Chapter 106
Viewers 21k

🎶 Chapter 106


ဒုတိယအ​ကြိမ် ပရိုမိုးရှင်းက ပထမတစ်ခုနှင့် အတူတူပင်။ အပြင်​အော့ဖ်လိုင်း လက်​တွေ့​ပုံစံနှင့် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှု ပုံစံကိုလည်း ယူထား​​ပေသည်။

ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ ​စောစီးစွာ ဝင်လာကြပြီး တစ်မိနစ်၊တစ်စက္ကန့်​လေး​သော်မျှ မလွတ်သွားချင်ကြ​ပေ။

သို့သော် CP မဟုတ်သော ပရိသတ်များ၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ပါက ဟယ့်ရှစ် CP ပရိသတ်များက တက်ကြွပုံမပေါ်ပေ။

အမှန်မှာမူ CP ပရိသတ်များအတွက် တူညီသည့် စခရင်ဘောင်တစ်ခု အတွင်းမှာ ရှိနေသရွေ့ သကြားခဲဟုခေါ်၍ ရ​ပေသည်။

ဤစည်းမျဉ်းက - အမှန်ကတော့ CP ပရိသတ်တွေအတွက် တူညီတဲ့ဘောင်ထဲမှာ ရှိနေသရွေ့ သကြားလို့ ခေါ်ပါတယ်…

ဤစည်းမျဉ်းက ဟယ့်ရှစ် CP ပရိသတ်များနှင့် မမသက်ဆိုင်သည်က နှမြောစရာဖြစ်သည်။

အမှန်တကယ်တမ်းတွင် ယခင်ပထမအကြိမ် လူထု​တွေ့ဆုံ​​ရေးကို တိုက်ရိုက်ထုတ်လွှင့်ချိန်တွင် ဟယ့်ရှစ်ပရိသတ်များအားလုံးက ၎င်းကို စောင့်ကြည့်ခဲ့ကြ​ဖူးလေသည်။

ပြီး​တော့​ရော ကြည့်ပြီး​သွားတော့ ဘာဖြစ်သွားတုန်း...

CP ပရိသတ်များက သူတို့ အလွန်အထီးကျန်သလိုခံစားရသည်ဟု​ ပြောလာကြ​လေ၏။

ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်က ​တွေ့ဆုံချိန်တစ်ချိန်လုံးတွင် အချင်းချင်း တုံ့ပြန်ဆက်ဆံမှုမရှိခဲ့ကြ​​ပေ။ နောက်ဆုံးမေးခွန်းကဏ္ဍတွင်လည်း တစ်ယောက်နှင့်တစ်ယောက် စကားပင် မပြောခဲ့ကြ​​ချေ။ နောက်ဆုံးသတင်း​ထောက်က ​မေးခွန်းတစ်ခု​မေးလိုက်ချိန်မှ လူနှစ်​ယောက်က အချင်းချင်းကြည့်လိုက်ကြသည်။

သူတို့လည်း အချင်းချင်း ကြည့်လိုက်ကြ၏။

၎င်းက သကြားခဲ​လေး အနည်းငယ်မျှသာ ဖြစ်​၏။ နောက်ဆုံးသတင်းထောက်က ​မေးခွန်းကိုသာ ထပ်မံမမေးပါက ဟယ့်ရှစ် ပရိသတ်များအတွက် သကြားခဲ အနည်းငယ်မျှ ထပ်ရနိုင်ပါဦးမည်လားဆိုသည်မှာမူ အမှန်ပင် မသေချာလှ​ပေ။

​နောက်ဆုံးအကြိမ်က အ​တွေ့အကြုံအရ ဤတစ်ကြိမ်တွင်မူ ဟယ့်ရှစ် ပရိသတ်များက ပိုမိုသတိကပ်ထားခဲ့ကြသည်။

သကြားမပါသော ပရိုမိုးရှင်းတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရမည့်အစား "အစားအ​သောက်နှစ်သက်သူတစ်​ယောက်၏မှတ်တမ်း" ၏ နောက်ဆုံးထုတ်လွှင့်ခဲ့သည့် အပိုင်းကို နှစ်ကြိမ် ကြည့်ရှုလိုက်ချင်သည်ဟု ဟယ့်ရှစ်ပရိသတ်များက ပြောကြသည်။

​ပြောရမည်ဆိုပါက ရသစုံရှိုးတွင် နှစ်​ယောက်ကြားက အပြန်အလှန် တုံ့ပြန်မှု​လေးများက အမှန်ပင်ချိုမြိန်လှ​ပေသည်။

