✨ Chapter 6
ချုပ်ခြယ်ခြင်း
ကျီလင်ခေါင်းလှည့်ကြည့်လိုက်ရာ ရို့စ်နှင့် သူ၏မြေခွေးသူငယ်ချင်းအချို့က သူတို့ရှေ့ရှိ ဟိုလိုဂရက်ဖစ်ပုံရိပ်ကို မထီမဲ့မြင်အမူအရာများဖြင့် ညွှန်ပြနေသည်ကို တွေ့လိုက်ရသည်။
၎င်းက ငယ်ရွယ်ချောမောသော လူငယ်လေး၏ ပုံရိပ်ဖြစ်သည်။
သူ့တွင် အနက်ရောင်ဆံပင်တို၊ အစိမ်းရောင်မျက်လုံး၊ ဖြောင့်စင်းသောနှာတံနှင့် နှုတ်ခမ်းပါးများရှိပေသည်။ သူ့မျက်လုံးများက ကြယ်တာရာကဲ့သို့ တောက်ပနေသည်။ သူ၏ ဖြောင့်ဖြူးသော မီးခိုးရောင်စစ်ဝတ်စုံက သူ့ကို ပို၍သူရဲကောင်းဆန်စေသည်။ သူက ကျယ်ပြန့်သောပခုံး၊ သေးသွယ်သောခါးနှင့် ဖြောင့်စင်းသောခြေတံများဖြင့် ဖန်များစွာကို ဆွဲဆောင်နိုင်သော ကာရိုက်တာရှိသော်လည်း အထက်တန်းလွှာလူပေါ်ကြော့များကြားတွင်မူ လေးစားမခံရချေ။
သူက ဤဝတ္ထု၏ အဓိကဇာတ်လိုက်နဉ်ယွီဖြစ်သည်။
ကျီလင်က မျက်နှာပေါ်တွင် ရွဲ့စောင်းသောအပြုံးကို ပြသလိုက်သော်လည်း စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။
သူ ဘယ်လောက်ပဲတော်တတ်ပြီး ဇာတ်လိုက်ဖြစ်နေပါစေ ဒီအထက်တန်းလွှာတွေဆီကနေ တန်းတူရည်တူဆက်ဆံမခံရဘူးပဲ...
ရို့စ်က ခပ်ဖွဖွရယ်ပြီး ပြီတီတီမျက်နှာပေးဖြင့် လေချွန်လိုက်သည်။
"မင်းမြင်လိုက်လား...သူက စကားကွန်ရက်မှာ မကြာသေးခင်က နာမည်ကြီးလာတဲ့ ကြယ်ပွင့်လေးလေ... နာဒိုဂလက်ဆီနဲ့ ဇာ့ဂ်တွေတိုက်တဲ့ တိုက်ပွဲတုန်းက သူက လူတွေကိုဆွဲဆောင်နိုင်ခဲ့တာ... အဲဒီမျိုးမစစ်သာမန်လူတွေက သူ့ကို လေးစားပြီး သူက သူတို့ရဲ့အထူးပံ့ပိုးသူလို့ ခံစားနေကြတာ..."
အခြားလူတစ်ယောက်က ကောက်ကျစ်သောအပြုံးဖြင့်ပြောလာခဲ့သည်။
"အဲဒိနိမ့်ကျတဲ့လူတစ်စုက ကမ္ဘာကြီးကို မမြင်ဖူးသေးဘူးလေ... သူတို့က ကမ္ဘာသေးသေးလေးထဲနေပြီးတော့ Sအဆင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်လာတာနဲ့ ကောင်းကင်ရောက်မတတ် ပျော်နေကြတာ..."
ကျီလင်ကလည်း Sအဆင့် ဆင့်ကဲပြောင်းလဲသူဖြစ်သောကြောင့် မျက်ခုံးပင့်မိလိုက်သည်။
ဒီလူကတော့ အရမ်းကြီးကြီးကျယ်ကျယ်ပြောနေတာပဲ... လျှာကိုက်မိမှာမကြောက်ဘူးလား...
