✨ Chapter 10
သို့သော် သူ၏ခြေထောက်ကို ပြန်မဆွဲယူနိုင်မီမှာပင် ဝမ်ယန်၏လက်ထဲ ပြန်အဖမ်းခံခဲ့ရသည်။
ကျီလင်၏ အမူအရာက အေးခဲသွားပြီး တွေးလိုက်မိ၏။
ငါ အရမ်းသတိထားပြီး တကယ်တောင် မကန်ရဲခဲ့တာကို...သူက သည်းမခံနိုင်တော့ဘူးလား...
ရလဒ်အနေဖြင့် နောက်အခိုက်အတန့်တွင် ဝမ်ယန်က ခေါင်းအနည်းငုံ့ပြီး ကျီလင်၏ ခြေဖမိုးကို ညင်သာစွာ အနမ်းပေးလာခဲ့သည်။ သူ့အမူအရာက သူ၏တစ်ပါးထဲသော ယုံကြည်ရာနတ်ဘုရားကို ဆက်ဆံနေသကဲ့သို့ ရိုသေလေးစားနေပြီး အက်ရှသောအသံဖြင့် နူးညံ့စွာ ပြောလာခဲ့သည်။
"ခြေထောက်မထိခိုက်သွားအောင် ဂရုစိုက်လေ..."
ကျီလင်: "???"
ဝမ်ယန်၏လှုပ်ရှားမှုက သူ့ကို လုံးလုံးကြောင်အစေပြီး ဆွံ့အသွားစေခဲ့သည်။
ဝမ်ယန်၏ခေါင်းက ဖြည်းညှင်းစွာ မော့လာပြီး ကျီလင်၏မှင်သက်ပြီး ချစ်စရာကောင်းသော အသွင်အပြင်ကို ကြည့်ကာ သူ့နှုတ်ခမ်းပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူ၏ နက်မှောင်သော မျက်လုံးများ၌ နက်ရှိုင်းသော ချစ်ခြင်းတရားရှိနေခဲ့သည်။
ငါ သူ့ရဲ့ကြင်နာမှုကို ဘယ်လိုလုပ် နားလည်မှုလွဲနိုင်ရတာလဲ...သူက ခွင့်မလွှတ်နိုင်တဲ့ စကားနည်းနည်းပြောရုံကလွဲပြီး ဘယ်တုန်းက ငါကို အထင်တသေးနဲ့ အနိုင်ကျင့်ဖူးလို့လဲ... ဥပမာ အခုတစ်ခါကိုပဲကြည့်... သူ စိတ်မရှည်ဖြစ်ပြီး ငါ့ကို ထွက်သွားစေချင်နေတာတောင် အသာအယာပဲကန်လာခဲ့တာ... သူက မောက်မာတယ်...ကိုးရို့ကားယားနဲ့ ချစ်စရာကောင်းတယ်... ငါ့ရဲ့ အေးစက်တဲ့ နှလုံးသားကို နွေးထွေးစေတယ်...
ဝမ်ယန်က ကျီလင်၏ခြေထောက်ကို ဖြည်းညှင်းစွာလွှတ်ပေးပြီး မတ်တပ်ထရပ်လိုက်သည်။
"မင်း အနားယူတော့လေ... ကိုယ်အရင် ထွက်သွားတော့မယ်..."
သူ မထွက်သွားမီ ကျီလင်အတွက် တံခါးညင်သာစွာ ပိတ်ပေးသွားခဲ့သည်။
ထို့နောက် တံခါးဝကို ကျောခိုင်း၍ တစ်ယောက်တည်းမတ်တတ်ရပ်နေကာ ကောင်လေး၏ အနွေးဓာတ်ရှိနေဆဲဖြစ်သော သူ့လက်ဖဝါးကို စိုက်ကြည့်လိုက်သည်။
သူ ကောင်ငယ်လေးကိုထိလိုက်သည့် အခိုက်အတန့်၌ ထိုကောင်လေးကို သူ့ရင်ခွင်ထဲပွေ့ဖက်ထား၍ မျက်လုံး၊ နှာထိပ်ဖျားနှင့် နှုတ်ခမ်းများကိုနမ်းနိုင်ရန် မစောင့်နိုင်တော့ချေ။
သူ့တွင် လုံလောက်သော ချုပ်တည်းမှုနှင့် စိတ်ရှည်သည်းခံမှုရှိသည်ဟု အမြဲထင်ခဲ့သည်။
သို့သော် ယခုတွင် သူလက်အချိန်မီမလွှတ်မိပါက သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးပြီး ကောင်ငယ်လေးကို ထိတ်လန့်စေမည့် တစ်ခုခုလုပ်မိသွားလိမ့်မည်ကို သူသိသည်။
ထို့ကြောင့် သူ ပြတ်သားစွာထွက်လာခဲ့ခြင်းဖြစ်သည်။
အချိန်မကျသေးဘူး... ငါ့ခံစားချက်တွေကို အခုဖော်ပြလိုက်ရင် သူငါ့ကို မုန်းပြီး ကြောက်သွားတာပဲ အဖတ်တင်လိမ့်မယ်... အဲဒီလိုနဲ့ ငါတို့ပိုဝေးလာလိမ့်မယ်...