ကိစ္စ​တော်​တော်များများတွင် ယဲ့ဇယ်ရှစ်က သူ့အားတစ်ချက် ကြည့်ရုံမျှဖြင့် ဟယ့်ကျင်းယွင်က သူဘာလုပ်ရမည် ဆိုသည်ကို သိ​ပေသည်။

အစားစား​နေချိန်တွင်ပင် ယဲ့ဇယ်ရှစ် စကား​ပြောစရာမလိုဘဲ ယဲ့ဇယ်ရှစ် ကြိုက်နှစ်သက်သည့်ဟင်းလျာများကို ဟယ့်ကျင်းယွင်က ရှင်းလင်းပြတ်သားစွာပင် အာဂုံ​​ဆောင်ကာ ရွတ်ပြနိုင်​ပေ၏။

ဒါကမှ သကြား...

ဒါကိုပဲ ချိုမြိန်တဲ့ အပြန်အလှန် ဆက်ဆံရေးလို့​ခေါ်တာကွ...

သကြားမပါတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖို့ ဘာလို့ ကိုယ့်ကိုကိုယ် နှိပ်စက်​နေရမှာတုန်း...

အဲ့ဒါက "အစားအ​သောက် နှစ်သက်သူတစ်​ယောက်၏မှတ်တမ်း" ထက် ပို​ကောင်း​​လို့လား...

မှန်​ပေ၏။ ယခုတစ်​ခေါက် ပရိုမိုးရှင်းမှာသာ သကြားပါခဲ့ပါက ထိုအချိန်ကျ သူတို့ အပြေးအလွှားသွားလိမ့်မည်ဖြစ်သည်။

သို့​သော် ဤသည်က ဟယ့်ရှစ်ပရိသတ်များ၏ နောက်ဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်​ပေသည်။

ဒုတိယအကြိမ် ပရိုမိုးရှင်း​ တွေ့ဆုံပွဲအစမှာပင် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲက ပရိသတ်များက ဤတိုက်ရိုက်ထုတ်လွှင့်မှုက နောက်ဆုံးအ​ခေါက်ကနှင့် အလွန်ကွဲပြား​နေသည်ကို နားလည်လိုက်ကြသည်။

ပထမတစ်ချက်မှာ ထိုင်ခုံ​နေရာများက ကွဲပြား​​​ပေ၏။

နောက်ဆုံးအကြိမ် ပရိုမိုးရှင်းတွင် သရုပ်ဆောင်တစ်​ယောက်ချင်းစီ၏ ​​နေရာများကို အဓိက အမျိုးသားဇာတ်ဆောင်၊ ဒုတိယအမျိုးသားဇာတ်ဆောင် အစရှိသဖြင့် အစဥ်လိုက် စီထားခဲ့သောကြောင့် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်ကြားတွင် ချန်ကျန့်ထျန်းက ရှိခဲ့​လေသည်။

သို့သော် ယခါအ​ခေါက်တွင်မူ ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်၏ ထိုင်ခုံများက အမှန်တစ်ကယ်ပင် ​ဘေးချင်းကပ် ဖြစ်​နေခဲ့​​သည်။

ပရိသတ်များစွာက ဤစီစဥ်ထားမှု​ကြောင့် အနည်းငယ် စိတ်မလှုပ်ရှားဘဲ မ​နေနိုင်​တော့ပေ။

[ဝိုး ဝိုး ဝိုး...ထိုင်ခုံ​​တွေက ဒီတစ်ခါ​ပြောင်းသွားပြီပေါ့​လေ...]

​​​နောက်ထပ်လာမည့် အရာများက သူတို့အား ပိုမိုအံ့အားသင့်​လာစေခဲ့​လေသည်။

[ဘုရားရေ...ငါဘာမြင်လိုက်ရတာလဲ...ရှစ်ရှစ် လမ်း​လျှောက်လာတဲ့အချိန် နတ်ဘုရားက ရှစ်ရှစ်ဆီကို လက်ဆန့်ထုတ်ပြီး သူ့ဘက်ဆွဲလိုက်တာဟ...]

[သူတို့ အတူတူထိုင်​နေကြပြီ...]

"[သေစမ်း...သူတို့ ဘေးချင်းကပ် ထိုင်​​နေကြပြီ...ငါအရမ်းကို စိတ်လှုပ်ရှားလာပြီ...]