အထက်တန်းလွှာ၌ Sအဆင့် ဆင့်ကဲပြောင်းလဲသူက လူနည်းစုသာဖြစ်ပြီး ကျန်သူများကို ထူးချွန်ထက်မြက်သော အရည်အချင်းရှိသူများဟု သတ်မှတ်နိုင်သည်။ လက်ရှိသိပ္ပံနှင့် နည်းပညာပိုင်းဆိုင်ရာနည်းလမ်းများက လူအများကို Sအဆင့်သို့ တိုက်ရိုက်မြှင့်တင်ပေးသည့် ဆင့်ကဲဖြစ်စဉ်အေးဂျင့်များ ဖန်တီးပေးနိုင်ခြင်း မရှိသေးသောကြောင့် အထက်တန်းလွှာများပင်လျှင် သူတို့၏ ကိုယ်ပိုင်အရည်အချင်းနှင့် အားထုတ်မှုကို အားကိုးရမည်ဖြစ်သည်။
စွမ်းအားအရှိဆုံး SSSအဆင့် ဆင့်ကဲပြောင်းလဲသူများမှာ ဧကရာဇ်ကျင်းဆွေ့နှင့် 'အင်ပါယာစစ်နတ်ဘုရား' ဟုလူသိများသော မာရှယ်ဘရန်ဒန်တို့သာ ရှိသည်။
ကားလို့စ်က သူ၏ခွန်အားအမှန်ကို ဖုံးကွယ်ထားသော SSSအဆင့် ဆင့်ကဲပြောင်းလဲသူဖြစ်နိုင်သည်ဟု ကျီလင် ခံစားရသည်။ သို့သော် သူ၏အဆင့်အတန်းအရ မည်သည့်အရာကိုမှ သူကိုယ်တိုင်ပြုလုပ်ရန်မလိုသောကြောင့် သူ၏ခွန်အား အစစ်အမှန်ကို မည်သူမှမသိချေ။
ကျီလင်က လူရှုပ်လူပွေလူပေါ်ကြော့ ဇာတ်ရုပ်ကိုသရုပ်ဆောင်နေသော်လည်း သူ့စိတ်ထဲ၌ နဉ်ယွီကို အမှန်တကယ် သဘောကျပေသည်။
မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်ကို အသုံးမပြုသော ဆင့်ကဲပြောင်းလဲများကို သဘာဝဆင့်ကဲပြောင်းလဲသူများဟုခေါ်ပြီး သူတို့အားလုံးက ကောင်းမွန်သော အလားအလာများရှိပေသည်။ နဉ်ယွီက အဆင့်မြင့် သဘာဝဆင့်ကဲပြောင်းလဲသူဖြစ်ပြီး ယနေ့အခြေအနေသို့ ရောက်လာခြင်းမှာ သူ၏ကိုယ်ပိုင်အင်အားကြောင့်သာဖြစ်သည်။
သူ့ကိုယ်သူ ဥပမာထားပြောရမည်ဆိုလျှင် သူ့မိဘများက အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူများဖြစ်သော်လည်း ကလေးရရန် ခက်ခဲခဲ့ပေသည်။ နောက်ဆုံးတွင် သူတို့၏Cအဆင့်ခန္ဓာကိုယ်ဖြင့် မူလပိုင်ရှင်ကို ခက်ခက်ခဲခဲမွေးခဲ့ကြသည်။ ၎င်းမှာ ဖီးနစ်နှစ်ကောင်က ကြက်တစ်ကောင်မွေးသလိုပင်ဖြစ်သည်။
သာမန်လူတစ်ဦးဖြစ်သော နဉ်ယွီက ပြင်ပအင်အားစုများကို အားမကိုးဘဲ သူ၏ကိုယ်ပိုင်စွမ်းရည်နှင့် အင်အားဖြင့် S အဆင့် ဆင့်ကဲပြောင်းလဲသူဖြစ်လာခဲ့သည်။ ၎င်းက မျိုးရိုးဗီဇပြောင်းလဲခြင်းဖြစ်ပြီး နဂါးတံခါးမှခုန်ဆင်းကာ ဘေးဆိုးကိုကျော်လွှား၍ အမတဖြစ်လာချင်သူ ငါးကြင်းတစ်ကောင်၏ အခက်အခဲအောက် မလျော့နည်းလှချေ။
ကျီလင်နှင့် လည်ပတ်ပျော်ပါးလေ့ရှိသော လူတစ်စုက အမှိုက်များဖြစ်ကြပြီး နံရံသို့ တွယ်မတက်နိုင်သော အရှုံးသမားများဖြစ်ကြသည်။
သူတို့က နဉ်ယွီကိုရယ်မောဖို့ မျက်နှာရှိကြသေးတယ်လား...
