✨ Chapter 9
အားနည်းချက်ကို ကာကွယ်ခြင်း
ကျီလင်က သခင်ရစ်ချတ်ထက် အရပ်ပိုပုသော်လည်း သူ၏အထင်မြင်သေးဟန်မျက်လုံးများနှင့် နှိမ့်ချဆက်ဆံသော အမူအရာက ထိုအရပ်မြင့်မြင့်လူလတ်ပိုင်းအထက်တန်းလွှာအမျိုးသားကို မျက်နှာနီရဲလာစေခဲ့သည်။ သူ့မျက်လုံးများ၌ လူအကောင်လိုက်ဝါးစားချင်နေသကဲ့သို့ ဒေါသများထွက်လာခဲ့သည်။
သို့သော် ကျီလင်က လုံးဝမကြောက်နေဘဲ မေးမြှောက်ထားကာ ရန်စဟန်ဖြင့် သရော်ပြုံးပြုံးလိုက်သည်။
ထိုနိမ့်ကျသောသခင်က သာမန်လူတစ်ဦးကိုသာ အနိုင်ကျင့်ရဲပေသည်။ သူက ကျီလင်၏အဖေရှေ့၌ ဘာမှမဟုတ်ပေ။ တစ်ဖက်လူက ဘာမှပြန်မလုပ်ဝံ့ရန် သူ မျှော်လင့်သည်။
မူလပိုင်ရှင်မှာ ခိုင်မာတဲ့နောက်ခံရှိလို့သာမဟုတ်ရင် သူ့ရဲ့အမြဲလိုလိုမောက်မာပြီး လွှမ်းမိုးတဲ့အကျင့်စရိုက်နဲ့ဆို အစောကြီးကတည်းက သေအောင်ရိုက်သတ်ခံနေရလောက်ပြီမလား...
၎င်းက အထက်တန်းလွှာများ၏ သဘာဝ ရာထူးဂုဏ်ဖြစ်သည်။
သခင်ရစ်ချတ်၏မျက်နှာက နီလိုက် ဖြူလိုက်ပြောင်းနေပြီး အံတင်းတင်းကြိတ်ထားရလွန်းသောကြောင့် သွားများကြေမွလုနီးပါးဖြစ်နေသည်။ ဝိုင်က သူ့မျက်နှာပေါ် တစက်စက်ကျဆင်းနေပြီး လှောင်ပြောင်အရှက်ခွဲခံခဲ့ရသော်လည်း နောက်ဆုံးတွင် သူ ၎င်းကိုသည်းခံခဲ့၏။
သူ ကျီလင်ကို မထိရဲချေ။
ကျီလင်က မြို့စားကြီးကျီထင်နှင့် မစ္စမာရီနာတို့၏ တစ်ဦးတည်းသောသားဖြစ်သောကြောင့်သာမဟုတ်ဘဲ မကြာသေးမီက အထက်တန်းလွှာများကြား၌ ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့် ကောလဟာလကြောင့်လည်းပါပေသည်။ ကြီးမြတ်လှသောမြို့စားကြီးကားလို့စ်ကလည်း ကျီလင်ကို အလွန်နှစ်သက်နေသည်။
သူက တစ်ချိန်တည်းမှာပင် မြို့စားကြီးနှစ်ဦး၏ လက်ဖဝါးထဲ၌ ဆုပ်ကိုင်ခံထားပြီး ထိုအထဲမှ တစ်ယောက်က အလွန်သွေးအေးရက်စက်ပြီး ကြောက်စရာကောင်းသော မြို့စားကြီးကားလို့စ်ဖြစ်သည်။
သူ့ကိုသတ္တိတစ်ရာပေးလျှင်ပင် ကျီလင်အပေါ် သူ၏မကျေနပ်မှုမပြဝံ့ချေ။
ငါ့မျက်လုံးထဲမှာ သာမန်လူတွေက 'ဇာတ်နိမ့်' တွေဆိုပေမယ့် ကျီလင်လို အထက်တန်းလွှာသွေးသားရှေ့မှာ... ငါလည်း 'ဇာတ်နိမ့်' အမျိုးအစားထဲ ရောက်နေမလား...
အချိန်အတန်ကြာပြီးနောက် သခင်ရစ်ချတ်က တွန့်လိမ်ပြီး နှိမ့်ချသောအပြုံးပြသလာပြီး ဦးညွှတ်၍ ဆိုလာခဲ့သည်။
"တောင်းပန်ပါတယ်... သူက မင်းလူမှန်းမသိလိုက်လို့ပါ..."