ဝမ်ယန်၏ ဘေး၌ချထားသောလက်က တဖြည်းဖြည်း တင်းကျပ်လာပြီး သူ့မျက်လုံးများထဲတွင် ဇွဲကောင်းမှုဖြင့် နက်ရှိုင်းသော အကြည့်တစ်ခုပေါ်လာခဲ့သည်။
တစ်နေ့ မင်းနားမှာ ရပ်နိုင်မယ့်အရည်အချင်းပြည့်မီဖို့အတွက် ကိုယ် သေချာပေါက် ဒီထက်ပိုမြင့်မားလာအောင် ကြိုးစားရမယ်...
လွှတ်တော်အမတ်ဖြစ်လာဖို့က ပထမအဆင့်ပဲ...
__
ကျီလင် ထိုည၌ အိမ်မက်မက်ခဲ့သည်။
ဝမ်ယန်က သူ့ရှေ့၌ သူ့ဖိနပ်များချွတ်ပေးရန် ဒူးထောက်ထိုင်နေပြီး သူ၏ခြေဖမိုးကို တလေးတစားအမူအရာဖြင့် ငုံ့နမ်းလာခဲ့သည်။ ထို့နောက် ရုတ်တရက် ခေါင်းပြန်မော့လာပြီး ကြောက်စရာကောင်းသော အပြုံးဖြင့် အေးစက်စက်ပြောလာသည်ခဲ့သည်။
"ငါ့ကိုစော်ကားတဲ့သူတိုင်း အဆုံးသတ်ကောင်းမှာမဟုတ်ဘူး..."
ကျီလင် အောက်သို့ငုံကြည့်လိုက်ရာ ဝမ်ယန်နမ်းခဲ့သော သူ့ခြေထောက်က လျင်မြန်စွာ ပုတ်သိုးလာပြီး အရိုးဖြူများပေါ်လာသည်ကို တွေ့လိုက်ရ၏။ သူရုတ်တရက် ကြောက်လန့်တကြားအော်မိခဲ့သည်။
ကျီလင် ချွေးစေးများရွှဲနစ်နေပြီး မျက်လုံးများပွင့်လာခဲ့သည်။
ဘုရားရေ... ကြောက်စရာကောင်းလိုက်တဲ့ အိမ်မက်ဆိုးပဲ...
ဒါ ဝမ်ယန် နေ့တိုင်းတွေးနေတဲ့ အရာများလား...
ကျီလင် ပြန်အိပ်မပျော်နိုင်တော့ဘဲ အကြောက်တရားများဖြင့် စနစ်ကိုပြောလိုက်သည်။
[စနစ်ရေ... သူဒီနေ့ ဘာတွေတွေးနေတယ်လို့ထင်လဲ...]
စနစ်- [ငါလည်း မသိဘူးလေ...]
ကျီလင် - [မင်းရဲ့အဖြေက အရမ်းဝတ်ကျေတမ်းကျေနိုင်တယ်လို့ မထင်ဘူးလား...]
စနစ်က ရိုးသားစွာ ပြန်ပြောခဲ့သည်။
[ငါ တကယ် သူဘာတွေတွေးနေမှန်းမသိဘူး... ငါသာသိလို့ရှိရင် ဒီတာဝန်တွေကိုလုပ်ဖို့ ပိုင်ရှင်တစ်ယောက်လိုနေမှာ မဟုတ်ဘူး...]