တောက်ပတဲ့ RMB ကစားသမားအုပ်စုက အလကားကစားသူလောက် မကောင်းနေတာ ဝမ်းနည်းစရာပဲ...
ကျစ်ကျစ်ကျစ်...
ကျီလင် ထိုသို့တွေးနေသော်လည်း သူ၏ပင်ကိုယ်စရိုက်ကိုမပျက်စီးစေဘဲ အထင်သေးဟန်ဖြင့်ပြောလိုက်သည်။
"Sအဆင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပဲလေ... ဘာတွေ ချီးကျူးစရာရှိနေလို့လဲ..."
နဉ်ယွီက သူတို့ကဲ့သို့ အမှိုက်များကို လက်သီးတစ်ချက်တည်းဖြင့် ရှင်းပစ်နိုင်သော်လည်း သူတို့က အသက်ရှူနေသရွေ့ သူ့ကို လှောင်ပြောင်ကြလိမ့်မည်ဖြစ်သည်။
သူတို့အားလုံးက စတားကွန်ရက်တွင် အလွန်ရေပန်းစားသည့် တက်သစ်စကြယ်ပွင့်နဉ်ယွီအကြောင်း ခေါင်းမှ ခြေဖျားအထိ ပြောဆိုခဲ့ကြသည်။ ထို့နောက် မာရှယ်ဘရန်ဒန်က သူ၏စစ်တပ်နှင့် ပြန်လည်ရောက်လာတော့မည်ဖြစ်ကြောင်းနှင့် ဧကရာဇ်က သူတို့အား မည်သို့ကြိုဆိုမည်ကိုဆွေးနွေးခဲ့ကြသည်။
ရို့စ်က ဟိုလိုဂရပ်ဖစ်ပုံရိပ်ပေါ်ရှိ နီညိုရောင်ဆံပင်၊ ငွေမှင်ရောင်မျက်ဆံများနှင့် အရပ်ရှည်ရှည်လူကိုကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုပေါ်လာပြီး တီးတိုးပြောလိုက်သည်။
"မာရှယ်က သူ့ကို ရာထူးတိုးပေးချင်နေတာကြောင့်သာမဟုတ်ရင် သူက အမှိုက်လိုပဲဆက်ဆံခံရမှာ...ဒီလိုမျိုးတောက်ပဖို့ အခွင့်အရေးတောင်ရှိပါ့မလား..."
