Chapter 111
Viewers 21k

🎶 Chapter 111



အမျိုးသားက ချောင်းဖွဖွလေး ဆိုးလိုက်ကာ အပြစ်မကင်းစိတ်များဖြင့် ပြောလိုက်သည်။

"ကိုယ်က အတွင်းရေးမှုးကောင်းကို စကားပြောခဲ့ရုံလေးပါ... သူကလည်း အချိန်ကောင်းလို့ထင်လို့ အဲ့လိုဖြစ်သွားခဲ့တာ...အဲ့ဒါကြောင့် သူက လက်မှတ်ထိုးခဲ့လိုက်တာ..."


"ဟမ့်..."

ယဲ့ဇယ်ရှစ် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သို့သော်ငြား ၎င်းက ပြီးပြီးသားကိစ္စဖြစ်၍ ဟယ့်ကျင်းယွင်နှင့် ငြင်းခုံရန် စိတ်မဝင်စားတော့ပေ။


သို့ရာတွင် ဟယ့်ကျင်းယွင်က ထပ်မေးလိုက်သည်။

"တိတိကျကျပြောရရင် အဲ့အချိန်တုန်းက ချုပ်ခဲ့တဲ့စာချုပ်က အကျုံးမဝင်ဘူးလို့ ပြောလို့ရတယ်...မင်းဘာလို့ ရုပ်ရှင်ရိုက်ဖို့ လာခဲ့သေးတာလဲ..."


ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို တစ်ချက်ကြည့်ကာ မှန်မှန်ကန်ကန် ပြောလိုက်သည်။

"သေချာပေါက် ကျွန်တော် ပိုက်ဆံမရှိလို့ပဲပေါ့...ခင်ဗျား မသိလောက်ဘူး...ကျွန်တော့်အဖေက ကျွန်တော့်ကတ်တွေ အကုန်လုံးကို ပိတ်ပစ်လိုက်တာလေ..."


ဤအံ့သြစရာမရှိသည့် အဖြေကိုကြားပြီး ဟယ့်ကျင်းယွင် နှုတ်ခမ်းများ ကော့တက်မသွားဘဲ မနေနိုင်ခဲ့ပေ။


ကျိန်းသေပေါက် ယဲ့ဇယ်ရှစ် တစ်ယောက်တည်းကသာ ဤကဲ့သို့စကားမျိုး ပြောလိမ့်မည်ဖြစ်၏။


ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်၏မျက်နှာကို ကြည့်ပြီးတစ်ခဏမျှ တွေးလိုက်ကာ ထပ်ပေါင်းပြောလိုက်၏။

"ဒါပေမဲ့ ဇာတ်ညွှန်းကြောင့်လည်း ပါပါတယ်..."


"ဟမ်..."

ဟယ့်ကျင်းယွင် အံ့သြစွာဖြင့် ယဲ့ဇယ်ရှစ်ကို မျက်လုံးဝင့်ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်က အနည်းငယ် သဘာဝမကျစွာဖြင့် ခေါင်းကိုဘေးသို့ လှည့်လိုက်ပြီး ဟယ့်ကျင်းယွင်ကို မကြည့်ခဲ့ချေ။

"အဲ့တုန်းက အတွင်းရေးမှူးကောင်းက ကျွန်တော့်ကို ဇာတ်ညွှန်းပေးခဲ့တယ်လေ...ကျွန်တော်ဖတ်ကြည့်လိုက်တော့ အဲ့ဒါက တော်တော်ကောင်းတာပဲ..."


ယဲ့ဇယ်ရှစ် ခေါင်းကို ပြန်လှည့်လိုက်ပြီး ဟယ့်ကျင်းယွင်ကို ပြင်းထန်ရက်စက်စွာ စိုက်ကြည့်လိုက်သည်။

"မဟုတ်ရင်ရော...ဘာလဲ...ခင်ဗျားက ကျွန်တော့်ကို ပိုက်ဆံအတွက်နဲ့ ဦးညွတ်မယ့်သူလို့ ထင်နေတာလား..."


ဟယ့်ကျင်းယွင် ဗလာသက်သက် ရယ်မောလိုက်သည်။

"မင်းက သေချာပေါက် အဲ့လိုမဟုတ်ပါဘူးကွာ..."


ဤသည်က အမှန်တရားပင်။


ယဲ့ဇယ်ရှစ် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင် ကျွန်တော်နဲ့ ပူးပေါင်းချင်တဲ့ ဒါရိုက်တာတွေ အများကြီးကိုတောင် ကျွန်တော်က ငြင်းခဲ့တာနော်..."


