Chapter 5
Viewers 2k

✨ Chapter 5

ပါတီပွဲ



‌မွေးနေ့ပွဲပြီးနောက် အိပ်ခန်းထဲသို့ပြန်လာချိန်တွင် ကျီလင် ထပ်မလှုပ်ရှားချင်တော့ဘဲ မောပန်းနွမ်းနယ်စွာဖြင့် အိပ်ရာပေါ် လဲကျသွားခဲ့သည်။


ယနေ့ညရှိ ကားလို့စ်၏ပုံမှန်မဟုတ်သော အပြုအမူများကို ကျီလင် ပြန်တွေးကြည့်ပြီးနောက် အနည်းငယ်စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။ 


ဘယ်ဟာက ကားလို့စ်ကို ငါ့အရင်ဘဝတုန်းကနဲ့ လုံးဝမတူတဲ့အပြုအမူမျိုးဖြစ်စေတာလဲ...


မဟုတ်မှ…


ကျီလင် အိပ်ရာပေါ်မှ အလျင်အမြန်ထထိုင်လိုက်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့လာကာ ပြောလိုက်သည်။

[သူ ပြန်လည်မွေးဖွားလာတာတော့ မဟုတ်ဘူးမလား...]


 စနစ်- [ပြန်လည်မွေးဖွားတာလား...]


ကျီလင်၏ဦးနှောက်က ခွဲခြမ်းစိပ်ဖြာမှုများစတင်လာခဲ့သည်။ - 

[အဲဒါက အွန်လိုင်းဝတ္ထုတွေမှာ ဖြစ်နေကြဟာပဲလေ... ပုံမှန်ဆို ဇာတ်လိုက် ဒါမှမဟုတ် ဗီလိန်က အရင်ဘဝမှာကျရှုံး၊ သေဆုံးပြီးတော့ ပြန်လည်မွေးဖွားလာတယ်...အဲဒီတော့ သူက ဒီဘဝမှာ သူ့ကံကြမ္မာကိုပြောင်းပြီး သူ့ဘဝကိုထိပ်ဆုံးရောက်အောင်လုပ်လိမ့်မယ်... ပြန်လည်မွေးဖွားလာတဲ့သူဆယ်ယောက်မှာ ကိုးယောက်က သူတို့အရင်ဘဝက မလုပ်ဖူးတဲ့အရာတွေလုပ်ကြလိမ့်မယ်... ကားလို့စ်က ပုံမှန်မဟုတ်ဘူးလို့ မထင်ဘူးလား...]


အမှန်တွင် ကျီလင် မပြောခဲ့သောအချက်တစ်ချက်လည်းရှိပေသည်။ ဤကဲ့သို့ ပြန်လည်မွေးဖွားလာသော ဇာတ်လိုက်များက ကံကြမ္မာပြောင်းလဲခြင်းအပြင် ယခင်ဘဝက သူတို့အပေါ်ကောင်းခဲ့သော်လည်း သူတို့က ပြန်မကောင်းမိခဲ့သည့်သူများကို ယခုဘဝ၌ ပထမဆုံးရှာပြီး ချိုမြိန်အလိုလိုက်သောပုံစံဖြင့် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ သို့သော် သူနှင့် ကားလို့စ်ကြားရှိ ဆက်ဆံရေးက ဤကဲ့သို့အမျိုးအစားနှင့် မသက်ဆိုင်ဟု ခံစားခဲ့ရသည်။ သူတို့က ဗီလိန်နှင့်အမြှောက်စာဖြစ်ပြီး သူတို့တွင် တူညီသည့်တစ်ခုတည်းသောအချက်မှာ ဇာတ်တိုက်ထားသလိုမျိုး နဉ်ယွီကို ဖြေရှင်းလိုခြင်းဖြစ်သည်။ 


ကားလို့စ်က ပြန်လည်မွေးဖွားလာပြီးနောက် သူ့ကို ချစ်မြတ်နိုးလာလိမ့်မည်ဟု အိမ်မက်ပင်မမက်ဖူးချေ။ 


အဲဒါက အဓိပ္ပာယ်မဲ့လွန်းတယ်...တွေးကြည့်တာနဲ့တင်ကြောက်စရာကြီး...