ကျီလင်က နှာမှုတ်ပြီး မျက်ခုံးပင့်လိုက်သည်။
"အခုသိပြီမလား..."
သခင်ရစ်ချတ်က ရှက်ရွံ့စွာ ခေါင်းငုံ့ပြီး ပြောလိုက်သည်။
"ဟုတ်ပါတယ်... ဒီနေ့ငါ့အမှားပါ... ငါ့ရဲ့ ရိုင်းစိုင်းမှုနဲ့ မသိနားမလည်တဲ့အပြုအမူတွေအတွက် ခွင့်လွှတ်ပေးပါလို့ ငါတောင်းဆိုပါတယ်..."
ကျီလင် သခင်ရစ်ချတ်ကိုကြည့်လိုက်ရာ သူ့နဖူးပေါ်မှ ချွေးများစီးကျနေသည်ကို တွေ့လိုက်ရသည်။
သူ ယနေ့ ကျီလင်၏ ခွင့်လွှတ်မှုမရဘဲ ကျီလင်က မြို့စားကြီးကျီထင် သို့မဟုတ် မြို့စားကြီးကားလို့စ်ရှေ့၌ သူ့အကြောင်း ပြောခဲ့လျှင် သူ မြှုပ်နှံရန်နေရာပင်မရှိဘဲ သေဆုံးသွားလိမ့်မည်ဖြစ်သည်။
အရပ်ရှည်သော သက်လတ်ပိုင်းအမျိုးသား၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာပြီး မိုးရွာနေသကဲ့သို့ ချွေးများစီးကျနေသည်ကို မြင်ချိန်တွင် ကျီလင်က နောက်ဆုံး၌ ရွံရှာစွာ လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ထွက်သွား..."
ကျီလင်က ဂရုမစိုက်ဟု ဆိုလိုသောကြောင့် သခင်ရစ်ချတ် လွတ်ငြိမ်းချမ်းသာရာ ရသွားခဲ့သည်။ သူက ကျီလင်ကို တလေးတစား ဦးညွတ်ပြီး သူ့ကို အလွန်အရှက်ရစေသော ဤနေရာမှ လျင်မြန်စွာ ထွက်သွားခဲ့သည်။
ကျီလင်က အလျင်စလိုထွက်သွားသော နောက်ကျောကိုကြည့်ပြီး အထင်သေးစွာ ပြုံးလိုက်သည်။
တခြားသူတွေကို အနိုင်ကျင့်ရတဲ့ နောက်တစ်နေ့ပဲ...မဆိုးပါဘူး...
သခင်ရစ်ချတ်ကိုဖြေရှင်းပြီးနောက် ကျီလင်က အောင်ပွဲခံစွာ တစ်ဖက်ပြန်လှည့်လိုက်စဉ် ဝမ်ယန်၏အနက်ရောင်မျက်လုံးထဲရှိ လောင်ကျွမ်းနေသော အပူချိန်ကြောင့် သူ လန့်သွားခဲ့သည်။
အမြဲလိုလို အလွန်နက်ရှိုင်းသော စိတ်ရှိ၍ သူ့ခံစားချက်များကို မည်သူမျှမပြခဲ့သည့် ထိုလူ၏မျက်လုံးများထဲရှိအကြည့်က ယခုအချိန်တွင် အလွန်လေးနက်နေပြီး ရှုပ်ထွေးသော ခံစားချက်များရောနေပုံရကာ လူအများကို ကြောက်လန့်စေ၏။
ကျီလင် : ???
ငါ အရင်ဘဝတုန်းကအတိုင်းလုပ်ခဲ့တာလေ... ငါ့လုပ်ရပ်တွေကို မင်းစီစဥ်ထားတာမဟုတ်ဘူးလား...မင်း အခုမှ ဘာလို့ အရမ်းထိရှသွားတဲ့ပုံရနေတာလဲဟ... သောက်ကျိုးနည်း...
ဒီလောက်အထိ အရမ်းလက်တွေ့ကျသလို သရုပ်ဆောင်ဖို့လိုလို့လား...
