Chapter 204
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၂၀၄)


Chapter 204 (ဖြစ်လာစေမှာမဟုတ်ဘူး)

တိတ်ဆိတ်ငြိမ်သက်နေသော မြေအောက်လှိုဏ်ဂူထဲတွင် လူတိုင်း၏မျက်လုံးများက ယိယွီနှင့် လင်ချီးယဲ့အပေါ် အာရုံစိုက်နေကြသည်။ ပိုင်လီဖက်တီး၏လက်ဖဝါးများသည် လက်သည်းများကြောင့် သွေးများစီးကျနေပြီး သူ့တစ်ကိုယ်လုံး မိုးရေစက်များကဲ့သို့ ချွေးထွက်နေသော်လည်း 'ဟိုင်' ပင်လယ်နှစ်ဆ၏ ဖိအားအောက်တွင် သူလှုပ်ရှား၍မရပေ။

မာထျန်းယိကတော့… နောက်ဆုံးရလဒ်ကို သံသယမရှိဘဲ ခိုင်မာသောစိတ်ဖြင့် ဘေးနားတွင် အေးအေးဆေးဆေး ရပ်နေလိုက်သည်။

ဘယ်လိုဟာသလဲ အရှင်ယိယွီက ဘယ်လိုလုပ်ကျရှုံးနိုင်မှာလဲ

[ယုံကြည်သူများ] တွင် နေရာတစ်နေရာရှိသူတစ်ဦးအနေဖြင့် ဤကြောက်စရာကောင်းသောအရှင်သည် မည်မျှအင်အားကြီးတာကို သိရှိနားလည်ပြီး သူ့ရင်ထဲကနေ သူ့ကိုလေးစားသည်။ ယိယွီသာမရှိလျှင် ရှေးနတ်ဘုရားကျောင်းအတွက် ယနေ့ ဒီနေရာကိုရောက်ရန် မဖြစ်နိုင်ဘဲ [ယုံကြည်သူများ] ၏တည်ရှိမှုကလည်း နည်းပါးလိမ့်မည်။

မာထျန်းယိသည် ယုံကြည်မှုအပြည့်ဖြင့် စောင့်ဆိုင်းနေချိန်တွင် လင်ချီးယဲ့၏ မျက်လုံးများက ဖြည်းညှင်းစွာပွင့်လာသည်...

"ဟားဟား ပြီးသွားပြီ အရှင်ယိယွီက ထင်ထားတဲ့အတိုင်းပဲ နတ်ဘုရားနှစ်ပါး ကိုယ်စားလှယ်က… ဟမ်" မြှောက်ပင့်ရန် ပြင်ဆင်နေသော မာထျန်းယိသည် တစ်ဝက်တွင်ရပ်သွားကာ တစ်ကိုယ်လုံး ရုတ်တရက် ထိတ်လန့်သွားသည်။ သူသည် ဘာမှဖြစ်ပုံမပေါ်သော လင်ချီးယဲ့ကို ကြောင်တောင်တောင် စိုက်ကြည့်ပြီး မျက်တောက်ခတ်လိုက်သည်။

ထို့နောက် သူ့မျက်လုံးများက ဆန့်ကျင်ဘက်ဖြစ်သော ယိယွီအား စိုက်ကြည့်လိုက်သည်။

မူလက ပြေပြစ်ပြီး ခံ့ညားသော ယိယွီသည် ကျောက်တုံးရုပ်တုကဲ့သို့ မတ်တတ်ရပ်နေကာ ယခုအချိန်မှာတော့ သူ့မျက်လုံးထဲက တောက်ပနေသော အလင်းတန်းများသည် ပျောက်ကွယ်သွားပြီး သူ၏အသားအရောင်သည် ဖြူဖပ်ဖြူရော်ဖြစ်နေကာ လူသေကဲ့သို့ အသက်မရှိတော့ပေ။

ဒါ...ဒါဘယ်လိုဖြစ်နိုင်မှာလဲ။

မာထျန်းယိသည် သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ သူ့မျက်လုံးများတွင် မယုံနိုင်စရာများ ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပင် ပိုင်လီဖက်တီးနှင့် တခြားသူများကို ချည်နှောင်ထားသော အနက်ရောင်ချိန်ကြိုးများက ဖြည်သွားစေသည်။ သူတို့သည် နိုးလာသော လင်ချီးယဲ့ကို ကြည့်ပြီး ခဏလောက် အံ့အားသင့်သွားပြီးနောက် သူတို့ကို ကျေနပ်အားရစေသည် 

