✨ Chapter 7
ကျီလင်က ခဏခန့်တိတ်ဆိတ်နေခဲ့သော်လည်း တောင့်တင်းစွာဖြင့် မေးလိုက်ဆဲဖြစ်သည်။
"အန်ကယ် ဒီကိုကိစ္စတစ်ခုခုရှိလို့ လာတာလား..."
ကားလို့စ်က သူ့ကို ညင်သာသောအမူအရာဖြင့်စိုက်ကြည့်ပြီး ပြောလာခဲ့သည်။
"နောက်ကျနေပြီ...ကိုယ် မင်းကိုအိမ်ပြန်ပို့ပေးဖို့ လာခေါ်တာ..."
သူ့လေသံက ပုံမှန်ကိစ္စပြောနေသကဲ့သို့ ဖြောင့်ဖြူးနေလေသည်။
သူ့စကားက ဘယ်လောက်လန့်စရာကောင်းလဲဆိုတာ အသိသာကြီး...
ကျီလင်: "!!!"
ဟဲလို ကျွန်တော်တို့က ရင်းနှီးကြလို့လား...ခင်ဗျားကို အန်ကယ်လို့ခေါ်တာနဲ့ပဲ တကယ်ကြီး ကျွန်တော့်ဦးလေးလို့ထင်နေတာလား...
အဲဒါက ယဉ်ကျေးမှုအရပဲခေါ်တာ... နားလည်ရဲ့လား...
ကားလို့စ် ဤသို့ပြောပြီးသည်နှင့် လူတိုင်း၏မျက်လုံးများ ပြောင်းလဲသွားခဲ့ကြသည်။ ကျီလင်က မြို့စားကြီးကားလို့စ်ထံမှ ဤမျှအနှစ်သက်ခံရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။
အခုတော့ ကြည့်ရတာ… ကားလို့စ်က ကျီမိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ပုံပဲ အာ... သူက ကျီလင်ကို အိမ်ပြန်လိုက်ပို့ဖို့ လူကိုယ်တိုင်တောင် လာခေါ်သေးတယ်... ဒီလိုကြင်နာမှုမျိုး...သူတို့က သာမန်ဆက်ဆံရေးဆိုရင် ဒီလိုပုံစံမျိုးဆက်ဆံခံရမှာမဟုတ်ဘူး...
လူတိုင်း၏စိတ်က အမြဲပြောင်းလဲနေပေသည်။ အနာဂတ်တွင် သူတို့ ကျီလင်ကို ပိုသတိထားရန်လိုအပ်ပြီး နျဲ့ထျန်းချီ၏ ယခင်သင်ခန်းစာကို ဥပမာယူ၍ ထိုကဲ့သို့အရာမျိုးမကျူးလွန်သင့်ပေ။
ကျီလင်လည်း ထိတ်လန့်တုန်လှုပ်ရာမှ သတိပြန်ဝင်လာခဲ့သည်။ သူ မူလက ကားလို့စ် ရူးသွပ်သွားသည်လားဟု တွေးခဲ့မိသော်လည်း မကြာမီ ၎င်းက ကားလို့စ် အကွက်ချကြံစည်ခြင်းဖြစ်သည်ကို သဘောပေါက်သွားခဲ့၏။
ကားလို့စ်က သူ့နှင့် အလွန်ရင်းနှီးဟန်ဆောင်ပြီး လူသူရှေ့တွင် သူ့အား အလွန်အမင်းနှစ်သက်ဟန်ပြ၍ ကျီမိသားစုနှင့် သူက တစ်လှေတည်းရှိနေကြောင်း လူတိုင်းနားလည်မှုလွဲစေရန် ဤကဲ့သို့နည်းသုံးခဲ့ခြင်းဖြစ်မည်။ ဤလှည့်ကွက်က အမှန်တကယ်ပင် ယုတ်ညံ့ပြီး စက်ဆုပ်ဖွယ်ကောင်းလှသည်။
အဲဒါက သူလုပ်တတ်တာမျိုးပဲ...
ကောင်းပြီလေ…
ခင်မင်စရာကောင်းတဲ့ လူကြီးတစ်ယောက်လို ဟန်ဆောင်မှာမလား... ခင်ဗျား ဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မလဲဆိုတာ ကြည့်ချင်မိတယ်...ကျွန်တော်မသိဘူး မထင်နဲ့...ခင်ဗျားက ကျွန်တော့်ကိုသည်းခံဖို့ ဖြစ်နိုင်ခြေအနည်းဆုံးပဲ...
