Chapter 77
Viewers 21k

🎶 Chapter 77



ယခုဤနေရာတွင် ထန်ကျင့် ထွက်မလာသေးသော်လည်း ဝေ့ပေနှင့်ယို့ကျားက သူ့အထောက်အထားကို ဆုံးဖြတ်ချက်ချလိုက်ပြီး ဖြစ်သည်။


သို့သော် ထန်ကျင့်ပြန်လာချိန်တွင် သူက သော့ချက်တစ်ခုကို ယူလာသည်သာမက လျှို့ဝှက်မစ်ရှင်ကို နိုင်သွားပြီး ဗီတိုအာဏာပါရှိသွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ချေ။


အခြားနည်းဖြင့်ပြောရလျှင် ထန်ကျင့်က အခြားသူများ၏မဲများ အားလုံးကို ငြင်းပယ်ပြီး သူ့အဖြေကို အဖြေဘုတ်ပေါ်တွင် ရေးနိုင်သွားပေသည်။


ထန်ကျင့်ပြန်လာသည်ကို မြင်ပြီး ရှန်ဇယ်ယွီက လက်ဦးမှုယူကာ ပြောလိုက်သည်။

"မင်း အသုံးဝင်တဲ့ သဲလွန်စတစ်ခုခု ရခဲ့လား..."


ထန်ကျင့် ခေါင်းညိတ်ပြီး သူရခဲ့သည့် သဲလွန်စကို လူတိုင်းကို မျှပေးလိုက်သည်။ မှတ်စုတွင် စာတစ်ကြောင်းသာ ပါဝင်ပေ၏။

"လူနှစ်ယောက်၏ခရီး..."


ထိုစာကြောင်းကိုမြင်ချိန် ရှန်ဇယ်ယွီက ပြုံးလိုက်သည်။

"ဟယ့်ကျင်းယွင် အဲ့ဒါမင်းမလား...ဟန်ဆောင်နေတုန်းပဲလား..."


ဟယ့်ကျင်းယွင်က အလွန်အပြစ်ကင်းစင်သည့်မျက်နှာအမူအရာလေး ပြလိုက်လေသည်။

"အဲဒါ ဘာလို့ငါဖြစ်ရမှာလဲ..."


"လျှို့ဝှက်မစ်ရှင်တွေရဲ့ သဲလွန်စက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလေ...လူနှစ်ယောက်ရဲ့ခရီးလမ်းဆိုတာ မင်းနဲ့ယဲ့ဇယ်ရှစ်နဲ့ နှစ်ယောက်သားအရင်သွားခဲ့တဲ့ ဆားရေကန်ကို ဆိုလိုတာပဲ...မင်း ကတ်သီးကတ်ဖဲ့ ပြောချင်သေးလားကွ..." 

ရှန်ဇယ်ယွီ မာန်ပါပါ ပြောလိုက်သည်။


ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်ကာ သေသပ်အေးဆေးသည့် အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"ဒါပေမဲ့ ဇယ်ရှစ်နဲ့ ဆားရေကန်သွားတဲ့ ခရီးတိုက ဒါရိုက်တာက စီစဥ်တာမဟုတ်ဘူးလေ...ငါ့ကို ဝေဖန်ဖို့ ဒီအကြောင်းပြချက်ကို သုံးတယ်ပေါ့...အဲ့လိုဆို စတုတ္ထနေ့မစ်ရှင်ရဲ့ နောက်ကွယ်မှာ သဲလွန်စတစ်ခု ရှိတယ်လို့ ငါလည်း ပြောလို့မရဘူးလား...အဲဒါက မင်းနာမည်ထဲက 'ရှန်' ဆိုတဲ့စကားလုံးကို ညွှန်းနေတာပဲ...ငါးရက်မြောက်နေ့က 'ရေ' ကကျ မင်းနာမည်ထဲက 'ဇယ်' ပဲ...အဖြေက သိသာနေပြီ..."


ရှန်ဇယ်ယွီ၏ သူငယ်အိမ်များ ကျယ်သွားခဲ့သည်။ ဟယ့်ကျင်းယွင်က သူ့ကိုပင် မြောင်းထဲသို့ တွန်းပို့လိုက်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


"ငါက ဘယ်လိုလုပ် အယောင်ဆောင် ဖြစ်နိုင်ပါ့မလဲဟ..."

