နေခဲ့သည်။ 

ဝမ်ယန်က အမြဲတမ်းအကျိုးအမြတ်မရရင် မလုပ်တတ်ဘူး...သူ ငါဘေးမှာနေနေတာက ရည်ရွယ်ချက်ရှိလို့ပဲဖြစ်ရမယ်... ဒါပေမယ့် ငါက သူ့ကို ဘာပေးနိုင်မှာမို့လဲ...အဲဒါက ငါ့ကို ယင်ကောင်တွေ ကူမောင်းပေးပြီး ပိုက်ဆံယူချင်နေတာထက် ဘာမှမပိုနေဘူး...


သူ ၎င်းကိုတွေးတောလျက် ရုတ်တရက် သူ အလွန်သတိလက်လွတ်ဖြစ်နေဆဲဟု ခံစားလိုက်ရသည်။ ဤမျှ ရိုးရှင်းသော အမှန်တရားကိုပင် သူ နားမလည်ခဲ့ချေ။


ကျီလင်က မျက်ခုံးပင့်ပြီး မတ်တတ်ရပ်ကာ ခေါင်းငုံ့၍ ပြောလိုက်သည်။ 

"မင်း သိပ်မကြာသေးခင်တုန်းက အထွေထွေရွေးကောက်ပွဲမှာ ပါခဲ့တယ်လို့ ငါ ကြားမိတယ်..."


ဝမ်ယန်က ခေါင်းညိတ်ပြီး ပြနါဖြေလာခဲ့သည်။

"ဟုတ်ပါတယ်..."


ကျီလင်က အထင်အမြင်သေးစွာ သရော်လိုက်သည်။ သူ့မျက်လုံးများက အနည်းငယ်ပင့်တက်လာပြီး ဝမ်ယန်ကို စောင်းငဲ့ကြည့်လိုက်သည်။  

"မင်းလိုလူက အဲဒီရာထူးကို ဘယ်လိုတောင်တွေးရဲတာလဲ..."


ဝမ်ယန်၏ အမူအရာက မပြောင်းမလဲရှိနေဆဲဖြစ်သည်။ သူက မပျော်ရွှင်ဟန်ပြမလာဘဲ နူးညံ့စွာ ပြောလိုက်သည်။

"ဒီတိုင်းစမ်းကြည့်ရုံပါ..."


ကျီလင်က သူ့အပေါ်အကောင်းမြင်နေပုံမရသော်လည်း များမကြာမီတွင် ဆက်သွယ်ရေးကိရိယာကိုဖွင့်ပြီး ဝမ်ယန်ထံ ငွေအမြောက်အမြားလွှဲပေးရန် ပြောလာဆဲဖြစ်သည်။ ဝမ်ယန် ခေါင်းမော့ကြည့်လိုက်ချိန်တွင် ကျီလင်က မောက်မာသောအမူအရာဖြင့် အထင်သေးစွာ ပြောလာခဲ့သည်။

"မင်း အဲဒီပိုက်ဆံတွေသုံးလို့ရတယ်... အဆုံးကျ မင်းဘာသာမင်း အောင်မြင်မြင် မမြင်မြင်… မင်းက ကျီမိသားစုနဲ့ဆိုင်နေတုန်းပဲ...အပြင်ထွက်ပြီး ငါတို့ကျီမိသားစုကိုမျက်နှာပျက်ရအောင်မလုပ်နဲ့..."


ဝမ်ယန်က သူ့ကို ခဏခန့် နက်ရှိုင်းစွာ စိုက်ကြည့်ပြီး လေးစားစွာဖြင့် မျက်လွှာချလိုက်သည်။  

"ဟုတ်ကဲ့ပါ..."