ကျီလင် မူလက အိမ်ပြန်ချင်သော်လည်း ရုတ်တရက် မျက်လုံးလှိမ့်ကာ တမင်တကာငြင်းဆန်လိုက်သည်။
"ဒါပေမယ့် ကျွန်တော် မပြန်ချင်သေးဘူးလေ..."
လူတိုင်း ပင့်သက်ရှိုက်မိသွားခဲ့ကြသည်။
သူ ကားလို့စ်ကို ငြင်းရဲတယ်ပေါ့လေ...
ရို့စ်၏လက်က တုန်ယင်သွားခဲ့သည်။ ကျီလင်၏စရိုက်ကို သူ ကျင့်သားရနေသော်လည်း ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကျီလင်၏စရိုက်အတွက် စိုးရိမ်မိသွားခဲ့သည်။
သာ့ကောရေ သူ့ကိုမငြင်းခင် သူဘယ်သူလဲဆိုတာ အရင်ကြည့်လို့ရမလား…
သို့သော်လည်း ကျီလင်က ရို့စ်၏ အတွေးလှိုင်းကို လုံးဝမရရှိခဲ့ချေ။
သူက ထိုသို့ပြောပြီးနောက် ကားလို့စ်ကိုကြည့်ပြီး မကျေမနပ်အမူအရာပြလာရန် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် အချိန်အတန်ကြာစောင့်ဆိုင်းပြီးနောက် ကားလို့စ်က အအနည်းငယ်မျှပင် စိတ်မကျေမနပ်မဖြစ်ဘဲ ကူကယ်ရာမဲ့စွာ သက်ပြင်းချလာခဲ့သည်။
"မင်း..."
ထို့နောက် သူက လက်မြှောက်ပြီး ချစ်စရာအကောင်လေးတစ်ကောင်ကို ထိသကဲ့သို့ ကျီလင်၏ခေါင်းကိုထိကာ သူ့ဘေးတွင် ဝင်ထိုင်၍ အပြုံးဖြင့်ပြောလာခဲ့သည်။
"ဒါဆိုလည်း ကိုယ် မင်းနဲ့ အတူရှိနေပေးမယ်..."
ကျီလင် : "???"
ရို့စ်၊ စန့် - "!!!"
ဘာလို့ အရင်တုန်းကလို မလုပ်ရတာလဲ...
ကျီလင် အနည်းငယ်အံသြသွားခဲ့သည်။ ကားလို့စ်က သူနှင့်အတူနေရန် အမှန်တကယ်စီစဉ်ထားသည်ကိုတွေ့ချိန်တွင် သူ့စိတ်ထဲ၌ မနေနိုင်ဘဲ အနည်းငယ်တုန်လှုပ်သွားခဲ့သည်။
ဒါကို ဘယ်လိုခေါ်ပါလိမ့်...
ဒါပေမယ့် ငါ ဒီတိုင်းလက်လျှော့လိုက်ရမှာလား... လုံးဝမဖြစ်နိုင်ဘူး...
ကားလို့စ်က ဤကဲ့သို့ဖြစ်နေသောကြောင့် ကျီလင် ပို၍ရဲရင့်လာခဲ့သည်။ သူက ကားလို့စ်၏ ကြောင်သူတော်မျက်နှာဖုံးကို ဆုတ်ဖြဲချင်မိပြီး မပျော်မရွှင်ဖြင့်ပြောလိုက်သည်။
"ဒါပေမယ့် အန်ကယ် ဒီမှာနေမယ်ဆိုရင် လူတိုင်းမသက်မသာဖြစ်ကြမှာပေါ့...ကျွန်တော်က နောက်မှတစ်ယောက်တည်းအိမ်ပြန်လို့ရတယ်... ပြီးတော့ နျဲ့ထျန်းချီကို ဘာလို့ ခြောက်လွှတ်လိုက်တာလဲ...သူက ကျွန်တော့်သူငယ်ချင်းကောင်းဟာကို...အန်ကယ် အရမ်းလွန်တာပဲ..."
ထိုစကားလုံးများထွက်လာသည်နှင့် တစ်ပြိုင်နက် ကားလို့စ်၏ အမြဲနူးညံ့နေဟန်ရှိသောမျက်လုံးများက အေးစက်သွားသည်ကို မြင်လိုက်ရပြီး ပတ်ဝန်းကျင်အပူချိန်က ချက်ချင်းထိုးကျသွားခဲ့သည်။
ကျီလင် လန့်ဖျပ်သွားသော်လည်း ခေါင်းအမြန်မော့ကာ ကားလို့စ်၏မျက်လုံးများကို ခေါင်းမာမာဖြင့် စိုက်ကြည့်လိုက်၏။
ဟမ့် ခင်ဗျား ဟန်ဆောင်နိုင်မယ်လို့ ထင်ခဲ့တာကို... ဒါပေမယ့် ခင်ဗျားက ဒီလောက်မြန်မြန်ကြီးတောင့်မခံနိုင်တာပဲ...