"ချီးယဲ့ မင်း… မင်း သူ့ကို သတ်လိုက်တာလား" ပိုင်လီဖက်တီးက စိတ်လှုပ်ရှားဆုံးဖြစ်ပြီး လူတစ်ကိုယ်လုံး ခုန်တက်တော့မလိုပင်။

ရှန်ချင်းကျူသည် ရှုပ်ထွေးသောမျက်လုံးများဖြင့် လင်ချီးယဲ့ကို ကြည့်လိုက်သည်။ လင်ချီးယဲ့လည်း သူ့အကြည့်ကို လှည့်လာသောအခါ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး ဘာမှမဖြစ်သကဲ့သို့ သူ့ခေါင်းက တစ်ဖက်ကို လှည့်သွားသည်။

"ချီးယဲ့ မင်းဘာလုပ်လိုက်တာလဲ…" နည်းပြဟုန်လည်း ထိတ်လန့်စွာ ပါးစပ်ဖွင့်ရင်း 'ဟိုင်' နယ်ပယ်တွင်ရှိနေသော ယိယွီသည် လင်ချီးယဲ့ကို အမှန်တကယ်ရှုံးနိမ့်လိမ့်မည်ဟု ထင်မထားသကဲ့သို့ပင်။

လင်ချီးယဲ့သည် ခေါင်းယမ်းလိုက်ပြီး အဝေးကို လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီအကြောင်းတွေကို ကျွန်တော်နောက်မှပြောပြမယ် အခု ပြဿနာကြီးနှစ်ခုရှိနေတယ်"

မာထျန်းယိသည် နောက်ဆုံးတွင် ထိတ်လန့်ရာမှ အသိစိတ်ပြန်ဝင်လာပြီး သူ့မျက်လုံးထဲက သတ်ဖြတ်ခြင်းရည်ရွယ်ချက်ဖြင့် သူတို့လေးယောက်ကို ကြည့်ကာ ကြောက်မက်ဖွယ် 'ဟိုင်' နယ်ပယ်ဖိအားများ ထပ်မံထွက်ပေါ်လာသည်။

လင်ချီးယဲ့က မည်ကဲ့သို့ပြုလုပ်ခဲ့သည်ကို သူမသိသော်လည်း ဒီအရာက အရေးမကြီးပေ။ အရေးကြီးဆုံးအရာမှာ အရှင်ယိယွီ၏မူလခန္ဓာကိုယ်သည် ဤအကြောင်းကို သိသွားပါက အလွန်ဒေါသထွက်နေလိမ့်မည်။

ကိုယ်ပွားတစ်ခုကို ဆုံးရှုံးရသည့် အခြေအနေအောက်တွင် ယိယွီပေးထားသော တာဝန်ကို ပြီးမြောက်ရန် သူပျက်ကွက်ပါက အဆုံးသတ်ကောင်းမည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ဒီနတ်ဘုရားနှစ်ပါးကိုယ်စားလှယ်ကို အသက်ရှင်လျက် ထွက်သွားခွင့်မပြုနိုင်ပေ။

ဘေးက မီးလျှံမြေနဂါးသည်လည်း ယိယွီ၏သေဆုံးခြင်းကို အာရုံခံမိပုံရသည်။ ဝိညာဉ်စာချုပ်၏ ထိန်းချုပ်မှုအောက်တွင် သူ၏စိတ်က လုံးလုံးထိန်းချုပ်ခံထားရသည်။ သူသည် ဒေါသတကြီး ကောင်းကင်သို့ ဟိန်းလိုက်ရာ သူ၏ခန္ဓာကိုယ်‌ပတ်ပတ်လည်က မီးလျှံပုံစံများသည် လင်းလက်လာပြီး ပတ်ပတ်လည်က ကျောက်ရည်ပူများ ပြင်းထန်စွာ လိမ့်တက်လာသည်။