[ရှစ်ရှစ်က အခုပဲ ရုပ်ရှင်ဧကရာဇ်ဟယ့်ကို တစ်ခုခုတီးတိုး​ ပြောလိုက်တယ်ဟဲ့...ငါမြင်လိုက်တယ်.. နင်တို့​ရော မြင်လိုက်ကြလား...]

[ငါလည်းမြင်တယ်...ညီအစ်မ​ရေ...နင်တစ်​ယောက်တည်းမဟုတ်ဘူး ငါလည်းမြင်လိုက်တယ်...]

[ပြီး​တော့လည်း ငါခုနတုန်းက စာရိုက်​နေတဲ့အချိန် သူတို့နှစ်​ယောက် အချင်းချင်း ထပ်ကြည့်​နေကြတာကို မြင်လိုက်တယ်...သူတို့ တစ်ချိန်တည်း အတူတူ​​တောင် ပြုံးလိုက်​သေးတယ်...ရှစ်ရှစ်ကလည်း ရုပ်ရှင်ဧကရာဇ်ဟယ့်ကို ပြုံးပြလိုက်တယ်လို့...]

[ဟုတ်ပါ့ ဟုတ်ပါ့...ရှစ်ရှစ်တင် မဟုတ်ဘူး ရုပ်ရှင်ဧကရာဇ်ဟယ့်ကလည်း ပြုံးလိုက်တာ...အိုး အိုး...နတ်ဘုရားက ပြုံးလိုက်တဲ့အချိန် ​ချောလိုက်တာမှ...ငါ့ကို​သေခွင့်ပြုကြပါ​တော့​အေ...]

[သူတို့နှစ်​ယောက်က ဒီ​နေ့ ဘာလို့ ဒီ​လောက်​တောင်မှအချင်းချင်း အဆက်အသွယ်​တွေ လုပ်​နေကြတာတုန်း...]

[ဒါကြီးက ပထမတစ်ခေါက် ပရိုမိုးရှင်းဆင်းတုန်းကနဲ့ လုံးဝတခြားစီပဲ...]

[သူတို့ အချင်းချင်း ထပ်ကြည့်​နေကြပြန်ပြီ...]

[ထပ်ပြုံးပြ​နေကြပြီ...]

[အချင်းချင်း ထပ်ပြီး တိုးတိုးလေး ပြော​နေကြပြန်ဟဲ့...]

[ဘာ​တွေဖြစ်​နေတာတုန်း...ဒီ​နေ့ ဘာလို့ဒီ​လောက်​တောင် အချင်ချင်း တုံ့ပြန်မှုတွေ များ​နေရတာလဲ...]

[ငါကန်းသွားတာ​​တော့ မဟုတ်ဘူးမလား...]

[ဒါက အိပ်မက်ဆန်တယ်လို့ ခံစား​နေရတယ်...ဒီနေ့ သူတို့ အပြန်အလှန် ဆက်သွယ်တာတွေ အရမ်းများ​နေတယ်...]

[တူတူပဲ...]

[+1...]

[ခဏ​လေး ခဏ​​လေး...သူတို့ ဘယ်နှစ်ကြိမ် ဆက်သွယ်လိုက်ကြလဲဆိုတာ တစ်​ယောက်​ယောက်​ ရေထား​သေးလား...ထွက်လာပြီး ငါ့ကိုနံပါတ်​​ပြောပြ...]

[လက်ရှိ​တော့ အချင်းချင်း အပြုံးနဲ့ ကြည့်တာက 3 ကြိမ်၊ တီးတိုး​ပြောတာက 5 ကြိမ်၊ လက်ကိုင်လိုက်တာက 1 ကြိမ်...]


[သေစမ်း...အချိန်တို​လေးအတွင်းမှာကို သူတို့က အချင်းချင်း သုံးကြိမ်​တောင် ကြည့်လိုက်ကြတယ်​​ပေါ့...]

[အချင်ချင်းကြည့်တာ 4 ကြိမ်...]

[ ငါ​ရေပြီးပြီ...]

[အချင်းချင်းကြည့်တာ 6 ကြိမ်...]

[ငါ မြင်တယ် ငါမြင်လိုက်တယ်...]

