Chapter 110
Viewers 21k

🎶 Chapter 110



ယဲ့ဇယ်ရှစ်တွင် အခန်းရွေးချယ်မှုနှင့် ပတ်သက်ပြီး ဇီဇာကြောင်မှု မရှိပေ။ သူက ဟယ့်ကျင်းယွင်နောက် လိုက်ချင်ရုံသာဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်သည့်အခန်းတစ်ခုထဲ နေနိုင်သရွေ့ အဆင်ပြေသည်ပင်။


ရိုက်ကွင်းတည်နေရာ ရောက်ချိန်တွင် ဟယ့်ကျင်းယွင်က အရင်ဦးစွာ မိတ်ကပ်လိမ်းရန် သွားလိုက်ပြီး ယွိရယ်က ယဲ့ဇယ်ရှစ်အား နံဘေးရှိ နားနေခန်းထဲ ခေါ်သွားလိုက်သည်။ 


"အစ်ကိုဟယ့်က အပြင်မှာ ရိုက်ကူးမှာ...ဒီမှာ ရေနဲ့အဆာပြေမုန့်တွေ ရှိတယ်...အစ်ကိုဟယ့်က ယဲ့လောင်ရှီး ပျင်းနေမှာစိုးလို့ ကျွန်တော့်ကို တက်ဘလက်တစ်ခု ပေးခိုင်းလိုက်တယ်...ယဲ့လောင်ရှီး ပျင်းနေရင် တက်ဘလက်က တစ်ခုခုကို ကြည့်နေလို့ ရပါတယ်..."

ယွိရယ်က ရှင်းပြနေရင်းနှင့်ပင် ယဲ့ဇယ်ရှစ်ရှေ့က စားပွဲပေါ်ကို ပစ္စည်းများ တင်လိုက်သည်။


ယဲ့ဇယ်ရှစ် ခေါင်းညိတ်ပြီး တက်ဘလက်ကိုယူကာ ပြောလိုက်သည်။

"သိပါပြီ...မင်းကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်..."


"ဒုက္ခမဖြစ်ပါဘူး...ဒုက္ခမဖြစ်ပါဘူး..."

ယွိရယ် ပြုံးလိုက်သည်။

"တစ်ခုခုလိုရင် ကျွန်တော့်ကိုသာ လှမ်းခေါ်လိုက်ပါ...ကျွန်တော် အပြင်မှာရှိပါတယ်..."


"‌ကောင်းပါပြီ..."

ယဲ့ဇယ်ရှစ် ပြန်ပြောလိုက်သည်။


ယွိရယ် ခေါင်းညိတ်ပြီး ထရပ်ကာ အခန်းထဲမှ ထွက်သွားလိုက်သည်။


ယွိရယ် ထွက်သွားလျှင် ထွက်သွားချင်းမှာပင် ယဲ့ဇယ်ရှစ် သမ်းဝေလိုက်သည်။


သူ ယခုထိ အပြည့်အဝ မနိုးသေးချေ။


အရမ်း အိပ်ငိုက်နေပြီ...


ရုပ်ရှင်ရိုက်ကူးနေသည့် အချိန်တွင်းမှ လွဲ၍ သူတစ်ခါမှ ဤမျှ စောစောမထဖူးချေ။


ယဲ့ဇယ်ရှစ် အလွန်အိပ်ငိုက်နေ၍ anime ကြည့်ချင်သည့် စိတ်အခြေအနေ မရှိပေ။ ထို့ကြောင့် ရိုးရှင်းစွာပင် ဆိုဖာပေါ် လှဲလိုက်ပြီး တစ်ရေး အိပ်နေလိုက်သည်။


ဤအချိန်အတွင်းတွင် ယွိရယ်က ရောက်လာခဲ့ပြီး ယဲ့ဇယ်ရှစ် အိပ်ပျော်နေသည်ကို မြင်သွားသည်။ ထို့ကြောင့် သူအလျင်အမြန်ပင် ထွက်သွားပြီး နားနေခန်းထဲက အခြေအနေကို ဟယ့်ကျင်းယွင်အား ပြောပြလိုက်သည်။