ဟို ဟို ဟို ဟို ဟို 

နဂါး၏ ဆူညံသောဟိန်းသံသည် မြေအောက်ကမ္ဘာတစ်ခုလုံးကို ပဲ့တင်ထပ်သွားကာ နားစည်များကို နာကျင်စေသည်။ ပိုင်လီဖက်တီးနှင့် တခြားသူများ၏မျက်နှာပေါ်ရှိ ပျော်ရွှင်မှုတို့သည် ပျောက်ကွယ်သွားကာ မကြုံစဖူးလေးနက်မှုဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။

ယိယွီသေသွားပြီး သူတို့ရှေ့တွင် အလွန်အင်အားကြီးသော တိုက်ခိုက်ရေးစွမ်းအားဖြင့် ရန်သူနှစ်ယောက်ရှိသေးသည်။ သူတို့သည် ဒီအဆင့်မဖြတ်ကျော်နိုင်ပါက သူတို့သေလိမ့်မည်။

လောင်မြိုက်နေသော မီးတောက်များသည် မြေအောက်ဂူတစ်ခုလုံးကို ပြည့်လုနီးပါးဖြစ်ပြီး အနီးနားရှိ အပူချိန်က လျင်မြန်စွာ မြင့်တက်လာသည်။ ကျောက်ရည်ပူမှ တောက်လောင်နေသော မီးခဲများသည် တဖြည်းဖြည်း မြင့်တက်လာပြီး အနီရောင်မီးလျှံက အမြင်အာရုံကို လောင်ကျွမ်းသွားပုံရသည်။

မီးလျှံမြေနဂါးသည် သူ၏အတောင်ပံများကိုဖြန့်ကာ အနည်းငယ်တုန်ခါသွားသည်။ သူ၏ကြီးမားသောခန္ဓာကိုယ်သည် ပြင်းထန်သောလေနှင့်အတူ ကျောက်ရည်ပူမှထလာသည်။ ထိုဒေါသမျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသော နဂါးစွမ်းအားများပါဝင်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လူကို တုန်လှုပ်သွားစေနိုင်သည်။

သူ၏ ကြီးမားသော ပါးစပ်ကို ဖွင့်လိုက်ရာ သူ၏ အကြေးခွံများပေါ်တွင် မီးပုံစံများက လောင်ကျွမ်းသွားပုံရသည်။ မီတာနှစ်ဆယ်ခန့် အချင်းဝက်ရှိသော မီးလုံးကြီးတစ်ခုသည် သူ့ရှေ့တွင် လျင်မြန်စွာ စုစည်းလာသည်။ ကြောက်မက်ဖွယ်ရာ မြင့်မားသော အပူချိန်သည် ပတ်ဝန်းကျင်လေကို လှည့်ပတ်သွားသည်။

ဒီမီးလုံးထဲမှာ ပါဝင်သော စွမ်းအင်ကို ခံစားလိုက်ရတော့ နည်းပြဟုန်၏မျက်နှာသည် အလွန်ဖြူဖျော့သွား၏။ ဒီထိုးနှက်ချက်သာ ကျရောက်ခဲ့ပါက မြေအောက်တစ်ခုလုံး တိုက်ရိုက်ပျက်စီးသွားပြီး အစအနတစ်ခုမျှပင် ကျန်မည်မဟုတ်ပေ။

ဒီအချိန်မှာ တစ်ခုခုမှားနေပြီဆိုတာ မာထျန်းယိလည်း အာရုံခံမိပြီး ကျောက်နံရံအနားကို အမြန်ပြန်ဆုတ်သွားကာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"ဒီသားရဲက ရူးနေတာလား ဒီလောက်ပုရွတ်ဆိတ်နည်းနည်းကို ဒီလိုအကြီးစားတိုက်ခိုက်မှုကို အသုံးပြုရသလား ငါ့ကိုပါ အတူသေစေချင်နေတာလား"

ဟုတ်ပါသည်။ မီးလျှံမြေနဂါးကို ဒီလိုမျိုးတကယ်တွေးထားသည်။

သူအိပ်ပျော်နေချိန်မှာ အတင်းနှိုးပြီး တိုက်ခိုက်ခဲ့တာ ဘယ်သူလဲဆိုတာ သူမမေ့ပါဘူး… သူသည် ယိယွီနှင့် ဝိညာဉ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ယိယွီ၏အမိန့်ကို မနာခံ၍မရသော်လည်း သူ့တွင် “ယုံကြည်သူများကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေး” ဟူသောအချက် မပါဝင်ပါ။ 