ကားလို့စ်က သူ၏ နှုတ်ခမ်းပါးများကို စေ့လိုက်ပြီး ဖိနှိပ်ရန် ခက်ခဲသော ဒေါသက တစ်ဖန်ပြန်ပေါ်လာခဲ့သည်။
ကိုယ်သာ နျဲ့ထျန်းချီကို မတားခဲ့ဘူးဆိုရင် နောက်ကျဘာဆက်ဖြစ်မလဲဆိုတာ မင်း သိရဲ့လား...အခု မင်းက ကိုယ် သူ့ကို မောင်းထုတ်လို့ အပြစ်တင်နေတယ်ပေါ့လေ...မင်း တစ်ခုခုဖြစ်သွားရင်တောင် မင်းအတွက်အရေးမကြီးဘူးလား...
သူ အနည်းငယ်ခေါင်းငုံ့ပြီး သူ့မှတ်ဉာဏ်ထဲမှကဲ့သို့ အပြစ်ကင်းစင်နေသော ကောင်လေး၏မျက်နှာကို ငေးကြည့်လိုက်သည်။
ဒီလိုမျိုး ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ကျီလင်ကို ငါ မတွေ့ရတာကြာပြီ...
ကားလို့စ်၏နှလုံးသားထဲ နူးညံ့မှုများဖြင့် ပြည့်သွားပြီး သူ့အကြည့်များအောက်တွင် လွမ်းဆွတ်မှုအချို့ပေါ်လာခဲ့သည်။
ဟင့်အင်း...ကျီလင်က ဘာမှမသိဘူး... သူက သူ့ကိုယ်သူ တခြားသူတွေလက်ကနေ ဘယ်လိုကာကွယ်ရမလဲဆိုတာမသိဘူး...သူ့အနားကပ်လာတဲ့သူတွေက ဘယ်လောက်အန္တရာယ်ရှိတယ်... သူ့ကို ဘယ်လိုမျိုးကြံစည်နေကြတယ်...သူ့ကို ဘယ်လိုနာကျင်အောင်လုပ်နိုင်တယ်ဆိုတာတွေကို သူ မသိဘူး...
ကျီလင်က ကားလို့စ်ကို အမြဲယုံကြည်ခဲ့ပြီး ဘယ်သောအခါမှ သူ့ကိုနာကျင်စေနိုင်သည်ဟု သံသယမဝင်ခဲ့ချေ။
အဲဒါက သူ့အပြစ်မဟုတ်ဘူး...ယုတ်ညံ့တဲ့ ရည်ရွယ်ချက်ရှိတဲ့သူတွေရဲ့အပြစ်ပဲ...
တစ်ချိန်က သွေးအေးရက်စက်ခဲ့တဲ့ ငါလည်း အပါအဝင်ပဲ...
ကားလို့စ်၏ မျက်လုံးထဲရှိ အအေးဓာတ်က တဖြည်းဖြည်းပျောက်ကွယ်လာခဲ့သည်။ သူက ဘေးပတ်လည်ကို လှမ်းကြည့်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ငါ ဒီမှာရှိနေတာက မင်းတို့အားလုံးကို မသက်မသာဖြစ်စေတာလား..."
ရို့စ်၊ စန့် - "... "
ခဏခန့် တိတ်ဆိတ်နေပြီးနောက် အခန်းထဲတွင် စိတ်အားထက်သန်သော အသံများထွက်ပေါ်လာခဲ့သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
"မြို့စားကြီးဒီမှာရှိနေတာကို ကျွန်တော်တို့အားလုံးအရမ်းပျော်ပါတယ်..."
"ကျွန်တော့်အဖေက ကြီးမြတ်လှတဲ့မြို့စားကြီးကားလို့စ်ကို အလေးစားရဆုံးလို့ ခဏခဏပြောဖူးတယ်..."
"မြို့စားကြီးကိုတွေ့ရတာ ကျွန်တော်တို့ဂုဏ်ယူရမှာပါ..."
"ကျေးဇူးပြုပြီး မြို့စားကြီးရဲ့အချိန်တွေကို သက်တောင့်သက်သာဖြတ်သန်းပါ... ကျွန်တော်တို့ကို စိတ်ထဲမထားပါနဲ့..."