ထိုအချိန်တွင် ဟယ့်ကျင်းယွင်က မိတ်ကပ်လိမ်းပြီးသွားပြီဖြစ်ကာ မဂ္ဂဇင်းဓာတ်ပုံရိုက်ကူးရန် အဆင်သင့် ဖြစ်နေပြီပင်။ ယွိရယ်ပြောသည်ကို ကြားပြီးနောက် ဒါရိုက်တာကို တောင်းပန်စကားပြောကာ နားနေခန်းထဲသို့ ဝင်သွားလိုက်သည်။


ဒါရိုက်တာနှင့် ဟယ့်ကျင်းယွင်ကလည်း အသိအကျွမ်းဟောင်းများ ဖြစ်ကြသည်။ ဤသည်ကို မြင်လိုက်ရာ ဒါရိုက်တာက ယွိရယ်ကို မေးခွန်းတစ်ခုနှင့်အတူ ကြည့်လိုက်သည်။

"နားနေခန်းထဲက ဘယ်သူလဲ...သူ့ကြည့်ရတာ အဲ့လူကို တော်တော်ဂရုစိုက်ပုံရတယ်...ရိုးရိုးရှင်းရှင်းတော့ မဟုတ်လောက်ဘူး..."


ပတ်ပတ်လည်ရှိ လူများက အတင်းအဖျင်း ပြောချင်သည့် သဘာဝကို မထိန်းနိုင်ကြတော့ပေ။


ယွိရယ်၏မျက်နှာက ခါးသီးသွားသော်လည်း သူမည်သည့်အရာမှ မပြောနိုင်ပေ။ ထို့ကြောင့် ဒါရိုက်တာကို ပြောရုံသာ တတ်နိုင်ပေသည်။

"အစ်ကိုဟယ့် ထွက်လာတဲ့အချိန်ကျမှ ဒါရိုက်တာကိုယ်တိုင် မေးကြည့်နိုင်ပါတယ်...ကျေးဇူးပြုပြီး ကျွန်တော့်ကို မမေးပါနဲ့..."


ငါကဒီတိုင်း သနားစရာကောင်းပြီး အကူအညီမဲ့နေတဲ့ လက်ထောက်လေး တစ်ယောက်သာသာပါလို့...


ဒါရိုက်တာက ရုတ်ချည်းပင် စိတ်ဝင်စားလာခဲ့တော့သည်။


စိတ်ဝင်စားစရာပဲ...ယွိရယ် မပြောပြတာကို နောက်ကျမှ ဟယ့်ကျင်းယွင်ကို သေချာပေါက် မေးကြည့်ရမယ်...


ဟယ့်ကျင်းယွင် စောင်တစ်ထည်ကိုရှာပြီး ယဲ့ဇယ်ရှစ်ကို ခြုံပေးကာ air-con ကို အနည်းငယ် နိမ့်ချလိုက်သည်။ ယဲ့ဇယ်ရှစ် အအေးမမိသည်ကို အတည်ပြုပြီးနောက် အပြင် ပြန်ထွက်သွားလိုက်သည်။


၎င်းအရာအားလုံးမှာ စုစုပေါင်း အချိန်နှစ်မိနစ်သာ ကြာလေသည်။ သို့သော် သူထွက်လာချိန်တွင် သူ့ပတ်ဝန်းကျင်မှ လူများ၏ အတင်းအဖျင်းများနှင့် ပြည့်နေသော အကြည့်များကို ပြင်းပြင်းပြပြ အာရုံခံမိလိုက်သည်။


အထူးသဖြင့် လူပုံအလည်တွင် မတ်တတ်ရပ်နေသော ဒါရိုက်တာထံမှဖြစ်ပြီး "စပ်စုစိတ်" ဟု မျက်နှာတစ်ပြင်လုံး ရေးထားသော စကားလုံးကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။


ဟယ့်ကျင်းယွင် ယွိရယ်ကို တစ်ချက်ကြည့်လိုက်ရာ ယွိရယ်က အလျင်အမြန် ခေါင်းယမ်းလိုက်သည်။

ကျွန်တော် ဘာမှ မပြောခဲ့ဘူးနော်...


