Volume 1 (သေမျိုးနယ်မြေ ၁၇၉)
Chapter 179 (အပြောင်းအရွှေ့အမိန့်)
ဟွိုင်ဟိုင်မြို့။
မီးခိုးရောင်ဝတ်ရုံဝတ်ထားသော ထျန်းဖျင်သည် စင်္ကြံတစ်လျှောက် အမြန်လျှောက်သွားကာ တံခါးကို ခေါက်လိုက်ပြီး တွန်းဖွင့်လိုက်သည်။
"ခေါင်းဆောင် ဒီနှစ် လေ့ကျင့်ရေးစခန်းရဲ့အဆင့်တွေ ထွက်လာပြီ။" ထျန်းဖျင်သည် ဝမ်မြန့်ဆီလျှောက်သွားပြီး ပြောလိုက်သည်။
ဝမ်မြန့်က မျက်ခုံးပင့်ကာ "ဘယ်လိုလဲ။"
"သေချာပေါက် မင်းထင်ထားသလို လင်ချီးယဲ့က ၉၅ မှတ်နဲ့ ပထမရခဲ့ပြီး ကြယ်တံဆိပ်ကိုလည်း ရခဲ့တယ်။"
"၉၅… ငါ့တုန်းကနဲ့ရမှတ်အတူတူပဲ။ မဆိုးဘူး။" ဝမ်မြန့်သည် သက်ပြင်းတစ်ချက်ချရင်း ဒီကောင်လေးက ရမှတ်အလွန်မြင့်၍ သူ့မျက်နှာပျက်တော့မည်ဟု တွေးလိုက်မိသည်။
"ခေါင်းဆောင် သူက သေနတ်ပစ်အကဲဖြတ်မှာ ၆ မှတ်ပဲရခဲ့တယ်။"
"…ပုံမှန်မဟုတ်ဘူးပဲ။" ဝမ်မြန့်၏နှုတ်ခမ်းထောင့်က အနည်းငယ် လှုပ်သွားပြီး သက်ပြင်းရှည်ကြီးဖြင့် လဲချလိုက်သည်။ "ဒီလိုသာဆိုရင် သူ့ကို လုယက်ချင်တဲ့သူတွေ အများကြီးရှိလာလိမ့်မယ်..."
"ခေါင်းဆောင် လင်ချီးယဲ့ကို လွှဲပေးဖို့ ငါတို့လည်း အထက်လူကြီးတွေဆီ လျှောက်ထားသင့်တယ်မလား။" ထျန်းဖျင်က မနေနိုင်ဘဲ မေးလိုက်သည်။
ဝမ်မြန့်က ခေါင်းခါလိုက်သည်။ "မလိုပါဘူး။"
ထျန်းဖျင်က အံ့အားသင့်သွားသည်။ "ဘာလို့လဲ။ ငါတို့က အထူးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လင်ချီးယဲ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ ငါတို့ ဖိတ်ခေါ်စာပို့ရင် သူသဘောတူလောက်မှာပါ။"
"လင်ချီးယဲ့လို ရှားရှားပါးပါး ပါရမီရှင်တစ်ယောက်အတွက် အထက်လူကြီးတွေက သူ့ကို ဘယ်အထူးတပ်ဖွဲ့မှာမှ ပါဝင်ခွင့်ပြုမှာမဟုတ်ဘူး။"
ထျန်းဖျင်က တစ်ခုခုကို တွေးနေပုံရပြီး "မင်းဆိုလိုတာက..."