"မြို့စားကြီး ဒီမှာရှိနေတာက ဒီနေရာကို တောက်ပအောင်လုပ်လိုက်သလိုပဲ..."
ကားလို့စ်က ကျီလင်ကို ပြန်လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
"ကြည့်လေ...ကိုယ်က ဒီနေရာကလူတွေကို မသက်မသာမဖြစ်စေပါဘူးဆို..."
ကျီလင် : "... "
ကောင်းပြီ...ခင်ဗျားက တကယ်စာနာစိတ် လုံးဝမရှိတာပဲ...ခင်ဗျား ကျွန်တော့်ကို ဒီမှာစောင့်နေချင်တယ် ဟုတ်လား...ဒါဆိုလည်း စောင့်ပေါ့...ကျွန်တော်က ဗီလိန်ကားလို့စ်ကို စောင့်အောင်လုပ်နိုင်တဲ့ ပထမဆုံးလူတောင်ဖြစ်သွားဦးမယ်...
စဉ်းစားတာနဲ့တင် တော်တော်လေးစိတ်လှုပ်ရှားစရာပဲ...
ကျီလင်၏ခေါင်းမာမှုက ပေါ်လာခဲ့သည်။ ရေမွှေးအနံ့များကြောင့် သူ့ဦးနှောက်က ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။ သူက ကားလို့စ်ကို ရိုးရိုးရှင်းရှင်းလျစ်လျူရှုပြီး ရို့စ်ဘက်ပြန်လှည့်ကာ ပြောလိုက်သည်။
"လာ... ဆက်သောက်ကြရအောင်..."
ရို့စ်က မျက်လုံးထောင့်မှ ကားလို့စ်ကို တိတ်တဆိတ်တစ်ချက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မကြည့်ဝံ့တော့ချေ။ သူက သူ၏တုန်နေသောလက်ကိုထိန်းပြီး ကျီလင်နှင့် ဖန်ခွက်ချင်းတိုက်လိုက်သည်။
ကျီလင်က ဝိုင်ကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။
ဤနေရာရှိ ဝိုင်အကြောင်းပြောရလျှင် ၎င်းက အသီးအနှံများ၏ချိုမြိန်မှုဖြင့် အလွန်ကောင်းမွန်ပြီး သူကြိုက်သော အရသာဖြစ်သည်။ ၎င်းကို သူသောက်လျှင်ပင် မသက်မသာခံစားရမည် မဟုတ်ချေ။ ၎င်းက အရည်အသွေးကောင်းသော ထိပ်တန်းဝိုင်ဖြစ်သည်။
မဆိုးဘူးပဲ...
ထို့ကြောင့် ကျီလင်လည်း နောက်တစ်ခွက်ထပ်ထည့်လိုက်သည်။
ရို့စ်က ကျီလင် တစ်ခွက်ပြီး တစ်ခွက်သောက်နေသည်ကိုမြင်ပြီး သူ့ကိုတားချင်ခဲ့သော်လည်း ကားလို့စ်က သူ့ဘေး၌ ရှိနေသောကြောင့် မလှုပ်ရဲဘဲ စိုးရိမ်စွာဖြင့် ကြည့်ရုံသာတတ်နိုင်ခဲ့၏။
ငါ ကျီလင်ကို ပြောဖို့မေ့သွားတယ်...ဒီဝိုင်က ဖျော်ရည်လိုအရသာရှိပေမယ့်... တော်တော်လေးပြင်းတယ်ဆိုတာကို...
ကျီလင် မြို့စားကြီးကားလို့စ်ရှေ့မှာမူးပြီး အမှားလုပ်မိရင် ဘယ်လိုလုပ်မလဲ...
ရို့စ် ၎င်းကိုတွေးပြီးနောက် သူ့အသက် နောက်နေ့အထိမရှည်တော့မည်ကို ကြောက်ရွံ့လာခဲ့သည်။
ဒုက္ခပဲ...
တကယ်ဒုက္ခပဲ...
ငါ ဘာလို့ ဒီနေ့ ဒီပါတီကိုလုပ်မိခဲ့ပါလိမ့်...
နောင်တဆိုတာ နောင်မှရတာပဲ...
