Chapter 8
Viewers 2k

✨ Chapter 8



နောက်တစ်နေ့တွင် ကျီလင် မူးဝေစွာ နိုးလာခဲ့ပြီး သူ့ကိုယ်သူ အရက်ကောင်းကောင်းသောက်နိုင်သူဟု တွေးလိုက်မိသည်။ သူ ယမန်နေ့ညက အလွန်သောက်ခဲ့သော်လည်း နောက်တစ်နေ့နံနက်၌ ခေါင်းမကိုက်နေချေ။ အမှန်တွင် သူအရက်မူးသည်က ရှားပေသည်။ ယမန်နေ့ညက သူ များစွာသောက်ခဲ့သောကြောင့် နောက်ပိုင်းဘာဆက်ဖြစ်ခဲ့သည်ကို မမှတ်မိနိုင်တော့ချေ။ 


ဒါပေမယ့် ငါ တစ်ညလုံး အရှုပ်တွေလုပ်ထားတာ ထိတော့ထိရောက်လောက်မှာပါ ဟုတ်တယ်မလား...


ကျီလင်က စနစ်ကို မျှော်လင့်တကြီးမေးလိုက်သည်။- 

[ကားလို့စ် မနေ့တုန်းက ဒေါသထွက်သွားသေးလား...]


စနစ်က ကြောက်မက်ဖွယ်ကောင်းစွာ တိတ်ဆိတ်နေခဲ့သည်။


ကျီလင်က ပဟေဠိဖြစ်သွားခဲ့၏။ - 

[မင်း ဘာဖြစ်နေတာလဲ... သူ ဒေါသထွက်သွားလား မထွက်သွားဘူးလား... ဒါလေးဖြေဖို့က အဲဒီလောက်ခက်ခဲနေလို့လား...]


စနစ်- [မထွက်ပါဘူး..]


ကျီလင် အံ့အားသင့်သွားခဲ့သည်။ -

[ငါ ဒီလိုလုပ်တာတောင် သူ ဒေါသမထွက်ဘူးလား...] 


ဒါက ယုတ္တိမကျဘူး...ဒီဝတ္ထုထဲမှာ ဗီလိန်ကားလို့စ်က ဘယ်လောက်တောင် ယုတ်မာရက်စက်ပြီး ကြောက်စရာကောင်းတဲ့လူမျိုးဆိုတာ ဖော်ပြထားတယ်လေ... ဒီထဲမှာတော့ သူ့မှာ ဒီလိုမျိုးစိတ်ရှည်တဲ့ဘက်ခြမ်း ရှိသေးတယ်လို့ တစ်ခါမှ မပြောထားပါဘူး...အာ...ငါ ဒီထပ်ပိုလုပ်ဖို့ လိုသေးတာလား...


စနစ်က လေးလံသောလေသံဖြင့် ပြန်ဖြေလာခဲ့သည်။- 

[ဟုတ်ပါတယ်...]


ကျီလင် ကြောင်အနေပြီး ထပ်မေးလိုက်သည်။

[ဒါဆို ငါ မနေ့ညတုန်းက ဘယ်လိုပြန်ရောက်လာတာလဲ...]


 စနစ်- [သူ လိုက်ပို့တာ...]


ကျီလင် : […]


စနစ်၏စိတ်ထဲ၌ ဤသို့ပြောနေခဲ့သည်။

မင်း မနေ့ညက အရက်မူးပြီးတော့ သူ့ကို လက်သည်းနဲ့ကုတ်လိုက်သေးတယ်...ပြီးတော့...ထားပါတော့ မင်းမလန့်သွားအောင်လို့ ငါ စဉ်းစားဉာဏ်ရှိရှိနဲ့ ထုတ်မပြောတော့ဘူး...