"သူလိုလူတစ်ယောက်က အထူးတပ်ဖွဲ့တစ်ဖွဲ့ကို သူ့ဘာသာသူဖွဲ့ဖို့ ရည်မှန်းထားလိမ့်မယ်။ သူသာ အထူးတပ်ဖွဲ့တစ်ခုခုမှာ ပါဝင်မယ်ဆိုရင် သူ့ရဲ့တိုးတက်မှုကို ကန့်သတ်သွားလိမ့်မယ်။ ပဉ္စမအထူးတပ်ဖွဲ့ရဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို အစီအစဉ်မှာ ထည့်သွင်းထားတယ်လို့ ငါကြားထားတယ်။" ဝမ်မြန့်က အေးအေးဆေးဆေးပြောသည်။ "ဒါပေမယ့် လင်ချီးယဲ့က အခုမှ လေ့ကျင့်ရေးစခန်းက ထွက်လာတဲ့ လူသစ်တစ်ယောက်ပါ။ သူ့မှာ ခွန်အားနဲ့ အရည်အချင်း နှစ်ခုလုံး ချို့တဲ့နေတုန်းပဲ။ သူက အထူးတပ်ဖွဲ့ကို မြန်မြန်ဆန်ဆန် ဖွဲ့စည်းခွင့်ရမှာ မဟုတ်ဘူး။ အထက်လူကြီးတွေက သူ့ကို သေချာတဲ့မြို့ကို ရွှေ့ပြောင်းပေးလောက်တယ်။ မြို့စောင့်တပ်က လေ့ကျင့်ပေးပြီး အချိန်တန်ရင် သူ့ကို အဖွဲ့သစ်ဖွဲ့ခွင့်ပေးလိမ့်မယ်။
ဒါကြောင့် လင်ချီးယဲ့ကိုခေါ်ဖို့ ငါတို့လျှောက်ထားရင် အထက်လူကြီးတွေ သဘောတူဖို့ မဖြစ်နိုင်ဘူး။"
ထျန်းဖျင်သည် အနည်းငယ် စိတ်မကောင်းဟန်ဖြင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
"ဝမ်းနည်းစရာပဲ…"
"ဝမ်းနည်းစရာမဟုတ်ဘူး။" ဝမ်မြန့်သည် မတ်တတ်ထရပ်ကာ ပြုံးပြီး ထျန်းဖျင်၏ပခုံးကို ပုတ်လိုက်သည်။ "မင်းမမျှော်လင့်ဘူးလား။"
"ဘာကိုမျှော်လင့်ရမှာလဲ။"
"သူက အထူးတပ်ဖွဲ့သစ်တစ်ခုကို ဦးဆောင်ပြီး ငါတို့နဲ့ ဘေးချင်းယှဉ်ရပ်နိုင်မယ့်နေ့ကို ငါမျှော်လင့်နေတယ်။" ဝမ်မြန့်သည် ပြတင်းပေါက်ကို မျှော်ကြည့်ကာ "ငါ အဲဒါကို စောင့်မျှော်နေတယ်…"
…
အုံ့မှိုင်းသော တိမ်တိုက်များသည် ကမ္ဘာမြေကြီးကို တဖြည်းဖြည်း ဖုံးလွှမ်းသွားကာ တောက်လောင်နေသော နေမင်းကြီးသည် အမှောင်ထုကြီး၏ နောက်ကွယ်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသလို ပူပြင်းပြီး ခပ်မှိုင်းမှိုင်းလေထုက အသက်ရှူမဝလုနီးပါး ဖြစ်စေသည်။
ကမ္ဘာကြီးက မိုးသည်းထန်စွာရွာသွန်းရန် စောင့်နေသည်။
"မိုးတွေအရမ်းရွာတော့မယ်။" လင်ချီးယဲ့သည် အိပ်ဆောင်၏ စင်္ကြံကို မှီပြီး မှောင်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
"ရွာ ရွာ ရွာ မိုးရွာတာ ပိုကောင်းတယ်။ ဒီရာသီဥတုက အရမ်းပူတယ်။" ပိုင်လီဖက်တီးသည် ချွေးတွေကို သုတ်ပြီး ကူကယ်ရာမဲ့ ပြောလိုက်သည်။
လေ့ကျင့်ရေးစခန်းတွင် လေအေးပေးစက်မရှိဘဲ ဤကဲ့သို့သောပူပြင်းသောပတ်ဝန်းကျင်တွင် တပ်သားသစ်အများစုသည် အေးမြသောလေကိုရရန် စင်္ကြံသို့ပြေးကြသည်။
လေ့ကျင့်ရေးကန့်သတ်ချက်များမရှိဘဲ လူတိုင်းသည် များစွာစိတ်အေးလက်အေးရှိကြပုံရပြီး အိပ်ဆောင်အဆောက်အအုံတွင် ဖဲရိုက်ခြင်း၊ စစ်တုရင်ကစားခြင်းနှင့် King of Glory ဂိမ်းများစသည့် ဖျော်ဖြေရေးလှုပ်ရှားမှုများကို စတင်ကျင်းပကြသည်...