မာရှယ်ဘရန်ဒန်က သာမန်လူများကို တန်းတူရည်တူဆက်ဆံသော အထက်တန်းလွှာလူနည်းစုထဲမှ တစ်ဦးဖြစ်သည်ကို လူတိုင်းသိသည်။ သံမဏိကဲ့သို့ စစ်သားတစ်ဦးအနေဖြင့် သူ့မျက်လုံးထဲတွင် ထိုသူက စစ်သည်ကောင်းတစ်ဦးဖြစ်နေသရွေ့ အထက်တန်းလွှာဖြစ်စေ သာမန်လူဖြစ်စေ ခြားနားမှုမရှိချေ။ သူက လောဘကြီးသော သူဌေးသားလူပေါ်ကြော့များကို အထင်မကြီးချေ။ သူတို့အနေဖြင့် ဘရန်ဒန်ကို နဉ်ယွီကဲ့သို့ မဆက်ဆံနိုင်ဘဲ ဂရုတစိုက်ညည်းညူရုံသာတတ်နိုင်ခဲ့သည်။
စန့်က သူ့ကိုနှစ်သိမ့်ဟန် ပြောလာခဲ့၏။
"မာရှယ်က သူ့ကိုရာထူးတိုးပေးချင်နေရင်တောင် ဘာဖြစ်လဲ...လေမုန်တိုင်းဖြတ်လာတဲ့အခါကျ အဲဒီတက်သစ်စကြယ်ပွင့်ကို ဘယ်သူက မှတ်မိဦးမှာလဲ...နိမ့်ကျတဲ့သာမန်လူအုပ်စုကို ရက်နည်းနည်းလောက် ပေးပျော်ထားလိုက်စမ်းပါ..."
လူတိုင်းက ခေါင်းညိတ်သဘောတူပြီး ထိုအကြောင်းဆက်မပြောကြတော့ချေ။
ကျီလင်က အတွေးနက်နေခဲ့သည်။ မူရင်းဝတ္ထုထဲတွင် မာရှယ်ဘရန်ဒန်က နဉ်ယွီကို တိတ်တဆိတ်မြတ်နိုးနေသော ဒုတိယဇာတ်လိုက်ဖြစ်သည်။
သူက စစ်မြေပြင်မှာ နဉ်ယွီကို စာနာသနားပြီး တဖြည်းဖြည်း ဆွဲဆောင်ခံခဲ့ရတာများလား...အခု သူတို့ပြန်လာတာနဲ့ တရားဝင် ဇာတ်ကြောင်းစတော့မယ်...
သူလည်း ထိုနေရာ၌ ခဏခန့်နေပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ချိန်တွင် သူ့နှာခေါင်းထဲ မွှေးကြိုင်သောရနံ့များဖြင့်ပြည့်သွားခဲ့သည်။ ရို့စ်နှင့် အခြားသူများက သူ့ဘေးနားတွင် အရက်သောက်ခြင်း၊ လောင်းကစားစသည့် မနှစ်မြို့ဖွယ်အရာများကို စတင်လုပ်ဆောင်လာခဲ့သည်။
ကျီလင် အတော်အတန် မူးဝေနေပြီဖြစ်သောကြောင့် ခေါင်းကိုဖိထား၍ ပြန်ရန်အတွက် ဆင်ခြေရှာရန် ပြင်လိုက်သည်။
ထိုအချိန်တွင် အနက်ရောင်အဝတ်အစားဖြင့် အထက်တန်းလွှာသခင်လေးတစ်ယောက်ဖြတ်သွားပြီး ကျီလင်ကို တွေ့ချိန်တွင် အံ့အားသင့်သော အမူအရာဖြင့်ကြည့်ကာ ပြောလာခဲ့၏။
"ရှောင်လင်... မင်းလည်း ဒီရောက်နေတာကိုး..."
ကျီလင် မော့ကြည့်လိုက်ရာ နျဲ့ထျန်းချီဟု ခေါ်သော သူ့၏ကစားဖော်များထဲမှ တစ်ယောက်ဖြစ်သည်ကို သိလိုက်ရ၏။
သူက စိတ်မရှည်တတ်ဘဲ ကိုင်တွယ်ရန် ခက်ခဲသူဖြစ်သည်။
ကျီလင်က အနည်းငယ်စိတ်မရှည်ဖြစ်သွားကာ သူ၏ပုံမှန်မောက်မာပြီး အေးစက်သော အသွင်အပြင်ဖြင့် ထိုသူကို လျစ်လျူရှုလိုက်သည်။
နျဲ့ထျန်းချီက ကျီလင်၏ သဘောထားကို ဂရုမစိုက်ဘဲ သူ့အနားတွင် တည်ငြိမ်စွာ ဝင်ထိုင်ကာ အနက်ရောင်မျက်လုံးများဖြင့် ချစ်ခင်စွာ စိုက်ကြည့်လာခဲ့၏။
"ကိုယ် မင်းကို မတွေ့ရတာတော်တော်ကြာပြီ...မင်း ကိုယ့်ကို စာမပြန်ဘူးနော်..."