ကျီလင် စကားပြောပြီးနောက် ဝမ်ယန်၏ မထူးခြားဟန်ရှိနေဆဲဖြစ်သော အမူအရာကိုကြည့်ကာ တွေးလိုက်မိသည်။


သူက တကယ်တည်ငြိမ်လွန်းတာပဲ... ဝတ္ထုထဲမှာ စိတ်အရှည်ဆုံးနဲ့ ရက်စက်အယုတ်မာဆုံး ဗီလိန်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်...သူက သူ့ဒေါသတွေအားလုံးကို အစာအဖြစ်များ ‌စားနေလားမသိဘူး...ဟုတ်တယ်မလား...


ကျစ် ကျစ် ကျစ်...


ကျီလင်က လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။

"မင်းသွားလို့ရပြီ..."


ဝမ်ယန်က မလှုပ်ရှားဘဲ မေးလာခဲ့သည်။

"ကိုယ် မင်းအတွက် အလုပ်လုပ်ပေးစရာ မလိုဘူးလား..."


ကျီလင်က ဒေါသတကြီး ပြောလိုက်သည်။

"ငါက အစေခံမရှိတဲ့လူနဲ့တူနေလို့လား..."


ဝမ်ယန်က သူ့ရှေ့ရှိ အနည်းငယ်စိတ်ဆိုးသွားပုံရသော ဆယ်ကျော်သက်လေးကို ကြည့်လိုက်သည်။ ကျီလင်၏မျက်လုံးများထဲရှိ မသက်မသာအရိပ်အယောင်ကို ဝမ်ယန် သတိပြုမိလိုက်ပြီး သူ့နှလုံးသားက ပျော့ပျောင်းလာကာ နှုတ်ခမ်းထောင့်စွန်းကို ဖိထားလိုက်မိသည်။


ကျီလင်က အပြင်ပိုင်းတွင် မောက်မာပုံရသော်လည်း အမှန်တွင် သူက အလုပ်ကျွေးပြုခံရသည်ကို နှစ်သက်သူတစ်ဦးမဟုတ်ချေ။ သူက လူများဝန်းရံနေသည်ထက် တစ်ယောက်တည်းနေရသည်ကို ပိုသဘောကျသူဖြစ်၏။


သူက မောက်မာ၍ လွှမ်းမိုးတတ်သူဖြစ်သလို တိတ်ဆိတ်ပြီး အထီးကျန်သူလည်းဖြစ်သည်။


သို့သော် သူ၏ဆန့်ကျင်ဘက်ခြမ်းနှစ်ခုလုံးက သူ့ခန္ဓာကိုယ်၌ အလွန်အံဝင်ခွင်ကျဖြစ်နေပုံရပြီး ထူးခြားသော ဆွဲဆောင်မှုတစ်ခုအနေဖြင့် ရောယှက်နေပုံရကာ လူအများကို စွဲလမ်းစေသည်။


ကျီလင်က သူ့ကို အပြင်၌ ဆိုးဆိုးရွားရွား မရှုံးစေရန် ငွေပေးကူညီလိုခဲ့သော်လည်း သူ့စိတ်ရင်းအမှန်ကို အခြားသူများအားပြသရန် ကြောက်ရွံ့နေသကဲ့သို့ နာကျင်ဖွယ် စကားများပြောရန်သာ ရွေးချယ်ခဲ့သည်။  


အထက်တန်းလွှာတစ်ယောက်အနေနဲ့ ငါ့လို ဇာတ်နိမ့်သာမန်လူကို ကူညီချင်တာက ပုံမှန်မဟုတ်ဘူးလို့ သူထင်လို့များလား...