တိုက်ရိုက်ထုတ်လွှင့်သည့် စကားဝိုင်းထဲတွင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်၏ ​နောက်ဆုံး ပြုလုပ်လိုက်သည့် အ​သေးစား ဆက်သွယ်မှု​လေးများကို တစ်ကြိမ်ပြုလုပ်လိုက်တိုင်း ​ကြေညာ​နေသည့် တရစပ်စာသားများ ရှိ​​နေလေသည်။

နှစ်​ယောက်သားက နီးကပ်သွားကာ တီးတိုး​ပြောလိမ့်မည်ပင်။ သို့မဟုတ်ပါက အချင်းချင်း ပြုံးကြည့်လိုက်ကြမည်ပင်။

ပထမတွင် အခြားတစ်စုံတစ်ရာကို​ ​ပြောနေသည့် ပရိသတ်များ ရှိကြ​သည်။ သို့​သော် ​နောက်ပိုင်းတွင် မည်သည့်ပရိသတ်ကမှ ပရိုမိုးရှင်းတွင် ရှိ​နေသည့်အခြားသူများကို အာရုံမစိုက်ကြ​တော့​ချေ။ တိုက်ရိုက်ထုတ်လွှင့်မှု၏ စကား​ပြောခန်းတွင် ဟယ့်ရှစ် ပရိသတ်များအားလုံးက ရေတွက်ကာ အောင်ပွဲခံ​နေကြ​လေသည်။

ယ​နေ့ တိုက်ရိုက်ထုတ်လွှင့်မှု ပရိုမိုးရှင်းကို ကြည့်ရန် အစီအစဥ် မရှိ​သော ဟယ့်ရှစ်ပရိသတ်များကလည်း ​နောက်ပိုင်းတွင် ဝင်လာခဲ့ကြကာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ကြည့်ရှုသူ အ​ရေအတွက်က သန်း 30 အထိပင်​ ရောက်လာကာ သမိုင်းတွင် အများဆုံးပင်။

တစ်ချိန်တည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဝင်လာ​သော ကြီးမားလှသည့် ပရိသတ်အ​ရေအတွက်​ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက မ​မျှော်လင့်စွာပင် စခရင်ခဲသွားခြင်း၊ စခရင်အမဲရောင်​ပြောင်းသွားခြင်း၊ ရုပ်ပုံနှင့်အသံများ မကိုက်​တော့ခြင်း စသကဲ့သို့​သော ပြဿနာများကို ကြုံလိုက်ရသည်။

အံ့အားသင့်သွားခဲ့သည့် နည်းပညာအဖွဲ့က အခက်အခဲများကို ဖြေရှင်းရန် ချက်ချင်းပင် ကြိုးစားလိုက်ကြသည်။

မိနစ်အနည်းငယ်မျှ ကြာပြီးနောက် ပြဿနာကို ​ဖြေရှင်းလိုက်ပြီး နည်းပညာအဖွဲ့လည်း စိတ်သက်သာရာရသွားသည်။

သို့​သော် ဤကဲ့သို့ အချိန်မှီ ​ဖြေရှင်းလိုက်​သော်လည်း မိနစ်အနည်းငယ်​လေးမျှ လိုင်းပြတ်​တောက်သွားခြင်းက ပရိသတ်များကြားတွင် မ​ကျေမနပ်မှုများ ဖြစ်သွား​စေခဲ့၏။

လူထုဆက်ဆံ​​ရေး အဆုံးသတ်တွင် #တိုက်ရိုက်ထုတ်လွှင့်မှုအခန်းပျက်စီးသွားခြင်း# က hotsearch ​​ပေါ်​ရောက်သွားခဲ့ပြီး ​နောက်​မှ #ဟယ့်ရှစ်# ကလိုက်​ခဲ့​လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်လိုက်ရသည့် များစွာ​​သော ဟယ့်ရှစ်ပရိသတ်များက အလွန်အမင်း ​နောင်တရ​နေကြကာ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်လိုက်ရသည့်အတွက် သူတို့ကိုယ်သူတို့ မုန်းတီး​နေကြ​​​လေ၏။

ယ​နေ့ည တိုက်ရိုက်ထုတ်လွှင့်မှုက ကောင်းကင်မှ ချိုချဥ်မိုးများ ရွာ​ချနေသကဲ့သို့ အချိုများ ပြည့်နှက်နေကာ CP ပရိသတ်များ၏မျက်နှာကို တိုက်ရိုက် ရိုက်ချလိုက်​လေသည်။

ငါတို့အခုပဲ ​သေလို့ရပြီ...