ကျီလင် မျက်မှောင်ကြုတ်ပြီး အေးစက်စက်ပြောလိုက်သည်။
"သွားစမ်းပါ...ငါ့ကို လာမနှောင့်ယှက်နဲ့..."
နျဲ့ထျန်းချီက လူငယ်လေး၏ ချောမောနူးညံ့သော ဘေးတိုက်မျက်နှာကို ကြည့်လိုက်သည်။ သူ၏ အပြာရောင်မျက်လုံးများက ယခင်ကထက် ပိုနက်မှောင်နေပြီး ပန်းဆီရောင်နှုတ်ခမ်းများက ဝိုင်သောက်ထားခြင်းကြောင့် လှပသောအရောင်အဆင်းစွန်းထင်းနေကာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုဆွဲဆောင်မှုရှိနေသည်။
နျဲ့ထျန်းချီ၏လည်စေ့က ခဏတာမျှ လှုပ်ခတ်သွားပြီး သူ့မျက်လုံးများ ပြောင်းလဲသွားခဲ့သည်။ သူက ရုတ်တရက် မကျေမနပ်အမူအရာပြကာ ပြောလာခဲ့သည်။
"မင်းဒီလိုပြောရင် ကိုယ် စိတ်မကောင်းဖြစ်ရလိမ့်မယ်..."
နျဲ့ထျန်းချီက ထိုသို့စကားများပြောနေသော်လည်း သူ့အကြည့်များထဲ၌ တပ်မက်ဆာလောင်မှုများ ဖော်ပြနေ၏။
သူက ကျီလင်အပေါ် လုံလုံလောက်လောက်စိတ်ရှည်သည်းခံပေးခဲ့သည်ဟုထင်သော်လည်း ကံမကောင်းစွာပင် ကျီလင်က ဘယ်သောအခါမှ မတုန်လှုပ်ခဲ့ချေ။
ဒါဆို ဘာလို့ သူ့ကို အတင်းအကျပ်လုပ်တဲ့နည်းလမ်းတချို့မသုံးရမှာလဲ... နောက်ကျမှ ငါ ကျီလင်ကို ချော့လိုက်ရင် ဒီရှက်စရာကောင်းတဲ့ကိစ္စကြောင့် ကျီလင် ငါ့ကို ခွင့်လွှတ်မှာ သေချာတယ်...
အထက်တန်းလွှာများအတွက် လိင်ဆက်ဆံခြင်းက ကြီးကျယ်သောကိစ္စမဟုတ်ပေ။
နျဲ့ထျန်းချီ ထိုသို့တွေးပြီးနောက် သူ့နှုတ်ခမ်းထောင့်စွန်းရှိအပြုံးက နက်ရှိုင်းလာ၍ နူးညံ့စွာ ပြောလိုက်သည်။
"ကိုယ်တို့ အတူဆုံနေမှတော့ အတူတူတစ်ခွက်လောက်သောက်တာ မလွန်ဘူးမလား... မင်း ဒီဝိုင်တစ်ခွက်သောက်ပြီးရင် ကိုယ် ထွက်သွားပေးမယ်...ဟုတ်ပြီလား..."