ကျီလင်က ရို့စ်တွေးနေသည်ကို ဂရုမစိုက်ချေ။
ကားလို့စ်က ရက်စက်ပေသည်။ သို့သော် ကျီထင်နှင့် ပြတ်ပြတ်သားသားခွဲခွာရန် မဖြစ်နိုင်သေးသောကြောင့် သူ့ကို ဘာမှမလုပ်ခြင်းဖြစ်နိုင်သည်။ သူ့အဖေက ကားလို့စ်ထက် အနည်းငယ်အဆင့်နိမ့်သော်လည်း အင်ပါယာ၌ အလွန်ကောင်းမွန်သောအဆင့်အတန်းရှိသည်။ ကားလို့စ်က သူ့ရန်သူကြီး ကျင်းဆွေ့နှင့် ရင်ဆိုင်နေရစဉ် ကျီထင်ကိုရန်စရန် စိတ်ကူးမရှိလောက်ချေ။
ကားလို့စ်က စိတ်ခံစားချက်မရှိဘဲ ကောင်းကျိုးနှင့် ဆိုးကျိုးများကိုသာ ချိန်ဆ၍ လုပ်ဆောင်တတ်သူဖြစ်သည်။
ဒီအသေးအမွှားကိစ္စမျိုးနဲ့ သူ့ကိုယ်သူ ဒုက္ခရောက်ခံပါ့မလား...
ကားလို့စ်က ဘာအကျိုးအမြတ်မှမရှိဘဲ ဤကဲ့သို့အရာမျိုးလုပ်လိမ့်မည်မဟုတ်ဟု ကျီလင်ခံစားခဲ့ရသည်။ ကျီလင်က သေခြင်းတရားကို ရှာနေသော်လည်း ယခုအချိန်၌ ဘေးကင်းနေဆဲဖြစ်သည်။ ထို့အပြင် သူက သေဆုံးသွားလျှင်ပင် ပြန်လည်စတင်၍ရသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။
ကျီလင် ထိုသို့တွေးပြီး ဝိုင်အနည်းငယ်ထပ်သောက်လိုက်ကာ ပို၍အကြောက်အလန့်မဲ့လာခဲ့သည်။
ကားလို့စ်က ကျီလင်၏ဘေးတွင် ထိုင်၍ သူတစ်ခွက်ပြီးတစ်ခွက်သောက်နေသည်ကို ကြည့်နေခဲ့၏။ သူ့မျက်နှာက တဖြည်းဖြည်းနှင်းဆီဖျော့ရောင်သန်းလာသော်လည်း သူ၏ရေပြာရောင်မျက်လုံးများကမူ ရေခဲမီးလျှံထဲ တောက်လောင်နေသော မီးတောက်များကဲ့သို ပို၍ စူးရှတောက်ပလာခဲ့သည်။
ထိုကောင်လေးက အခြားသူနှင့်မတူပေ။
ကားလို့စ်၏မျက်လုံးထဲ၌ ထူးဆန်းသောအရိပ်ယောင်တစ်ခု တဖြည်းဖြည်းပေါ်လာခဲ့သည်။ ကားလို့စ်က ကျီလင် အလွန်မူးလာသည်ကိုမြင်စဉ် နောက်ဆုံး၌ လက်မြှောက်ပြီး ကျီလင်၏ဝိုင်ခွက်ကို အုပ်ကိုင်လိုက်သည်။ ထို့နောက် အက်ရှရှလေသံဖြင့် ပြောလိုက်သည်။
"မင်း မူးနေပြီ..."
သို့သော် အရက်မူးသူများက သူတို့ကိုယ်သူတို့ မမူးဘူးဟု ခံစားရလေ့ရှိသည်။
ကျီလင်က ကားလို့စ်ကို အနီဖျော့ရောင်သန်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး အသံမြှင့်ကာပြောလိုက်သည်။
"မမူးဘူး...လက်ကိုလွှတ်..."
ကားလို့စ်က သူ့ကို နက်ရှိုင်းစွာကြည့်လိုက်သည်။
ကျီလင်က ကားလို့စ်မလွှတ်ပေးသည်ကို မြင်ချိန်တွင် မပျော်မရွှင်ဖြင့် သူ့ကို တွန်းဖယ်လိုက်သည်။ သို့သော် ရုတ်တရက် သန်မာသော လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကိုဆွဲကိုင်ပြီး ကျယ်ပြန့်ကာ ခိုင်ခံ့သောရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရသည်။ သူ ထိတ်လန့်သွားပြီး အော်လိုက်မိသည်။
ကားလို့စ်က ကောင်လေး၏ပခုံးကိုလက်တစ်ဖက်ဖြင့် ဖက်ထားပြီး ခေါင်းအနည်းငယ်ငုံ့ကာ နားထဲသို့တီးတိုးပြောလိုက်သည်။
"မသောက်နဲ့တော့..."