ဟယ့်ကျင်းယွင် ဝင်လာချိန်တွင် ယဲ့ဇယ်ရှစ်က Weibo တွင် ကောမန့် မန့်​နေဆဲ ဖြစ်သည်။

မကြာ​သေးမီက ယဲ့ဇယ်ရှစ် Weibo ဒုတိယအ​ကောင့်တစ်ခုကို ​ဖွင့်ခဲ့​လေသည်။ သူ ဘာမှ လုပ်စရာမရှိသည့် အချိန်တိုင်းတွင် ဟယ့်ရှစ် CP ပရိသတ်များ၏ Weibo ပို့စ်များကို သွားချောင်းကြည့်လိမ့်မည် ဖြစ်သည်။ ရယ်စရာ​ကောင်းသည့်​ Weibo ပို့စ်တစ်ခုအား သူမြင်လိုက်ပါက လိုက်ခ်​ပေးပြီး မျှ​ဝေလိုက်မည်ပင်။

​သေချာ​ပေါက်ပင်။ ယဲ့ဇယ်ရှစ် လိုက်ခ်​ပေးသည်က # Top ​ပြောင်းပြန်# နှင့် #ရှစ်ဟယ့်# ကဲ့သို့​သော အမည်များပင် ဖြစ်သည်။

"မင်း ဘာ​တွေကြည့်​နေတာလဲ..."

အမျိုးသား၏အသံကို ကြားလိုက်ရာ ယဲ့ဇယ်ရှစ် လန့်ဖျပ်သွားပြီး အလျင်အမြန် ဖုန်းကိုပိတ်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး..."
ယဲ့ဇယ်ရှစ် အသက်တစ်ချက်ရှုပြီး ဖုန်းကို ​ဘေးသို့ပို့လိုက်သည်။

ဟယ့်ကျင်းယွင် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီးအများကြီး မ​မေးလိုက်​ပေ။ သူ ယဲ့ဇယ်ရှစ်နံ​ဘေးကို ​လျှောက်သွားလိုက်ပြီး အနည်းငယ် တုံ့ဆိုင်းကာ ယဲ့ဇယ်ရှစ်နှင့် မျင်​စောင်းထိုးတွင် ထိုင်ရန် ​ရွေးလိုက်သည်။

ယဲ့ဇယ်ရှစ် သူ့အရှေ့တွင် ထိုင်​နေ​သော ဟယ့်ကျင်းယွင်ကို တစ်ချက်ကြည့်ကာ အလျင်အမြန် အကြည့်လွှဲလိုက်သည်။

အမျိုးသား အခန်းထဲဝင်လာသည့် အခိုက်မှစပြီး ယဲ့ဇယ်ရှစ်၏ နှလုံးသားက ပြင်းထန်ကြမ်းတမ်းစွာ စတင်ခုန်လာ​တော့သည်။

အချိန်အကြာကြီး စောင့်​မျှော်နေခဲ့ရသည့် အခိုက်အတန့်က ​နောက်ဆုံး​​တွင် ​ရောက်လာခဲ့သည်။

လွန်ခဲ့သည့်တစ်လကလည်း သူတို့နှစ်​ယောက် တူညီသည့် အ​ခြေ​နေတွင် ရှိခဲ့သည်။

သူတို့နှစ်ယောက်က တစ်ဖက်သား၏ခံစားချက်များကို မသိ​သောကြောင့် ယဲ့ဇယ်ရှစ်က ထိုအချိန်တွင် စိတ်ပူပြီး မလွယ်ကူသလို ခံစားခဲ့ရသည်။

ယခုတွင်မူ စိတ်ပူပန်ဖိစီးမှုများက ​ပျောက်ကွယ်သွားပြီး ​ကြောက်လန့်မှုသာ ကျန်ရစ်ခဲ့​ပေ၏။ အနည်းငယ် စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုလည်း ရှိ​နေ​ပေသည်။

သူတို့ထဲက မည်သူကမှ မစတင်လိုက်ကြ​ချေ။

အဆုံးတွင် ဟယ့်ကျင်းယွင်ကသာ စ​ပြောလိုက်ရသည်။
"မင်း ဒါမှမဟုတ် ကိုယ်အရင်သွားရမလား..."

ယဲ့ဇယ်ရှစ် မ​တွေးဘဲ ​ပြောလိုက်မိသွားသည်။
"အဲ့​လို တိုက်ရိုက်ကြီးလား..."

ဟယ့်ကျင်းယွင် ရယ်​မောလိုက်သည်။
"မင်း မြို့တော်ကို နောက်မှ ​လေယာဥ်နဲ့ ပြန်သွားမှာ မဟုတ်ဘူးလား..."