ကျီလင်က ထိုလူကို တတ်နိုင်သမျှ အဝေးပို့ချင်ပြီး ယခင်ဘဝကကဲ့သို့ အချိန်အကြာကြီး မဆွဲချင်ခဲ့ချေ။ သူက 'ဘာပဲဖြစ်ဖြစ်ဝိုင်တစ်ခွက်ပဲ' ဟုတွေးပြီးနောက် ခဏရပ်ကာ ပြောလိုက်သည်။
"တကယ် ထွက်သွားပေးမှာလား..."
နျဲ့ထျန်းချီ ကျီလင်၏လှပသော မျက်ခုံးများကို လောဘတကြီးစိုက်ကြည့်ပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
သူက လက်ဆန့်ကာ ကျီလင်ထံသို့ ဝိုင်ခွက်ကမ်းပေးလိုက်သည်။
ကျီလင်က အများကြီးမတွေးနေဘဲ လက်ဆန့်ပြီး ဖန်ခွက်ယူရန် ပြင်လိုက်သည်။
ကျီလင် စိုက်ကြည့်နေစဉ် နျဲ့ထျန်းချီ၏ နှလုံးခုန်သံက အနည်းငယ်မြန်လာခဲ့သည်။ ကျီလင်၏လက်က ဝိုင်ခွက်ကိုထိတော့မည့်အချိန်တွင် ရုတ်တရက် အားတစ်ခုက ဝိုင်ခွက်ကိုရိုက်ခတ်သွားပြီး မြေပြင်ပေါ် ကျကွဲသွားခဲ့သည်။
ကြည်လင်သောဝိုင်များက မြေပြင်ပေါ်သို့ ဖိတ်ကျသွားပြီး မကြာမီကော်ဇောထဲသို့ စိမ့်ဝင်သွားခဲ့သည်။ ကြမ်းပြင်ပေါ်တွင် ဖန်စများသာကျန်ရှိပြီး မှိန်ဖျော့ဖျော့မီးရောင်အောက်၌ တလက်လက်တောက်နေသည်။
နျဲ့ထျန်းချီ ဒေါသတထွက်သွားပြီး 'ဘယ်သူလုပ်ရဲတာလဲ' ဟု ပြောချင်ခဲ့သည်။ ရလဒ်အနေဖြင့် သူ ခေါင်းမော့လိုက်စဉ် ကားလို့စ်၏အေးစက်နေသော မျက်လုံးများနှင့် ဆုံသွားခဲ့သည်။ သူ ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားပြီး သူ့သွေးများ ပြောင်းပြန်စီးသွားသလိုခံစားရကာ ထစ်ထစ်အအဖြင့်ပြောလိုက်သည်။
"မြို့-မြို့စားကြီးကားလို့စ်…"
ကျီလင် ကြောင်အနေပြီး ခေါင်းမော့ကြည့်လိုက်သည်။ ကားလို့စ့်၏လက်က လေထဲရှိနေဆဲဖြစ်ပြီး တည်ငြိမ်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက နျဲ့ထျန်းချီ၏ ဝိုင်ခွက်ကို ဖောက်ခွဲသူဖြစ်သည်မှာ ထင်ရှား၏။
သူ... ဘာလို့ ဒီကိုရောက်လာပြန်တာလဲ...
----------
ဖန်ခွက်ကွဲသံက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
ရို့စ်နှင့် စန့်က အသံကြား၍ လှည့်ကြည့်လာချိန်တွင် သူတို့၏ အမျိုးသမီးများအပေါ်တင်ထားသောလက်များ အေးခဲသွားခဲ့သည်။ သူတို့နှစ်ဦးလုံး ကျောက်ရုပ်များအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားခဲ့၏–
"…"
ငါတို့ အမြင်မှားနေကြတာလား...