ဟယ့်ကျင်းယွင် မျက်ဝန်းထဲက အပြုံးက ပိုနက်ရှိုင်းလားပြီး ရုတ်တရက် ယဲ့ဇယ်ရှစ်နား တိုးကပ်လိုက်ကာ လေးလေးနက်နက် စိုက်ကြည့်၍ မေးလိုက်သည်။

"ဒါဆိုရင် ကိုယ် ဖိတ်ခေါ်တာကရော ဘယ်လိုလဲ..."


ယဲ့ဇယ်ရှစ် မမျှော်လင့်စွာနှင့် အမျိုးသား၏ အနက်ရောင် မျက်ဝန်းများထဲ ဖမ်းစားခံလိုက်ရပြီး သူ့အကြည့်များက အောက်သို့ရွေ့သွားကာ အမျိုးသား၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများပေါ် ကျရောက်သွားသည်။ ၎င်းက လွန်ခဲ့သည့် ရက်အနည်းငယ်က ယဲ့ဇယ်ရှစ် နမ်းရှိုက်ခဲ့သည့် နေရာလည်း ဖြစ်ပေသည်။


တစ်ကြိမ် သတိရလိုက်သည်နှင့် ယဲ့ဇယ်ရှစ်၏မျက်နှာက မထိန်းနိုင်စွာ နီရဲတက်လာခဲ့တော့ သည်။


နှုတ်ခမ်းတင်းတင်းစေ့ပြီး အသက်တစ်ချက် ရှုလိုက်ကာ ယဲ့ဇယ်ရှစ် အံကြိတ်ပြီး ပြောလိုက်သည်။

"အဲ့ဒါက ခင်ဗျားလုပ်ဆောင်မှုပေါ်မှာ မူတည်တယ်..."


ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်လိုက်သည်။

"ဟမ်...ဘယ်လိုမျိုး လုပ်ဆောင်မှုလဲ..."


ယဲ့ဇယ်ရှစ်က ရုတ်တရက် လက်ဦးမှုယူကာ အနီးတိုးကပ်ပြီး ဟယ့်ကျင်းယွင်၏နှုတ်ခမ်းများပေါ် အသံကျယ်ကျယ်ထွက်အောင် နမ်းရှိုက်လိုက်ပြီး အလျင်အမြန် နောက်ဆုတ်ကာ ထွက်သွားလိုက်သည်။

"ဒီလိုမျိုး..."


ဟယ့်ကျင်းယွင် မှင်တက်သွားပြီး ထရပ်ကာ ယဲ့ဇယ်ရှစ်၏လက်မောင်းကို ဆုပ်ကိုင်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ကိုယ့်ကို ကိုယ်ထိလက်ရောက် စော်ကားပြီးတော့ ထွက်ပြေးမယ်ပေါ့လေ..."


ယဲ့ဇယ်ရှစ် ရုန်းကန်လိုက်သော်လည်း အချည်းနှီးပင်။


ယဲ့ဇယ်ရှစ်က အပြစ်ကင်းစင်စွာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး နှာမှုတ်လိုက်သည်။

"ဒါဆိုရင် ခင်ဗျားက ဘာလိုချင်လို့လဲ..."


ဟယ့်ကျင်းယွင် ခေါင်းကိုငုံ့ကာ ခါတိုင်းကဲ့သို့ပင် အပြုအမူများနှင့် အဖြေပြန်ပေးလိုက်သည်။


အနမ်းပြီးဆုံးသွားသည့်နောက် ယဲ့ဇယ်ရှစ် ခုတင်ပေါ်လှဲကာ ထုံကျင်နေသော သူ့နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။ သူ မအံ့သြဘဲ မနေနိုင်တော့ပေ။ အကယ်၍ ဤသို့သာ ဆက်သွားနေပါက ကောင်းလိမ့်မည် မဟုတ်ချေ။


အနမ်းတစ်ခုချင်းစီ၏ အစပိုင်းတွင် သေချာပေါက် သူက စည်းချက်မှန်မှန် ထိန်းချုပ်နိုင်သော်ငြား အဆုံးသတ်ကိုမူ ဟယ့်ကျင်းယွင်ကသာ ဦးဆောင်သွားသည်ပင်။


မဖြစ်ဘူး မဖြစ်ဘူး... ငါတော့ မြန်မြန်သင်ယူမှပဲ ဖြစ်တော့မယ်...