ရှန်ဇယ်ယွီ သူ့အသံအား မြှင့်လိုက်သည်။


"ဘာလို့ မဖြစ်နိုင်ရမှာလဲ..."

ဝေ့ပေက ပြန်မေးလိုက်သည်။

"ဟယ့်လောင်ရှီး ပြောတာမှန်တယ်လို့ ထင်တယ်...မဟုတ်ရင် ရိုက်ကူးရေးပထမဆုံးရက်မှာ ခင်ဗျားတို့ လျှို့ဝှက်မစ်ရှင် အောင်မြင်သွားတာကို ဘယ်လိုရှင်းပြမလဲ... ဒါရိုက်တာအဖွဲ့က သူတို့ပြက္ခဒိန်ထဲမှာ ပထမဆုံးရက်ကို ဘာမစ်ရှင်မှ မရှိဘဲထားလိမ့်လို့တော့ မထင်ဘူးနော်...ပြီးတော့ ဒီထဲက လူနှစ်ယောက်ခရီးဆိုတဲ့ စာကြောင်းက အယောင်ဆောင်က လူနှစ်ယောက်အဖွဲ့လို့ ဆိုလိုတာမလား..."


ယို့ကျား ခေါင်းညိတ်လိုက်သည်။

"ကျွန်မလည်း ဟယ့်လောင်ရှီးကို ယုံတယ်..."


ယဲ့ဇယ်ရှစ် သူ့ဘေးနားက ဟယ့်ကျင်းယွင်ကို ကြည့်လိုက်သည်။

"ကျွန်တော်က ဟယ့်လောင်းရှီးကို အကြွင်းမဲ့ယုံတယ်..."


ရှန်ဇယ်ယွီ ဒေါသခြောင်းခြောင်း ထွက်သွားသည်။

"အဲ့တော့ မင်းတို့က ငါ့ကိုမဲပေးဖို့ စီစဥ်ပြီးသွားကြပြီပေါ့လေ..."


ယို့ကျားက ခေါင်းညိတ်လိုက်သည်။

"သေသေချာချာ စဥ်းစားကြည့်တော့ ရှင်က နောက်ရက်မှာ ဂိမ်းကိုနိုင်ခဲ့တာပဲ...ပြီးတော့ရတဲ့ သဲလွန်စကလည်း 'ငါး' တဲ့...ငါးရဲ့အသံထွက်က 'ယွီ' နဲ့ဆင်တယ်...သုံးရက်မြောက်နေ့ကျ 'ကောက်ညှင်းဆန်'... ကောက်ညှင်းဆန်က စွပ်ပြုတ်(ထန်)အတွက် မကောင်းဘူးလား...အဲဒါက ထန်ကျင့်ပဲ...လေးရက်မြောက်နေ့ အထီးကျန်နောက်ကျောပုံရိပ်ကကြ 'ရှန်'၊ ငါးရက်မြောက် 'ရေ'ကကျ 'ဇယ်' လေ...ကျွန်မတော့ ဒီလိုတွေးတဲ့နည်းက မှန်တယ်ထင်တာပဲ..."


ရှန်ဇယ်ယွီ သူ့ကိုယ်သူ ခုခံကာကွယ်လိုစိတ် မရှိတော့ဘဲ ပြောလိုက်သည်။

"ဒါပေမဲ့ ခြောက်ရက်မြောက်နေ့က သဲလွန်စကို မင်းတို့ သတိထားမိကြလား...အဲ့တာက 'နေရောင်' ဟ... 'နေရောင်' က 'ယွင်' - ဟယ့်ကျင်းယွင်..."


ဤသည်ကိုကြားပြီး ဝေ့ပေ အကူအညီမဲ့စွာ ပြုံးလိုက်သည်။

"မှန်တယ်...ခင်ဗျားက ခြောက်ရက်မြောက်နေ့မှာ အနိုင်ရခဲ့တယ်လေ...သေချာပေါက်ကို သဲလွန်စအမှားတစ်ခုကို ခင်ဗျားကြေညာနိုင်တာပဲ..."


ယို့ကျား ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ရှန်လောင်ရှီး...ရုန်းကန်နေတာ ရပ်လိုက်ပါတော့..."


ရှန်ဇယ်ယွီ : "..."


ရုန်းကန်နေတယ်ဆိုတာ ဘာကိုပြောတာလဲ... ငါက တကယ်ကြီး အပြစ်ကင်းတယ်လို့...


တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ထန်ကျင့်က ထိုအခိုက် နံဘေးတွင် ရပ်နေသော ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် မေးလိုက်သည်။

"ဇယ်ရှစ် မင်းက အယောင်ဆောင်လား..."


ယဲ့ဇယ်ရှစ်က ဘေးကနေပွဲကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ထန်ကျင့်က သူ့ကို ဤမေးခွန်းမေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ တစ်ခဏမျှ တန့်သွားပြီးနောက်မှ ပြုံးလိုက်သည်။

"ငါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...မင်းလား..."


ထန်ကျင့်၏အကြည့်များက ယဲ့ဇယ်ရှစ်အပေါ်တွင်သာရှိနေပြီး တစ်ခဏမျှကြာပြီးနောက်မှသာ ပြုံးလိုက်သည်။

"ငါလည်း မဟုတ်ဘူး..."


ထန်ကျင့်က နံဘေးရှိ ဝေ့ပေနှင့်ယို့ကျားကို ပြန်ကြည့်လိုက်သည်။

"ရှန်လောင်ရှီးကို မဲပေးမယ်ဆိုတာ သေချာလား..."


ဝေ့ပေက ခေါင်းညိတ်ကာ ယို့ကျားကလည်း သေချာပေသည်။ ဟယ့်ကျင်းယွင်ကို အသာထား ယဲ့ဇယ်ရှစ်ကလည်း သဘာဝကျစွာပင် အခြားသူများနည်းတူ လိုက်လံမဲပေးလိမ့်မည် ဖြစ်သည်။


ထန်ကျင့်က ဤတစ်ကြိမ်၌ ဗီတိုမဲကိုအသုံးပြုခဲ့သည်။


ဝေ့ပေနှင့်ယို့ကျားက အသက်ရှုရပ်မတတ် ဖြစ်သွားကြသည်။ ဤတစ်ကြိမ် သူတို့ ရှုံးသွားပုံပင်။


ဒါဆို ထန်ကျင့်က ဘာလို့ သူတို့ကိုမယုံတာလဲ...


ထန်ကျင့်က နောက်ဆုံးတွင် အဖြေဘုတ်ပေါ်၌ ဟယ့်ကျင်းယွင်၏အမည်ကို ရေးလိုက်သည်။


ဒါရိုက်တာက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး တစ်ကြိမ် မေးလိုက်သည်။

"မင်းအဖြေ သေချာပြီလား..."


ထန်ကျင့် ခေါင်းညိတ်လိုက်သည်။

"သေချာပါတယ်..."


သူ့အသံထွက် ပြောလိုက်သည်နှင့် ယဲ့ဇယ်ရှစ်က သူ့ အပြုံးကို မထိန်းထားနိုင်တော့ပေ။


ဟယ့်ကျင်းယွင်၏မျက်ဝန်းများထဲတွင်လည်း အပြုံးများ ပြည့်နှက်နေပေ၏။


ရှန်ဇယ်ယွီက ဟယ့်ကျင်းယွင်ကို စောင့်ကြည့်လေ့လာနေခဲ့ခြင်းဖြစ်ပြီး ဤသည်ကိုမြင်လိုက်သည်နှင့် ထခုန်လိုက်သည်၊

"ကြည့်စမ်း...ငါပြောတယ် အဲ့ဒါ ဟယ့်ကျင်းယွင်ပဲ..."


အဖြေကို အတည်ပြုလိုက်ပြီ ဖြစ်သော်လည်း ၎င်းက မပြည့်စုံပေ။ အရပ်သားများက အယောင်ဆောင်အားလုံးကို မရှာနိုင်ခဲ့ဘဲ အယောင်ဆောင်များက အနိုင်ရရှိသွားခဲ့သည်။


ယဲ့ဇယ်ရှစ်က လုံးဝထိန်းမထားတော့ဘဲ အားပါးတရရယ်လိုက်ရာ သူ့ခန္ဓာကိုယ်ပင် ယိမ်းထိုးနေခဲ့သည်။

"ရှန်လောင်ရှီး တောင်းပန်ပါတယ်...ကျွန်တော်ကလည်း အယောင်ဆောင်ထဲက တစ်ယောက်ပဲ..."


"အား အရမ်းပျော်တာပဲ...ကျွန်တော်တို့ နိုင်ပြီ..."