ဟယ့်ကျင်းယွင် အကူအညီမဲ့စွာ ပြုံးလိုက်သည်။

"ကျွန်တော်တို့ ရှုတင်ရိုက်ဖို့ရှိတယ် မဟုတ်ဘူးလား..."


ဒါရိုက်တာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ငါတို့အရင်ရိုက်ကြမယ်...ပြီးရင် မင်း...လူရှုပ်ကလေး...မင်း အချိန်ရတဲ့အခါကျ ငါ့ကို ရိုးရိုးသားသား ပြောပြ..."


ဟယ့်ကျင်းယွင် မျက်ခုံးပင့်လိုက်ပြီး မည်သည်မှ မပြောလိုက်ပေ။


ယဲ့ဇယ်ရှစ် မနက်ခင်းတစ်လျှောက်လုံး နာနေခန်းထဲတွင် အိပ်ပျော်နေခဲ့ပြီး သူနိုးလာချိန်တွင် ဟယ့်ကျင်းယွင်က နေ့လည်စာထမင်းဘူး ယူလာပြီး နေ့လည်စာစားရန် ပြောလိုက်သည်။


ယဲ့ဇယ်ရှစ် တစ်ခဏမျှ ကြက်သေသေသွားပြီး ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

"နေ့လည်စာစားချိန်တောင် ရောက်နေပြီလား..."


ဟယ့်ကျင်းယွင် သူ့ကို ရေဘူး ကမ်းပေးလိုက်သည်။

"အင်း...ရေအရင်သောက်လိုက်ဦး..."


ယဲ့ဇယ်ရှစ် ရေတစ်ငုံ သောက်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက အလွန် နိုးကြားသွားသည်။ သူ အလွန်အမင်း အံ့သြတကြီးဖြင့် ပြောလိုက်သည်။

"ကျွန်တော် အဲ့လောက်ကြာအောင် အိပ်ခဲ့တာလား...အာ...အဲ့ဒါက ဒီနေ့ရှုတင် စတိုင်လ်လား..."


အပြည့်အဝနိုးကြားသွားပြီးနောက် ယဲ့ဇယ်ရှစ် ထိုအချိန်တွင် ဟယ့်ကျင်းယွင်၏အသွင်အပြင်ကို သတိပြုမိလိုက်သည်။


အမျိုးသားက နက်မှောင်သည့် အနက်ရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး အောက်ခံရှပ်က V ပုံသဏ္ဍာန်လည်ပင်းကျယ်ဖြစ်ကာ သူ့ရင်အုပ်ကြွက်သားလိုင်းများကို မြင်နေရသည်။ ယဲ့ဇယ်ရှစ် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။


ဒီရှုတင်က ဘာလဲဟ...ဘာလို့ ဒီလောက်တောင် အသားဖော်ထားရတာတုန်း...


ဟယ့်ကျင်းယွင် လူငယ်လေး၏ အကြည့်နောက် လိုက်ပြီး သူ့ရင်ဘတ်ကို ကြည့်ကာ သူ့မျက်လုံးများ ကွေးညွတ်သွားသည်။ 

"အဲ့ဒါက မဂ္ဂဇင်းဓာတ်ပုံရိုက်ဖို့လေ..."


ယဲ့ဇယ်ရှစ်၏အမူအရာက ရှုပ်ထွေးနေသည်။


"ဟမ်..."

ဟယ့်ကျင်းယွင် ပြုံးလိုက်သည်။


"အရမ်းဖော်ထားလွန်းနေတယ်..."

ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်လိုက်သည်။


ဟယ့်ကျင်းယွင် တိုတိုးလေး ရယ်မောလိုက်သည်။

"ဒါဆို ကိုယ်နောက်ကျ လဲလိုက်မယ်လေ..."