ယမန်နေ့ညက သူ့အကြံအစည်ပျက်သွားသည်ကို ကျီလင် သိလိုက်ရသည်။ ကားလို့စ်က ဒေါသမထွက်ရုံသာမက သူ့ကို ပြန်လိုက်ပို့ခဲ့သေးသည်။ 


ဒါပေမယ့် မမျှော်လင့်ထားတာက… ငါ့မှာ ဒီလောက်ရှက်စရာကောင်းပြီး ဝန်ထုပ်ဝန်ပိုးဖြစ်ရတဲ့ဘက်ခြမ်း ရှိနေတာပဲ...


ငါ သူ့ကိုလျှော့တွက်မိတာ မယုံနိုင်ဘူး...


သူ ဆက်သွယ်ရေးစက်ကိုဖွင့်လိုက်ချိန်၌ ရို့စ်၏ အဆင်ပြေလားဟုမေးထားသော မက်ဆေ့ချ်ကိုမြင်လိုက်ရသည်။


ကျီလင်က ဆက်သွယ်ရေးစက်ကို အမူအရာမဲ့စွာ ပိတ်လိုက်သည်။  


အဆင်မပြေဘူး...လုံးဝအဆင်မပြေဘူး...


တစ်ကိုယ်လုံး အဆင်မပြေနေဘူး...


ဤကဲ့သို့အရာမျိုး ကြုံလာရသောကြောင့် ကျီလင် အပြင်ထွက်ကစားချင်စိတ်ပင် လျော့နည်းသွားခဲ့သည်။


မကြာသေးမီကစပြီး ကားလို့စ် အမှန်ပင် မူမမှန်ဖြစ်လာခဲ့သည်။ သူ ထပ်ပေါ်လာရန်မဖြစ်နိုင်ဟု ခံစားရသော်လည်း ကျီလင် အန္တရာယ်ထပ်မရှာချင်တော့ပေ။ 


ဒီလိုမျိုး စိတ်ခြောက်ခြားစရာကောင်းတာတွေက ငါ့ရဲ့အားနည်းတဲ့နှလုံးသားလေးရဲ့ ကျန်းမာသန်စွမ်းကြီးထွားမှုကို အထောက်အကူမပြုဘူး...


မူလက အခြားသူများ သူ့ကိုထပ်မံဖိတ်ခေါ်လျှင် မည်သို့ငြင်းရမည်ကိုတွေးပြီး စိုးရိမ်နေခဲ့သည်။ သို့သော် ထိုအချိန်အတွင်း မည်သူကမှ သူ့ကို အပြင်ထွက်လည်ပတ်ရန် မပြောခဲ့ကြဘဲ ရို့စ်ပင်လျှင် ငြိမ်သက်နေခဲ့သည်။


ကျီလင် မူလက အနည်းငယ်မရေမရာဖြစ်ခဲ့သော်လည်း မကြာမီတွင် ကားလို့စ်၏ ပေါ်ထွက်လာမှုက သူ့ကိုသာမက အခြားသူများကိုပါ ထိတ်လန့်သွားစေကြောင်း သဘောပေါက်သွားခဲ့၏။  


ဒီလိုဆို နောက်ကျ ငါနဲ့ ဘယ်သူမှ အပြင်ထွက်လည်ရဲတော့မှာမဟုတ်ဘူး...


တွေးတောင်မတွေးနိုင်တော့ဘူး...


ကျီလင် စိတ်ရှုပ်ထွေးနေခဲ့သည်။


သူ ဤသို့ဖြင့် အိမ်တွင်သာ တစ်ချိန်လုံးနေပြီး သူအလိုရှိသော ငါးဆားနယ်ဘဝဖြင့်နေထိုင်ကာ နဉ်ယွီ ပြန်လာမည့်နေ့ကို လက်ချိုးရေတွက်၍ စောင့်နေခဲ့သည်။


ကျီလင်ကို တစ်ခုကလွဲ၍ အရာအားလုံး အဆင်ပြေနေသည်ဟု ခံစားစေသော အရာတစ်ခုရှိသည်။


ကားလို့စ်က သူ့ရှေ့၌ မပေါ်လာသော်လည်း ထိုသုံးရက်အတွင်း သူ့အိမ်သို့ လက်ဆောင်မျိုးစုံပို့ရန် အခွင့်အရေးကို လက်လွှတ်မခံခဲ့ချေ။


လှပတဲ့ ကျောက်မျက်ရတနာတွေ... အရသာရှိတဲ့ သရေစာတွေ... လက်ရာမြောက်တဲ့အဝတ်အစားတွေနဲ့ တခြားပစ္စည်းအမျိုးမျိုးတွေ...