အိပ်ရာထဲမှာ ဟယ့်ကျင်းယွင်ကို မထိန်းချုပ်နိုင်ခဲ့ရင်တောင်မှ အနည်းဆုံးတော့ ငါ့နည်းလမ်းနဲ့သူ ဒီလူကို လွှမ်းမိုးထားနိုင်ရမယ်...


သူ့ဘေးရှိ အမျိုးသားကို ကြည့်ပြီး ယဲ့ဇယ်ရှစ် တိတ်တဆိတ် သံန္နိဌာန် ချမှတ်လိုက်သည်။


ယဲ့ဇယ်ရှစ်၏အမူအရာကိုမြင်ပြီး ဟယ့်ကျင်းယွင် အနည်းငယ် မျက်ခုံးပင့်လိုက်သည်။

"ဘာလဲ မင်းထပ်လုပ်ချင်သေးလို့လား..."


ယဲ့ဇယ်ရှစ် မျက်လုံးလှိမ့်လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။

"အဲ့ဒါကို ခင်ဗျားကိုယ်ခင်ဗျား လုပ်နေလိုက်...ကျွန်တော်ကတော့ ရေသွားချိုးတော့မယ်..."


ဟယ့်ကျင်းယွင် အကျယ်ကြီး အော်ရယ်လိုက်သည်။


နောက်တစ်နေ့ နံနက်စောစောတွင် သူတို့နှစ်ယောက် "အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း" ရိုက်ကွင်း တည်ရှိသည့် စုကျိုးသို့ သွားလိုက်ကြသည်။


သူတို့အား လာခေါ်သည့် ဝန်ထမ်းက နှစ်ယောက်သား လေဆိပ်မှ တူတူထွက်လာသည်ကို မြင်ချိန်တွင် အံ့သြမသွားခဲ့ချေ။ သို့သော်ငြား ကောင်းရှူကမူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"သခင်လေး...ဘာလို့ ရုပ်ရှင်ဧကရာဇ်ဟယ့်နဲ့ တူတူရှိနေတာလဲ..."


ခါတိုင်းလိုပင် ယဲ့ဇယ်ရှစ်က ညာလိုက်သည်။

"ကျွန်တော်သူနဲ့ ရှန့်ဟိုင်းမှာ တွေ့ခဲ့တာ...အဲ့ကြောင့် လေယာဥ်တူတူစီးလာဖို့ ဆုံးဖြတ်လိုက်တာ.."


"အိုး..."

ကောင်းရှူ သံသယမဝင်ဘဲ ပြန်ဖြေလိုက်သည်။


အုပ်စုက လျင်မြန်စွာ ဟိုတယ်ကို ပြန်သွားလိုက်ကြသည်။ ယဲ့ဇယ်ရှစ် ခုတင်ပေါ် ထိုင်ချချလိုက်ခြင်းပင် Wechat ကအသံမြည်လာခဲ့သည်။


ဟယ့်ကျင်းယွင် : "လာမလား..."


ယဲ့ဇယ်ရှစ် မျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။

"ဘာလို့လဲ...ကျွန်တော်တို့ သုံးရက်တောင် အတူတူရှိခဲ့တာကို...ခင်ဗျား မပင်ပန်းသေးဘူးလား..."


ဟယ့်ကျင်းယွင် : " ဒါဆို ကိုယ်လာခဲ့မယ်..."


မကြာမီမှာပင် ယဲ့ဇယ်ရှစ် အခန်းတံခါးခေါက်သံကြားလိုက်ပြီး ဖွင့်လိုက်ရာ တံခါးပေါက်တွင် မတ်တတ်ရပ်နေသာ ဟယ့်ကျင်းယွင်ကိုမြင်ချိန် မအံ့သြတော့ပေ။


တံခါးပိတ်ရင်း ယဲ့ဇယ်ရှစ် မေးလိုက်သည်။

"အဲ့လို ပွင့်ပွင့်လင်လင်း လာလို့ရတာလား..."


ဟယ့်ကျင်းယွင် မျက်ခုံးပင့်လိုက်သည်။

"မဟုတ်ရင်ရော...ကိုယ်က ဒီနေရာကို ခိုးဝင်ဖို့က ဖြစ်နိုင်လို့လား...ကိုယ်တို့က အဲ့လို ခိုးကြောင်ခိုးဝှက် တိတ်တိတ်ပုန်း ဆက်ဆံရေးမျိုးလား..."