ယဲ့ဇယ်ရှစ် အပျော်ကို မထိန်းထားနိုင်တော့ပေ။ သူပြုံးကာ အရှေ့ကို ပြေးသွားလိုက်ပြီး သူ့ကိုယ်သူ ဟယ့်ကျင်းယွင်ပေါ် ပစ်ဝင်လိုက်ပြီးနောက် သူ့အား ဖက်လိုက်သည်။


ယဲ့ဇယ်ရှစ်က သူ့အပေါ် ရုတ်တရက်ကြီး ခုန်ဝင်လာလိမ့်မည်ဟု ဟယ့်ကျင်းယွင် အမှန်တကယ် မမျှော်လင့်မိခဲ့ချေ။ သူ့လက်လှုပ်ရှားမှုများပင် စက္ကန့်ဝက်မျှနီးပါး နှေးကွေးသွားရသည်။


တစ်ယောက်နှင့်တစ်ယောက်၏ နှလုံးခုန်သံကို ကြားနေရသည့်အလား သူတို့ရင်ဘတ်များက အချင်းချင်း ကပ်နေကြသည်။


ဟယ့်ကျင်းယွင် တစ်ခဏမျှ တန့်သွားပြီးနောက်သူ့လက်မောင်းများကို တင်းကြပ်လိုက်သည်။


"ဟယ့်လောင်ရှီး...ကျွန်တော်တို့ နိုင်ပြီ..."

ယဲ့ဇယ်ရှစ်၏ ရွှင်လန်းတက်ကြွနေသောအသံက သူ့နားထဲတွင် ထွက်ပေါ်လာခဲ့သည်။


ဟယ့်ကျင်းယွင်၏ မျက်ဝန်းများက တစ်ခဏမျှနက်ရှိုင်းသွားပြီး သူ၏ကြီးမားကျယ်ပြန့်လှသည့် လက်ဖဝါးကြီးကို ယဲ့ဇယ်ရှစ်၏ နောက်ကျောပေါ်သို့ ဖိကပ်လိုက်သည်။


အမျိုးသား၏အသံနိမ့်နိမ့်က ချိုသာနေခဲ့သည်။ သူကပြုံးကာ ခေါင်းညိတ်လိုက်လေ၏။

"ဟုတ်တယ်... ငါတို့နိုင်ပြီ..."


ယဲ့ဇယ်ရှစ်၏ ရယ်မောသံနှင့်အတူ ထွက်ပေါ်လာသည်မှာ ရှန်ဇယ်ယွီနှင့် ဝေ့ပေ၏ ငိုကြွေးသံများပင်။


အဲ့အချိန်တုန်းက ငါတို့ဘာလို့များ ငါတို့မြေပေါ်မှာ ခိုင်ခိုင်မာမာ မရပ်တည်ခဲ့ရတာလဲလို့...


အခြားသူများက ဝမ်းနည်းငိုကြွေးကာ ကမောက်ကမများ ဖြစ်နေကြသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ ထန်ကျင့်၏မျက်ဝန်းများထဲက အထီးကျန်ဆန်မှုကို သတိမထားမိခဲ့ကြချေ။


ယဲ့ဇယ်ရှစ်က အလွန်ပျော်ရွှင်သွားခဲ့သည်။ သူ ဟယ့်ကျင်းယွင်ထံ ပြေးဖက်ပြီး ပတ်ပတ်လည်မှ ဆူညံသံများကို ကြားသည့်နောက်မှသာ ယဲ့ဇယ်ရှစ် သူ့ကိုယ်သူ ဂုဏ်ယူလွန်းနေပုံပေါ်သွားကြောင်း သိလိုက်ရသည်။


ဟယ့်ကျင်းယွင်လည်း အချိန်ကိုက် ယဲ့ဇယ်ရှစ်ကိုဖက်ထားသည့်လက်ကို လွှတ်လိုက်သည်။

"ဟုတ်တယ်... ငါသာ ထပ်ရယ်ရင် ဟိုနားက တစ်ယောက်ယောက်ဆီက လိုက်ဖမ်းပြီး အရိုက်ခံရလိမ့်လို့ပဲ အမြဲတမ်း ခံစားနေရတယ်..."