"ဟုတ်တယ်..."
ယဲ့ဇယ်ရှစ် သက်ပြင်းချလိုက်ပြီး ရုတ်ရက် ​ကောင်းရှူကို မက်​ဆေ့ချ်ပို့ကာ ​လေယာဥ်လက်မှတ်ကို မနက်ဖြန်​ ပြောင်းခိုင်းချင်မိသွားသည်။

"ဒါဆို ကိုယ်အရင် သွားလိုက်မယ်​နော်..."
ယဲ့ဇယ်ရှစ်၏ အ​နေခက်​နေသည့် အကြည့်ကို မြင်ပြီးဟယ့်ကျင်းယွင်၏ မျက်ဝန်းထဲတွင် အပြုံး​လေးတစ်ခု​ ပေါ်လာခဲ့သည်။

သဘာဝကျစွာပင် ယဲ့ဇယ်ရှစ်တွင် ဘာကန့်ကွက်ချက်မှ မရှိပေ။ သို့​သော်ငြား သူ့နှလုံးခုန်သံက ရုတ်ချည်းဆိုသလို စတင်မြင့်တက်လာပြီး သူ့မျက်နှာကလည်းအအနည်းငယ် ပူ​လောင်လာခဲ့သည်။

ထိုအချိန်တွင် ယဲ့ဇယ်ရှစ် မ​နေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ကံ​ကောင်းစွာပင် ယ​နေ့မိတ်ကပ်က ထူပြီး ဟယ့်ကျင်းယွင်က ​သေချာ​ပေါက် ၎င်းကိုမမြင်နိုင်​​လောက်ချေ။ ဤသို့​တွေးလိုက်ပြီး ယဲ့ဇယ်ရှစ် ဟန်​​ဆောင်ပန်​ဆောင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"​ကောင်းပါပြီ..."

သို့​သော်ငြား သူ့ဆံပင်များထဲတွင် ဖုံးဝှက်ထားသည့်နားရွက်ဖျား​လေးက ထိုအခိုက်တွင် သူ့စိတ်ခံစားချက်ကို သစ္စာ​ဖောက်နေသည်ကို ယဲ့ဇယ်ရှစ် မသိခဲ့​ပေ။

ဟယ့်ကျင်းယွင် ​သွေး​​ရောင်လွှမ်း​နေသည့် နားရွက်ထိပ်ဖျား​လေးကို စိုက်ကြည့်​​နေပြီး ယဲ့ဇယ်ရှစ် သူ့အား ကြည့်လာသည့် အချိန်မှသာ သူ့မျက်လုံးများကို ဖယ်လိုက်​သည်။

အမျိုးသားက အသံနိမ့်နိမ့်​ဖြင့် တိုးတိုးပြော​လေး ရယ်​မောကာ ​​မေးလိုက်သည်။
​"ဇယ်ရှစ်...အခုချိန်ဆို မင်းကိုယ့်ခံစားချက်​တွေကို သိသင့်​နေပြီ...ဒါ​ပေမဲ့ မင်းက အဲ့ဒါကို ကိုယ့်ကို ထပ်​ပြော​စေချင်​သေးတာလား..."

ယဲ့ဇယ်ရှစ်​ လက်​ချောင်း​လေးများက အနည်းငယ် တင်းကျပ်သွားသည်။

ဟုတ်​​ပေသည်။ ဟယ့်ကျင်းယွင်၏ ခံစားချက်များကို သူသိပြီးသားပင်။
ဒါဆိုရင် သူ တစ်ဖက်သူကို အဲ့ကိစ္စ ဘာကြောင့် ထပ်ပြောစေချင်ရတာလဲ…

သို့​သော် ယဲ့ဇယ်ရှစ်က "မလို​တော့ဘူး" ဟု​ပြော​တော့မည့်အချိန်မှာပင် ဟယ့်ကျင်းယွင်က ထပ်ပြောလိုက်​​လေ၏။
"ကိုယ် မင်းကို သ​ဘောကျတယ်...ရှစ်ရှစ်..."

ဟယ့်ကျင်းယွင်၏နက်ရှိုင်း​​သော မျက်ဝန်းများကကျီစယ်တတ်သည့် အပြုံးတစ်ခုဖြင့် ပြည့်​နေကာ မျက်​တောင်ပင် မခတ်ဘဲ ယဲ့ဇယ်ရှစ်အား နက်ရှိုက်းစွာ စိုက်ကြည့်​နေ​လေသည်။

ယဲ့ဇယ်ရှစ် ကြက်​သေ​သေသွားပြီး သူ့စိတ်က တစ်ခဏမျှ ဗလာဖြစ်သွားခဲ့သည်။

ငါ အခု​လေးတင် ဘာကြားလိုက်ရတာလဲ...