အားလုံးက စိတ်လှုပ်ရှားပျော်ရွှင်နေချိန်မှာပဲ စူးရှသော ဝီစီသံ ထွက်ပေါ်လာပြန်သည်။
ဝီစီသံကိုကြားလိုက်သည်နှင့် လူတိုင်းသည် မိမိတို့ကိုင်ဆောင်ထားသည့်အရာများကို မသိစိတ်မှချ၍ လေ့ကျင့်ရေးကွင်းဆီသို့ လျင်မြန်စွာ ပြေးလာကြပြီး ဤနှစ်တွင် ဝီစီသံသည် သူတို့၏ အလိုအလျောက်တုံ့ပြန်မှု အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
သုံးမိနစ်လောက်ကြာတော့ အားလုံးက လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့သည်။
နည်းပြဟုန်သည် ကိုယ်ခံပညာစင်မြင့်ပေါ်တွင် မတ်တတ်ရပ်ရင်း ခဏကြာအော်ဟစ်ပြီး အာရုံစူးစိုက်ပြီးနောက် သားရေအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ကာ ပြောလိုက်သည်။
"မင်းတို့ရဲ့ သက်ဆိုင်ရာ အပြောင်းအရွှေ့အမိန့်တွေ ထွက်လာပြီမလို့ ငါ မင်းတို့ကို အခု ဒီကိုခေါ်လိုက်တာပဲ။ မင်းတို့ စောစောစီးစီး ပြင်ဆင်နိုင်အောင် ဒီမှာ ငါအရင် ကြေညာလိုက်မယ်။"
ထိုအပြောင်းအရွှေ့အမိန့်ကို ကြားလိုက်သည်နှင့် အားလုံး၏ နှလုံးသားများ တင်းမာသွားကာ အနည်းငယ်စိတ်လှုပ်ရှားပြီး အနည်းငယ်မျှော်လင့်နေကြသည်။
"ကျန့်ကျုံး၊ ဝူတုန်းမြို့ ညကင်းစောင့်တပ်ဖွဲ့ နံပါတ် ၁၁၇ ကို ပြောင်းရွှေ့"
"ယန်ကျီ၊ ဟိုင်လန်မြို့ ညကင်းစောင့်တပ်ဖွဲ့ နံပါတ် ၁၅၂ ကို ပြောင်းရွှေ့"
"လီရှောက်ကွမ်း… ပြောင်းရွှေ့"
"တုန့်ဝေ…"
နာမည်များ တစ်ခုပြီးတစ်ခု ကြေညာလိုက်သည်နှင့် ကောင်းကင်ကြီးသည် မှောင်မဲလာပြီး မှောင်မိုက်နေသော တိမ်တိုက်များဆီကနေ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကောင်းကင်မှာ ပဲ့တင်ထပ်နေသည်။ လူတချို့က သက်ပြင်းချကာ တချို့က စိုးရိမ်နေကြဆဲဖြစ်သည်။
"မော့လိ၊ ကူးစူးမြို့ ညကင်းစောင့်တပ်ဖွဲ့ နံပါတ် ၀၁၇ ကို ပြောင်းရွှေ့"
"..."
"ပိုင်လီထူမင်၊ ကွမ်ရှန်းမြို့ ညကင်းစောင့်တပ်ဖွဲ့ နံပါတ် ၀၁၀ ကို ပြောင်းရွှေ့"
"..."
"ချောင်ယွမ်း၊ ဟွိုင်ဟိုင်မြို့ ညကင်းစောင့်တပ်ဖွဲ့ နံပါတ် ၀၀၇ ကို ပြောင်းရွှေ့"
"..."