စနစ်က ခဏခန့်တိတ်ဆိတ်သွားပြီး ပြောလာခဲ့သည်။ 

[ငါသိသလောက်ဆို ဒီဝတ္ထုထဲမှာ ပြန်လည်မွေးဖွားတာမျိုးတွေမပါဘူး... မင်းပြောပုံအရဆို ပြန်လည်မွေးဖွားလာတဲ့ဇာတ်ကောင်တွေက သူတို့ရဲ့ အပြုအမူတွေကိုပြောင်းလဲပြီးတော့ ကံကြမ္မာကိုပြောင်းလဲဖို့ကြိုးစားကြလိမ့်မယ်... ဒါဆို ကားလို့စ်ရဲ့ ဒီနေ့အပြုအမူတွေက သူ့ ကံကြမ္မာပြောင်းလဲဖို့လို့ထင်လား... မင်းက သူ့အောင်မြင်မှုရဲ့သော့ချက်မို့လို့လား...]


ကျီလင်: […]


ကျေးဇူးတင်ပါတယ်... မင်းငါ့ကိုမပြောဘူးဆိုရင် ငါ့ကိုယ်ငါ အဲဒီလောက်အရေးမပါဘူးဆိုတာ မေ့တော့မလို့...


သူက ကားလို့စ်၏ အနိုင်အရှုံးနှင့်မသက်ဆိုင်သော အမြောက်စာဇာတ်ကောင်ဖြစ်သည်။ ကျီမိသားစုတစ်ခုလုံးကပင် ကားလို့စ်နှင့် ကျင်းဆွေ့ကြားရှိ ကစားပွဲတွင်အရေးမပါနေချေ။ 


ယခင်ဘဝက ကားလို့စ် ကျင်းဆွေ့နှင့်ဘရန်ဒန်တို့၏ လိုက်ဖမ်းခြင်းခံရချိန်တွင် သူကူညီခဲ့သော်လည်း ၎င်းက သူ၏ရှင်သန်လိုသောဆန္ဒကြောင့်သာဖြစ်သည်။ 


ကားလို့စ်ကို ဘယ်သူက ငါ့ရှေ့မှာပြုတ်ကျအောင်လုပ်ခဲ့တာလဲ...ငါ ဝေးလံခေါင်သီတဲ့နေရာကို နှင်ထုတ်ခံရတာတောင် ဒီလိုမျိုးကြုံနေရသေးတယ်... ဒါက တကယ့်ကို ကောင်းကင်ပေါ်ကကျလာတဲ့ ဘေးဒုက္ခကြီးပဲ...


ထိုအချိန်က ကားလို့စ်၏ အေးစက်သောမျက်လုံးများကြည့်ရစဉ် သေခြင်းတရားက သူနှင့် အလွန်နီးကပ်နေပြီဟု ခံစားခဲ့ရသည်။ သူ မှန်ကန်သောရွေးချယ်မှု မပြုလုပ်နိုင်ခဲ့ပါက နောက်စက္ကန့်တွင် သူသေဆုံးသွားလိမ့်မည်ဖြစ်သည်။ ကားလို့စ်က သူ့ကို သတ်ရန် အမှန်ပင်စီစဉ်ထားခဲ့သည်။ 


မစ်ရှင်ပြီးဖို့ သိပ်မဝေးတော့တာကို ဒီလိုမျိုး ဘယ်လိုလုပ်အသေခံနိုင်ပါ့မလဲ...


အသက်ရှင်ခြင်းနှင့်သေခြင်းက အတွေးတစ်ခုမျှသာဖြစ်သည်။


ထို့ကြောင့် ကျီလင် ရုတ်တရက် အကြံတစ်ခုဝင်ပြီး ကားလို့စ်ကို ဂရုမစိုက်ဟန်ဆောင်ကာ မဆိုင်းမတွ ဝှက်ပေးထားခဲ့သည်။ လိုက်ရှာသူများကို ကြောက်လန့်မှုအပြည့်ဖြင့် ဖြေရှင်းပြီးနောက် ထိုရက်စက်ကောက်ကျစ်သော ဗီလိန်ကို အဝေးသို့ ဂရုတစိုက်လွှတ်ပေးခဲ့သည်။ ထိုအချိန်က ကားလို့စ် သူ့ကို ရယ်မောနေလိမ့်မည်ဟု ထင်မိသည်။ သူက သစ္စာဖောက်ခံခဲ့ရသော်လည်း အဖြစ်မှန်ကိုလက်ခံရန် ငြင်းဆန်ကာ သူ့ကိုဂရုမစိုက်သူတစ်ဦးကို ကူညီပေးခဲ့သေးသည်။  


ငါက တကယ့်အရူးပဲ...