ကားလို့စ်ကိစ္စဖြစ်ပျက်သွားပြီးနောက် ကျီလင်က ယခင်ဘဝနှင့်မတူသော ထိုကွဲလွဲမှုများအပေါ် အလွန်အကဲဆတ်လာပြီး ဝမ်ယန်ကို သတိတကြီးဖြင့် ကြည့်လိုက်၏။
သူက ဇာတ်ကွက်ကို မြန်မြန်အပြီးသတ်ပြီး ကျော်သွားရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ကျီလင်က လက်နောက်ပစ်ထားကာ သခင်ရစ်ချတ်ထွက်သွားသည့် လမ်းကြောင်းကို လှမ်းကြည့်ပြီး အထင်သေးစွာဖြင့် သရော်လိုက်သည်။
"ဘယ်လိုအရူးလဲ...သူက ခွေးကိုရိုက်ချင်ရင်တောင် သခင်မျက်နှာတော့ကြည့်ရမယ်ဆိုတဲ့ ရိုးရိုးရှင်းရှင်းသဘောတရားကိုတောင် နားမလည်ဘူး..."
ထိုလေသံ၊ အမူအရာနှင့် ကိုယ်နေဟန်ထားက သခင်ရစ်ချတ်အကြောင်းပြောနေပုံရသော်လည်း အမှန်တွင် သူက ဝမ်ယန်ကို သူနှင့်တန်းတူလူအဖြစ် မဆက်ဆံနေခြင်းဖြစ်သည်။
ဤသည်ကပင် ဝမ်ယန် မူလပိုင်ရှင်ကို တုံ့ဆိုင်းခြင်းမရှိဘဲ အသုံးချနိုင်ခဲ့သည့် အကြောင်းအရင်းဖြစ်သည်။ သူက ဝမ်ယန်အတွက် ရပ်တည်ပေးခဲ့သောကြောင့် ဝမ်ယန်ကလည်း သူ့ကို ပျော်ရွှင်အောင် လုပ်ပေးရုံကလွဲ ဘာမှမပိုခဲ့ချေ။ သူ ဝမ်ယန်အပေါ်မြင်ပုံက အခြားအထက်တန်းလွှာများနှင့် မတူချေ။ သူ ဝမ်ယန်အတွက် ရပ်တည်ပေးရခြင်းမှာ 'ခွေးကိုရိုက်ခြင်းက သခင်အပေါ်မှာပဲမူတည်တယ်' ဟူသော သဘောတရားကို အခြေခံထားသောကြောင့်ဖြစ်သည်။ သို့သော် ဝမ်ယန်၏ မျက်လုံးများထဲ သူက ရယ်စရာကောင်းသော သားကောင်ဖြစ်နေသည်ကိုမူ မသိခဲ့ချေ။
ဘာမှမသိတဲ့အရူးတစ်ယောက်ပဲ...
ကျီလင်က သူ့၏ကိုယ်ပိုင်ဇာတ်ရုပ်အပေါ် လုံးဝလိုက်၍ ကောင်းမွန်သောအရာများပြုလုပ်ပြီး အမုန်းတရားများကို ပြင်းထန်စွာ ရှာဖွေခဲ့သည်။ ဤနည်းဖြင့် ဝမ်ယန်က ဇာတ်ကြောင်းအတိုင်း တိုးတက်လာပြီး နောက်ဆုံးအဆင့်တွင် နဉ်ယွီနှင့် သူငယ်ချင်းဖြစ်လာခဲ့သည်။ အပေါ်ယံတွင် ကြောင်သူတော်ပုံစံဖြင့် နဉ်ယွီကိုကူညီဟန်ဆောင်သော်လည်း အမှန်တွင် သူက နဉ်ယွီကို သူ့ကိုယ်ပိုင်အကျိုးအတွက် ကူညီပေးခဲ့ခြင်းဖြစ်သည်။
ကျီလင်က ၎င်းကိုပြောပြီးနောက် ဝမ်ယန်ကို ပေါ့ပေါ့တန်တန်စိုက်ကြည့်ပြီး သူ့ကိုယ်သူ လူပေါ်ကြော့သူဌေးသားအဖြစ်ကောင်းကောင်းပြုမူနေပြီဟု ခံစားခဲ့ရသည်။
ပုံမှန်အားဖြင့် ဝမ်ယန်က ဤကဲ့သို့ ရှုတ်ချမှုနှင့် အရှက်ခွဲမှုများ ရင်ဆိုင်ရချိန်တွင် ဘယ်သောအခါမှ မကျေမနပ်မှုမပြခဲ့ဘဲ အမြဲလိုလို လေးစားစွာဖြင့် ထွက်ခွာသွားလေ့ရှိသည်။ မူလပိုင်ရှင်က မည်သည့်အမှားအယွင်းကိုမျှ သတိမထားမိခဲ့သော်လည်း ဝမ်ယန်၏နှလုံးသားထဲ စက်ဆုပ်ရွံရှာမှုရှိနေကြောင်း ကျီလင် သိပေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ကျီလင် အချိန်အတန်ကြာ စောင့်နေခဲ့သော်လည်း ဝမ်ယန်ထံမှ အသံမထွက်လာသေးချေ။
ကျီလင် အနည်းငယ်စိတ်ရှုပ်လာချိန်တွင် ဝမ်ယန်က ရုတ်တရက် အဝေးသို့ လေးစားစွာ လှမ်းကြည့်ပြီး ခေါင်းအနည်းငယ်ငုံ့ကာ ပြောလာခဲ့သည်။
"မင်းပြောတာမှန်တယ်..."