ယဲ့ဇယ်ရှစ်ခေါင်းကို လှည့်လိုက်ရာ ရှန်ဇယ်ယွီ၏ အကြင်နာကင်းမဲ့သည့် အကြည့်များနှင့် ဆုံသွားသည်။


ဤသည်ကိုမြင်ပြီး ယဲ့ဇယ်ရှစ်၏ တင်းမာမှုများက ချက်ခြင်း ပျောက်ကွယ်သွားပြီး ပြုံးကာ ပြောလိုက်သည်။

"ဟုတ်လောက်တယ်..."


စကားပြောပြီးနောက် ယဲ့ဇယ်ရှစ်က သူ့အကြည့်ကို ပြန်ရုပ်သိမ်းတော့မည့်အချိန်တွင် တိတ်ဆိတ်နေသော ထန်ကျင့်ကို မတော်တဆ တွေ့လိုက်ရသည်။


နောက်ဆုံးမဲမပေးမီ ထန်ကျင့် မေးခဲ့သောမေးခွန်းကို စဉ်းစားရင်း ယဲ့ဇယ်ရှစ် အပြစ်ရှိသလို ခံစားလိုက်ရသည်။


သူက အလျင်အမြန်သွားပြီး ထန်ကျင့်ကို စိတ်ရင်းနှင့် ပြောလိုက်သည်။

"ငါတောင်းပန်ပါတယ် ထန်ထန်..."


ထန်ကျင့်က အစတွင် အမှန်တကယ်ပင် အနည်းငယ်မျှ ဝမ်းနည်းမိသော်လည်း မကြာမီမှာပင် နားလည်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူနှင့် ယဲ့ဇယ်ရှစ်က အဖွဲ့မတူပေ။ ယဲ့ဇယ်ရှစ် ထိုအချိန်က ထိုသို့ပြောခဲ့သည်မှာ ပုံမှန်ပင်ဖြစ်သည်။


"အဆင်ပြေပါတယ်...ငါတို့ ရှုံးသွားပြီ..."

ထန်ကျင့် ပြုံးပြီး အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။


သူ စိတ်မဆိုးသည်ကို မြင်လိုက်သည်နှင့် ယဲ့ဇယ်ရှစ် အနည်းငယ် စိတ်သက်သာရာရသွားပြီး အပြုံးလေးနှင့်ပြောလိုက်သည်။

"တော်သေးတာပေါ့..."


"ဒါပေမဲ့ ငါနည်းနည်းတော့ သိချင်သေးတယ်...မင်းဘယ်အချိန်တုန်းက မင်းအထောက်အထားကို သိသွားတာလဲ..."

အစပိုင်း ထိတ်လန့်မှုကို ကြုံတွေ့သွားပြီးနောက် ဝေ့ပေနှင့်ယို့ကျားလည်း ရလဒ်ကို လက်ခံလိုက်သော်လည်း သူတို့ အနည်းငယ် စိတ်ရှုပ်ထွေးနေကြဆဲပင်။


ငါတို့ရခဲ့တဲ့သတင်းထဲက ဘာကအမှန်လဲ ဘာကအမှားလဲ...


ဧည့်သည်များက အလွန်စပ်စုနေချင်ကြသည်ကို သိပြီး ဒါရိုက်တာအဖွဲ့က လူတိုင်း၏မေးခွန်းများကို စဖြေပေးလိုက်သည်။


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်က သူတို့၏အထောက်အထားများကို အစကတည်းက ခန့်မှန်းနိုင်ခဲ့သည်ကို သိလိုက်ပြီးနောက် လူတိုင်း၏အမူအရာများက ထိတ်လန့်သွားကြသည်။


"ဒါ...မင်းတို့က အရမ်းကို ဉာဏ်ကောင်းကြတာပဲ..."

ဝေ့ပေ သက်ပြင်းချလိုက်သည်။


ယို့ကျားလည်း ခေါင်းညိတ်လိုက်သည်။ 

"ရှင်တို့က ရှင်တို့ရဲ့အထောက်အထားကို သုံးရက်မြောက် ဒါမှမဟုတ် လေးရက်မြောက်နေ့ မရောက်ခင်အထိ မသိသေးဘူးလို့ ကျွန်မ ထင်လိုက်တာ..."


ဟယ့်ကျင်းယွင်ကို အချိန်အကြာဆုံး သိကျွမ်းခဲ့သည့် ရှန်ဇယ်ယွီက နှာခေါင်းရှုံ့လိုက်သည်။

"ဟယ့်ကျင်းယွင်နဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း ငါသိသားပဲ...ဒါပေမဲ့ အယောင်ဆောင်တွေက နှစ်ယောက် ဖြစ်နေမယ်လို့တော့ မမျှော်လင့်ထားဘူး..."