ကားလို့စ်၏ ရှူထုတ်လိုက်သော လေနွေးနွေးများက သူ့နားပေါ်ကျရောက်နေပြီး ကျီလင် မနေနိုင်စွာ တွန့်လိုက်သည်။ သူက ရုန်းကန်လျက် ဆူပုတ်ပုတ်ပြောလိုက်သည်။
"ဘာလို့ လာဂရုစိုက်နေတာလဲ... လွှတ် ဆက်သောက်ဦးမှာ..."
ကားလို့စ်က မလှုပ်မရှားရှိနေဆဲဖြစ်ပြီး ရို့စ်နှင့် အခြားသူများကိုကြည့်ကာ ပြောလိုက်သည်။
"သူမူးနေပြီ... ကိုယ် သူ့ကိုခေါ်သွားတော့မယ်..."
ရို့စ်နှင့် အခြားသူများက ထိတ်လန့်နေကြပြီး ကားလို့စ်က သူတို့ကို စကားပြောလာမည်ဟု မမျှော်လင့်ခဲ့ကြချေ။
ငါတို့ ဘာထပ်ပြောရဲမှာလဲ...
သူတို့က ထပ်ခါတလဲလဲခေါင်းညိတ်ကာ မျက်နှာချိုသွေးလျက်ပြောလိုက်ကြ၏။
"ကောင်းပါပြီ ကောင်းပါပြီ... မြို့စားကြီးကို ဒုက္ခပေးမိသလိုဖြစ်သွားပြီ..."
ကားလို့စ်က ခေါင်းညိတ်ပြပြီးနောက် သူ့ရင်ခွင်ထဲရှိ ကြောင်လေးကဲ့သို့ လက်သည်းများထုတ်ပြ၍ ဂနာမငြိမ်ဖြစ်နေသော ကောင်ငယ်လေးကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲရှိ အပြုံးက ပိုတောက်ပလာပြီး ကျီလင်ကို တိုက်ရိုက်ပွေ့ချီလိုက်သည်။
ကျီလင်က မူးဝေနေလေသည်။ သူ့ခေါင်းက ကားလို့စ်၏လည်ပင်းနှင့်ထိကပ်သွားစဉ်တွင် ကားလို့စ်က သူ့အား အမှန်တကယ်ပွေ့ချီနေသည်ကို သိလိုက်ရသည်။
ငါ ပြန်တော့မယ်လို့ ဘယ်သူကပြောလို့လဲ... ငါ ဒီ လူယုတ်မာအိုကြီးရဲ့ မျက်နှာအစစ်ကို မထုတ်ဖော်ရသေးဘူးလေ...
ထို့ကြောင့် သူအော်ဟစ်လိုက်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ..."
သို့သော် ကားလို့စ်က အရာအားလုံးကို လျစ်လျူရှုထားပြီး ကျီလင်ကို ပွေ့ချီ၍ ထွက်လာခဲ့သည်။
သူက ဟိုဗာကားထဲဝင်ထိုင်လိုက်ပြီး AIကို အမိန့်ပေးလိုက်သည်။
"မောင်းတော့..."
ကျီလင်က တစ်လမ်းလုံး ငြိမ်ငြိမ်နေရန် ငြင်းဆန်ခဲ့ပြီး လက်သည်းများကိုဝှေ့ရမ်းကာ ကားလို့စ်၏ပါးကို အမှတ်မထင်ခြစ်မိသွားခဲ့သည်။ ကျီလင် ခဏခန့်ကြောင်အသွားခဲ့၏။ သူ မူးနေသော်လည်း တစ်ခုခုမှားနေပြီဖြစ်သည်ကို ခံစားခဲ့ရပြီး တုန်လှုပ်လာခဲ့သည်။
ကားလို့စ်၏မေးရိုးက အနည်းငယ်နာကျင်သွားခဲ့သည်။ သူက ကောင်ငယ်လေး၏ ဗလာဖြစ်နေသောမျက်လုံးများနှင့် အကြည့်ချင်းဆုံရန် ခေါင်းငုံ့လိုက်သည်။
ကျီလင်က သူ့ကို ရီဝေစွာကြည့်ပြီး သူ့စိတ်ထဲရှိ စကားလုံးများကို မသိလိုက်စွာ ထုတ်ပြောလိုက်မိသည်။
"ခင်ဗျား ဒေါသမထွက်ဘူးလား..."