ယဲ့ဇယ်ရှစ် ၎င်းကို သာမာန်ကာလျှံကာ ပြောလိုက်ခြင်းဖြစ်ကာ အလေးအနက် မမှတ်ယူပချေ။ အဆုံးတွင် ၎င်းက ရှုတင်က လိုအပ်၍ ဖြစ်ကြောင်း သူနားလည်ကာ သူတို့လုပ်နိုင်သည့် မည်သည့်အရာမှ မရှိချေ။


သို့သော် နားလည်သဘောပေါက်ခြင်းက တစ်ခုဖြစ်ကာ သူ့အမြင်ကို ပါးစပ်က ထုတ်ပြောမလား မပြောမလားဆိုသည်က အခြားတစ်ခုပင်။


ပြောရရင် ဒီအမျိုးသားက အခု ငါ့ကောင်လေး ဖြစ်နေပြီလေ...


ထို့ကြောင့် ယဲ့ဇယ်ရှစ်က နေ့လည်ခင်း ရှူတင်ဆက်မရိုက်မီအထိ ၎င်းကို မမျှော်လင့်ခဲ့ချေ။ ဟယ့်ကျင်းယွင်က အမှန်တကယ် ဝတ်စုံပြောင်းရန် တောင်းဆိုခဲ့ပြီး မနက်ခင်းကရိုက်ခဲ့သမျှ ဓာတ်ပုံအားလုံးကို ဖျက်ပစ်ရန် ဒါရိုက်တာကို မေးခဲ့လေသည်။


ဤသည်ကို ကြားချိန်တွင် ဒါရိုက်တာမှာ ပေါက်ကွဲလုနီးနီးပင်။ သူသာ ဟယ့်ကျင်းယွင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးမရှိနေပါက ဟယ့်ကျင်းယွင်အား အမှန်တကယ်ကြီး ရိုက်သတ်မိမည် ဖြစ်သည်။


တကယ်ရိုက်သတ်မှာ...


×××××


ရှုတင်ပြီးသွားသည့်နောက် ဝန်ထမ်းတစ်ယောက်က ဒေါသပေါက်ကွဲလုနီးနီး ဖြစ်နေပြီဖြစ်သော ဒါရိုက်တာအား ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်သည်။

"ဒါရိုက်တာ ကျွန်တော်တို့ အဲ့ပုံတွေကို တကယ်ဖျက်ပစ်ရမှာလား..."


ဤစကားကြားလိုက်ချိန်တွင် ဒါရိုက်တာက ကင်မရာအား ရိုက်ခွဲလုနီးပါး ဖြစ်သွားသည်။


ဟယ့်ကျင်းယွင်က ဖျက်ပစ်ပေးလို့ ပြောပြီးမှတော့ ငါက ဘယ်လိုလုပ်ပြီး မဖျက်လို့ရပါတော့မလဲ...


မူလက သူ ဟယ့်ကျင်းယွင်အား တောင်းပန်မှုကြောင့် ဤပူးပေါင်းဆောင်ရွက်မှု ဖြစ်လာခြင်းဖြစ်သည်။ အကယ်၍ သူသာ ပုံများကို မဖျက်ခဲ့ပါက ယနေ့ ရိုက်ကူးရေးက ခေတ္တရပ်ဆိုင်းခံရဖွယ် ရှိပေသည်။


အဲ့ခွေးကောင် ဟယ့်ကျင်းယွင်က တစ်ဖက်လူက ဘယ်သူဆိုတာတောင် ငါ့ကို မပြောပြသွားဘူးလေ...