သို့သော် နောက်ဆုံးတွင် ကြင်နာမှုက အောင်နိုင်ခဲ့သည်။


ဝမ်ယန်၏မျက်လုံးများက အလွန်နူးညံ့နေပြီး နက်ရှိုင်းသောအမှောင်ထုက မှင်အိုင်အဖြစ်သို့ပြောင်းသွားပြီး အရာအားလုံးက ရေငွေ့များအဖြစ် တိတ်တဆိတ်လွင့်စင်သွားခဲ့သည်။


ကျီလင်က သူ့အကြည့်များကိုမြင်လိုက်ရပြီး ယမန်နေ့က သူ့အိမ်မက်ထဲရှိ ဝမ်ယန်၏ ထိတ်လန့်ဖွယ်ရာ အကြည့်များကို ခံစားခဲ့ရပြန်သည်။ ကျီလင် လျင်မြန်စွာ အကြည့်လွှဲပြီး ဒေါသတကြီးဖြင့် ကုလားထိုင်ပေါ် ပြန်ထိုင်ချလိုက်သည်။

 

မင်း ပိုက်ဆံရပြီးနေပြီလေ...ဘာတွေထပ်လိုချင်နေသေးတာလဲ...


မသွားချင်ရင်လည်း မသွားနဲ့ပေါ့...ကြိုက်သလိုသာလုပ်...


ကျီလင်က ဝမ်ယန်ကို မကြည့်တော့ဘဲ သတင်းများ လိုက်ကြည့်ခဲ့သည်။  

နဉ်ယွီ ဒီနေ့ ပြန်လာမှာမလား...


သူ အချိန်အတန်ကြာအောင် ဆက်သွယ်ရေးကိရိယာကိုပွတ်ဆွဲနေပြီး နောက်ဆုံးတွင် နာမည်ကြီးကြယ်ပွင့်ကွန်ရက်ပေါ်တက်လာသည့် အသစ်စက်စက်သတင်းကိုတွေ့လိုက်ရသည်။


မကြာသေးမီက လူကြိုက်အများဆုံး သူရဲကောင်းများဖြစ်လာသည့် နိုင်ငံတော်အိုင်ဒေါနဉ်ယွီနှင့် အနာဂတ်၏ ကြယ်ပွင့်ဟုလူသိများသော မာရှယ်ဘရန်ဒန်တို့က နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။


နာဒိုဂလက်ဆီ၌ ဇာ့ဂ်များကိုတွန်းလှန်သော တိုက်ပွဲ၏ ကြီးကျယ်သောအောင်မြင်မှုကြောင့် ဧကရာဇ်ကျင်းဆွေ့ကိုယ်တိုင် သူတို့ကို ကြိုဆိုမည်ဟု ဆိုကြသည်။


ကျီလင်၏ မျက်လုံးများ တောက်ပလာပြီး ရုတ်တရက် အတွေးတစ်ခုဝင်လာခဲ့သည်။


သူ၏ ဝတ္ထုဇာတ်ကြောင်းအပေါ်နားလည်မှုအရ ဝမ်ယန်နှင့် နဉ်ယွီတို့က ဝမ်ယန်လွှတ်တော်အမတ်ဖြစ်လာပြီးနောက် အချင်းချင်းကူညီကြကာ သူငယ်ချင်းများဖြစ်လာကြလိမ့်မည်။ စာထဲ၌ ပြတ်ပြတ်သားသား ဖော်ပြထားခြင်းမရှိသော်လည်း ဝမ်ယန်က နဉ်ယွီအတွက် အနည်းငယ်ကွဲပြားသော စိတ်ရှိကြောင်းရည်ညွှန်းထားပုံရသည်။


ဤကဲ့သို့ဝတ္ထုများတွင် မင်းသားဖြစ်စေ၊ ဗီလိန်ဖြစ်စေ၊ နဉ်ယွီ၏ ဇာတ်လိုက်အရောင်အဝါကို မည်သူမျှ ခုခံနိုင်စွမ်းရှိကြမည်မဟုတ်ပေ။


ကျီလင်က သတင်းကိုပိတ်လိုက်ပြီး ဝမ်ယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။