ယဲ့ဇယ်ရှစ် : "မဟုတ်လို့လား..."


ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။

"ဒါမှမဟုတ် ကိုယ်တို့ရဲ့ဆက်ဆံရေးကို ကြေညာနိုင်တယ်လေ..."


ယဲ့ဇယ်ရှစ် တစ်ခဏမျှတန့်သွားပြီး ဟယ့်ကျင်းယွင်ကို အနည်းငယ် အံ့သြသင့်မှုများဖြင့် ကြည့်လိုက်သည်။

"အဲ့ဒါကို ပြည်သူတွေကို ဖွင့်ပြလိုက်ဖို့ ခင်ဗျား စိတ်ပူဘူးပေါ့လေ..."


"မင်းက စိတ်ပူလို့လား..."

ဟယ့်ကျင်းယွင် မေးလိုက်သည်။


"သေချာပေါက် ကျွန်တော်က စိတ်မပူဘူးပေါ့..."

ယဲ့ဇယ်ရှစ် ဝန်ခံပြောလိုက်သည်။


သူက လူသိရှင်ကြား ဖွင့်ပြရန် အလွန်စိတ်အားထက်သတ်နေပေသည်။ လူထုကို ဖွင့်ပြလိုက်ပြီးနောက် သူက လလလူများအား အပေါ်စီးမှ သူ့ကောင်လေးကို ကြွားလုံးထုတ်နိုင်ပြီပင်။


အဲ့လိုဆို အားလုံးလွယ်သွားပြီမလား.. ငါက ဘာလို့စိတ်ပူရမှာလဲ...


ဟယ့်ကျင်းယွင် မျက်လုံးထဲမှ အပြုံးက ပိုနက်ရှိုင်းလာပြီး စကားတစ်လုံးမှ မပြောဘဲ ရှေ့သို့ ခြေတစ်လှမ်းသာလျှင် တိုးလိုက်ကာ ယဲ့ဇယ်ရှစ်အား နက်နက်ရှိုင်းရှိုင်း နမ်းလိုက်သည်။


ယဲ့ဇယ်ရှစ် အနမ်းခံလိုက်ရ၍ သတိလက်လွတ်ဖြင့်တွန်းထုတ်ရန် ပြင်လိုက်သော်လည်း ဟယ့်ကျင်းယွင်က အလွန်လျင်မြန်စွာဖြင့် အနမ်းကို စိုးမိုးခြယ်လှယ်လိုက်သည်။ သူတစ်ကြိမ် အာရုံမစိုက်သည်နှင့် အမျိုးသား၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရတော့သည်။


ရင်းနှီးနေသော အသက်ရှုငွေ့က နီးကပ်လာက ခုခံရမည်လား ဆက်သွားရမည်လား စဥ်းစားလိုက်ရာ သံသယမရှိစွာပင် ယဲ့ဇယ်ရှစ်က နောက်ကတစ်ခုကို ရွေးချယ်လိုက်သည်။


သို့သော်ငြား ဤတစ်ကြိမ်တွင် နှစ်ယောက်လုံးက အနည်းငယ် စိတ်လှုပ်ရှားနေ၍ ဖြစ်ကောင်းဖြစ်နိုင်ပေသညိ။ သို့မဟုတ် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့က အလွန်ရိုးသားခဲ့သောကြောင့် ဖြစ်နိုင်ပေသည်။ ဤတစ်ကြိမ်တွင်မူ သူတို့က မျဥ်းကို ဖြတ်ကျော်လုနီးပါး ဖြစ်သွားကြသည်။


အနည်းငယ် ရှက်ရွံ့စွာဖြင့် ဟယ့်ကျင်းယွင်ကို တွန်းလွှတ်လိုက်ပြီး ယဲ့ဇယ်ရှစ်၏မျက်နှာနှင့် လည်ပင်းက

လုံးဝ နီရဲတွတ်နေခဲ့သည်။


ဟယ့်ကျင်းယွင်က ဤတစ်ခေါက်တွင် မူမမှန်မှုကို ရှာတွေ့သွားပြီး အရှေ့သို့ ကိုယ်ကို အနည်းငယ် ကိုင်းလိုက်သည်။


ယဲ့ဇယ်ရှစ်၏ခန္ဓာကိုယ်က တင်းကျပ်သွားပြီး ပြောလိုက်သည်။

"ဒီကိုမလာနဲ့..."