ရှစ်...ရှစ်ရှစ် ဟုတ်လား...

ယဲ့ဇယ်ရှစ် မ​နေနိုင်ဘဲ လက်ဆန့်ကာ မျက်နှာကို ကွယ်ထားလိုက်မိသည်။

သူ့ပရိသတ်များက သူ့ကို ထိုသို့​ခေါ်သည်ကို ကြားဖူး​လေသည်။

မူလကမ္ဘာမှာရှိတဲ့ ငါ့မိဘ​တွေတောင် ငါ့ကို အဲ့လို...မ​ခေါ်ဖူးသလိုပဲ...

ငါတို့က မတွဲသေးဘူးမလား...မှန်တယ်မလား...

ဘယ်လိုဖြစ်ပြီး ဟယ့်လောင်ရှီးက...

ယဲ့ဇယ်ရှစ် တွေးနေသည်ကို ဟယ့်ကျင်းယွင်က မြင်ပုံပေါ်​ပေသည်။ အမျိုးသား၏ နှုတ်ခမ်း​ထောင့်များက ​ကော့တက်သွားကြသည်။
"အဲ့လို​ခေါ်တာက ရင်းနှီးတဲ့ပုံ ပေါ်လို့​လေ...မင်း မုန်းလို့လား..."

အ​ဖြေက ​သေချာ​ပေါက် မဟုတ်ဘူးပင်။

ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းရှုပြီး​ ပြောလိုက်သည်။
"မမုန်း​လောက်ဘူး...ထင်တာပဲ..."

တစ်ဖက်က ​​ဒေါသမထွက်သည်ကို ဟယ့်ကျင်းယွင် နားလည်လိုက်သည်။

"ဒါဆို ကိုယ်မင်းကို အဲ့လိုပဲ​ခေါ်တော့မယ်..."
ဟယ့်ကျင်းယွင် ​ပြောလိုက်သည်။

ယဲ့ဇယ်ရှစ် စကားမပြောလိုက်​ပေ။

"ဒါဆို မင်းက​​ရော..."
ဟယ့်ကျင်းယွင် ​အချိန်မဖြုန်းဘဲ မေးလိုက်သည်။
"မင်းဒီတိုင်း ကိုယ့်ငါး​ကြော်ကို စားချင်ရုံသက်သက်ပဲ​တော့ မဟုတ်ဘူးမလား..."

ယဲ့ဇယ်ရှစ်၏မျက်နှာက အနီ​​ရောင်​ကို ပြောင်းသွားပြီး ​တွေးပင်မ​တွေးဘဲ ငြင်းကာ​ ပြောလိုက်သည်။
"​သေချာ​ပေါက် မဟုတ်ဘူး​ပေါ့..."

သူ ဆက်မ​ပြောမီ ဟယ့်ကျင်းယွင်အား အလျင်အမြန် တစ်ချက်ကြည့်လိုက်​သေးသည်။
"ငါး​ကြော်စားချင်ရင် ကျွန်တော့်အန်တီကလည်း ကျွန်​တော့်အတွက် လုပ်​ပေးနိုင်တာပဲ..."

ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်အား အပြုံး​လေးတစ်ခုနှင့် စိုက်ကြည့်​နေဆဲပင်။

ယဲ့ဇယ်ရှစ်၏​လေသံက အနည်းငယ် အား​ပျော့သွားခဲ့သည်။
"ဒါ​ပေါ့ ကျွန်​တော် ခင်ဗျား ငါး​​​​​လေးခြောက်ကြော်ကို တကယ် ကြိုက်တယ်ဆိုတာကိုလည်း မငြင်းပါဘူး​..."

ဟယ့်ကျင်းယွင် ရယ်လိုက်သည်။

သူ ၎င်းကို သိ​ပေသည်။

သို့​​သော် အကယ်၍ ဟယ့်ကျင်းယွင် ဤငါး​လေး​ခြောက်​ကြော်ဟင်းကိုသာ မချက်ခဲ့ပါက ယဲ့ဇယ်ရှစ်ဘက်က အစပြုပြီး သူ့ပတ်ပတ်လည်တွင် တန်းလန်း​လေးနှင့် တွယ်ကပ်​နေ​စေရန်အတွက် သူ ယဲ့ဇယ်ရှစ်ကို ချော့မော့ရန် မဖြစ်နိုင်​လောက်​ပေ။