အဟမ်း...


တိုတိုပြောရလျှင် ကားလို့စ်က ထွက်ပြေးလွတ်မြောက်ပြီး မကြာမီမှာပင် ပြန်ပေါ်လာခဲ့သည်။ သူက ကျင်းဆွေ့နှင့် ဆက်လက်တိုက်ခိုက်ခဲ့ပြီး ကျင်းဆွေ့အားခြိမ်းခြောက်ရန် နဉ်ယွီကို ပြန်ပေးဆွဲခဲ့သည်။ နဥ်ယွီ အန္တရာယ်ရှိနေသည်ကို မြင်ရချိန်တွင် ကျီလင် ဤအတိုင်း ထိုင်မနေနိုင်တော့ချေ။ သူက နဥ်ယွီအတွက် အခက်အခဲများဖန်တီးပေးပြီး မည်မျှအနိုင်ကျင့်စေကာမူ ဘယ်သောအခါမှ နဉ်ယွီကို အမှန်တကယ် သေဆုံးမသွားစေချင်ပေ။ နဥ်ယွီသေဆုံးသွားလျှင် သူ၏မစ်ရှင်က လုံးလုံးကျရှုံးသွားလိမ့်မည်ဖြစ်သည်။


ထို့ကြောင့် ကျီလင်က အန္တရာယ်ကိုဂရုမစိုက်ဘဲ ထိုနေရာသို့သွားကာ ကားလို့စ်၏ လက်စားချေမှုနှင့် အရှက်ရမှုတို့ကြောင့် အကျဉ်းချခံထားရသော နဉ်ယွီကို သွားတွေ့ခဲ့သည်။ သူ နဉ်ယွီကို သူ့အားတိုက်ခိုက်ပြီး သူ့ပုံစံရုပ်ဖျက်ဟန်ဆောင်၍ ထွက်ပြေးလွတ်မြောက်ရန် တမင်တကာအခွင့်အရေးပေးခဲ့သည်။


နဉ်ယွီက အတော်လေး ဉာဏ်ကောင်းပေသည်။ သူက ကျီလင့်ပုံစံ ရုပ်ဖျက်ရုံသာမက ကျီလင်ကိုအကျဉ်းခန်းထဲ၌ သူ့အစားထားပြီး သူကဲ့သို့ထင်ယောင်ထင်မှားဖြစ်စေသည့် လှည့်ဖြားခြင်းပုံရိပ်ယောင်ကိုသုံးကာ လွတ်မြောက်ရန် နှောင့်နှေးစေခဲ့သည်။


နဉ်ယွီ လွတ်မြောက်ပြီးနောက် ကျင်းဆွေ့ရောက်လာခဲ့သည်။ ကားလို့စ်က ကျီလင်ကို မမှတ်မိဘဲ နဉ်ယွီဟုထင်ပြီး ‌ကျင်းဆွေ့ကိုခြိမ်းခြောက်ရန် ခေါ်ထုတ်လာခဲ့သည်။


ထိုအချိန်တွင် ဇာတ်ကြောင်းက အဆုံးသတ်သို့ရောက်လာခဲ့သည်။ အရေးအကြီးဆုံးအခိုက်အတန့်၌ ကျီလင် ပြေးထွက်လာပြီး ကျင်းဆွေ့ရှေ့ရပ်ကာ အချိန်အနည်းငယ်ယူခဲ့သည်။ ထို့နောက် သူ၏ပုံစံအစစ်အမှန်ကို ဝမ်းသာအားရထုတ်ဖော်ကာ သေခြင်းတရားကို လက်ခံခဲ့သည်။ ထိုအချိန်တွင် သူ အိမ်ပြန်နိုင်တော့မည်ဟု ထင်ခဲ့သော်လည်း ......