၎င်းတို့အားလုံးက စကြဝဠာထဲရှိ မတူညီသော ဂလက်ဆီများမှ အထူးဖန်တီးမှုများဖြစ်သည်။ ထိုအရာများက ကြယ်ပြာငါးကဲ့သို့ တန်ဖိုးမရှိသော်လည်း အချိန်ကုန်ပြီး လုပ်အားလည်းလိုအပ်သည်။


မပြောတော့ပါဘူး...ငါ အနည်းဆုံးတော့ အစားအသောက်တွေကို ကြိုက်သေးတယ်လေ...


ငါ အိမ်မှာဒီတိုင်းလေးထိုင်နေရုံနဲ့ စကြဝဠာတစ်ခုလုံးက အစားအစာစားနိုင်တယ်... ခံစားရတော့မဆိုးဘူး...တကယ့် foodieတွေက အစားအစာကို ဘယ်တော့မှ ငြင်းပယ်လေ့မရှိဘူး...


စနစ်က ၎င်းနှင့်ပတ်သက်ပြီး ကူကယ်ရာမဲ့မှုကို ဖော်ပြခဲ့သည်- 

[မင်းကိုကြည့်ရတာ အရမ်းစိတ်ချမ်းသာနေတဲ့ပုံပဲ...]


ကျီလင်က သူ့ပါးစပ်ထဲသို့ သစ်သီးတစ်လုံးထည့်လိုက်သည်- 

[ငါက ဘာလို့ စိတ်မချမ်းမသာဖြစ်နေရမှာလဲ... သူ့ရည်ရွယ်ချက်က ငါ့ကို သိမ်းသွင်းဖို့...ငါ့အဖေရဲ့စိတ်ကိုအနိုင်ယူဖို့ပဲ...ဒါက ငါ ဆုံးရှုံးရကျိုးတောင် မနပ်သေးဘူး...]


စနစ် ဆွံ့အသွားခဲ့သည်။


ကျီလင်က အလွန်ပျော်ရွှင်စွာ စားသောက်ခဲ့ပြီး အစားအသောက်ကို စိတ်ကျေနပ်သည့်အခါတိုင်း စိတ်ခံစားချက်များ နိုးကြားခဲ့သည်။


ကံကောင်းလို့ ငါ့မှာ နတ်ဘုရားအမြင်ရှိပြီး မစ်ရှင်တစ်ခုပြီးခဲ့လို့ပေါ့... ငါ ဗီလိန်ရဲ့သဘောသဘာဝကို သိထားလို့မဟုတ်ရင် ကားလို့စ်က စိတ်ရင်းမှန်တယ်လို့ ယုံကြည်သွားမှာစိုးမိပါရဲ့...


ကျစ် ကျစ် ကျစ် ဘာမှမစားတော့ဘူး...


အဲ...ဒါပေမယ့် ငါ အိမ်ပြန်ရောက်ရင် ဒါတွေမစားနိုင်တော့ဘူးလေ...


မေ့လိုက်တော့... ဆက်ပဲစားတော့မယ်...