ကျီလင် : "ဟမ်..."
ဝမ်ယန်က ဆံပင်ရွှေရောင်ကောင်လေး၏ မောက်မာပြီး တောက်ပနေသော မျက်နှာကို ကြည့်လိုက်သည်။ သူ၏လှပသော အပြာရောင်မျက်လုံးများက တလက်လက်တောက်ပနေပြီး စကြဝဠာထဲရှိ မည်သည့်ကြယ်စင်များထက်မဆို တောက်ပနေပေသည်။ သူ့အတွင်းစိတ်က ယောက်ယက်ခတ်နေခဲ့၏။ သူ မျက်လွှာချလိုက်ပြီး သူ၏ဖုံးကွယ်ရခက်ခဲသော လောဘနှင့် ပူလောင်သော အကြည့်များကို ကြိုးစားဖုံးကွယ်လိုက်၏။
ကျီလင်က ဒီမှာရှိနေတုန်းပဲ...
ငါ့အရင်ဘဝတုန်းကလိုမျိုး သူကဘကောင်းကင်ပေါ်က ဆင်းလာတဲ့ နတ်သားလေးလို ငါ့ရှေ့မှာပေါ်လာခဲ့တယ်...
ငါ တစ်ချိန်က ကျီလင်နဲ့ ထပ်တွေ့ခွင့်မရတော့ဘူးလို့ ထင်ခဲ့တယ်...
အဲဒီနေ့က သူ့ကိုမတားနိုင်ခဲ့တာ ငါ့အပြစ်ပဲ...ငါ သူ့ကိုတားနိုင်ခဲ့ရင်...အဆုံးသတ်က မတူလောက်ဘူးမလား...
ဝမ်ယန် နာကျင်စွာဖြင့် မျက်လုံးများမှိတ်ထားကာ သူ့ယခင်ဘဝမှ အဖြစ်အပျက်များကို ပြန်အမှတ်ရမိခဲ့၏။
သူ နောက်ဆုံး၌ အလျင်အမြန်ပြေးသွားခဲ့သော်လည်း တောင့်တင်းအေးစက်နေသော အလောင်းကိုသာမြင်ရန် အချိန်ရှိခဲ့သည်။ ကောင်ငယ်လေး၏ လှပသော အပြာရောင်မျက်လုံးများကမူ ဘယ်သောအခါမှ ပြန်မပွင့်လာတော့ချေ။
သူ ထိုမြင်ကွင်းကို ဆယ်နှစ်ကျော်ကြာသည့်တိုင် ဘယ်သောအခါမှ မမေ့ခဲ့ပေ။
သူ မရေမတွက်နိုင်သောညများ၌ အိပ်မက်ဆိုးများကြောင့် အကြိမ်ကြိမ်နိုးထခဲ့ရသည်။
ကောင်ငယ်လေး၏ မောက်မာမှု၊ စိတ်အားထက်သန်မှု၊ ရယ်မောသံ၊ ဒေါသများနှင့် မျက်နှာက အချိန်ကြာလာသည်နှင့်အမျှ မှေးမှိန်မသွားဘဲ သူ့မှတ်ဉာဏ်ထဲတွင် ထင်ရှားစွာ ရေးထွင်းထားဆဲဖြစ်သည်။
ထိုအချိန်တွင် သူ ကျီလင်အပေါ်ထားရှိသော ခံစားချက်များက ယုတ်မာပြီး တစ်ကိုယ်ကောင်းဆန်သော ကိုယ်ကျိုးရယူလိုစိတ်သက်သက်မဟုတ်သည်ကို နောက်ဆုံး၌ သူသဘောပေါက်ခဲ့ရသည်။ သူ ကျီလင်ကို အလွန်တောင့်တပြီး လွမ်းဆွတ်နေမိသည်။ သူ မသိလိုက်မီမှာပင် ထိုကောင်ငယ်လေးကို ချစ်မိနေပြီဖြစ်သည်။