ကားလို့စ်က သူ့ကို အပြုံးဖြင့်ကြည့်ပြီး တည်ငြိမ်စွာပြောလာခဲ့သည်။
"ကိုယ်က ဘာလို့စိတ်ဆိုးရမှာလဲ...မင်းက ဘာအမှားမှ မလုပ်ခဲ့တာ..."
ကျီလင်၏ မျက်လုံးများက လှုပ်ခတ်သွားခဲ့သည်။
ငါ တစ်ညနေလုံးပြဿနာရှာပြီး အခုလည်း လက်သည်းနဲ့ကုတ်ခဲ့တာကို ဘာအမှားမှမလုပ်ဘူးလို့ ပြောနေတာလား... ကားလို့စ်က အဲဒီလောက် စိတ်ထားကောင်းတဲ့သူလား...ဘာလို့ ငါ့မှတ်ဉာဏ်ထဲကနဲ့ မတူနေရတာလဲ...
သူ ထိုအကြောင်းကို ထပ်တွေးချင်သေးသော်လည်း အရက်များစွာသောက်မိသောကြောင့် အလွန်ပင်ပန်းနေခဲ့သည်။ ကျီလင်၏ မျက်ခွံများက အလိုအလျောက် လေးလံစပြုလာခဲ့သည်။
ကားလို့စ်က ၎င်းကိုမြင်ချိန်တွင် ကျီလင်ကို သူ့ရင်ခွင်ထဲ သက်တောင့်သက်သာမှီခွင့်ပြုလိုက်သည်။ ထိုနောက် အလိုလိုက်သောအပြုံးတစ်ပွင့်ဖြင့် နူးညံ့စွာပြောလိုက်၏။
"အိပ်တော့... ကိုယ်မင်းကို အိမ်ပြန်ပို့ပေးမယ်..."
သံလိုက်ကဲ့သို့ ခပ်နိမ့်နိမ့်အသံက ကျီလင်၏နားထဲ တိုးဝင်လာခဲ့သည်။ ထိုအသံက ကြောက်မယ်ဖွယ်ကောင်းသော ဗီလိန်၏အသံဖြစ်သော်လည်း သူ့အားစိတ်အေးချမ်းစေသည့် မှော်အတတ်မျိုးရှိနေပုံရသည်။
ငါ ဒီနေ့ တကယ်မူးနေပြီပဲ...
ကျီလင်က အိပ်ငိုက်ခြင်းကိုမတောင့်ခံနိုင်တော့ဘဲ ကားလို့စ်၏ ရင်ခွင်ထဲမှီပြီး လျင်မြန်စွာအိပ်ပျော်သွားခဲ့သည်။
ကားလို့စ်က ကောင်ငယ်လေး၏ လှပသော ဘေးတိုက်မျက်နှာကို ကြည့်နေခဲ့သည်။ သူ၏ ထူထဲသောမျက်တောင်များက မျက်လုံးပေါ်အရိပ်ကျနေကာ အိပ်ပျော်နေသော နတ်သားလေးကဲ့သို့ လှပနေခဲ့သည်။
ထိုကဲ့သို့ အလှတရားက သူ့ယခင်ဘဝက ကောင်ငယ်လေး၏ အသွင်အပြင်ကို သတိရသွားစေသည်။
ယခင်ဘဝတွင် အရာအားလုံးဆုံးရှုံးခဲ့သော ကောင်ငယ်လေးက ဟိုးအဝေးရှိ ဝေးလံခေါင်သီသော ဂြိုဟ်ဆီနှင်ထုတ်ခံခဲ့ရပြီး အင်ပါယာကြယ်၌ ထပ်ပေါ်လာခွင့်မရတော့ချေ။ မူလက သူနှင့်သက်ဆိုင်သည့် အထက်တန်းလွှာဂုဏ်သရေများအားလုံး ဆုံးရှုံးခဲ့ပြီး နိမ့်ကျသောနေရာ၌ တစ်ယောက်တည်း နေခဲ့ရသည်။
ဖြူရော်...ညိုးငယ်... နုနယ်နေတဲ့သူ...