ဟယ့်ကျင်းယွင်အား ထိုသို့ ရတနာတစ်ပါးသဖွယ်အလွန်တန်ဖိုးထားရန် ပြုလုပ်နိုင်ရန်မှာ တစ်ဖက်က အလွန်အရေးကြီးသည့် လူတစ်ယောက် ဖြစ်ရပေမည်။


ဤသို့တွေးပြီး ဒါရိုက်တာ သက်ပြင်းချလိုက်သည်။

"ကြည့်ရတာ အခုကစပြီး ဟယ့်ကျင်းယွင်က အသားဖော်တာမျိုး ဒါမှမဟုတ် ဆွဲဆောင်မှုရှိလွန်းတဲ့ပုံစံမျိုးတွေကို ရိုက်မယ့်ပုံ မပေါ်တော့ဘူး..."


ဝန်ထမ်းက အလွန်အံ့သြသွားသည်။

"တကယ်ကြီးလား..."


ဒါရိုက်တာက ပေါ့ပါးစွာ ပြောလိုက်သည်။

"မဟုတ်ရင်ရော...မင်းက သူ့ကိုလမ်းခွဲခွင့်ပြုမလို့လား..."


ဝန်ထမ်းက အလျင်အမြန် သူ့ပါးစပ်ကို လက်နှင့်ဖုံးလိုက်ပြီး မည်သည်မှ ထပ်မပြောရဲတော့ချေ။


×××××


ရှုတင်သုံးရက်က မကြာမီပင် ပြီးဆုံးသွားခဲ့သည်။ ယဲ့ဇယ်ရှစ်က ပထမဆုံးတစ်ရက်သာ ဟယ့်ကျင်းယွင်နှင့် ရိုက်ကွင်းကို လိုက်သွားခဲ့လေသည်။ နောက်နှစ်ရက်တွင်မူ ဟိုတယ်က မထွက်ခဲ့ချေ။


၎င်းက ယဲ့ဇယ်ရှစ် မသွားချင်၍ မဟုတ်ပချေ။ ထိုနေ့က air-con ဖွင့်ထားသည့်အခန်းထဲ အိပ်ချိန်တွင် အအေးမိသွားခဲ့၍ ဖြစ်သည်။


အအေးမိသည်က ပြဿနာကြီးတစ်ခု မဟုတ်ဟု ယဲ့ဇယ်ရှစ် ခံစားရသော်ငြား ဟယ့်ကျင်းယွင်က သူ့အား အပြင်းအထန်ကို အပြင်ထွက်ခွင့်မပြုခဲ့ချေ။


ထို့ကြောင့် ဟယ့်ကျင်းယွင်က ရှုတင်သွားချိန်တွင် ယဲ့ဇယ်ရှစ်က ဟိုတယ်တွင် အားပြန်ဖြည့်နေခဲ့ရ၏။


ရှုတင်ပြီးသွားသည့်နောက် ယဲ့ဇယ်ရှစ်၏အအေးမိခြင်းကလည်း အနည်းငယ် သက်သာလာခဲ့သည်။


ကောင်းရှူက သူ့အား ဖုန်းခေါ်ပြီး ဘယ်အချိန် ပြန်သွားမမည်လဲဟု မေးလာခဲ့သည်။ "အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း" ရိုက်ကူးရေးက သန်ဘက်ခါဖြစ်ကာ ယဲ့ဇယ်ရှစ်က ကြိုတင် သွားထားရမည် ဖြစ်သည်။


ယဲ့ဇယ်ရှစ် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။

"ကျွန်တော် လေယာဥ်နဲ့ပဲ ရှန့်ဟိုင်းကနေ တိုက်ရိုက်လာခဲ့လိုက်မယ်...ကျွန်တော်တို့ စုကျိုးမှာ တွေ့ကြတာပေါ့..."


ကောင်းရှူ အံ့သြသွားပြီး အလိုအလျောက် မေးလိုက်မိသွားသည်။

"ဒါဆို ဘယ်လို..."


သူစကား ဆက်ပြောတော့မည်ကို မြင်လိုက်ချိန် ယဲ့ဇယ်ရှစ်က ဖြတ်ပြောလိုက်သည်။

"ပြီးတော့ ဇာတ်ညွှန်းတွေ စာချုပ်တွေလည်း ရှိသေးတယ်...အဲ့ဒါတွေကို သေချာရှာဖွေကြည့်ရှုပေးဖို့ကို ကျွန်တော် အတွင်းရေးမှူးကောင်းကိုပဲ ဒုက္ခပေးရဦးမယ်..."