သူ့တစ်ဘဝလုံးကို လူတိုင်း၏စိတ်များဖြင့် ဆော့ကစားလျက်ကုန်ဆုံးခဲ့ပြီး အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်နေပြီဟု သူထင်ခဲ့သော်လည်း အမှန်တွင် သူက အာဏာအပေါ်စွဲလမ်းခဲ့ပြီး သူ့ကိုယ်ပိုင်နှလုံးသားကိုပင် နားမလည်နိုင်သည်က ရယ်စရာကောင်းလှသည်။
သူက ရိုးရှင်းသော ကောင်လေး၏ စေတနာကိုပင် မမြင်နိုင်ခဲ့ချေ။
ကျီလင်က ခွင့်မလွှတ်နိုင်သော စကားများ အမြဲပြောခဲ့သော်လည်း သူက ထိုဆိုးရွားသော အထက်တန်းလွှာများနှင့် မတူချေ။ ကောင်ငယ်လေးက ငယ်စဉ်ကတည်းက သာမန်လူများကို မလေးစားကြသော ကမ္ဘာတွင်နေခဲ့ရပြီး မည်သူမျှ သူ့ကို လူတစ်ယောက်အပေါ် လေးစားတတ်စေရန် မသင်ပေးခဲ့ကြသော်လည်း ထိုကောင်လေးကမူ သူ့အတွက် အကြိမ်ကြိမ်ရပ်တည်ပေးပြီး သူ့အတွက် လက်ဆန့်တန်းပေးခဲ့သည်။
ကျီလင်က တကယ်ပဲ အဲဒီအထက်တန်းလွှာတွေလို ငါ့ကို အထင်သေးနေမယ်ဆိုရင် ငါ့ကို ဘာလို့ကူညီမှာလဲ...
ကျီလင်က သူ၏ကြင်နာမှုကို မည်သို့ဖော်ပြရမည်မသိဘဲ သူ့နှလုံးသားရှိ ကြင်နာမှုကိုဖုံးကွယ်ရန် မောက်မာမှုကိုအသုံးပြုခဲ့သည်။
သူနှင့် ထိုအထက်တန်းလွှာများက သဘာဝအားဖြင့် လုံးလုံးကွဲပြားကြသည်။
သူက ဤကဲ့သို့ကမ္ဘာကြီး၌ မွေးဖွားလာလျှင်ပင် သူ၏ဖြူစင်သောနှလုံးသားက ပြင်ပကမ္ဘာ၏အမှောင်ထုများကြောင့် မစွန်းထင်းခဲ့ချေ။
သို့သော် ထိုရိုးရှင်းသော အမှန်တရားကို အမှန်တရားကိုနားလည်ရန် အချိန်အတန်ကြာခဲ့ပြ သူသေဆုံးပြီးနောက်မှသာ နားလည်နိုင်ခဲ့သည်။
ဝမ်ယန်၏ ရင်ဘတ်က အနည်းငယ်မြင့်တက်လာပြီး သူ့မျက်လုံးများထဲရှိ နာကျင်မှုဝေဒနာကို ဖုံးကွယ်လိုက်သည်။ သူ အသက်ပြင်းပြင်းရှူပြီး မျက်လွှာပြန်ပင့်တင်လိုက်သည်။ သူ့မျက်လုံးများက နက်ရှိုင်းသော ကြယ်တာရာရောင်ကောင်းကင်ကဲ့သို့ နက်မှောင်နေပြီး နူးညံ့စွာ ပြောလိုက်သည်။
"ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်..."