အတိုချုပ်ပြောရလျှင် ကားလို့စ်က အဓိကဇာတ်လိုက်ရောင်ဝါမရှိသောကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း ကျီလင်၏နောက်ဆုံးလှုပ်ရှားမှုဖြင့် လှည့်စားခံခဲ့ရသည်မှာ ထင်ရှားသည်။


ကားလို့စ်၏အငြိုးကြီးသောစရိုက်အရ သူ အမှန်တကယ် ပြန်လည်မွေးဖွားလာသည်ဆိုပါက ကျီလင်ကို ချက်ချင်းမသတ်သေးလျှင်ပင် သူ(ကျီလင်)နှင့် ကျီမိသားစုကိုအနိုင်ယူရန် ဤမျှကြီးမားသော အတိုင်းအတာအထိ သွားလိမ့်မည်မဟုတ်ချေ။ နောက်ဆုံးတွင် ကျီလင်က ကျင်းဆွေ့၏ အမာခံပရိသတ်ဖြစ်သည်။ ကျင်းဆွေ့ကို သစ္စာဖောက်ရန်က သူ့အတွက် လုံးဝမဖြစ်နိုင်ချေ။ ၎င်းတွင် အနိုင်-အနိုင် ဖြစ်နိုင်ချေမရှိပေ။


ကျိုးကြောင်းဆီလျော်ပုံရသည့် တစ်ခုတည်းသော အဖြေမှာ ကားလို့စ်က သူ့အဖေအတွက် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။ ဤကမ္ဘာ၏ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများက သူ့ကို အခြားရွေးချယ်မှုများ ပြုလုပ်စေနိုင်သော်လည်း ပန်းတိုင်ကမူ အတူတူပင်ဖြစ်သည်။


ကျီလင် ၎င်းကိုတွေးပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်မိသည်။  


ပြန်လည်မွေးဖွားတာက ဘယ်လိုလုပ် ကြုံရာကျပန်းဖြစ်နိုင်ပါ့မလဲ... ငါ့ကိုယ်ငါ ခြောက်‌လှန့်နေမိတာပဲ...


အတွေးလွန်နေတာပဲဖြစ်ရမယ်...


 …………


ကျီလင် အတွေးများကို ဖြတ်တောက်ပြီးနောက် စိတ်အေးလက်အေး အိပ်ပျော်သွားခဲ့သည်။ နောက်တစ်နေ့တွင် သူ မူးဝေဝေဖြင့် နိုးလာခဲ့ပြီး လက်ဆောင်များပြည့်နေသော သူ့အခန်းကို ကြည့်လိုက်သည်။ သူက အမူအရာမရှိသွားတိုက်မျက်နှာသစ်နေစဉ် ရို့စ်ထံမှ ဖိတ်ကြားချက်တစ်ခုရရှိခဲ့သည်။ 


ဤဇာတ်ကွက်က ယခင်ဘဝကကဲ့နှင့် တစ်ပုံစံတည်းပင်။ ယခင်ဘဝကလည်း သူ၏အရွယ်ရောက်ပွဲပြီးနောက် ရို့စ်က ပါတီတစ်ခုသို့ နွေးထွေးစွာဖိတ်ကြားခဲ့သည်။  


မူလပိုင်ရှင်က ထိုကဲ့သို့ပွဲမျိုးကို မကြာခဏသွားပေသည်။ 


စားသောက်ပျော်ပါးတာကလွဲပြီး ဘာမှလုပ်စရာမရှိတဲ့ ငါလို လူပေါ်ကြော့အထက်တန်းလွှာတစ်ယောက်က ဘာများလုပ်နိုင်ဦးမှာလဲ...အပြင်ထွက်ပြီး လူချမ်းသာတွေလို အချိန်ဖြုန်းတာက ငါ့ရဲ့နေ့စဉ်အလုပ်ပဲ...


ကျီလင်က ထိုကဲ့သို့အရာမျိုးကိုမကြိုက်သော်လည်း စဉ်းစားကြည့်ပြီးနောက် သဘောတူခဲ့သည်။ ယခုအချိန်တွင် နဉ်ယွီနှင့် ဘရန်ဒန်တို့က နာဒိုဂလက်ဆီတွင်ရှိနေဆဲဖြစ်ပြီး ပြန်မလာသေးချေ။ ကားလို့စ်၏ ရည်ရွယ်ချက်များကလည်း မရှင်းလင်းသေးသောကြောင့် မလိုလားအပ်သောပြဿနာနှင့် ပြောင်းလဲမှုများမဖြစ်စေရန် ဇာတ်ကြောင်းအားမပြောင်းလဲသင့်ပေ။  