အချိန်များကုန်ဆုံးလာခဲ့သည်။ နဉ်ယွီပြန်လာမည့်နေ့က ပိုပိုနီးကပ်လာသည်ကိုတွေ့ချိန်တွင် သူ့အားလပ်ရက်ကုန်ဆုံးတော့မည်ဟုပင် ကျီလင် ထင်ယောင်ထင်မှားဖြစ်ခဲ့မည်။


ထိုညတွင် သူ သစ်ပင်ပေါ်လှဲလျောင်းလျက် ကြယ်များကြည့်နေစဉ် ရုတ်တရက် အဝေးရှိပွဲခန်းမက တောက်ပစွာ လင်းနေသည်ကို မြင်လိုက်ရပြီး ဆူညံသံအချို့ကြားခဲ့ရသည်။ သူ ထိုအကြောင်းကိုတွေးပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကိုသတိရသွားခဲ့သည်။


ယနေ့တွင် နောက်ထပ် အရေးကြီးသော ဇာတ်ပို့ဇာတ်ကောင်တစ်ဦး ပြန်ရောက်လာမည်ဖြစ်၏။ သူက အနာဂတ်၌ အင်ပါယာတွင် သြဇာအာဏာရှိလာမည့် ကိုယ်စားလှယ်လောင်းဝမ်ယန်ဖြစ်သည်။


သူက ဤဝတ္ထု၌ နဉ်ယွီကဲ့သို့ သဘာဝဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သည်။ နဉ်ယွီက စစ်ဘက်ရေးရာ၌ ထွန်းတောက်ခဲ့ပြီး ဝမ်ယန်ကမူ နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။


အင်ပါယာကြယ်သို့ ဝင်ရောက်လာသေးသာမန်လူတိုင်းက သူတို့၏ဆင့်ကဲပြောင်းလဲမှုအင်အားမှာ အလွန်ကောင်းမွန်သည်ဟု ထင်မြင်ကြသည်။ သို့သော် သူတို့က သာမန်များကြား၌ မည်မျှပင် တော်တတ်နေပါစေ အင်ပါယာကြယ်သို့ ဝင်ရောက်ပြီး အထက်တန်းလွှာများစွာနှင့် ရင်ဆိုင်ရချိန်တွင် အမတလောကသို့ ဖောက်ထွင်းဝင်ရောက်လာသော သေမျိုးများကဲ့သို့ ဖြစ်သည်။ သူတို့က ခွဲခြားဆက်ဆံခံရပြီး တစ်လက်မမျှပင်လှုပ်နိုင်ကြချေ။


ထို့ကြောင့် ကျောထောက်နောက်ခံများရရှိရန် အမျိုးမျိုးသောအဖွဲ့သို့ဝင်ရန် ရွေးချယ်ခဲ့ကြပြီး အချို့အထက်တန်းလွှာများ၏ လက်အောက်ငယ်သားများ ဖြစ်လာခဲ့ကြသည်။ အထက်တန်းလွှာများက သူတို့အုပ်ချုပ်ရေး၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန် မြှင့်တင်ရေးလမ်းကြောင်းကို လုံးလုံးလျားလျားပိတ်ဆို့ထားမည်မဟုတ်ဘဲ ထိုသာမန်ဆင့်ကဲပြောင်းလဲသူများကို သူတို့၏လက်အောက်သို့ ခေါ်ယူလိမ့်မည်ဖြစ်သည်။ သာမန်ဆင့်ကဲပြောင်းလဲသူများက ဤနည်းဖြင့် အင်ပါယာအထက်တန်းလွှာအတွင်းသို့ တဖြည်းဖြည်း ရောနှောခဲ့ကြသည်။


သို့ရာတွင် ထိုသူများကို အပေါ်ယံ၌ လက်ခံထားသော်လည်း အထက်တန်းလွှာများ၏အရိုးများထဲ ရေးထွင်းထားသော ဘဝင်မြင့်စိတ်ကို ဖျောက်ဖျက်၍မရချေ။ အထက်တန်းလွှာများ၏အမြင်တွင် ထိုသာမန်လူများက နိမ့်ပါးသူများဖြစ်နေကြဆဲဖြစ်သည်။


သူတို့၏အင်အားကြောင့်နှင့် သူတို့၏ ယုတ်ညံ့နိမ့်ပါးသော တံဆိပ်က ပျောက်ကွယ်သွားမည် မဟုတ်ချေ။