ယိယွီရှိသောအခါ သူသည် သဘာဝအတိုင်း ရဲတင်းစွာ မပြုမူရဲသော်လည်း ယခုအခါ ယိယွီကမရှိတော့ဘဲ သူက မြေအောက်ကမ္ဘာကြီးတစ်ခုလုံး၏ ဘုရင်ဖြစ်နေသည်။

ဒီပုရွက်ဆိတ်အနည်းငယ်ကို သတ်ပစ်ရမှာဖြစ်ပြီး ရန်စသော အဖော်များကိုလည်း သတ်ပစ်ရမှာဖြစ်သောကြောင့်… သူတို့အားလုံးကို ဖျက်ဆီးပစ်ရမည်။

ကြောက်စရာကောင်းသော မီးလုံးသည် မီးလျှံမြေနဂါး၏ ရှေ့တွင် လွင့်နေဆဲဖြစ်သည်။ တစ်ချက်တည်း အားလုံးကို ဖျက်ဆီးပစ်ရန် သူဆုံးဖြတ်ချက်ချထားသည်။ မာထျန်းယိသည် ဖြူဖျော့သောမျက်နှာဖြင့် ကျောက်နံရံဆီသို့ ပြေးသွားကာ လက်ကိုဆန့်ထုတ်ရင်း ကျောက်နံရံမျက်နှာပြင်ကို ထိလိုက်ပြီး လူတစ်ယောက်လုံး အနက်ရောင်အလင်းတန်းဘောလုံးလေးတစ်လုံးဖြစ်သွားပြီး ကျောက်ဆောင်ထဲပြေးဝင်သွားသည်။

နည်းပြဟုန်သည် အံကြိတ်ရင်း ရှေ့ကိုလှမ်းကာ အသက်ပြင်းပြင်းရှူပြီး သူ့ရင်ဘတ်မှ တံဆိပ်ကို လေးနက်စွာ ထုတ်ယူလိုက်သည်။

ဤသည်မှာ အလွန်လက်ရာမြောက်လှသော တံဆိပ်ဖြစ်သည်။ အရှေ့ပုံစံသည် ဓားဖြောင့်နှစ်ချောင်းကို ကြက်ကြက်ခြေခတ်ထားသည်။ ဓားသွားက အပြာနုရောင်အလင်းတန်း ထုတ်လွှတ်နေပြီး ဓားသွားနောက်တွင် မရေမတွက်နိုင်သော ကြယ်များဖြင့် ဖြန့်ကျက်ထားသည်။

ပုံစံအောက်တွင် စာလုံးသေးသေးလေးနှစ်လုံးကို ရေးထွင်းထားသည်။

——ဟုန်ဟောက်။

လင်ချီးယဲ့သည် ဤကဲ့သို့တံဆိပ်ကို သိသည်။ သူကိုယ်တိုင်ပင် ၎င်းကို ခဏလောက် ကစားဖူးသည်။ ထိုတံဆိပ်ပိုင်ရှင်က ကျောက်ခုန်းချိန်ဖြစ်သည်။

သို့သော် ရှန်ချင်းကျူနှင့် ပိုင်လီဖက်တီးတို့ကတော့… အဲဒါကဘာလဲ မသိကြပေ။ ထိုအချိန်တွင် သူတို့၏အာရုံကို ကောင်းကင်ရှိ မီးလျှံမြေနဂါးက လုံးဝဆွဲဆောင်သွားခဲ့သည်။

နည်းပြဟုန်သည် တံဆိပ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုက သူ့မျက်လုံးများတွင် တောက်ပလာသည်။

"ငါပြောတာနားထောင်ပါ" နည်းပြဟုန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