ဤအချက်နှင့် ပတ်သက်ပြီး လူတိုင်းထက် ဟယ့်ကျင်းယွင်က ပိုသိ​​ပေသည်။

ယဲ့ဇယ်ရှစ် ဆံပင်ကို ဆွဲဆုပ်လိုက်သည်။ ဟယ့်ကျင်းယွင်၏စကားလုံးများကြောင့် သူ့နှလုံးသားထဲမှဖိအားက တ​​ဖြေးဖြေး ​လျော့ကျသွားခဲ့သည်။

သို့​သော်လည်း သူ​​နောက်ထပ်ပြောရမည့် စကားကိုတွေးမိ​နေသ၍ ယဲ့ဇယ်ရှစ်အနည်းငယ် ​ကြောက်လန့်​နေဆဲပင်။

​ပြောရပါက ဤသည်က သူ​ယ​နေ့​ ရည်းစားရပါ့မလားဟူသည့် အဓိကအချက်ပင်။

အသက်ပြင်းပြင်းတစ်ချက် ရှုပြီး​​နောက် ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်အား တည်ကြည်​​လေးနက်စွာ ​ပြောလိုက်သည်။
"ဟယ့်​လောင်ရှီး ကျွန်​​တော် ​နောက်​ပြောမယ့်စကားက အရမ်းကို အ​ရေးကြီးတယ်..."

၎င်းကိုစဥ်းစားပြီး​နောက် ယဲ့ဇယ်ရှစ် အမှန်​အတိုင်းပြောပြရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်​တော်​ပြောပြမယ်...​ကောင်းပြီ ဒါက ကျွန်​တော်တို့ အနာဂတ်မှာ အတူတူရှိနိုင်မလားဆိုတာနဲ့ ဆက်စပ်​နေတယ်..."

ယဲ့ဇယ်ရှစ်၏ စကားများကို နား​ထောင်ပြီး​​​နောက် ဟယ့်ကျင်းယွင်၏ အမူအရာက ချက်ချင်း​လေးနက်သွားသည်။ ယဲ့ဇယ်ရှစ်က ထိုမျှ အ​လေးအနက်နှင့်​ပြောလိမ့်မည်ဟု သူမ​မျှော်လင့်ထားခဲ့​ချေ။

သူ​ ​​တွေးလိုက်မိသည်။ သူနှင့်ဇယ်ရှစ်တွင် ​ကောင်းမွန်သည့် စကားဝိုင်းတစ်ခုရှိခဲ့ပြီး ယခု သူတို့က အချင်းချင်း၏ ခံစားချက်များကို အသိအမှတ်ပြုရန် နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်သည်။

"ဘာပြဿနာလဲ..."
ဟယ့်ကျင်းယွင် တဖြည်းဖြည်း မျက်​မှောင်ကြုတ်လိုက်ပြီး ယဲ့​ဇယ်ရှစ်ကို ​လေး​လေးနက်နက် ကြည့်လိုက်သည်။

ယဲ့ဇယ်ရှစ် အံကြိတ်ပြီး ရှက်စိတ်ကို တောင့်ခံကာ ​မေးလိုက်သည်။
"ဟယ့်​လောင်ရှီး ကျွန်​တော်​မေးချင်တာက...တကယ်လို့ ကျွန်​​တော်​ပြောတာ တကယ်လို့​နော်...ကျွန်​​​တော်တို့​ ​နောက်ပိုင်း တူတူတွဲဖြစ်သွားကြရင် ​ခင်ဗျား ​ဘော်တွန်ထိုင်ဖို့ ​တွေးဖူးလားဟင်..."

"ဟမ်..."
ဟယ့်ကျင်းယွင် မျက်​မှောင်ကြုတ်လိုက်သည်။

ငါ ဘာကြားလိုက်ရတာလဲ...

ယဲ့ဇယ်ရှစ် ထိုစကားကို ထပ်​ပြောရန် ​သေချာ​ပေါက် လုံးဝကို မဖြစ်နိုင်​ပေ။

သူ့လက်ကို ဆန့်ကာ မျက်နှာကိုဖုံးလိုက်သည်။
"ကျွန်​တော် ​ပြောပြီးသွားပြီကို..."

ဟယ့်ကျင်းယွင် : "..."

အချိန်အ​တော်ကြာသွားပြီး​နောက် ဟယ့်ကျင်းယွင်၏ ရယ်​​မောလိုက်သံက နား​နေခန်းတစ်​လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။
"ဖူး..."


🎶🎶🎶