ဝမ်ယန်လည်း ထိုခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။


သူက ဆင့်ကဲပြောင်းလဲသူဖြစ်လာချိန်၌ ကျီမိသားစုသို့ဝင်ခဲ့ပြီးနောက် ကျီမိသားစု၏နယ်မြေသို့ ဂြိုဟ်သခင်ဖြစ်လာရန် စေလွှတ်ခံခဲ့ရသည်။ သူက နှစ်အနည်းငယ်ကြာပြီးနောက် ကောင်စီသို့ဝင်ရန်ပြန်လာကာ သာမန်ကောင်စီဝင်တစ်ဦးဖြစ်လာခဲ့သည်။


ပုံမှန်အားဖြင့် သာမန်လူတစ်ယောက်အတွက် ထိုနေရာက အဆုံးဖြစ်လုနီးပါးဖြစ်သည်။


သို့သော် ဝမ်ယန်အတွက်မဟုတ်ပေ။


အဘယ်ကြောင့်ဆိုသော် ဝမ်ယန်က မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ သူ့ကိုမထီမဲ့မြင်ပြုခဲ့သော ပြိုင်ဘက်များအားလုံးကို မရပ်မနားအနိုင်ယူပြီး သမိုင်းတွင် ပထမဆုံးသော သာမန်လူလွှတ်တော်အမတ်ဖြစ်လာလိမ့်မည်ကို ကျီလင်သိထားသောကြောင့်ပင်။


ဝမ်ယန်က သူ့ရာထူးကို ခိုင်မာစွာ အခြေချနိုင်ခဲ့၏။


ကျီလင်က အဝေးရှိ မီးရောင်များကို လှမ်းကြည့်လိုက်၏။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သစ်ပင်ပေါ်မှခုန်ဆင်းလိုက်သည်။ သူက ထိုယောက်ျား၏နက်နဲသော အကြံအစည်များနှင့်ပတ်သက်ပြီး အနည်းငယ် တုန်လှုပ်ခြောက်ခြား၍ ထိုသူနှင့် အလွန်မနီးကပ်ချင်သော်ငြားလည်း သူပါဝင်ရန်လိုအပ်သည့် ဇာတ်ကွက်တစ်ခု ရှိနေသေးသည်။


မူရင်းဝတ္ထုတွင် ထိုသို့သော ဇာတ်ကွက်ဖော်ပြချက်ပါရှိပေသည်။


ဝမ်ယန်က ဥပဒေလွှတ်တော်အမတ်အဖြစ်အရွေးမခံရမီ သူ့အကြံအစည်များဖုံးကွယ်ထားပြီး ဆိတ်ဆိတ်နေတတ်သည်။ သူက ကျီမိသားစုသခင်လေး၏ယုံကြည်မှုကို အလွယ်တကူရရှိကာ သူ့ရည်မှန်းချက်အတွက် မဲပိုရရန်နှင့် ကျီမိသားစုအာဏာကို အသုံးပြုခဲ့သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ဝမ်ယန်က ကျီမိသားစုသခင်လေးကိုအသုံးပြုနေစဉ် အရူးအဖြစ် လုံးလုံးဆက်ဆံခဲ့သည်။


သို့သော်'မောက်မာပြီး ရူးသွပ်သူ' အကြီးဆုံးသခင်လေး ကျီလင်က စေတနာအပြည့်ဖြင့် ပွဲခန်းမသို့သွားဆဲဖြစ်သည်။