"ရှန်ချင်းကျူ၊ ရှန့်ကျင်းမြို့ ညကင်းစောင့်တပ်ဖွဲ့ ၀၀၆ ကိာ ပြောင်းရွှေ့"
"လင်ချီးယဲ့ကို… ချန်းနန်မြို့ ညကင်းစောင့်တပ်ဖွဲ့ ၁၃၆ ကို ပြောင်းရွှေ့"
ဒါကိုကြားတော့ လူတိုင်း အံ့အားသင့်သွားပြီး တန်းစီနေသော လင်ချီးယဲ့ကို အံ့အားသင့်စွာ လှမ်းကြည့်ရင်း သူတို့၏ မျက်လုံးများမှာ ရှုပ်ထွေးမှုများ၊ ထိတ်လန့်မှုများ၊ မကျေမနပ်မှုများ ပါဝင်နေခဲ့သည်… အားလုံးက လင်ချီးယဲ့၏ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ကြပြီး လင်ချီးယဲ့ ပထမနေရာရတာကို သူတို့အားလုံး လက်ခံယုံကြည်ကြသည်။
သို့သော် အားလုံးသည် လင်ချီးယဲ့က အထူးတပ်ဖွဲ့ ဒါမှမဟုတ် ရှန့်ကျင်းမြို့တပ်ဖွဲ့မှာ ပါဝင်မည်ဟု ထင်ထားခဲ့သော်လည်း အထက်လူကြီးတွေက သူ့ကို ချန်းနန်လိုမြို့ငယ်မှာပဲ ပြန်လည်စီစဉ်ပေးမည်ဟု သူတို့ဘယ်တုန်းကမှ မထင်ထားခဲ့ကြပေ…
ဒါက သမာသမတ်မကျတာမလား။
တစ်ဖက်တွင် လင်ချီးယဲ့သည် ဤရလဒ်ကိုကြားသိပြီးနောက် ဒေါသထွက်ခြင်း သို့မဟုတ် တရားမျှတမှုမရှိဘူးဟု ခံစားရမည့်အစား ဆန့်ကျင်ဘက်အနေနှင့် ဤအစီအစဉ်ကို သူပို၍ကျေနပ်ခဲ့သည်။
ပိုင်လီဖက်တီးနှင့် ချောင်ယွမ်းတို့သည် မျက်မှောင်ကြုတ်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကာ ဒီအစီအစဉ်က အနည်းငယ်မသင့်လျော်ဘူးဟု သူတို့ခံစားရသော်လည်း လင်ချီးယဲ့က ရလဒ်ကို အလွန်ကျေနပ်သည်ဟု ထင်ကာ သူတို့သည် အပြန်အလှန်နားလည်မှုဖြင့် ဘာမှမပြောခဲ့ကြပေ။
သို့သော် သူတို့မပြောရင်တောင် တစ်စုံတစ်ယောက်ကတော့ ပြောလိမ့်မည်။
"သတင်းပို့ပါတယ်။" ရှန်ချင်းကျူသည် ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။
"ပြောပါ။"
"ကျွန်တော် လက်မခံဘူး။"
"မင်းက ရှန့်ကျင်းမြို့တပ်ဖွဲ့ကို ပြောင်းရွှေ့ခံရတာ။ မင်းဘာကို မကျေနပ်နေသေးတာလဲ။"
"ကျွန်တော့်ကိုယ်ကျွန်တော်ပြောတာ မဟုတ်ဘူး။" ရှန်ချင်းကျူသည် သူ့မျက်လုံးများကို ကျဉ်းမြောင်းထားပြီး အေးစက်စက်အသံဖြင့် ပြောသည်။ "လင်ချီးယဲ့က လေ့ကျင့်ရေးစခန်းမှာ အဆင့် ၁ ရထားတာလေ။ သူက အထူးတပ်ဖွဲ့ကို မဝင်ရရင်တောင် အဆင်ပြေပေမယ့် သူ့ကို ဘာလို့ ချန်းနန်ဆီ ပြောင်းရွှေ့ရတာလဲ။"