ကျီလင်: […]
ခဏအကြာတွင် ကျီလင်က ထပ်ပြောလိုက်၏။
[ဒါဆို သူ့အပြုအမူတွေက အရင်ဘဝနဲ့ ဘာလို့မတူနေလဲဆိုတာ မင်းသိလား... အဲဒါက လိပ်ပြာအကျိုးသက်ရောက်မှုများလား...]
(T/N - အသေးအမွှားအကျိုးသက်ရောက်မှု)
စနစ်က ပြန်ဖြေခဲ့၏။ -
[အဲဒါဖြစ်နိုင်တယ်...]
စနစ်က ခဏခန့်တွေးပြီးနောက် ထပ်ဖြည့်ပြောလာခဲ့သည်။
[ဒါပေမယ့်ကိစ္စမရှိပါဘူး... အဆိုးဆုံးဖြစ်လာရင် ငါ နောက်တစ်ခါပြန်စပေးပါ့မယ်...]
ကျီလင် : […]
ဟားဟား ငါ ဒီကြက်အစပ်စနစ်ဆီက ဘာကိုမှ မမျှော်လင့်နေသင့်ဘူး...
ကျီလင် နောက်တစ်နေ့၌ မျက်လုံးအောက်တွင် အမဲရောင်စက်ဝန်းများဖြင့် နိုးလာခဲ့သည်။ သူ မနက်စာစားနေစဉ်၌ပင် အနည်းငယ်စိတ်ပျံ့လွင့်နေပြီး ပန်းကန်လုံးကို ဇွန်းဖြင့်ထိုးဆွနေမိသည်။
မဒမ်မာရီနာက ကျီလင်၏အသွင်အပြင်ကိုကြည့်ပြီး အနည်းငယ် စိတ်မချမ်းမသာဖြစ်ကာမေးလိုက်သည်။
"ပေါင်ပေ့ ဘာဖြစ်လို့လဲ..."
ကျီလင်က လုပ်ပြုံးတစ်ခုပြပြီး ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး..."
မဒမ်မာရီနာက အလွန်အမင်းစိုးရိမ်နေခဲ့သည်။ ကျီလင်၏ စိတ်ထဲတစ်ခုခုရှိနေသည်ဟု အမြဲခံစားရသော်လည်း ကလေးက ကြီးပြင်းလာသည်နှင့်အမျှ မပြောချင်လာတော့ပေ။ သူ့ကို အတင်းအကြပ်လည်း မလုပ်နိုင်သောကြောင့် သူမ ပြောလိုက်၏။
"သားမှာ တစ်ခုခုမပျော်ရွှင်တာရှိရင် မေမေ့ကိုပြောရမယ်နော်... ဟုတ်ပြီလား..."
ကျီလင်က နာခံစွာ ခေါင်းညိတ်ပြလိုက်သော်လည်း ဘာမှမပြောလိုဘဲ ငြင်းဆန်နေဆဲဖြစ်သည်။
မဒမ်မာရီနာနှင့် မြို့စားကြီးကျီထင်တို့က အချင်းချင်းကြည့်လိုက်ကြပြီး ခေါင်းခါကာ ဘာမှမပြောကြတော့ချေ။
ကျီလင်က သူ့မိဘများထံမှ စိုးရိမ်သောမျက်လုံးများဖြင့်အကြည့်မခံချင်ပေ။ ထို့ကြောင့် မနက်စာစားပြီးသည်နှင့် လျင်မြန်စွာထွက်လာခဲ့သည်။ မကြာသေးမီက ဗီလိန်များ၏ ပုံမှန်မဟုတ်သောအမူအကျင့်များကို တွေးပြီး သူ့နှလုံးသားထဲ၌ ပြောရန်မရှိအောင်ပင် ဝမ်းနည်းမှုများဖြင့်ပြည့်နှက်နေခဲ့သည်။
ဒုတိယအကြိမ်က ပိုလွယ်တယ်လို့ ဘယ်သူပြောလဲ...
အဲဒီလိုပြောရကြေးဆို... ငါ ဇာတ်ကြောင်းတစ်ခုလုံး တစ်ခါဖြတ်လျှောက်ပြီးတာတောင် မစ်ရှင်ပြီးဖို့ အဲဒီလောက်လွယ်နေလို့လား...
ဘာလို့ ပြန်စပြီးမှ ပိုခက်တဲ့ပုံစံပြောင်းသွားတယ်လို့ ခံစားနေရတာလဲ...