တံခါးပွင့်သွားသည်နှင့် ၀တ်ကောင်းစားလှများ ၀တ်ဆင်ထားကြသော အမျိုးသား၊ အမျိုးသမီးများက အထဲသို့ဝင်သွားခဲ့ကြသည်။ သူတို့ထဲမှ အချို့က သူ့ဖခင် ကျီထင်၏ လက်အောက်ငယ်သားများဖြစ်ပြီး အချို့မှာ ကျီမိသားစုနှင့် လုံးဝပတ်သက်မှုမရှိသော အထက်တန်းလွှာများဖြစ်ကြသည်။ သူ့ဖခင်ဖြစ်သူက ရံဖန်ရံခါတွင် ဤကဲ့သို့ ပုံမှန်နိုင်ငံရေးလှုပ်ရှားမှုပွဲမျိုးဖြစ်သည့် လူအများ၏ခံစားချက်များ ဆက်သွယ်ပြောဆိုနိုင်ရန် ပလက်ဖောင်းတစ်ခုပြုလုပ်ပေးလေ့ရှိသည်။


ကျီလင်ကမူ ဤကဲ့သို့ပွဲမျိုး၌ ပါဝင်မည် မဟုတ်ချေ။ သူ့၏ပင်ကိုယ်စရိုက်က ရိုးရှင်းသော အချစ်ရူးတစ်ယောက်ဖြစ်သည်။ သူက ကျင်းဆွေ့မှလွဲပြီး ကျန်အရာများကိုစိတ်မဝင်စားသောကြောင့် ဤရှုပ်ထွေးသည့်ကိစ္စရပ်များ၌ ဘယ်သောအခါမှ ပါဝင်နိုင်မည်မဟုတ်ချေ။ သို့သော် ယနေ့တွင် ကိစ္စတစ်ခုရှိပေသည်။


ကျီလင်က ယခင်ဘဝက မှတ်ဉာဏ်များနောက်လိုက်ပြီး ထောင့်နားသို့ လျှောက်သွားခဲ့သည်။ သေချာစွာပင် မြင့်မားသော အရပ်ဖြင့် ချောမောသည့်အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။


ထိုလူ၏ရှည်လျားသော ငွေမှင်ရောင်ဆံပင်များက ခေါင်းနောက်တွင် စုချည်ခံထားရပြီး ကျောပေါ်ကျနေခဲ့သည်။ သူ့တွင် ချောမောသော မျက်နှာရှိသော်လည်း အနည်းငယ်ကျဉ်းမြောင်းသောမျက်လုံးများက သူ့အသွင်အပြင်ကို ပို၍မိန်းမဆန်နေစေသည်။ သူ၏ နက်မှောင်သော မျက်လုံးများက အောက်ခြေကင်းမဲ့ပြီး မလိုအပ်သော ခံစားချက်များကို ဘယ်သောအခါမှ မပြတတ်ဘဲ အမြဲတမ်းအပြုံးဖျော့ဖျော့ဖြင့် နှိမ့်ချ၊ တည်ငြိမ်သောစိတ်ရှိကာ သူ့စိတ်ကို လူအများဖြတ်မမြင်နိုင်ကြချေ။


ပုံပန်းသဏ္ဍာန်တစ်ခုတည်းအရ ဝမ်ယန်က မည်သည့်အထက်တန်းလွှာများအောက်မနိမ့်ကျဘဲ သူတို့ထက်ပင် သာလွန်ပေသည်။


ဥပမာအားဖြင့် ယခုတွင် အခြားလူ၏ အနိုင်ကျင့်ခြင်းခံနေရသော်လည်း သူ့မျက်နှာက ခံစားချက်မရှိဆဲဖြစ်ကာ တစ်ဖက်လူကို ပေါ့ပေါ့ပါးပါးကြည့်နေခဲ့သည်။


သခင်ရစ်ချတ်က ဝမ်ယန်၏ တည်ငြိမ်နေသော အနက်ရောင်မျက်လုံးများကိုကြည့်လိုက်သည်။ ထိုလူက စကားတစ်ခွန်းမှ မပြောနေသော်လည်း ပမာမထားသော ခံစားချက်မျိုး‌ရှိနေကာ သူ့ကိုဒေါသဖြစ်စေခဲ့သည်။


သူတို့က အထက်၌ရှိသော အထက်တန်းလွှာဖြစ်သည်မှာ ထင်ရှားသော်လည်း ယုတ္တိမတန်စွာပင် ထိုနိမ့်ကျသော သာမန်လူထံမှ ဤကဲ့သို့ဆက်ဆံခြင်းခံရသည်။