"အိုး" နည်းပြဟုန်က မျက်ခုံးပင့်လိုက်ပြီး "ရှန်ချင်းကျူ မင်း ဘယ်တုန်းက လင်ချီးယဲ့နဲ့ ဒီလောက်ကောင်းတဲ့ ဆက်ဆံရေးရှိသွားတာလဲ။"
"ဒါက ဆက်ဆံရေးကိစ္စမဟုတ်ဘူး။" ရှန်ချင်းကျူက လေးနက်စွာဆိုသည်။ "သူက ကျွန်တော့်ထက်ပိုတော်တယ်။ သူက ဒီစခန်းက ဘယ်သူ့ထက်မဆို ပိုတော်တယ်။ သူတောင် ချန်းနန်မှာ နေရမှာတော့ ကျွန်တော်က… ဘာလို့ရှန့်ကျင်းကို သွားရမှာလဲ။
ကျွန်တော် ရှန်ချင်းကျူက ဒီလိုမျိုး မျက်နှာအပျက်မခံနိုင်ဘူး။"
ရှန်ချင်းကျူ၏စကားများသည် ကျယ်လောင်လွန်းသဖြင့် လင်ချီးယဲ့ အံ့အားသင့်ရုံသာမက နည်းပြဟုန်လည်း ခဏတာ မည်သို့ဖြေရမည်ကို မသိခဲ့ပေ။
"ရှန်ချင်းကျူနဲ့ လင်ချီးယဲ့၊ မင်းတို့ ရှင်းရှင်းလင်းလင်း နားလည်မယ်လို့မျှော်လင့်တယ်..." နည်းပြဟုန်က အသက်ပြင်းပြင်းရှူကာ ဖြည်းညှင်းစွာပြောခဲ့သည်။ "ဒီအပြောင်းအရွှေ့အမိန့်ကို ငါတို့က စီစဉ်တာမဟုတ်ဘူး။ ညကင်းစောင့်လူသားရဲ့ အထက်လူကြီးတွေက စီစဉ်ပေးတာ။ ဒီသတင်းကို သိလိုက်ရတော့ အဲဒီအချိန်တုန်းက မင်းတို့ထက် ငါတို့က ပိုစိတ်ရှုပ်ပြီး ဒေါသဖြစ်ခဲ့ရတယ်။ ငါတို့အားလုံး လင်ချီးယဲ့ရဲ့စွမ်းဆောင်ရည်ကို မြင်ခဲ့ကြပြီး သူက အကောင်းဆုံး ပြန်အသုံးချဖို့ ထိုက်တန်တဲ့သူပဲ။
ဒါပေမယ့်... ငါတို့က စစ်သားတွေဖြစ်ပြီး စစ်သားတွေက အမိန့်နာခံရမယ်။
ဒီအမိန့်ကို ဘယ်သူက ပေးခဲ့မှန်း ငါမသိပေမယ့် သူ့မှာ ဒီလိုလုပ်ရတဲ့ အကြောင်းပြချက်တွေ ရှိမယ်လို့ ငါယုံကြည်တယ်။
ငါ့မှာ ဒါပဲပြောစရာရှိတယ်။ မင်းတို့ရဲ့ကိုယ်ရေးကိုယ်တာ အပြောင်းအရွှေ့စာရွက်စာတမ်းတွေကို မကြာခင် ပို့ပေးမယ်။အခုတော့… တန်းဖြုတ်တော့။"
နည်းပြဟုန်သည် လှည့်၍ထွက်ခွာသွားကာ ထိုနေရာတွင် ရပ်နေသော တပ်သားသစ်တစ်စုသာ ကျန်တော့ပြီး တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင်ကြည့်နေကြသည်။
—— ပေါက်
လင်ချီးယဲ့၏ပခုံးပေါ်သို့ မိုးတစ်စက်ကျလာပြီး ဒုတိယတစ်စက်နှင့် တတိယတစ်စက်ဆက်လာသည်...
တခဏအတွင်း မိုးသည်းထန်စွာရွာခဲ့သည်။
TK Team (Chapter 179)