ကျီလင်က ဝမ်းနည်းစွာဖြင့် ကားလို့စ်ပေးပို့ထားသော မုန့်များကိုကောက်ယူစားခဲ့လိုက်သည်။ ထိုအချိန်တွင် သူ၏ ဝမ်းနည်းမှုနှင့် ဒေါသများကို စားချင်စိတ်အဖြစ်သို့ ပြောင်းလဲရုံသာတတ်နိုင်ခဲ့သည်။
×××××
ဟာဒီက အင်ပါယာကြယ်၌မွေးဖွားခဲ့ပြီး 'အင်ပါယာ အထက်တန်းလွှာ' အဆင့်အတန်းရှိသူဖြစ်သည်။ သို့သော် အင်ပါယာအထက်တန်းလွှာအများအပြားကြားတွင် လူတိုင်းက မျိုးရိုးဘွဲ့ထူးများနှင့် ချမ်းသာသောနယ်မြေရှိနေကြသည်မဟုတ်ချေ။
အင်ပါယာကြယ်တွင် ဟာဒီကဲ့သို့ သာလွန်သောမျိုးရိုးရှိသည်ဟု ထင်ရသော်လည်း အခွင့်အထူးနှင့် မိသားစုဂုဏ်မရှိသည့် လူများစွာရှိပေသည်။ သူတို့က အင်ပါယာအထက်တန်းလွှာများ၏ အနိမ့်ဆုံးအဆင့်တွင်ရှိပြီး သူတို့၏နေထိုင်မှုအခြေအနေများက သာမန်လူတန်းစားများထက် များစွာသာလွန်ခြင်းမရှိချေ။
ဟာဒီကဲ့သို့ သာမန်အထက်တန်းလွှာတစ်ဦးအတွက် မြို့စားကြီးအိမ်တော်၌ အလုပ်လုပ်ခွင့်ရသည်က အလွန်ကောင်းမွန်သောအရာဖြစ်နေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အာဏာကြီးပြီး အဆင့်အတန်းမြင့်မားသည့် အင်ပါယာအထက်တန်းလွှာများက သူတို့အား ခစားရန် နိမ့်ကျသော သာမန်လူများကို အသုံးပြုရန် စက်ဆုပ်ရွံရှာကြပြီး သူတို့ကဲ့သို့ အထက်တန်းလွှာအဆင့်အတန်းရှိသူများကိုသာ ခန့်အပ်ရန်ပိုလိုလားကြသည်။ ထို့ကြောင့် သူတို့က သာမန်လူများနှင့်ယှဉ်လျှင် ချမ်းသာသောမိသားစု၌ အစေခံများဖြစ်ရန် ပိုလွယ်ကူသည်။
ဟာဒီ မြို့စားကြီးအိမ်တော်၌ အလုပ်လုပ်နေသည်မှာ ကြာလှပြီဖြစ်သည်။
သူ မကြာသေးမီက ကျီလင်၏အခန်းသို့ မကြာခဏရောက်လာရသည်။ အဘယ်ကြောင့်ဆိုသော မြို့စားကြီးကားလို့စ်က ကျီလင်ဆီသို့ နေ့တိုင်းလိုလို လက်ဆောင်များပေးပို့လေ့ရှိပြီး ဟာဒီက ၎င်းတို့ကို သခင်လေးထံသို့ ကိုယ်တိုင်ကိုယ်ကျပို့ဆောင်ပေးရသောကြောင့်ဖြစ်သည်။
ဟာဒီက ထိုလက်ဆောင်များကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
ငါတို့နှစ်ယောက်လုံးက အင်ပါယာအထက်တန်းလွှာတွေဆိုပေမယ့် အဆင့်အတန်းကတော့ မိုးနဲ့မြေလို ကွာခြားတာပဲ...