သူ၏ မူလက ရဲရင့်မှုများလည်းမရှိတော့ချေ။ သူက ထိုလူကို ချစ်ရန်အရာအားလုံးလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် ထိုကဲ့သို့ အဆုံးသတ်မျိုးဖြင့်ကြုံခဲ့ရသည်။ မည်သူမှ သူ့ကို ဂရုမစိုက်ဘဲ စွန့်ပစ်ခံထားရသောကလေးကဲ့သို့ စိတ်အားငယ်မှုများကို တစ်ယောက်တည်းရင်ဆိုင်ခဲ့ရသည်။
သို့သော် ထိုအဆင်မပြေမှုများက သူ့မျက်လုံးထဲရှိ ကြည်လင်ပြတ်သားမှုနှင့် အလှကို မထိခိုက်စေခဲ့ချေ။
ကားလို့စ်ထံမှ သစ္စာဖောက်ခံခဲ့ရပြီး သူ၏ချစ်ရသူထံမှ နာကျင်ခံစားခဲ့ရသော်လည်း မျှော်လင့်စောင့်ဆိုင်းနေသော မျက်လုံးများဖြင့် သူ့ကို သတိကြီးစွာ မေးလာဆဲဖြစ်သည်။
"သူတို့ အားလုံးလိမ်နေတာ... အန်ကယ်ကားလို့စ်က ကျွန်တော့အပေါ် အဲဒီလိုလုပ်မှာမဟုတ်ဘူး... ဟုတ်တယ်မလား..."
အဖြစ်မှန်ကိုအသိအမှတ်ပြုရန် ငြင်းဆန်ခြင်းက သူ့မျှော်လင့်ချက်ကို ပံ့ပိုးပေးသည့် နောက်ဆုံးခွန်အားတစ်ခုဖြစ်သည်။
သို့သော် သူက ထိုကောင်လေးကို ပြိုလဲစေခဲ့သည်။
ကားလို့စ်၏ မျက်ဝန်းများထဲ နာကျင်မှုများ တဖြည်းဖြည်းပေါ်လာခဲ့သည်။
ထိုအချိန်မှစပြီး သူလုပ်မိခဲ့သော အရာများနှင့် သူ၏လျစ်လျူရှုမှု၊ ရက်စက်မှုတို့အပေါ် နောင်တရစပြုလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ ထိုကြည်လင်တောက်ပသော မျက်လုံးများကို တည်ငြိမ်စွာရင်ဆိုင်ပြီး ခိုင်မာသောအဖြေမပေးနိုင်သောကြောင့်ပေ။
အဲဒါက မင်းရဲ့အဆုံးသတ်မဖြစ်သင့်ဘူး... မင်းက အခုလိုမျိုး ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးပဲနေသင့်တာ... ဒါက မင်းဖြစ်သင့်တာပဲ... ကိုယ်က မင်းကို အဲဒီလိုမျိုးဖြစ်လာအောင်လုပ်ပေးမှာ...
ကောင်ငယ်လေး၏ လှပသောမျက်လုံးများတွင် ယခင်ဘဝကကဲ့သို့ နာကျင်မှု၊ နာကြည်းမှု၊ မနာလိုမှု နှင့် စိတ်ပျက်အားငယ်မှုများမရှိနေချေ။
ဒီတစ်ခါတော့ ဘယ်သူမှ မင်းကိုနာကျင်အောင်လုပ်ခွင့်မပေးတော့ဘူး...
ကားလို့စ်၏ နက်မှောင်နေသော မျက်လုံးများက အရာအားလုံးကိုတိတ်တဆိတ်ဝါးမျိုနေသော အနက်ရောင်တွင်းကြီးကဲ့သို့ နက်ရှိုင်းနေပြီး စိတ်ပိုင်းဖြတ်မှူနှင့် ခိုင်မာမှုအရိပ်အမြွက်များရှိနေသည်။ သူက ကောင်ငယ်လေး၏ မျက်နှာကို စိုက်ကြည့်ရင်း ပထမဆုံးအကြိမ်အနေဖြင့် သူ့စိတ်ထဲ ထူးဆန်းသော ဆန္ဒတစ်ခုဝင်ရောက်လာခဲ့သည်။
သူ့ကို ပိုပြီး ပြင်းပြင်းထန်ထန်စိုက်ကြည့်ချင်တဲ့ဆန္ဒ... သူ့ကို ငါနဲ့ပိုပြီး နီးကပ်လာစေလိုတဲ့ ဆန္ဒ...
ကောင်ငယ်လေးရဲ့ လေးစားရတဲ့လူကြီးတစ်ယောက်ဖြစ်ရုံနဲ့ မကျေနပ်နိုင်ဘူး...
ကားလို့စ်၏ လည်စေ့က ခဏခန့်လှုပ်ရှားသွားပြီး ခေါင်းငုံ့ကာ ကျီလင်၏နှဖူးပေါ် အနမ်းတစ်ပွင့်ရိုက်နှိပ်လိုက်သည်။
ဒီဘဝမှာတော့ မင်းက ကိုယ်တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်ရမယ်...
✨✨✨