ဝမ်ယန်က လျင်မြန်စွာ ပုံမှန်ပြန်ဖြစ်သွားခဲ့သော်လည်း ကျီလင်ကမူ သူ့မျက်လုံးထဲရှိ အကြည့်များကို ပြန်သတိရနေပြီး စိတ်လေးနေဆဲဖြစ်သည်။ သူက တတ်နိုင်သမျှ အမြန်ဆုံးအဝေးထွက်ချင်သောကြောင့် လက်ဝှေ့ယမ်းပြပြီး ဂရုမစိုက်ဟန်ဆောင်၍ ပြောလိုက်သည်။
"မလိုဘူး..."
ဝမ်ယန်က သူ့ကို စေ့စေ့စိုက်ကြည့်နေဆဲဖြစ်ပြီး ထပ်မံတောင်းဆိုလာခဲ့သည်။
"ကိုယ် မင်းကိုကျေးဇူးတင်ကြောင်းပြချင်လို့ ကျေးဇူးပြုပြီး ပြန်လိုက်ပို့ခွင့်ပေးပါ..."
ကျီလင် : "... "
နောက်ထပ်ငြင်းဆန်ပါက ရယ်စရာဖြစ်ပေလိမ့်မည်။
ကျီလင်တွင် ရွေးချယ်စရာမရှိတော့ဘဲ အိမ်ဘက်သို့ပြန်သွားရခဲ့ပြီး လမ်းတစ်လျှောက်တွင် သူ့ပတ်ဝန်းကျင်ရှိလူများကို မကြည့်ဝံ့ခဲ့ချေ။ နောက်ဆုံးတွင် သူ့အိပ်ခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။ သို့သော် ဝမ်ယန်က မပြန်သွားဘဲ သူ့နောက်မှ လိုက်ဝင်လာခဲ့သည်။
ကျီလင် : "... "
သူ ဒီနေ့ ဘာဖြစ်နေတာလဲ...သူက နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေရမှာ မဟုတ်ဘူးလား...ဘာလို့ ငါ့အဖေကို မျက်နှာချိုသွေးဖို့မကြိုးစားဘဲနဲ့ ငါ့ဆီ လာအချိန်ဖြုန်းနေရတာလဲ...တကယ်ပဲ ဘာဖြစ်နေတာလဲ...ဒါကအချိန်ဖြုန်းနေတာလို့ မထင်ဘူးလား...
ကျီလင် ထိုသို့တွေးရင်း မျက်လုံးများလှိမ့်လိုက်သည်။ သူက အိပ်ရာဆီသို့ တိုက်ရိုက်သွားပြီး စိတ်မရှည်သော လေသံဖြင့် အေးစက်စွာ ပြောလိုက်သည်။
"ငါအခုနားတော့မယ်...မင်းသွားလို့ရပြီ..."
ဝမ်ယန်က အနည်းငယ်ပြုံးပြီး ရုတ်တရက် သတိမပေးဘဲ ကျီလင်၏ရှေ့၌ အလွန်ရိုကျိုးသော အမူအရာဖြင့် ဒူးထောက်ထိုင်ချလိုက်သည်။ သူက ခေါင်းငုံ့ပြီး အက်ရှသောအသံဖြင့် နူးညံ့စွာ ပြောလာခဲ့၏။
"ကိုယ် မင်းလိုအပ်တာလုပ်ပေးမယ်..."
ကျီလင် - "…"
ဝမ်ယန် မျက်လွှာချလိုက်သည်။
သူ ယခင်ဘဝ၌ ထိုခံစားချက်ကို ပိုင်စိုးပိုင်နင်းလုပ်လိုမှုကြောင့်ဟု ထင်ခဲ့သည်။
အမြင့်မှာရှိပြီး လှပတောက်ပနေတဲ့ မင်းကို အနိုင်ယူချင်ခဲ့တယ်... မင်းကိုရဖို့ မင်းကိုသစ္စာဖောက်ပြီး ပလ္လင်ပေါ်ကနေ မတွန့်ဆုတ်ဘဲ ဆွဲချခဲ့တယ်...မင်းကို ကိုယ့်ခြေအောက်မှာချနင်းပြီး မင်း မထီမဲ့မြင်ပြုခဲ့သူက မြင့်မြတ်တဲ့မင်းရဲ့ အထက်မှာရှိနေပြီဆိုတာ ပြချင်ခဲ့တယ်...