ထို့ကြောင့် တစ်နာရီခန့်ကြာပြီးနောက် ပါတီနေရာသို့ ကျီလင်ရောက်လာခဲ့သည်။ 


ဟိုဗာကားပေါ်မှ ဆင်းပြီးနောက် ကောင်းကင်ထဲရှိ သိပ္ပံအထူးပြုလုပ်ချက်ဖြင့် ငွေရောင်သတ္ထုအဆောက်အဦးများကို မော့ကြည့်လိုက်သည်။


ဤနေရာက အင်ပါယာကြယ်ရှိ အလွန်ကျော်ကြားသော ဖျော်ဖြေရေးနေရာတစ်ခုဖြစ်ပြီး ဝိုင်အကောင်းစားများနှင့် အလှပဂေးမျာစွာရှိကာ အထက်တန်းလွှာများ၏ အနှစ်သက်ဆုံးနေရာတစ်ခုလည်းဖြစ်သည်။ 


မူလပိုင်ရှင်က မြိုစားကြီး၏တစ်ဦးတည်းသောသားဖြစ်ပြီး အင်ပါယာ၌ လူသိများသော လူပေါ်ကြော့တစ်ဦးဖြစ်၍ ဤနေရာသို့ ပုံမှန်လည်ပတ်သူလည်းဖြစ်သည်။


ကျီလင်က နှုတ်ခမ်းစေ့လိုက်ပြီး မှိန်ဖျော့နေသောခန်းမထဲသို့ လျှောက်သွားခဲ့သည်။ ခန်းမထဲ သင်းပျံ့သော မွှေးရနံ့က ထွက်ပေါ်နေသည်။ ၎င်းက လူများကိုစိတ်လှုပ်ရှားစေနိုင်သော တန်ဖိုးကြီးရေမွှေးဖြစ်သည်။ ၎င်းက အနံ့မွှေးရုံသာမက ခန္ဓာကိုယ်နှင့်စိတ်ကို ပျော်ရွှင်စေနိုင်သောကြောင့် အင်ပါယာအထက်တန်းလွှာများကြား အလွန်နာမည်ကြီးသည်။ ထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ရှားပါးပြီး ဈေးကြီးသော်လည်း ဤနေရာတွင်မူ စျေးပေါသောရေမွှေးကဲ့သို့ အသုံးပြုကြသည်။


တန်ဖိုးကြီးစွာ ဝတ်ဆင်ထားသော ယောင်္ကျား၊ မိန်းမ နှစ်ယောက်သုံးယောက်ခန့်က ဟိုဟိုသည်သည်စုဝေးနေကြသည်။ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် ယောင်္ကျားနှင့် မိန်းမများက တဏှာရာဂများဖြင့် မရေမရာလေထုများ ဖန်တီးနေကြသည်။ 


ကျီလင်က မျက်မှောင်ကြုတ်ထားပြီး ရို့စ်ရှိရာနေရာသို့ စားပွဲထိုး၏ဦးဆောင်မှုဖြင့် သွားခဲ့သည်။


ရို့စ်၏ပါးပြင်များက အရက်သောက်ထားဟန်ဖြင့် အနည်းငယ်နီရဲနေသည်။ ကျီလင် သူ့ဘေးနားဝင်ထိုင်လိုက်ချိန်တွင် သူက အပြုံးဖြင့်ပြောလာခဲ့သည်။ 

"ငါတို့မင်းကို စောင့်နေတာကြာလှပြီ... ပြီးတော့... ဒီနေ့ မင်းအတွက် အံ့သြစရာလေးတွေ ပြင်ဆင်ပေးထားတယ်..."


သူ ထိုစကားပြောပြီးသည်နှင့် လက်ခုပ်တီးလိုက်သည်။ ချောမောသော ယောင်္ကျား မိန်းမအချို့က တလေးတစားရောက်လာခဲ့ကြပြီး ကျီလင်ကို ကလူအိမြူအိအကြည့်များဖြင့် ကြည့်လာခဲ့၏။ 


ရို့စ်က ကျီလင်၏ပုခုံးကိုဖက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။ 

"ဘယ်လိုလဲကြိုက်ရဲ့လား...ဒီနေ့ သူတို့အားလုံးက မင်းအတွက်..." 


ကျီလင်က လျစ်လျူရှုဟန်ဖြင့်ကြည့်လိုက်သည်။ ၎င်းက ယခင်ဘဝကနှင့် အတူတူပင်။ သူ၏ အရွယ်ရောက်လာခြင်းကို ဂုဏ်ပြုသောအနေဖြင့် ရို့စ်က လှပသောယောင်္ကျားမိန်းမအချို့ကို သူ့အတွက် ပြင်ဆင်ပေးခဲ့သည်။ သို့သော် ဖြူစင်သောအဖြောင့်လေး ကျီလင်ကမူ ဤနေရာ၌ အရှုပ်အထွေးလုပ်ရန် စိတ်မဝင်စားချေ။ 


ထို့ကြောင့် သူ မျက်ခုံးပင့်ကာ ထိုလူများကို မထီမဲ့မြင်ကြည့်ပြီး နှာမှုတ်လိုက်သည်။ 

"ငါ့ရှေ့ကို ဒီလိုအရာမျိုးတွေပို့ရဲတယ်ပေါ့လေ... မင်း ပိုပိုပြီး ချို့ယွင်းချက်ရှိလာတယ်လို့ ငါထင်တယ်..."


ရို့စ်က ခါးသီးသောအမူအရာဖြင့် ပြောလိုက်သည်။ 

"ငါ ဒီအလှလေးတွေကို ရှန့်ယွင်ကြယ်ဆီကနေ ပိုက်ဆံတွေအများကြီးပေးပြီး ခေါ်လာခဲ့တာ... ငါ့ကို မျက်နှာသာလေးနည်းနည်းပေးလို့ရမလား..." 


ကျီလင်က ရို့စ်၏လက်ကို ရိုက်ထုတ်ပြီး မေးမြှောက်ကာ နှာမှုတ်လိုက်သည်။ 

"ဟမ့် သူတို့က ဧကရာဇ်ရဲ့ခြေဖျားတောင်မမီဘူး..." 


ရို့စ်: "... "


"သူတို့ကို ပြန်မလွှတ်သေးဘူးလား..." 

ကျီလင်က ရို့စ်ကိုကြည့်ပြီး စိတ်မရှည်စွာပြောလိုက်သည်။ 

"မင်းကို ဒါမျိုးတွေမလုပ်ဖို့ ပြောထားတယ်လေ... ငါက ဧကရာဇ်ကိုပဲ ကြိုက်တယ်ဆိုတာ မင်းနားမလည်ဘူးလား..."


ရို့စ်: "... " 


ဒီအလှလေးတွေကို ခံစားတာက မင်းရဲ့ ဧကရာဇ်ပေါ်ထားတဲ့အချစ်တွေအပေါ် သက်ရောက်မှုမရှိဘူးလို့ ထင်ခဲ့လို့ပါကွာ...


သို့သော် ကျီလင်၏ မပျော်မရွှင်အမူအရာကို မြင်ပြီးနောက် စကားထပ်မပြောရဲတော့ချေ။ ထို့ကြောင့် သူက လက်ဝှေ့ယမ်းပြကာ ထိုလူများကိုပြန်လွှတ်လိုက်သည်။


ကျီလင်က အပြင်ဘက်၌ မပျော်မရွှင်ပုံဖမ်းနေဆဲဖြစ်သော်လည်း စိတ်ထဲတွင် သူ့ကိုယ်သူ ပါးနပ်သောကောင်လေးဟု ခံစားနေရသည်။ 


ကျင်းဆွေ့ကို ဒီလိုရှေ့ထုတ်လိုက်တာ အကောင်းဆုံးပဲ... 


ငါက ဧကရာဇ်ကိုပဲ ဂရုစိုက်မှတော့ ခေါင်းတစ်လုံးပိုမြင့်သွားပြီပေါ့... ဘယ်လိုလုပ် တခြားသူတွေကို မျက်လုံးထဲထည့်နိုင်ဦးမှာလဲ... 


အလှလေးများကို ပြန်လွှတ်ပြီးနောက် ကျန်ခဲ့သော လူအနည်းငယ်က စကားစမြည်ပြောစပြုလာခဲ့သည်။ ရို့စ့်နှင့် အခြားသူများက အမျိုးသမီးအချို့ကို ဘယ်ညာထားပြီးပွေ့ဖက်နေခဲ့ကြသည်။ ထို့ကြောင့် ကျီလင်က ဤနေရာနှင့် မသက်ဆိုင်ပုံရနေသည်။ 


သူ၏လှုပ်ရှားမှုက မရေမတွက်နိုင်သော ပျားရိုင်းများနှင့် လိပ်ပြာများကို တားဆီးရန် အထောက်အကူဖြစ်စေသည်ဟု ကျီလင်တွေးပြီး သစ်သီးဝိုင်အနည်းငယ် သောက်လိုက်သည်။


ဥပမာအားဖြင့် ဤကလပ်၌ ဝန်ဆောင်မှုပေးကြသော အလှလေးများက ကြယ်နယ်ပယ်အသီးသီးမှ ထိပ်တန်းထုတ်ကုန်များဖြစ်ကြပြီး သူတို့၏ဆန္ဒကို ဖြည့်ပေးနိုင်ပေသည်။ အထက်တန်းလွှာများက သာမန်လူများကို နိမ့်ချကြ၏။ သူတို့က ထိုလူများကိုမကြိုက်ပါက အချိန်မရွေး ပစ်သတ်နိုင်ပေသည်။ 


၎င်းက အင်ပါယာအထက်တန်းလွှာ၏ လက်ရှိဘဝအခြေအနေဖြစ်သည်။


ဆင့်ကဲပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပြီးနောက် ယနေ့ခေတ် အင်ပါယာအထက်တန်းလွှာများ၏ သက်တမ်းက ပျမ်းမျှအားဖြင့် အနှစ်ငါးရာကျော်သွားပြီဖြစ်ကာ သာမန်လူများထက် ၃-၄ ဆပိုများသည်။ ရှည်လျားသော သက်တမ်းနှင့် တန်ဖိုးကြီးသောဘဝက သူတို့ကို အပျော်အပါးလိုက်စားစေခဲ့သည်။


ယောင်္ကျားနှင့်မိန်းမကြားရှိ ကိုယ်ပိုင်ဘဝက တားမြစ်ထားသောအရာမဟုတ်ပေ။ ယောင်္ကျား မိန်းမ၊ ယောင်္ကျားနှစ်ဦး၊ မိန်းမနှစ်ဦး ထိမ်းမြားလက်ထပ်ခြင်းများလည်း ရှိပေသည်။ ယနေ့ခေတ်တွင် လိင်တူလက်ထပ်ခြင်းက တရားဝင်ပေ၏။လက်ရှိနည်းပညာကြောင့် လိင်အမျိုးအစားက လူသားများမျိုးပွားခြင်းကို အဟန့်အတားဖြစ်စေသော ပြဿနာမဟုတ်တော့ချေ။ ပိုက်ဆံရှိနေသရွေ့ လိင်တူအတွဲကလည်း သိပ္ပံနည်းကျနည်းပညာဖြင့် မျိုးပွားနိုင်သည်။


အမျိုးသမီးနှင့် အမျိုးသားကြားရှိ ကွာဟချက်က သေးငယ်သထက်သေးငယ်လာကာ လိင်ကွဲပြားခြင်းက အင်ပါယာအထက်တန်းလွှာများကြား၌ စဉ်ဆက်မပြတ်အားနည်းလာခဲ့သည်။ နောက်ဆုံးစမ်းစစ်ချက်အရ အင်ပါယာအထက်တန်းလွှာများကြားရှိ လိင်တူနှင့်လိင်ကွဲလက်ထက်ခြင်းအချိုးအစားက နှစ်ပေါင်းများစွာတူညီခဲ့သည်။


ဆန့်ကျင်ဖက်အနေဖြင့် ရှေးရိုးစွဲသာမန်လူများက သူတို့၏ ရှေးရိုးဆန်သော နေထိုင်မှုအခြေအအနေနှင့် အလေ့အထကို ဆက်လက်ထိန်းသိမ်းနေဆဲဖြစ်ပြီး လိင်ကွဲလက်ထက်ခြင်းက ပင်မရေစီးကြောင်းဖြစ်နေဆဲဖြစ်သည်။


သာမန်လူများ၌ လုံလောက်သော အရင်းအမြစ်များမရှိသောကြောင့် ကောင်းကင်သို့ထိုးဖောက်ဝင်ရောက်ရန် ခက်ပေသည်။ 


အမျိုးသားနှင့် အမျိုးသမီးကြားရှိ ရုပ်ပိုင်းဆိုင်ရာ ကွာခြားချက်က ကြီးမားနေဆဲဖြစ်ပြီး "လိင်တူမျိုးပွားခြင်း" အတွက် ငွေကြေးအင်အားလုံလောက်မှုမရှိသောကြောင့် ရှေးရိုးနည်းဖြင့် သဘာဝအတိုင်းမျိုးပွားရန်ကိုသာ ရွေးချယ်ခဲ့သည်။ ၎င်းမှာ လိင်ကွဲလက်ထပ်ခြင်းဖြစ်သည်။


ရုပ်ပိုင်းဆိုင်ရာကွာခြားချက်နှင့် မျိုးပွားမှုပြဿနာကိုဖြေရှင်းပြီးနောက် အင်ပါယာအထက်တန်းလွှာများက ကျားမတန်းတူဖြင့် မြင့်မားသောမျိုးနွယ်အဖြစ်သို့ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာခဲ့သည်။ ၎င်းက သူတို့အပေါ်မူတည်ပြီး သာတူညီမျှဟုခေါ်သော်လည်း အများသူငှာနှင့် ရင်ဆိုင်ရချိန်တွင် သူတို့က သာလွန်နေဆဲဖြစ်သည်။


အထက်တန်းလွှာများလက်ထပ်ရာ၌ လိင်အမျိုးအစားက ပြဿနာမဟုတ်ဘဲ လူတန်းစားကွာဟချက်ကသာ ပြဿနာဖြစ်သည်။


ထို့ကြောင့် ညစ်ညမ်းမှု၌မွေ့လျော်ပြီး အပျော်အပါးလိုက်စားသော အထက်တန်းလွှာများကြားတွင် ပွင့်လင်းသော ကိုယ်ပိုင်ဘဝရှိပြီး ကျား၊မကွဲပြားမှုဆိုင်ရာ အယူအဆများလျော့ပါးလာခဲ့၏။ 


ကျီလင်က ချောမောသောယောင်္ကျားများနှင့် လှပသောမိန်းမများအပြည့်ရှိသည့် အထက်တန်းလွှာများကြား၌ တောက်ပပြီး စွဲမက်ဖွယ်ကောင်းသူဖြစ်သည်။ သူက အလွန်ရေပန်းစားပြီး သူ့ကိုပိုးပန်းလိုသော ယောင်္ကျား၊ မိန်းမများ အဆုံးမရှိချေ။ 


ထိုအချိန်တိုင်းတွင် သူ၏ဇာတ်ကောင်က ကျင်းဆွေ့အပေါ်တွင်သာ ပျော်ဝင်နေသည့်အတွက် အလွန်ကံကောင်းသည်ဟုခံစားခဲ့ရသည်။


ကျင်းဆွေ့က သူ့ကို ဘယ်သောအခါမှ ကြိုက်လိမ့်မည်မဟုတ်သည်ကို သူသိပေသည်။ ကျင်းဆွေ့က သူ့ကိုအထက်တန်းလွှာမှ အညစ်အကြေးအဖြစ် အမြဲတမ်း အထင်သေးပြီး လျစ်လျူရှုခဲ့သည်။ ကျီလင် သူ့ကိုယ်သူ အကျိုးကျေးဇူးများရရန် ပိုက်ဆံများယူပြီး အလုပ်လုပ်သူဟု ခံစားခဲ့ရသည်။ သူ့အတွက် အကျိုးကျေးဇူးရှိနေသရွေ့ 'ငါမင်းကိုချစ်တယ်အိုင်ဒေါ' ဟု အကြိမ်တစ်သောင်းအော်ရလျှင်ပင် အရေးမကြီးချေ။ အဘယ်ကြောင့်ဆိုသော် သူ့အိုင်ဒေါက သူ့ကိုချစ်လာမည်မဟုတ်သောကြောင့်ပေ။ 


သူ ၎င်းကို တွေးနေစဉ် ရုတ်တရက်သူ့ဘေးနားမှ ရယ်သံအချို့ထွက်လာခဲ့သည်။ 



✨✨✨