သခင်ရစ်ချတ်က ဝမ်ယန်ကို အေးစက်စွာကြည့်ပြီး ထူးဆန်းသောလေသံဖြင့် ပြောလိုက်သည်။

"သူတို့အားလုံးက မင်းဒီကိုရောက်လာနိုင်မှာမဟုတ်ဘူးလို့ ပြောတယ်...မင်းပြန်သွားရင် ပိုကောင်းမယ်..."


ဝမ်ယန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး သွားပါရစေ... ကျွန်တော် ‌မြို့စားကြီးကိုတွေ့ပြီး မေးစရာရှိလို့ပါ..."


‌သခင်ရစ်ချတ်က လှောင်ပြောင်လိုက်သည်။

"မြို့စားကြီးက အရမ်းအလုပ်ရှုပ်နေတာ... သူ့မှာ မင်းကိုတွေ့ဖို့အချိန်မရှိဘူး...မင်းက အဲဒီနိမ့်ကျတဲ့အရူးတွေကို ပြဖို့ပဲ ကောင်စီထဲဝင်နိုင်တာ...မင်းအဆင့်နဲ့ မြို့စားကြီးက မင်းကိုသုံးလိမ့်မယ်လို့ တကယ်ထင်နေတာလား..."


ထိုစကားက အလွန်စော်ကားရာရောက်သော်လည်း ဝမ်ယန်က တည်ငြိမ်နေဆဲဖြစ်သည်။ သူ့မျက်လုံးထဲ၌ ဒေါသ သို့မဟုတ် အခြားခံစားချက်များ မရှိနေချေ။


သခင်ရစ်ချတ်က နောက်ဆုံးတွင် ဒေါသထွက်ပြီး ပြင်းထန်စွာ ပြောလာခဲ့သည်။

"မင်းက ညစ်ပတ်ပြီးနိမ့်ကျတဲ့လူတစ်ယောက်အနေနဲ့ မင်းမှာ နိမ့်ကျတဲ့လူရဲ့အသိပညာ နည်းနည်းလောက်ရှိသင့်တယ်ကွ...မင်းက ကောင်စီဝင်ဖြစ်လာတာနဲ့ပဲ ငါတို့ထဲက တစ်ယောက်ဖြစ်လာပြီလို့ ထင်မနေနဲ့...အခု ဒီနေရာကနေ ချက်ချင်းထွက်သွားစမ်းကွာ...နားလည်လား..."


ကျီလင်လည်း ထိုမြင်ကွင်းကိုမြင်လိုက်ရသည်။


မူရင်းဝတ္ထုထဲ၌ ဤသို့ဇာတ်ကွက်ရှိခဲ့သည့်တိုင် ထိုအပြုအမူကို သူ ထပ်သည်းမခံနိုင်တော့ချေ။


ကျီလင်က သူ့အနားရှိ ဝိုင်တစ်ခွက်ကို ကောက်ကိုင်ပြီး သခင်ရစ်ချတ်၏ မျက်နှာကိုပက်ကာ သူတို့နှစ်ဦး အလယ်၌ မတ်တတ်ဝင်ရပ်လိုက်သည်။ ဝမ်ယန်ကို သူ့နောက်တွင်ထားပြီး မျက်ခုံးပင့်၍ မထီမဲ့မြင်ဖြင့် သခင်ရစ်ချတ်ကိုကြည့်ကာ အသံမြှင့်ပြောလိုက်သည်။

"ခင်ဗျားက ဘာမို့လို့လဲ... ကျွန်တော့်လူကို အရှက်ခွဲရဲတယ်ပေါ့လေ..."


"ဒီကနေ ထွက်သွားရမယ့်လူက ခင်ဗျားပဲ..."  

ကျီလင် အေးစက်စွာပြောလိုက်သည်။



✨✨✨