ဝမ်ယန်က မျက်လွှာပင့်ကာ သူ့ကိုကြည့်နေခဲ့သည်။


ကျီလင်က မထီမဲ့မြင်ပြုကာ နှာမှုတ်လိုက်သည်။

"ဘာကိုတက်သစ်စကြယ်ပွင့်လဲ...သူက နိမ့်ကျတဲ့ သာမန်လူသက်သက်ပဲဟာ...သူ အင်ပါယာကြယ်ဆီ ပြန်လာတာနဲ့ပဲ ဧကရာဇ် ထွက်ကြိုပေးတာခံရတယ်...သူက အဲဒီ ခြေလှမ်းတစ်လှမ်းနဲ့ ကောင်းကင်ဘုံတက်နိုင်မယ်လို့ထင်နေတာလား...ဘာပဲဖြစ်ဖြစ် သူက နောက်ဆုံးကျ ငါတို့ရဲ့လက်ပါးစေတွေ ဖြစ်နေဦးမှာပဲ...လူတစ်ယောက်က ကိုယ့်နေရာကိုယ် သိရမှာပေါ့..."


ဝမ်ယန်၏ နှုတ်ခမ်းပါးများက တင်းတင်းစေ့ပြီး နောက်ဆုံးတွင် သူ့မျက်လုံးများ ပြောင်းလဲသွားခဲ့သည်။


ကျီလင် ကိုယ့်ကိုကိုယ်ဂုဏ်ယူမိသွားသည်။


သေချာပါတယ်...နဉ်ယွီကို စတေးလိုက်တာ အမှန်ဆုံးပဲ...


ကျီလင်က ဝမ်ယန်ကို အထင်အမြင်သေးစွာ စိုက်ကြည့်ပြီး သေရမည်ကို မကြောက်ဟန်ဖြင့် ဆက်သရုပ်ဆောင်ခဲ့သည်။


ဝမ်ယန်၏လက်များက ဖြည်းညှင်းစွာ တင်းကြပ်သွားပြီး ကျီလင်ကိုကြည့်လိုက်သည်။


သူ ပြန်လည်မွေးဖွားလာပြီးနောက် ထိုသူ၏အနား၌နေပြီး ထိုသူ ပျော်ရွှင်နေသည်ကို ကြည့်နိုင်သ၍ သူ ကျေနပ်နိုင်လိမ့်မည်ဟုထင်ခဲ့ကာ အများကြီး မမျှော်လင့်ရဲခဲ့ချေ။ သို့သော် ယခုအချိန်၌ ကျီလင်၏ စကားများနားထောင်လိုက်သည်နှင့် သူ ကျင်းဆွေ့အပေါ် မည်မျှဂရုစိုက်သည်ကို သိနိုင်ကာ သူ့ယခင်ဘဝက နဉ်ယွီကြောင့် လုပ်ခဲ့သမျှအရာများကို သတိရမိသွားခဲ့သည်။


ထိုအချိန်မှပင် သူက အလွန်မနာလိုတတ်သူဖြစ်သည်ကို နားလည်သွားခဲ့သည်။


ကျီလင်၏ လှပသော မျက်လုံးများက အစမှအဆုံးတိုင် ကျင်းဆွေ့တစ်ယောက်တည်းကိုသာ ကြည့်နေခဲ့ပြီး သူ့ဘက်ကို ဘယ်သောအခါမှ ပြန်လှည့်မကြည့်ဖူးခဲ့ချေ။


အရင်ဘဝပဲဖြစ်ဖြစ် အခု လက်ရှိဘဝပဲ ဖြစ်ဖြစ်...


အမှန်ပဲ...


မနာလိုစိတ်နှင့် နာကျင်မှုများရောနေသောအကြည့်က ဝမ်ယန်၏ မျက်လုံးများထဲ ညအမှောင်ကဲ့သို့ တဖြည်းဖြည်းဝင်ရောက်လာခဲ့သည်။ သူက စကားတစ်လုံးချင်းဖိပြောလိုက်၏။

"ဟုတ်လား..."



✨✨✨