Chapter 78
Viewers 21k

🎶 Chapter 78



ယနေ့ညစာက အလွန်ကိုများပြားလှပြီး ယဲ့ဇယ်ရှစ်ကြိုက်သည့် ငါးရှိရုံတင်မက ဘာဘီကျူးဘူဖေးနှင့် လတ်ဆတ်သန့်ရှင်းသည့် ဟင်းအမယ်အချို့လည်း ရှိပေသည်။


အဆုံးသတ်တွင် ပရိုဂရမ်အဖွဲ့က ဧည့်သည်များကို အလွန်ပင် နားလည်သွားပြီဖြစ်သည်။ ပရိုဂရမ်အဖွဲ့က အစားအစာများ ပံ့ပိုးပေးထားလျှင်ပင် ဧည့်သည်များက သူတို့ကိုယ်တိုင် ