Chapter 213
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၂၁၃)


Chapter 213 (ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် ထွက်ခွာခြင်း)


ဆုတံဆိပ်များအားလုံးကို ဖြန့်ဝေပြီးနောက် နောက်တစ်ဆင့်မှာ ညကင်းစောင့်ပိုင်ဆိုင်သည့် သီးသန့်ပစ္စည်းများဖြစ်သည်။


"ကျန့်ကျုံး"


"မော့လိ"


"လီရှောက်ကွမ်း"


"ချောင်ယွမ်း"


"…"


ကိုယ်ခံပညာစင်မြင့်တွင် နည်းပြအများအပြားသည် အလုံပိတ် သတ္တုသေတ္တာများရှေ့တွင် ရပ်ကာ အမည်စာရင်းအရ တစ်ယောက်ချင်းစီခေါ်ကြပြီး အခေါ်ခံရသူများက သူတို့၏ပစ္စည်းများကို ရရှိကြသည်။


"ပိုင်လီထူမင်"


"လင်ချီးယဲ့"


လင်ချီးယဲ့၏အမည်ကို ကြားပြီးနောက်တွင် သူသည် ချက်ချင်းပင် ရှေ့သို့ လှမ်းတက်ကာ သူ့ပစ္စည်းများကို လက်ခံရယူရန် စင်မြင့်ပေါ်သို့ လျှောက်သွားခဲ့သည်။


မျှော်လင့်ထားသည့်အတိုင်း ညကင်း‌စောင့်၏ စံပြပစ္စည်းသုံးခု: ကြယ်ဓား၊ ဝတ်ရုံနှင့် တံဆိပ်။


ပစ္စည်းကိုရရှိပြီးနောက် လင်ချီးယဲ့သည် တခြားသူများကဲ့သို့ပင် ဝတ်ရုံကိုဝတ်လိုက်သည်။ အနီရင့်ရောင်ဝတ်ရုံကို အမည်မသိပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားသော် ၎င်းသည် ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိသည်။ ခန္ဓာကိုယ်တွင် ဝတ်လိုက်သောအခါ လေးလံခြင်းမရှိဘဲ အရွယ်အစားက မှန်ကန်သည်။


ထို့နောက် သူက ကြယ်ဓား၏လက်ကိုင်ကို ကိုင်လိုက်သည်။ ယခင်က သူအသုံးပြုခဲ့သော တခြားစံပြဓားများဆီမှ ကွာခြားခြင်းမရှိသည့် ရင်းနှီးသောအလေးချိန်ကို ခံစားရသည်။ တစ်ခုတည်းသောကွာခြားချက်မှာ ဓားဖြောင့်၏ဓားသွားပေါ်တွင် 'လင်ချီးယဲ့' ဟူသော စာလုံးသုံးလုံးကို ထွင်းထုထားသည်။


လင်ချီးယဲ့သည် ဓားနှစ်ချောင်းကို အသုံးပြုသော်လည်း တခြားဓားတစ်ချောင်းကို သူမတောင်းဆိုခဲ့တာက သူ့တွင် နောက်ထပ်ဓားတစ်ချောင်းရှိပြီး ထိုဓားပေါ်တွင် 'ကျောက်ခုန်းချိန်' အမည်ကို ရေးထွင်းထားသည်။


နောက်ဆုံးက တံဆိပ်ဖြစ်သည်။


ရောယှက်နေသောဓားများ၊ ကြယ်ရောင်ကောင်းကင်နောက်ခံကို လေးလံစွာခံစားလိုက်ရသည်... လင်ချီးယဲ့သည် ၎င်းကို အချိန်အတန်ကြာ ဂရုတစိုက်ကြည့်ပြီးနောက် လှည့်လိုက်သည်။ ရင်းနှီးပြီးသား စာလုံးလေးလုံး၏အောက်ခြေတွင် 'လင်ချီးယဲ့' ဟူသော စကားလုံးသုံးလုံးကိုလည်း ရေးထိုးထားသည်။


ဤအရာက ညကင်းစောင့်လူသားအဖြစ် သူ့အဆင့်အတန်းကို သက်သေပြနေသည်။


လူတိုင်းက ပစ္စည်းများ ရပြီးသောအခါ စင်မြင့်ပေါ်မှာ ရပ်နေသော ယွမ်ကန်းက ဖြည်းညှင်းစွာပြောသည်။


"ဒီပစ္စည်းသုံးခုက ငါတို့ညကင်းစောင့်ရဲ့စံပြပစ္စည်းတွေဆိုတာ အားလုံးသိပြီးသားလို့ထင်ပါတယ် ဒါပေမယ့် သူတို့က ဘာကိုကိုယ်စားပြုတယ်ဆိုတာတော့ လူအနည်းငယ်ပဲ သိလိမ့်မယ်


ဓားဖြောင့်၊ ဝတ်ရုံ၊ တံဆိပ်… ဘာကြောင့်ဒီသုံးခုလဲ ဘာလို့ 'ဘွတ်ဖိနပ်'၊ 'လက်အိတ်'၊ 'ဦးထုပ်' နဲ့ တခြားအရာတွေကို မထည့်ရတာလဲ


ဘာလို့လဲဆိုတော့ သူတို့က အထူးခြားဆုံးမလို့ပါ


ကြယ်ဓားလို့ လူသိများတဲ့ဓားဖြောင့်က အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ မူလဇာစ်မြစ်ဖြစ်တဲ့ပစ္စည်းနဲ့ ပြုလုပ်ထားတာပါ တချို့က အဲဒါကို ပြင်ပနေရာက ဥက္ကာခဲသံကို ဆိုကြပြီး တချို့က အဲဒါကို မြူခိုးတွေထဲက သံသတ္တုရိုင်းလို့ ဆိုကြသလို တချို့က အဲဒါကို သာ့ရှမှော်လက်နက်တွေရဲ့ ရတနာအိမ်ကနေ ယူဆောင်လာတဲ့ အကောင်ဆုံးမှော်သံလို့ ဆိုကြတယ်… ဒီဓားတွေကို ပြုလုပ်တဲ့သူတွေကလွဲလို့ ငါရော သာ့ရှတစ်ခုလုံးရော ဘယ်သူမှ မသိကြဘူး


အဲဒါရဲ့ဇာစ်မြစ်က အရေးမကြီးပါဘူး အရေးကြီးတာက ဒီအရာဟာ ဘယ်တော့မှ မကျိုးဘူး၊ သံချေးမတက်ဘူး၊ အရည်မပျော်ဘူး၊ အေးခဲမသွားဘူး ဒီအရာရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကို ပြင်ပအင်အားနဲ့ ချိုးဖျက်လို့မရဘူး ဒီအရာတို့ကို ပြုလုပ်တဲ့အချိန်ကစပြီး ဒီအရာတွေပေါ်မှာ ရေးထွင်းထားတြဲ မင်းတို့နာမည်အပါအဝင် ဒီပုံသဏ္ဌာန်က ထာဝရတည်ရှိနေမှာ


ဒါက မင်းတို့လုံးဝယုံကြည်စိတ်ချနိုင်တဲ့ တိုက်ခိုက်ရေး 'ဓား' ပဲ


ဝတ်ရုံကို သက်တောင့်သက်သာရှိစေမယ့် အဆင့်မြင့်ဆုံး နာနိုနည်းပညာပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ် အဲဒါက အပူ၊ အအေး၊ စိုထိုင်းမှုနဲ့ ပိုးမွှားတွေစတဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်တွေကို ထိရောက်စွာ ခုခံနိုင်တယ် အဲဒါက တိုက်ပွဲအတွင်း ပြင်ပလွှမ်းမိုးမှုတွေဆီကနေ မင်းတို့ကိုယ်မင်းတို့ ခွဲထုတ်ဖို့ ကူညီပေးတဲ့ နေရာမရွေးအကာအကွယ်အဝတ်အထည်လိုပဲ


ဒါပေမယ့် အဲဒါက ခိုင်ခံ့မှုမရှိဘူး ဝတ်ရုံသာဖြစ်ပြီး ချပ်ဝတ်တန်ဆာမဟုတ်ဘူး တိုက်ပွဲမှာ ဝတ်ရုံပျက်စီးသွားရင် ဌာနချုပ်ကို ပြန်ပို့ပေးဖို့ တောင်းဆိုနိုင်ပြီး မင်းအတွက် တစ်စုံတစ်ယောက်က ချုပ်ပေးပြီးတော့ နောက်နေ့မှာ မင်းကိုပြန်လာပေးလိမ့်မယ်


အဲဒါက မင်းကို ပတ်ဝန်းကျင်အမျိုးမျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကူညီပေးတဲ့ ခုခံခြင်း 'ဒိုင်းကာ' ပဲ


တံဆိပ်ကတော့… လုပ်ဆောင်ချက်တစ်ခုပဲရှိတယ် သေစေနိုင်တာပဲ


အဲဒါက အချိန်တိုအတွင်း လူတစ်ယောက်ရဲ့စွမ်းရည်အားလုံးကို မြင့်တင်ပေးနိုင်တယ် တားမြစ်အပျက်အစီးမရှိတဲ့လူတွေကို တားမြစ်အပျက်အစီးတွေရစေနိုင်ပြီး တားမြစ်အပျက်အစီးရှိတဲ့သူတွေက သူတို့ရဲ့နယ်ပယ်တွေ မြင့်လာလိမ့်မယ် အဲဒါက မင်းတို့ကို ဖြစ်နိုင်ခြေပေးနိုင်တယ် သေတဲ့အထိတိုက်ခိုက်နိုင်တဲ့ဖြစ်နိုင်ခြေ၊ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး မင်းတို့အဖွဲ့ဝင်တွေအတွက် ရှင်သန်ခွင့်ကို ဖန်တီးပေးနိုင်တယ်


မင်းတို့ရဲ့သေခြင်းတရား ဂုဏ်သိက္ခာကို ကာကွယ်ပေးတဲ့ 'ယုံကြည်မှု' ပဲ"


ယွမ်ကန်းက အသက်ပြင်းပြင်းရှူပြီး ဖြည်းညှင်းစွာပြောသည်။


"တိုက်ခိုက်ဖို့ 'ဓား'၊ ကာကွယ်ဖို့ 'ဒိုင်း' နဲ့ ဂုဏ်ရှိရှိသေဖို့နည်းလမ်းပဲ ဒါတွေက ငါတို့တွေ မင်းတို့ကိုပေးနိုင်တဲ့ အကောင်းဆုံးလက်နက်ပဲ"


တပ်သားသစ်များ… မဟုတ်ပါ ညကင်းစောင့်မျိုးဆက်သစ်များက သူတို့၏ပစ္စည်းများကို ငုံ့ကြည့်ပြီး တိတ်ဆိတ်သွားသည်။


ပစ္စည်းသုံးမျိုးမှာ ပိုနည်းသည် ပိုများသည်မဟုတ်ဘဲ သူတို့သယ်ဆောင်သွားသည့်အရာမှာ နိုင်ငံတစ်ခု၏ တည်တံ့ရေးနှင့် သာယာဝပြောရေးပင်ဖြစ်သည်။


ယွမ်ကန်းသည် ကိုယ်ဟန်အနေအထားကို မတ်မတ်ရပ်နေပြီး လူအုပ်ထဲမှာ အနီရင့်ရောင်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။


"ကျမ်းသစ္စာကျိန်ဆိုပွဲ...စပြီ"


ဝှီး


လေပြင်းတိုက်ခတ်လာပြီး ကိုယ်ခံပညာစင်မြင့်ပေါ်တွင် ရပ်နေသော အလံတိုင်ပေါ်တွင် အနီရောင်အလံ လွင့်ပျံလာသည်။


လူအုပ်တစ်ခုလုံး ‌တည်ကြည်လေးနက်နေခဲ့သည်။


ယွမ်ကန်းသည် သူ၏ညာလက်ကို ဆုပ်လိုက်ကာ တံဆိပ်ကို တင်းတင်းဆုပ်ထားပြီး သူ့နှလုံးသားပေါ် တင်လိုက်သည်။ သူ၏ဘယ်လက်က သူ့ခါးရှိ ဓားဖြောင့်၏လက်ကိုင်ကို ကိုင်ထားသည်။ နိမ့်ကျပြီး ခမ်းနားသောအသံက လေ့ကျင့်ရေးကွင်းတွင် ပဲ့တင်ထပ်လာသည်။


"ငါ ယွမ်ကန်း သာ့ရှရဲ့အနီရောင်အလံအောက်မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်…"


တစ်ချိန်တည်းမှာပင် လူတိုင်းသည် သူတို့ညာလက်တွင် တံဆိပ်ကို ဆုပ်ကိုင်ကာ ရင်ဘတ်ပေါ်တွင်တင်ပြီး သူတို့ဘယ်လက်ကို ဓားလက်ကိုင်တွင်ထားကာ ခံ့ညားထည်ဝါစွာ အမူအရာဖြင့် ပြောလိုက်သည်။


"ငါ မော့လိ…"


"ငါ လီရှောက်ကွမ်း…"


"ငါ ဝမ်ချင်းချင်း…"


"ငါ တုန့်ဝေ…"


"ငါ လီလျန့်…"


"ငါ ချောင်ယွမ်း…"


"ငါ ပိုင်လီထူမင်…"


"ငါ လင်ချီးယဲ့…"


"…"


အဆုံးတွင် လူတိုင်း၏အသံသည် စာကြောင်းတစ်ကြောင်းအဖြစ်သို့ ကူးပြောင်းသွားသည်။


"——သာ့ရှရဲ့အနီရောင်အလံအောက်မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်"


ယွမ်ကန်းက ဆက်ပြောသည်။ "ညအမှောင်တွေရောက်လာရင်"


"——ညအမှောင်တွေရောက်လာရင်"


"သောင်းချီတဲ့လူတွေရှေ့မှာ ငါရပ်နေမယ်"


"——သောင်းချီတဲ့လူတွေရှေ့မှာ ငါရပ်နေမယ်"


"ဓားနဲ့ ချောက်နက်ကို ဖြတ်ပြီး"


"——ဓားနဲ့ ချောက်နက်ကို ဖြတ်ပြီး"


"ကောင်းကင်ကို သွေးရောင်လွှမ်းစေမယ်"


"——ကောင်းကင်ကို သွေးရောင်လွှမ်းစေမယ်"


သူတို့သည် သူတို့၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု၊ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ခံနိုင်ရည်များဖြင့် လက်သီးများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ သူတို့နာမည်များကို သူတို့ဓားပေါ်တွင် ထွင်းထုထားသကဲ့သို့ ထိုစကားလုံးများသည် သူတို့၏နှလုံးသားထဲတွင် ထာဝစဉ် ထွင်းထုထားမည်ဖြစ်သည်။


ပိုးအိမ်အတွင်းသို့ ဝင်ရောက်လာသော ပိုးကောင်ငယ်များသည် ယခုအချိန်မှစ၍ ပိုးအိမ်ထဲမှ ထွက်လာကြပြီး သူတို့သည် ညကင်းစောင့်များဖြစ်လာသည်။


ကြီးထွားမှုက ဤမျှလောက် ရိုးရှင်းနိုင်သည်။



"သွားပြီ"


"သွားပြီ"


"ငါလည်း သွားတော့မယ်..."


"ဂရုစိုက်ပြီး နောက်နောင် ငါ့ကိုသေချာပေါက် လာတွေ့နော်"


"ဟားဟား စိတ်မပူပါနဲ့ ငါ မင်းကို အရက်ဝယ်တိုက်မယ်"


"လောင်ဝမ် မသေနဲ့နော် ကြားလား"


"လခွမ်း ငါကမင်းထက် ပိုသန်မာတာကို ငါက ဘယ်လိုလုပ် လွယ်လွယ်နဲ့ သေရမှာလဲ ငါ နှစ်နှစ်အတွင်း ခေါင်းဆောင်ဖြစ်လာရင် မင်းကို အရက်ဝယ်တိုက်မယ်"


"…"


အိပ်ဆောင်အဆောက်အအုံတွင် ရင်းနှီးသည့် ရုပ်သွင်များ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ခရီးဆောင်အိတ်များကို ဆွဲထုတ်ကာ သူတို့၏ တွန့်ဆုတ်မှုကို ဖိနှိပ်ပြီး ရယ်ရယ်မောမော ဆဲဆိုကြကာ ထွက်ခွာမသွားမီ အချင်းချင်း နှုတ်ဆက်ကြသည်။


တစ်နှစ်ကြာဆုံဆည်းပြီးနောက် နောက်ဆုံးတွင် နှုတ်ဆက်ရန် အချိန်ကျရောက်ခဲ့သည်။


"ချီးယဲ့ ငါသွားတော့မယ်" တံခါးအပြင်ဘက်တွင် ချောင်ယွမ်းက သူ့ခရီးဆောင်အိတ်ကိုဆွဲထုတ်ပြီး လင်ချီးယဲ့ကို လေးနက်စွာကြည့်ကာ "ဟွိုင်ဟိုက်မြို့မှာ ငါ့လာရှာဖို့မမေ့နဲ့နော်"


လင်ချီးယဲ့သည် ပြုံးပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့ လမ်းမှာ သတိထားပါ"


"ဝူးးးးး… ချီးယဲ့ ငါလည်းသွားရတော့မယ် မင်းငါနဲ့မအိပ်ရလို့ ငါ့ကိုလွမ်းမနေနဲ့နော်" ပိုင်လီဖက်တီးသည် မျက်လုံးနီများဖြင့် တွန့်ဆုတ်စွာပြောပြီး သူ့ခရီးဆောင်အိတ်ကိုသယ်ရန် သူ့နောက်မှာ သက်တော်စောင့်အမြောက်အမြားရှိနေသည်။


"နားလည်မှုလွဲစေမယ့်အရာတွေကို မပြောနဲ့" လင်ချီးယဲ့က ကူကယ်ရာမဲ့ သက်ပြင်းချပြီး "ကွမ်ရှန်းကို ပြန်ရောက်ပြီးနောက် အရမ်းကြီးမွေ့လျော်မနေနဲ့ မဟုတ်ရင် တိုက်ပွဲအတွင်း ပြဿနာဖြစ်ဖို့လွယ်ကူသွားလိမ့်မယ်"


"စိတ်မပူပါနဲ့ ဘာလုပ်ရမလဲ ငါသိပါတယ်" ပိုင်လီဖက်တီးသည် သူ့ရင်ဘတ်ကို ပုတ်ရင်း "မင်း ငါနဲ့ ဆော့ကစားဖို့ ကွမ်ရှန်းကို လာလည်ရမယ်နော် မင်းဖုန်းတစ်ချက်ခေါ်လိုက်တာနဲ့ ကိုယ်ပိုင်လေယာဉ်၊ ကြယ်ငါးပွင့်ဟိုတယ်၊ လှပတဲ့ညီမလေး… မင်းအတွက် အစစအရာရာ ငါစီစဉ်ပေးမယ်လို့ အာမခံတယ်"


လင်ချီးယဲ့က အပြုံးဖြင့် ပြောလိုက်သည်။ "ငါသိပါတယ် ငါလာပါ့မယ်"


ပိုင်လီဖက်တီးသည် သူ့သက်တော်စောင့်များကို ဦးဆောင်ကာ ခြေလှမ်းအနည်းငယ်လှမ်းပြီး နောက်ပြန်လှည့်ကာ သူသည် တစ်ခုခုကို တွေးနေသလိုမျိုး အဝေးက လင်ချီးယဲ့ကို အော်လိုက်သည်။


"စကားမစပ် မင်းရဲ့ပစ္စည်းတွေကို ကုတင်အောက်မှာ ငါထားခဲ့တယ် ယူသွားဖို့ မမေ့နဲ့နော်"


လင်ချီးယဲ့က ခဏတာ အံ့အားသင့်သွားသည်။ ပိုင်လီဖက်တီး ထွက်သွားသည်အထိ သူစောင့်ပြီးနောက် အိမ်ဆောင်ကိုပြန်လာပြီး ကုတင်အောက်က လက်ဆောင်သေတ္တာကြီးကို ထုတ်လိုက်သည်...


Rolex များအပြည့်ပါသော သေတ္တာတစ်ခုဖြစ်သည်။


"ဒီကောင်စုတ်ကတော့…" လင်ချီးယဲ့သည် အပြုံးဖြင့် ဆဲဆိုပြီး ခဏလောက်တုံ့ဆိုင်းပြီးနောက် သူ့ ခရီးဆောင်အိတ်ထဲသို့ လေးနက်စွာ ထည့်လိုက်သည်။


သူထရပ်ပြီး အိပ်ဆောင်ကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ကာ သူ၏ပန်းရောင် Peppa Pig ခရီးဆောင်အိတ်ကို ဆွဲထုတ်ပြီး အပြင်ကို ထွက်လာခဲ့သည်။


တဖြည်းဖြည်းနှင့် လေ့ကျင့်ရေးစခန်းမှ လူများ နည်းပါးလာပြီး အိပ်ဆောင်တစ်ခုလုံးသည် ‌ဗလာဖြစ်လာ၏။ ဘယ်သူမှမသိခင် လေ့ကျင့်ရေးစခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။


လေ့ကျင့်ရေးကွင်းတွင် မှိန်ဖျော့ဖျော့နေရောင်ခြည်က တောက်ပနေပြီး ဗလာဖြစ်နေသော လေ့ကျင့်ရေးက ဝမ်းနည်းမှုကို ထုတ်ဖော်နေသည်။


အိပ်ဆောင်၊ ကန်တင်း၊ သေနတ်ပစ်ကွင်း၊ လေ့ကျင့်ရေးကွင်း...


အကျွမ်းတဝင်ရှိသော အဆောက်အအုံကြီးကနေ တဖြည်းဖြည်း ဆုတ်ခွာသွားပြီးနောက် မကြာမီတွင် လင်ချီးယဲ့သည် သူ၏ခရီးဆောင်အိတ်ကို ဆွဲလာကာ သံတံခါးကြီးဆီသို့ ရောက်လာခဲ့သည်။


သူသည် သံတံခါးပေါ်က စာလုံးကြီးများကို လှမ်းကြည့်လိုက်ပြီး ဒီတံခါးထဲကို ပထမဆုံးအကြိမ် လမ်းလျှောက်သွားသော မြင်ကွင်းက သူ့စိတ်ထဲ ပြန်ပေါ်လာသည်...


"သွားကြစို့" သူသည် ရေရွတ်ရင်း သူ့ခရီးဆောင်အိတ်ကို ဆွဲထုတ်ပြီး တံခါးအပြင်ကို ထွက်သွားသည်။


ဤသည်မှာ သူတစ်နှစ်ကြာအောင် ကုန်ဆုံးခဲ့

သော တပ်သားသစ်လေ့ကျင့်ရေး နံပါတ် ၀၃၉ ဖြစ်သည်။


သူသည် ဤနေရာကို ပထမဆုံးတပ်သားသစ်အဖြစ် ရောက်ရှိခဲ့သည်။


သူသည် ဤနေရာမှ ထွက်ခွာရန် နောက်ဆုံးညကင်းစောင့်လူသား ဖြစ်ခဲ့သည်။


TK Team (Chapter 213)