ဟယ့်ကျင်းယွင်၏အကြည့်များက ယဲ့ဇယ်ရှစ်၏ နီရဲနေသော နားရွက်ထိပ်လေးများပေါ် ကျရောက်နေကာ ပြုံးလျက် ပြောလိုက်သည်။

"ကိုယ်တို့ နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသားလေ..."


"အဲ့ဒါကြောင့် ကျွန်တော်တို့ လုံခြုံစိတ်ချရတဲ့ အကွာအဝေးကို ထိန်းသိမ်းထားရမှာလေ..."

ယဲ့ဇယ်ရှစ် ပြောလိုက်သည်။


ဟယ့်ကျင်းယွင် မနေနိုင်ဘဲ သုန်မှုန်သွားကာ သူ့ရင်ဘတ်နှင့်ဝမ်းဗိုက်က အနည်းငယ် တုန်ယင်လာခဲ့သည်။


ထိုအချိန်မှသာ ဟယ့်ကျင်းယွင်လည်း သူနှင့် တူညီသည့် အခြေအနေကို ကျရောက်နေမှန်း ယဲ့ဇယ်ရှစ် နားလည်လိုက်သည်။


ဟမ်းးးးယောကျ်ားတွေကတော့...


ယဲ့ဇယ်ရှစ် ရှက်သွေးဖြာစွာဖြင့် အဝေးကို အကြည့်လွှဲပြီး သူ့နှလုံးသားထဲတွင် တိတ်တိတ်လေးအော်ဟစ်လိုက်သည်။


ငါအခု ဘာလုပ်သင့်လဲ...


ငါ ဘာမှလည်း မလေ့လာရသေးဘူး...ဘာပစ္စည်းမှလည်း မရှိဘူးလေ...


ဤသည်ကိုတွေးပြီး ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်အား ရှုပ်ထွေးနေသည့် မျက်နှာထားဖြင့် ထပ်ကြည့်လိုက်ရာ အမျိုးသား၏ ငေးကြည့်နေမှုနှင့် ဆုံသွား၏။ 


ဟယ့်ကျင်းယွင်က အလွန်ပင် တည်ငြိမ်အေးဆေးနေပုံပေါ်ကာ အကြံပြုလိုက်သည်။

"မင်း ကြိုးစားကြည့်ချင်လား..."


" ဘာကို ကြိုးစားမှာလဲ..."

ယဲ့ဇယ်ရှစ် ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော်နဲ့ဝေးဝေးနေနော်...ဒါမှမဟုတ် လည်း ခင်ဗျားဘာသာ ရေချိုးခန်းထဲ သွားလိုက်..."


ဟယ့်ကျင်းယွင် သက်ပြင်းချလိုက်ပြီး သူ့လေသံထဲက ဆုံးရှုံးမှုကို ဖုံးကွယ်မထားနိုင်ပေ။

"ဘယ်အချိန်မှ အဆင်ပြေမှာလဲကွာ..."


ယဲ့ဇယ်ရှစ်က 'သေချာပေါက် ကျွန်တော်တို့လိုအပ်တဲ့ ပစ္စည်းတွေရှိတဲ့အချိန်ထိ စောင့်ရမှာပေါ့' ဟုပြောချင်သောငြား တွေးကြည့်လိုက်ပြီးနောက် ပြောလိုက်ဆဲပင်။

"အနည်းဆုံးတော့ ဘယ်သူက တော့ပ်မလဲ ဘော့တွန်နေမလဲ ဆိုတာကို ဆုံးဖြတ်ပြီးတဲ့ထိ ကျွန်တော်တို့ စောင့်ရမယ်..."


ယဲ့ဇယ်ရှစ်က ဤပြဿနာအား ဆက်လက်ရုန်းကန်နေလိမ့်ဦးမည်ဟု ဟယ့်ကျင်းယွင် မမျှော်လင့်ခဲ့ပေ။ 

သူ တိုးတိုးလေးရယ်လိုက်ကာ ပြောလိုက်သည်။

"ကိုယ်တို့ ကြိုးစားတဲ့အချိန်မှ နေရာတွေကို ဆုံးဖြတ်နိုင်တယ်လေ..."


ယဲ့ဇယ်ရှစ် သူ့အားတစ်ချက် ကြည့်လိုက်သည်။

"အဲ့ဒါကို ကျွန်တော် ယုံမယ်လို့ ခင်ဗျားထင်နေတာလား..."