ထန်ကျင့်လည်း ထိုသို့ထင်ခဲ့လေသည်။


သို့သော်ငြား လျှို့ဝှက်မစ်ရှင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ရလိုက်ပြီးနောက် သူ တစ်ခဏမျှ ယဲ့ဇယ်ရှစ်ကို သံသယဝင်သွားခဲ့သေးသည်။


သို့သော် သူက အယောင်ဆောင်မဟုတ်ဟု ယဲ့ဇယ်ရှစ် ပြောလိုက်ပြီးနောက် ထန်ကျင့်က ၎င်းကို ယုံကြည်ခဲ့သည်။


သူတို့၏အယောင်ဆောင် အထောက်အထားကို အစောကတည်းက သိရှိခဲ့သည့် လူနှစ်ယောက်က ကစားသမားများ အချင်းချင်း တိုက်ခိုက်နေသည်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည့် ဝံပုလွေများအလားပင်။


မည်သည့်သတင်းမှ မရရှိသည့် အခြားအရပ်သားများမှာမူ သဘာဝကျစွာပင် ပါးဖြတ်ရိုက်ခံလိုက်ရလိမ့်မည် ဖြစ်၏။


ဒါရိုက်တာက ပါဝင်သူများကို ဗီဒီယိုအတ်ိုလေးများ ဖြတ်ညှပ်ကပ်လုပ်ပြီး ပြသခဲ့သည်။ အားလုံးက ဂိမ်းထဲမှ ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်၏ အပိုင်းများဖြစ်၏။ နှစ်ဦးသားက ပြီးပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စံထားလောက်သည့် အချင်းချင်း နားလည်မှုလည်း ရှိပေသည်။


လူနှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုကို မြင်ပြီး အခြားသူများ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။


ဤအချိန်တွင် လူတိုင်း လက်ခံယုံကြည်လိုက်ကြသည်။


ဤသည်ကိုမြင်ပြီး ထန်ကျင့် ရုတ်တရက်ပင် အချို့သော အကြောင်းပြချက်များကြောင့် မသက်မသာဖြစ်မှု အနည်းငယ် ခံစားလိုက်ရသည်။


ယဲ့ဇယ်ရှစ် သူ့အား လိမ်ခဲ့သည်ကို သိလိုက်ရစဥ်ကပင် ထိုမျှအထိ မသက်မသာဖြစ်မှုကို မခံစားခဲ့ရသည်မှာ သိသာပေ၏။


သို့သော် ဒါရိုက်တာက ပြသည့် ဗီဒီယိုတိုလေးများထံတွင် ယဲ့ဇယ်ရှစ်နှင့်ဟယ့်ကျင်းယွင်တို့ နှစ်ယောက်ကြားရှိ မပြောဘဲ အချင်းချင်းနားလည်မှုရှိနေသည်ကို မြင်ပြီး ထန်ကျင့် သူ့နှလုံးသားထဲတွင် ရှင်းပြရခက်သည့် ထိတ်ထိတ်ပျာပျာ ဖြစ်မှုတစ်ခုကို ခံစားလိုက်ရသည်။


ဗီဒီယိုပြီးသွားပြီးနောက် ဒါရိုက်တာအဖွဲ့က မနက်ခင်းပိုင်းက ပြင်ဆင်ထားခဲ့သော လက်ဆောင်ကိုလည်း ထုတ်လိုက်လေ၏။ ၎င်းက ရှိုးအဖွဲ့၏ တံဆိပ်ပါဝင်သည့် သန့်စင်သည့် ရွှေဆွဲပြားအသေးလေး တစ်ခုပင်။


တောက်ပနေသောတံဆိပ်က အလွန်လက်ရာမြောက်ပြီး အရွယ်အစားကလည်း အလွန်သင့်လျော်ပေသည်။


ယဲ့ဇယ်ရှစ် မနေနိုင်ဘဲ ၎င်းတို့ကို အကြိမ်အနည်းငယ်မျှ လှမ်းကြည့်နေမိသည်။


ဝေ့ပေက နောင်တရစွာဖြင့် သက်ပြင်းချလိုက်သည်။

"ဘယ်လောက်တောင် လှလိုက်တဲ့ရွှေလဲ..."