ရှန်ချင်းကျူနှင့် ပိုင်လီဖက်တီးတို့က တစ်ချိန်တည်းတွင် သူ့ကို ကြည့်လာကြသည်။

"ခဏနေရင် ငါ 'ဟိုင်' နယ်ပယ်ကို အတင်းဖြတ်ကျော်ပြီး ကျောက်တုံးထုကြီးရဲ့ မျက်နှာပြင်ပေါ်မှာ လမ်းကြောင်းတစ်ခု ဖန်တီးဖို့ ငါ့ခွန်အားတွေအကုန်သုံးလိုက်မယ် မင်းတို့ တတ်နိုင်သမျှ မြန်မြန်ပြေးကြပါ အဲဒါက ဒီထိုးနှက်ချက်ကို ရှောင်နိုင်မလား ငါမသိပေမယ့်… အဲဒါက အသက်ရှင်နိုင်မယ့် မင်းတို့ရဲ့နောက်ဆုံးနည်းလမ်း ဖြစ်နိုင်တယ်" နည်းပြဟုန်က တည်ငြိမ်စွာပြောသည်။

"ကျွန်တော်တို့လား" ပိုင်လီဖက်တီးသည် သူ့စကားများ၏ အဓိကအချက်ကို ကောင်းကောင်းသိနေပြီး "နည်းပြ… နည်းပြကရော ပြီးတော့… နည်းပြက ကျော်ဖြတ်ဖို့ ဘယ်လိုတွန်းအားပေးမှာလဲ"

"အရေးမကြီးပါဘူး" နည်းပြဟုန်၏ အသံက မငြင်းဆိုနိုင်သော ခမ်းနားသည့်လေသံရှိသည်။

သူသည် ခေါင်းငုံ့ကာ တံဆိပ်ကိုလှန်ပြီး ၎င်းပေါ်တွင် ရေးထွင်းထားသော စကားလုံးများကို နောက်ဆုံးတစ်ချက်ကြည့်ကာ သူ့နှုတ်ခမ်းပေါ်တွင် ခပ်ရေးရေးအပြုံး ပေါ်လာသည်။

"မင်းတို့ဂျူနီယာတွေက ပြေးဖို့ပဲလိုတယ်။ ကျန်တာက… ငါတို့စီနီယာတွေအလုပ်ပဲ"

နည်းပြဟုန်၏လက်ချောင်းသည် တံဆိပ်၏မျက်နှာပြင်ကို အသာအယာပွတ်လိုက်ရာ တံဆိပ်မှ အလွန်ပါးလွှာသော အပ်တစ်ချောင်း ထွက်လာသည်။ သူသည် အသက်ပြင်းပြင်းရှူကာ အပ်ကို သူ့ခန္ဓာကိုယ်ထဲသို့ ထိုးရန် လက်ကိုဝှေ့ယမ်းလိုက်သည်။

ဖတ်

လက်တစ်ဖက်က နည်းပြဟုန်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

နည်းပြဟုန်သည် အံ့အားသင့်စွာ ခေါင်းလှည့်လိုက်ရာ သူ့ဘေးတွင် ငြိမ်သက်စွာ ရပ်နေသော လင်ချီးယဲ့ကို မြင်လိုက်ရပြီး တခြားလက်တစ်ဖက်ဖြင့် နည်းပြဟုန်၏လက်မှ တံဆိပ်ကို ယူလိုက်ပြီး သူ့ရင်ဘတ်ထဲသို့ ပြန်ထည့်လိုက်သည်။

လင်ချီးယဲ့သည် ပြုံးလိုက်ပြီး သူ့အပြုံးက အလွန်နူးညံ့သည်။

"ညအမှောင်တွေရောက်လာရင်

သောင်းချီတဲ့လူတွေရှေ့မှာ ငါရပ်နေမယ်

ဓားနဲ့ ချောက်နက်ကို ဖြတ်ပြီး

ကောင်းကင်ကို သွေးရောင်လွှမ်းစေမယ်…ဟမ်"

လင်ချီးယဲ့သည် တိုးတိုးလေးပြောပြီး လှည့်ကြည့်လိုက်ကာ လေထုအလယ်က မီးလျှံမြေနဂါးကို မော့ကြည့်ရင်း သူ့မျက်နှာပေါ်ကအပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

"ငါ… ဒီလိုအဖြစ်ဆိုးမျိုး ထပ်ပြီးဖြစ်လာစေမှာမဟုတ်ဘူး"

သူ့ကိုယ်သူရေရွတ်လိုက်သည်။

TK Team (Chapter 204)