ယနေ့တွင် သူက မြို့စားကြီးကားလို့စ်ပေးပို့ခဲ့သော လက်ဆောင်ကို တံခါးစောင့်ထံမှရရှိခဲ့သည်။ သူ သခင်လေးဆီပို့တော့မည့်အချိန်တွင် ငွေရောင်ဆံပင်ရှိပြီး အရပ်မြင့်သောအမျိုးသားတစ်ဦးက လမ်းတစ်ဝက်၌ တားလာခဲ့သည်။
ဟာဒီက တစ်ဖက်လူကို မှတ်မိသွားပြီး သူ့မျက်လုံးများထဲ၌ မနာလိုပြီး ရှုပ်ထွေးသောအကြည့်ကို ရုတ်တရက် ပေါ်လာခဲ့သည်။ ဝမ်ယန်က သာမန်လူတစ်ဦးမှ ဆင့်ကဲပြောင်းလဲလာသူတစ်ဦးဖြစ်သော်လည်း လွှတ်တော်သို့ဝင်ရန် ကံကောင်းခဲ့ရုံသာမက ကောင်စီဝင်တစ်ဦးဖြစ်လာပြီး သခင်လေးနှင့် မြို့စားကြီးရှေ့၌ မျက်နှာသာအချို့ရထားပေသည်။ ထိုသူ၏ အခြေအနေက သူကဲ့သို့ သာမန်အထက်တန်းလွှာထက်ပင် ပိုမြင့်နေသည်။
သူ့စိတ်ထဲ အနည်းငယ် မနာလိုမှုရှိနေသော်လည်း ဝမ်ယန်က မည်သို့ပြုမူနေထိုင်ရမည်ကိုအမြဲသိပြီး သူတို့ကို ယဉ်ကျေး၊ ကျိုးနွံစွာဆက်ဆံလေ့ရှိကာ ရံဖန်ရံခါ လက်ဆောင်အချို့ပင် ပေးပို့တတ်သဖြင့် ဟာဒီကို ဘဝင်ကျစေသည်။ ထို့ကြောင့် သူက စိတ်ရှည်ရှည်နှင့် ယဉ်ကျေးစွာမေးလိုက်သည်။
"မင်း ဘာလိုချင်လို့လဲ..."
ဝမ်ယန်၏ အကြည့်က သူ့လက်ထဲရှိ လက်ဆောင်ဘူးအပေါ် ကျရောက်သွားပြီး ပြောလိုက်သည်။
"အဲဒါ သခင်လေးအတွက် လက်ဆောင်လား..."
ဟာဒီ ပြောလိုက်၏။
"ဟုတ်တယ်... ဒါက မြို့စားကြီးကားလို့စ် သခင်လေးဆီ ပို့တဲ့လက်ဆောင်လေ...သူ ဒီရက်တွေထဲမှာ သခင်လေးကို လက်ဆောင်တွေ နေ့တိုင်းလိုလိုပို့ပေးနေတာ... ငါက အခု သခင်လေးကို လက်ဆောင်လာပို့ပေးတာ..."
ဝမ်ယန်၏ မျက်လုံးများက အေးစက်သွားပြီး ထပ်မေးလာခဲ့သည်။
"မြို့စားကြီးကားလို့စ်လား... သူ အရင်က ဒီလောက်အာရုံမစိုက်ဖူးပါဘူး..."
ဟာဒီက ခပ်ဖွဖွရယ်ကာပြောလိုက်သည်။
"အင်း... သူ ဘာလို့ သခင်လေးကို ရုတ်တရက်ကြီး စွဲလမ်းလာလဲဆိုတာ ဘယ်သူသိမှာလဲ...သူက သခင်လေးရဲ့ အရွယ်ရောက်ပွဲတုန်းက ကြယ်ပြာငါးကိုတောင် ပေးခဲ့သေးတယ်... အဲဒီအဖြစ်အပျက်က အင်ပါယာကြယ်တစ်ခုလုံးကို လန့်စေခဲ့တာလေ... အခု အင်ပါယာကြယ်ပေါ်မှာ သခင်လေးကို မြို့စားကြီးကားလို့စ်တန်ဖိုးထားမှန်း မသိတဲ့သူတစ်ယောက်မှမရှိဘူး..."
ထို့နောက် သူက အသံလျှော့ကာ ပြောလိုက်သည်။
"အပြင်က လူတချို့ပြောတာတော့ မြို့စားကြီးကားလို့စ်က မြို့စားကြီးကျီထင်နဲ့ ပူးပေါင်းချင်တာကြောင့်ဆိုပဲ...အဲဒါမှန်လားမမှန်လားဆိုတာတော့ မသိဘူး.."
ဝမ်ယန်က အတွေးနက်သွားပြီး ခဏအကြာတွင် ပြုံးပြလိုက်သည်။
"အဲဒါက မှန်မှန်မှားမှား ငါတို့စိုးရိမ်ရမယ့်အရာမဟုတ်ဘူး... ငါအခု သခင်လေးဆီသွားမလို့... အဲဒါကို ငါ့ဆီပေးလိုက်လေ... ငါ ပို့ပေးလိုက်မယ်..."