မကြာသေးမီက ဆူညံနေဆဲဖြစ်သော အခန်းက ရုတ်တရက်တိတ်ဆိတ်သွားပြီး လူတိုင်း၏ တိုးညှင်းသော အသက်ရှုသံများကိုသာ ကြားနေရသည်။
ကားလို့စ်က မမျှော်လင့်စွာဖြင့် ကျီလင်၏ အရွယ်ရောက်အခမ်းအနား၌ ပေါ်လာခြင်းကို လူတိုင်းလက်ခံနိုင်သော်လည်း ယနေ့ခေတ် လူငယ်များသာ လာရောက်လေ့ရှိသော ဤအောက်တန်းကျသည့် ဖျော်ဖြေရေးနေရာ၌ ပေါ်လာခြင်းကမူ သူတို့ကို နားမလည်နိုင်ဖြစ်စေခဲ့သည်။
ကျီလင်လည်း နားမလည်နိုင်ဖြစ်နေသည်။ သူ့မျက်လုံးများက ဗလာဖြစ်စွာ ဝိုင်းစက်နေပြီး သူ့ရှေ့၌ ရုတ်တရက် ပေါ်လာသော ထိုလူကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
ငါ့ကိုယ်ငါ လိမ်လို့မရဘူး...ဒါက အသစ်အဆန်းနဲ့ နှဖူးတွေ့ ဒူးတွေ့တိုးတာပဲ...
ကားလို့စ်က သူ့အင်္ကျီလက်ဖျားများကို တင့်တယ်စွာ ဖြန့်လိုက်ပြီး မျက်လွှာချ၍ နျဲ့ထျန်းချီကို အထင်အမြင်သေးစွာ ငုံ့ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းပါးလွှာမှ အသံတိုးတိုးထွက်လာခဲ့သည်။
"ထွက်မသွားသေးဘူးလား...ငါ မင်းကိုထွက်သွားလို့ပြောလာဖို့ စောင့်နေတာလား..."
၎င်းက ပေါ့ပါး၊ နူးညံ့သောအသံဖြစ်ကြောင်းသိသာသော်လည်း နျဲ့ထျန်းချီကမူ သူ့စိတ်ထဲစိမ့်ဝင်လာသည့် အေးစက်မှုကိုသာ ခံစားလိုက်ရသည်။ သူက ကျီလင်၏ဘေးမှထရပ်ပြီး တုန်ယင်စွာ ပြောလာခဲ့သည်။
"သွား သွားပါတော့မယ်..."
သူက ထိုသို့ပြောပြီးသည်နှင့် နောက်ပင်ပြန်လှည့်မကြည့်ဘဲ ပြေးထွက်သွားခဲ့၏။ သူ ခလုတ်တိုက်မိလျှင်ပင် စကားတစ်ခွန်းမျှမပြောဝံ့ခဲ့ချေ။
ကျီလင်ကို အလျင်စလိုဖြစ်နေသောနောက်ကျောတစ်ခုက ချန်ထားရစ်ခဲ့သည်။
ကျီလင် : "... "
နျဲ့ထျန်းချီ ထွက်သွားသည်ကိုမြင်ပြီးနောက် ကားလို့စ်က အကြည့်များပြန်ရုတ်သိမ်း၍ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ကာ မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားခဲ့သည်။
အမှန်တွင် ကျီလင် အပြင်ထွက်သွားသည်နှင့် သူသတင်းရခဲ့သည်။ သူ့ကောင်လေးက အလွန်လှပပြီး ဆွဲဆောင်မှုရှိကာ သူ့ကို လိုချင်တပ်မက်သူများ မည်မျှရှိသည်ကိုမသိရချေ။ အထက်တန်းလွှာများကြားရှိ ဖရိုဖရဲဖြစ်နေရသောဘဝက သူ့ကိုစိုးရိမ်စေသည်။ သူ့ကောင်လေးက အခြားသူများထံမှ စွန်းထင်းသွားအောင်လုပ်ခံရမည်ကို ပို၍စိုးရိမ်သည်။ ထို့ကြောင့် သူကိုယ်တိုင်သွားရန် ဆုံးဖြတ်ခဲ့သည်။
မမျှော်လင့်စွာပင် ဤကဲ့သို့မြင်ကွင်းမျိုး တွေ့လိုက်ရသည်။
နျဲ့မိသားစုရဲ့သားက တကယ်အတင့်ရဲတာပဲ...သူက ငါ့ကောင်လေးကိုလှည့်ဖျားဖို့ ဒီလို စက်ဆုပ်စရာနည်းလမ်းတွေသုံးရဲတယ်ပေါ့လေ...သူက သေခြင်းတရားကိုရှာနေတာပဲ...