ယို့ကျား : "မနာလိုလိုက်တာနော်..."


ရှန်ဇယ်ယွီ : " ငါ ဟယ့်ကျင်းယွီဆီကနေ တစ်ခုလောက် အလစ်သုတ်ချင်သွားပြီ..."


လူတိုင်း ထပ်မံ ရယ်မောလိုက်ကြသည်။


ထိုအခိုက် ဝန်ထမ်းက လက်ဆောင်များနှင့် အတူရောက်လာသည်။


ယဲ့ဇယ်ရှစ် လက်ဆောင်ကိုယူကာ ခဏတစ်ဖြုတ် ဂရုတစိုက် ကြည့်လိုက်ပြီး သူ့ဘေးနားရှိ ထန်ကျင့်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

"ထန်ထန် မင်းယူလိုက်..."


ထန်ကျင့် လန့်သွားပြီး ယဲ့ဇယ်ရှစ်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

"ငါ့ကို ပေးတာလား..."


"အင်း..."

ယဲ့ဇယ်ရှစ် အပြုံးလေးနှင့် ပြောလိုက်သည်။

"ငါလို့ မင်းခန့်မှန်းခဲ့တာပဲလေ...မင်းကြောင့်သာ မဟုတ်ရင် ငါတို့မနိုင်လောက်ဘူး..."


ထန်ကျင့်က ယဲ့ဇယ်ရှစ် လက်ထဲမှ လက်ဆောင်ဘူးလေးကို စိုက်ကြည့်ပြီး စက္ကန့်အနည်းမျှ တွန့်ဆုတ်နေပြီးမှ အပြုံးလေးနှင့် သေသေချာချာ ယူလိုက်သည်။

"ဒါဆိုလည်း ငါလက်ခံလိုက်ပါ့မယ်..."


ဤသည်က ပရိုဂရမ်အဖွဲ့မှ လက်ဆောင်အသေးလေးတစ်ခုသာ ဖြစ်သော်လည်း "ယဲ့ဇယ်ရှစ်ဆီက လက်ဆောင်" ဟူသော စကားလုံးများကို ထပ်ပေါင်းထည့်လိုက်ချိန်တွင် အဓိပ္ပါယ်က တစ်ခဏတွင်းချင်းပင် ခြားနားသွားပေ၏။


ဟယ့်ကျင်းယွင်က ဤမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေပြီး နှုတ်ခမ်းထောင့်များ အောက်ကျသွားလေသည်။


ယနေ့ရိုက်ကူးရေးက ယခုပြီးဆုံးသွားပြီဖြစ်ပြီး ညနေခင်းတွင်က ပရိုဂရမ်အဖွဲ့က ပြင်ဆင်ပေးထားသည့် ညစာစားပွဲရှိသည်။


ဟိုတယ်သို့ ပြန်ရာလမ်းတွင် ဟယ့်ကျင်းယွင်က သူ့လက်ထဲမှဘူးလေးကို ယဲ့ဇယ်ရှစ်ထံ ပေးလိုက်သည်။


ယဲ့ဇယ်ရှစ်က တစ်ခဏမျှ ပဟေဠိဖြစ်သွားသည်။

"ဟမ်..."


"မင်း အဲ့ဒါကို အရမ်းကြိုက်တယ်မဟုတ်ဘူးလား...ငါက အဲ့ဒါမရှိလည်း အဆင်ပြေပါတယ်..."..

ဟယ့်ကျင်းယွင်က ပြောလိုက်သည်။


ယဲ့ဇယ်ရှစ် အံ့ဩတုန်လှုပ်သွားသည်။

"လောင်ရှီး မြင်တယ်လား..."


စကားပြောပြီးနောက် ယဲ့ဇယ်ရှစ်က ဆက်လက်ရှက်ရွံ့မနေတော့ဘဲ လက်ဆန့်ကာ ယူလိုက်သည်။

"ဒါဆိုလည်း အချစ်တွေ ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် ဟယ့်လောင်ရှီး..."


ယဲ့ဇယ်ရှစ် ယူသွားသည်ကို မြင်လိုက်ပြီး ဟယ့်ကျင်းယွင်၏နှုတ်ခမ်းထောင့်များက ကော့တက်သွားကြသည်။



🎶🎶🎶