ကိုယ့်နှလုံးသားက အကျည်းတန်ပြီး ညစ်ပေခဲ့တယ်... ကိုယ့်ရဲ့သိမ်ငယ်မှုနဲ့ မနာလိုမှုတွေက ကိုယ့်ကိုမျက်ကန်းဖြစ်စေပြီးတော့ မင်းကို တကယ်ချစ်နေတယ်ဆိုတဲ့ အဖြစ်မှန်ကို လက်ခံဖို့ငြင်းဆန်မိခဲ့တယ်... ကိုယ့်တစ်ဘဝလုံး နောင်တရသွားစေမယ့်အရာကို ကိုယ်လုပ်မိလုနီးပါးပဲ...
မင်းသာ မသေခဲ့ရင်... ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်ကို ဒီနေ့အချိန်ထိ နားလည်နိုင်ခဲ့မှာမဟုတ်ဘူး...
ကိုယ်နားလည်တဲ့အချိန်မှာတော့...
အမှားပြင်ဖို့ အခွင့်အရေးမရှိတော့ဘူး...
အဲဒီဝေဒနာက ကိုယ့်ကိုဆယ်နှစ်လုံးလုံး နှိပ်စက်ခဲ့တယ်… အဲဒီအချိန်တုန်းက ကိုယ် ဒီလိုမျိုးအမှားပြန်ပြင်နိုင်မယ့် အခွင့်အရေးရလာလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ဘူး...
အရင်ဘဝတုန်းက ကိုယ့်ရဲ့နောင်တတွေကို ပြန်ပြင်ဆင်နိုင်ဖို့ အခွင့်အရေးထပ်ရလာခဲ့တယ်...
ကျီလင်က သူ့အရှေ့၌ ဒူးတစ်ဖက်ထောက်လျက်ရှိနေသော ဆံပင်ငွေရောင်ဖြင့်လူကို ဗလာဖြစ်စွာ ကြည့်လိုက်သည်။ ထိုလူ၏ ကျောကဖြောင့်တန်းနေပြီး ခေါင်းအနည်းငယ်ငုံ့နေခဲ့သည်။ သူ၏ ငွေမှင်ရောင် မျက်တောင်များက အနည်းငယ်တုန်နေခဲ့သည်။ သူ၏ နှုတ်ခမ်းပါးများက တင်းတင်းစေ့နေပြီး ကျီလင်၏ခြေဖဝါးကို သူ့ဒူးပေါ်သို့ ညင်သာစွာ ဆွဲယူလာခဲ့သည်။
၎င်းက သူ၏ သခင်ကို ခစားနေသော သစ္စာရှိကျွန်တစ်ဦးကဲ့သို့ဖြစ်နေသည်။
ကျီလင်၏ဖိနပ်များ ကျွတ်သွားပြီး ဝမ်ယန်၏ အေးစက်သော လက်ချောင်းများက သူ့ခြေကျင်းဝတ်ကို မတော်တဆ ထိမိလာချိန်တွင် ကျီလင် ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။ ထိုနောက်တွင် ကြောက်ရွံ့မှုများ ကပ်ပါလာခဲ့သည်။
ဝမ်ယန်၏ ယခုအပြုအမူက မည်မျှ လေးစားနာခံမှုရှိနေပါစေ သူက အလွန်ကြောက်စရာကောင်းသော ဗီလိန်ဖြစ်သည်ကို ကျီလင် ဘယ်သောအခါမှ မေ့မည်မဟုတ်ချေ။
သူ ယခု ပို၍နှိမ့်ချနေပါက သူစိတ်ထဲရှိ လက်စားချေလိုစိတ်က ပို၍ရက်စက်လာပေလိမ့်မည်။
ဝတ္ထုတစ်အုပ်လုံး ဖတ်ဖူးပြီးဖြစ်သော ကျီလင်က ထိုလူ၏နှလုံးသား မည်မျှရက်စက်သည်ကို ကောင်းစွာသိပေသည်။ စာအုပ်ထဲ၌ ရွေးကောက်ပွဲ အောင်မြင်ပြီးနောက်တွင် အထက်တန်းလွှာအများအပြားက ပြန်လည်ရွေးကောက်ပွဲလုပ်ရန် သူတို့၏အမည်အရင်းများဖြင့် ဆန္ဒပြခဲ့ကြသည်။ နိုင်ငံရေးအရ အပေးအယူတစ်ရပ်အနေဖြင့် နိမ့်ကျသော သာမန်လူများကို လွှတ်တော်ထဲဝင်ခွင့်ပေးသည်က သူတို့၏အကြီးမားဆုံး လိုက်လျောမှုဖြစ်နေပြီပင်ဖြစ်သည်။ ဇာတ်နိမ့်သာမန်လူတစ်ဦးက ဟောပြောသူအမတ်ဖြစ်လာမည်ကို သူတို့သည်းမခံနိုင်ချေ။