အရင်ဘဝတုန်းက ငါ သူ့ကိုလျစ်လျူရှုခဲ့မိတယ်...ငါ့ကောင်လေး အဲဒီတုန်းက သူများတွေဆီက အနိုင်ကျင့်ခံ၊ လှည်ဖျားခံခဲ့ရလားတောင် ငါမသိခဲ့ဘူး...
၎င်းကိုတွေးပြီးနောက် ကားလို့စ်၏စိတ်ထဲ ဒေါသများဖြင့် တဟုန်ထိုး ခုန်တက်လာသော်လည်း ကျီလင်၏ ရှုပ်ထွေးပြီး ထိတ်လန့်တုန်လှုပ်နေသော အသွင်အပြင်ကိုတွေ့ချိန်တွင် သူ့အမူအရာက ကောင်လေးကို ခြောက်လှန့်မိနိုင်သည်ဟု သဘောပေါက်သွားခဲ့သည်။ သူ လျင်မြန်စွာပင် သူ့မျက်လုံးထဲရှိ အုံ့မှိုင်းအေးစက်မှုကို အမြန်ဖုံးကွယ်လိုက်သည်။
ကားလို့စ်က နူးညံ့ပြီးအလိုလိုက်သော အပြုံးကို ဖြည်းညှင်းစွာ ပြသကာ ကျီလင် ၏နဖူးရှေ့ရှိ ပျော့ပျောင်းသောဆံပင်များကို ညင်သာစွာသပ်တင်ပေး၍ ရွှတ်နောက်နောက်ပြောလိုက်သည်။
"ဘာလို့လဲ...ကိုယ့်ကိုတွေ့ရတာ အဲဒီလောက်တောင်အံ့သြသွားလား..."
ကျီလင် : "... "
အံ့သြစရာတင်မဟုတ်ဘူး ကြောက်စရာကြီးလို့... ခင်ဗျားပြုံးလိုက်ရင် ကျွန်တော်ကြောက်တယ်...
ထိုအချိန်တွင် ရို့စ်နှင့် အခြားသူများက သူတို့၏ဖြစ်တည်မှုကို လျှော့ချရန် ကြိုးစားလျက် သူတို့ဘေးနား၌ တဆတ်ဆတ်တုန်ယင်နေခဲ့သည်။
သူတို့ ပျော်ပါးရန်လာခဲ့ကြသော်လည်း ယခုနောင်တရနေကြပြီဖြစ်သည်။
ငါတို့ ဘယ်လိုတောင် ကံဆိုးနေလို့ အပြင်မှာသောက်နေရင်း ဒီလိုလူကြီးမျိုးနဲ့ တွေ့ရတာလဲ...သူက ငါတို့အဖေတွေထက်တောင် ဖိနှိပ်ချုပ်ခြယ်သေးတယ်... မြို့စားကြီးကားလို့စ်က ငါတို့အဖေတွေထက် အများကြီး ပိုကြောက်စရာကောင်းတယ်...
အင်ပါယာတစ်ခွင်လုံးမှာ မြို့စားကြီးကားလို့စ်က ရန်သွားမစသင့်တဲ့ဖြစ်တည်မှုမျိုးဆိုတာ ဘယ်သူက မသိလို့လဲ...
သူ၏ တင့်တယ်သောမျက်နှာအောက်တွင် ဖုံးကွယ်ထားသည့် ကြောက်မက်ဖွယ် အေးစက်မှုက မရေမတွက်နိုင်သော လူများကို ထိတ်လန့်တုန်လှုပ်စေသည်။
✨✨✨