ဟာဒီက သံသယမဝင်ဘဲ သူ့ကို ပစ္စည်းများလွှဲပေးကာ အပြုံးဖြင့်ဆိုလိုက်သည်။
"ကောင်းပြီ...ဒါဆို မင်းကိုပဲ ဒုက္ခပေးရတော့မယ်..."
ဝမ်ယန်က အနည်းငယ်ပြုံးလိုက်သည်။
"ရပါတယ်..."
သူ ဟာဒီ ထွက်သွားသည်ကို အချိန်အတန်ကြာကြည့်နေခဲ့ပြီး သူ့လက်ထဲရှိ ဘူးကိုကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲရှိအကြည့်က တဖြည်းဖြည်းအေးစက်လာခဲ့သည်။
သူ ပြန်လည်မွေးဖွားလာပြီးနောက်တွင် ကွင်းပြင်၌ အဆက်မပြတ်အလုပ်လုပ်ခဲ့ပြီး ကျီလင်အား မည်သို့ရင်ဆိုင်ရမည်ကို ချိီတုံချတုံဖြစ်နေကာ အခြားအရာများအပေါ်အာရုံစိုက်ရန် အချိန်မရှိခဲ့ချေ။ သို့သော် ယနေ့မနက် သူအိပ်ရာနိုးလာချိန်၌ စူးစမ်းလေ့လာကြည့်ရာ အင်ပါယာကြယ်၌ ဖြစ်ပျက်ခဲ့သည်များက သူ့ယခင်ဘဝနှင့် လုံးဝကွာခြားနေသည်ကို တွေ့ရှိခဲ့ရသည်။
ကားလို့စ်က ကျီလင်၏အရွယ်ရောက်အခမ်းအနား၌ ပေါ်လာရုံသာမက ကြီးလေးသောလက်ဆောင်ကိုလည်း လူသိရှင်ကြားပေးခဲ့သည်။
ကားလို့စ် ဘာလို့ပြောင်းလဲနေတာလဲ...
ငါတောင် ပြန်လည်မွေးဖွားလာနိုင်သေးရင် တခြားသူတွေလည်း ဘာလို့မဖြစ်နိုင်ရမှာလဲ...
ဝမ်ယန် ထိုနေရာတွင်ခဏခန့်နေပြီးနောက် လက်ဆောင်ဘူးဖြင့် လှည့်ထွက်လာခဲ့သည်။
သို့သော် သူသွားသောလမ်းကြောင်းမှာ ကျီလင်၏ နေရာသို့မဟုတ်ခဲ့ချေ။ ထိုအစား သူက ကျီအိမ်တော်အနောက်တံခါးမှ တိတ်တဆိတ်ထွက်သွားခဲ့သည်။ ယခင်ဘဝက ကားလို့စ် ကျီလင်အပေါ်လုပ်ခဲ့သည့် သစ္စာဖောက်နှင့် ထိခိုက်စေမှုများကိုတွေးလျက် ဝမ်ယန်၏ မျက်လုံးများထဲ အေးစက်သော အလင်းရောင်တစ်ခု တောက်ပလာခဲ့သည်။ သူက နှုတ်ခမ်းတင်းတင်းစေ့ပြီး ကား၏လည်ပတ်မှုစနစ်ကို စကားတစ်လုံးချင်း အမိန့်ပေးလိုက်သည်။
"မြို့စားကြီးကားလို့စ်ရဲ့ အိမ်ကိုမောင်း..."
နာရီဝက်အကြာတွင် မထင်မရှား မီးခိုးရောင်ဟိုဗာကားတစ်စီးက မြို့စားကြီးကားလို့စ်၏စံအိမ်ထဲသို့ မည်သူမျှ သတိမပြုမိဘဲ တိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။
ငွေရောင်ဆံပင်ဖြင့် အမျိုးသားတစ်ဦးက ကားထဲမှ ငုံ့ထွက်လာပြီး သူ၏ချောမောကာ အနည်းငယ် မိန်းမဆန်သော မျက်နှာပေါ်လာခဲ့သည်။
အိမ်တော်ထိန်းအန်ဒါဆင်က သတင်း လက်ခံရရှိပြီးဖြစ်ကာ ထိုနေရာ၌ စောင့်နေခဲ့သည်။ သူ့ရှေ့ရှိ ငွေရောင်ဆံပင်ဖြင့် အမျိုးသားက သာမန်လူတစ်ဦးဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့ပုံရသော်လည်း ရိုးရှင်းသူမဟုတ်ကြောင်းနှင့် အခြားသာမန်လူများကဲ့သို့ မထီမဲ့မြင်ပြု၍မရသည်ကို အန်ဒါဆင် သိ၏။
အန်ဒါဆင် လေးစားစွာ ပြောလိုက်သည်။
"မင်္ဂလာပါ...အရှင်မြို့စားကြီးက စာကြည့်ခန်းထဲမှာ စောင့်နေပါတယ်..."