သို့သော် မကြာမီတွင် ထိုဆန္ဒပြမှုကို ဦးဆောင်သော အထက်တန်းလွှာအများအပြား သေဆုံးခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းတို့ကို ခံစားခဲ့ရသည်။ နောက်ဆုံးတွင် မြို့စားကြီးကားလို့စ်၏ ထောက်ခံမှုဖြင့် ထိုအငြင်းပွားမှု အဆုံးသတ်ခဲ့သည်။
ဝမ်ယန်က လွှတ်တော်အမတ်နေရာကိုရယူပြီးနောက် လှည့်စားမှုများနှင့် ရန်စမှုအမျိုးမျိုးကို မလွှဲမရှောင်သာရင်ဆိုင်ခဲ့ရသော်လည်း တစ်ခါမှမရှုံးဖူးခဲ့ချေ။ ကျီလင်မသေဆုံးမီအထိ ဝမ်ယန်က ကောင်းကောင်းရှင်သန်နေဆဲဖြစ်ပြီး အလွန်အမင် အင်အားကြီးလာသည်ဟုပင် ဆိုနိုင်သည်။
သာမန်လူတစ်ဦးအနေဖြင့် နောက်ဆုံးတွင် မရေမတွက်နိုင်သော အင်ပါယာအထက်တန်းလွှာများ အပေါ်၌ ရပ်နိုင်ခဲ့သည်။ စာအုပ်ထဲ၌ စကားလုံးအနည်းငယ်သာရှိသော်လည်း အမှန်တွင်အလွန်ပြင်းထန်ခဲ့၏။
ထို့အပြင် ဝတ္ထုထဲ၌ ဝမ်ယန်ကိုဖော်ပြထားသည်က အတော်လေးလျှို့ဝှက်ဆန်းကြယ်လှသည်။ သူက နဉ်ယွီ၏ သူငယ်ချင်းကောင်းဖြစ်သော်လည်း ကားလို့စ်နှင့် တိတ်တဆိတ်ပူးပေါင်းနေပြီး သူတကယ် လိုချင်သောအရာကို မည်သူမှမသိခဲ့ချေ။
သူ့လမ်းရှေ့၌ လာပိတ်ရပ်သူ အားလုံး သေဆုံးရလိမ့်မည်ဖြစ်သည်။
ကျီလင် သူ့ကိုယ်သူတွေးလိုက်၏။
ငါ တကယ်အရမ်းအလုပ်ကြိုးစားတာပဲ... ဒီလိုမျိုး ရက်စက်တဲ့ဇာတ်ကောင်ကိုတောင်မှ ငါ့ရှေ့မှာ ဒူးထောက်ပြီးဖိနပ်ချွတ်ခိုင်းလိုက်သေးတယ်...
သူ ယခုအချိန်၌ အဖတ်မလုပ်ဟန်ရှိနေသော်လည်း လူများကို အချိန်မရွေးကိုက်ဖြတ်စားသုံးနေသော သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသလိုခံစားလိုက်ရသည်။
ငါ ခဏနေကျရင် ပြန်စတင်တဲ့နေရာကို ရောက်ရင်ရောက်သွားလောက်မှာ...
ကျီလင်၏ နှုတ်ခမ်းက တုန်ယင်သွားခဲ့သည်။ ထိုလူ ဒူးထောက်နေခြင်း၏ ကြီးမားသောအကျိုးဆက်က သူ့ဇာတ်ကောင်ကို ပျက်စီးသွားစေမည်ဟု တွေးမိလိုက်သည်။ သူက ချောက်ချားဖွယ်ကောင်းသော အေးစက်မှုကို သည်းခံကာ ဝမ်ယန်၏ပခုံးကို အသာအယာကန်ထုတ်လိုက်သည်။ သူက ဝမ်ယန်၏မျက်လုံးများကို မကြည့်ဘဲပြောလိုက်၏။
"ရပြီ...လွှတ်ပေးတော့..."
✨✨✨