ဟယ့်ကျင်းယွင် စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလိုက်သည်။


သို့သော် စကားအနည်းငယ် ထပ်ပြောပြီးနောက် သူတို့နှစ်ယောက် စိတ်တည်ငြိမ်သွားကြသည်။


ယဲ့ဇယ်ရှစ် သူတို့နှစ်ယောက်ကြားက အကွာအဝေးကိုကြည့်ပြီး မနေနိုင်ဘဲ ဟယ့်ကျင်းယွင်အား မှီလိုက်လေသည်။

"ဒီည ကျွန်တော့်အခန်းထဲမှာ အိပ်မှာလား..."


ဟယ့်ကျင်းယွင်က မတုံ့ဆိုင်းပေ။

"ကိုယ့်ကို မမောင်းထုတ်ချင်တော့ဘူးပေါ့..."


ယဲ့ဇယ်ရှစ် သက်ပြင်းချလိုက်သည်။

"ကျွန်တော်က ခင်ဗျားကို ဘာလို့မောင်းထုတ်ချင်ရမှာလဲ..."


တစ်ခဏတန့်သွားပြီးမှ ယဲ့ဇယ်ရှစ် ထပ်ပြောလိုက်သည်။

"အဲဒီပရိုဂရမ်အဖွဲ့ကသာ...သူတို့ ဧည့်သည်တွေရဲ့အခန်းထဲကို ရုတ်တရက်ကြီး ဖောက်ဝင်လာလောက်မယ်လို့ ခင်ဗျားထင်လား..."


ဟယ့်ကျင်းယွင် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ယခင်ရိုက်ကူးရေးကို ပြန်စဥ်းစားလိုက်သည်။

"ရှေ့က ရိုက်ကူးရေးတွေမှာတုန်းကတော့ ဒီပုံစံ မလုပ်ခဲ့ကြဘူး...အဲ့တော့ မင်းစိတ်ပူစရာ မလိုဘူး..."


ယဲ့ဇယ်ရှစ်လည်း တစ်ခဏမျှတွေးကြည့်ပြီး ဟယ့်ကျင်းယွင်နှင့် အတူတူပင် တွေးလိုက်မိသည်။ ထို့ကြောင့် သူဆက်မပြောတော့ချေ။


ဟယ့်ကျင်းယွင်က လက်ဆန့်ပြီး ယဲ့ဇယ်ရှစ်ကို သူ့ရင်ခွင်ထဲ တစ်ဖန် ပြန်ဆွဲသွင်းလိုက်ကာ ယဲ့ဇယ်ရှစ်၏နှုတ်ခမ်းထောင့်ကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။ သို့သော်ငြား ဤတစ်ကြိမ်တွင်မူ အနမ်းက မနက်ရှိုင်းဘဲ ပေါ့ပေါ့ပါးပါးသာ ထိတွေ့လိုက်ပေသည်။


ယဲ့ဇယ်ရှစ်၏နှုတ်ခမ်းက ကော့တက်သွားပြီး သူလည်း ဟယ့်ကျင်းယွင်အား လက်မောင်းများဖြင့် ပြန်ပွေ့ဖက်ထားလိုက်သည်။


၎င်းက ချစ်ခြင်းမေတ္တာကြောင့်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်က Murphy's law ဟုခေါ်သော ယုတ္တိဗေဒရှိကြောင်းကို မေ့သွားကြလေသည်။


ဖြစ်နိုင်ချေက အလွန်နိမ့်နေသော်ငြား မင်းမလိုချင်သည့် အရာတစ်ခုက ဖြစ်နိုင်ချေရှိသည်ဆိုရုံမျှ ရှိနေပါက ၎င်းက ဖြစ်လာလိမ့်မည်ပင်။


နောက်တစ်နေ့ ရိုက်ကူးရေးမနက်ခင်းတွင် ယဲ့ဇယ်ရှစ်၏ အခန်းတံခါးက တိတ်တဆိတ် ဖွင့်ခံလိုက်ရ၏။


ဝေ့ပေ၏အသံက တံခါးမှ ထွက်ပေါ်လာခဲ့သည်။

"ကျွန်တော် ဇယ်ရှစ်ရဲ့အခန်းကို ဖျက်လိုက်လို့ သူဒေါသထွက်ရင် ခင်ဗျားတို့ ဒါရိုက်တာအဖွဲ့က အပြည့်အဝ တာဝန်ယူပေးရမယ်နော်..."



🎶🎶🎶