ဝမ်ယန်၏ နှုတ်ခမ်းထောင့်များက အနည်းငယ်ကော့သွားပြီး သူ၏ အနက်ရောင်ဖီးနစ်မျက်လုံးများတွင် အပြုံးဖျော့ဖျော့ဖုံးလွှမ်းနေကာ ခေါင်းညိတ်ပြလာခဲ့သည်။
"ကျေးဇူးပါ..."
အန်ဒါဆင်က ခေါင်းညိတ်ပြပြီး တစ်ဖက်လှည့်ကာ လမ်းပြခဲ့သည်။
သူတို့က ရှည်လျားသော စင်္ကြံကြီးကို ဖြတ်လျှောက်ပြီးနောက် ဘေးနှစ်ဖက်တွင် ရုပ်ထုနှစ်ခုရှိသည့် ခိုင်ခံ့သော သစ်သားတံခါးဆီသို့ရောက်လာခဲ့သည်။ အန်ဒါဆင်က တံခါးဖွင့်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ဝင်ပါ..."
ဝမ်ယန် ဝင်လာပြီးသည်နှင့် သူ့အနောက်ရှိ တံခါးက ဖြည်းညှင်းစွာ ပြန်ပိတ်သွားခဲ့သည်။
ကားလို့စ်၏ စာကြည့်ခန်းက အလွန်ကျယ်ဝန်းပြီး ကြမ်းပြင်ပေါ်တွင် ကော်ဇောထူထူခင်းထားသည်။ တံခါး၏မျက်နှာချင်းဆိုင်တွင် စာအုပ်အမျိုးမျိုးဖြင့်ပြည့်နေသော နံရံမှ မျက်နှာကြက်အထိရှည်လျားသည့် စာအုပ်စင်ကြီးတစ်ခုရှိနေသည်။ ကြယ်တာရာခေတ်ရောက်ပြီးနောက် လူသားများက ရှေးကျသော စာအုပ်ဖတ်ခြင်းကို စွန့်လွှတ်ခဲ့သည်မှာ ကြာလှပြီဖြစ်ကာ စက္ကူစာအုပ်များက တဖြည်းဖြည်းနှင့် တန်ဖိုးကြီးဇိမ်ခံပစ္စည်းများဖြစ်လာခဲ့သည်။
နံရံတစ်ခုလုံးတွင် စာအုပ်စင်များနှင့် စာအုပ်များဖြင့်ပြည့်နေပြီး တစ်အိမ်လုံးကို ခေတ်ဆန်စေ၍ တန်ဖိုးကြီးပုံရစေသည်။
ကားလို့စ်၏ အညိုရောင်ဆံပင်တိုတိုများကို သူ့ခေါင်းနောက်ဘက်သို့ ဂရုတစိုက်ဖြီးသင်ထားပြီး တင့်တယ်နူးညံ့သော မျက်နှာကို ဖော်ပြထားသည်။ သူက ဆိုဖာပေါ်တွင် လက်ပိုက်ထိုင်နေပြီး တံခါးဆီသို့ တည့်မတ်စွာ ကြည့်နေခဲ့သည်။
ဝမ်ယန်လည်း ကားလို့စ်ကိုကြည့်လျက် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ဒီလူက အရင်ဘဝတုန်းက ကျီလင်ကို အကြိမ်ကြိမ်သစ္စာဖောက်ပြီး နောက်ဆုံးကျ သူ့လက်နဲ့ကိုယ်တိုင်သတ်ခဲ့တဲ့သူပဲ...
ဒီဘ၀မှာရော သူဘယ်လိုအတွေးနဲ့ ဒီလိုလှုပ်ရှားမှုမျိုးလုပ်ခဲ့တာလဲ...အပြင်ကလူတွေ ပြောသလိုပဲ မြို့စားကြီးကျီထင်နဲ့ မဟာမိတ်ဖွဲ့ဖို့အတွက်လား...
✨✨✨