ကောင်းရှူ ချက်ချင်းဆိုသလို ပါးစပ်ပိတ်လိုက်ကာ သူ့စကားလုံးများကို အလွန် လျင်မြန်စွာပင်ပြောင်းလိုက်သည်။

"ကောင်းပါပြီ သခင်လေး...စိတ်မပူပါနဲ...ကျွန်တော် ဇာတ်ညွှန်း နည်းနည်းလောက် ရွေးပြီးသွားပြီ...အဲ့ဒါတွေကို သခင်လေးဆီ ယူလာလိုက်ပါ့မယ် ပြီးရင် သခင်လေး လက်မှတ်ထိုးချင်တဲ့တစ်ခုကို ရွေးလိုက်လို့ ရတယ်......"


"ကောင်းပြီ..."

ယဲ့ဇယ်ရှစ် ခေါင်းညိတ်ပြီး ဖုန်းချလိုက်ကာ ဟယ့်ကျင်းယွင်ကို မျက်တောင်ခတ်ပြလိုက်သည်။


ကြည့်လေ...ဒီလိုမျိုး ဖြေရှင်းလိုက်ပြီ မဟုတ်ဘူးလား...


ဟယ့်ကျင်းယွင်က မပြုံးလိုက်ပေ။ ထိုအစား မျက်လုံးများကို အနည်းငယ် ကျဥ်းမြောင်းလိုက်ပြီး ယဲ့ဇယ်ရှစ်ကို စေ့စပ်သေချာသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။

"အခုနောက်ပိုင်း စာချုပ်ချုပ်တာတွေက မင်းအတွက် ပုံမှန်ဖြစ်နေပုံရတယ်...ဟုတ်တယ်မလား...ဒါဆို ကိုယ်မင်းကို ခေါ်တဲ့အချိန်တုန်းကကျ..."


ရုတ်ချည်းပင် ယဲ့ဇယ်ရှစ်ခေါင်းထဲ အချက်ပေးသံများ ညံသွားပြီး ဟယ့်ကျင်းယွင်၏မျက်နှာကို ဂရုတစိုက် လေ့လာကြည့်ကာ အပြုံးလေးတစ်ခုနှင့် ပြောလိုက်သည်။

"အဲ့အချိန်တုန်းက ကျွန်တော် တကယ်ကို အနုပညာလောကထဲကနေ ထွက်သွားချင်နေတာပါ... ပြီးတော့ အဲ့အချိန်တုန်းက ကျွန်တော်မှ ခင်ဗျားကို ကောင်းကောင်း မသိသေးတာ...အဲဒါကြောင့် သေချာပေါက်ငြင်းခဲ့တာပေါ့...ဘယ်လိုနေနေပါ အခုကျွန်တော် စာချုပ်မှာလက်မှတ် ထိုးနေရတဲ့ အကြောင်းပြချက်က ကျွန်တော် ဘယ်သူ့အတွက် လုပ်နေတာလို့ ခင်ဗျားထင်လဲ...ခင်ဗျားနဲ့အတူရှိချင်လို့ပဲ မဟုတ်ဘူးလား...ပြီးတော့ အဲ့အချိန်တုန်းက ကျွန်တော် ငြင်းခဲ့တာတောင် ခင်ဗျား အတွင်းရေမှူးကောင်းနဲ့ လက်မှတ်မထိုးခဲ့သေးလို့လား...နောက်ဆုံးကျတော့ ကျွန်တော် ရုပ်ရှင်ထဲ ရောက်သွားရတာပဲလေ..."


ဤသည်ကို ပြောပြပြီးနောက် ယခုက ဟယ့်ကျင်းယွင် အပြစ်ရှိသလို ခံစားရမည့် အလှည့်ပင်။



🎶🎶🎶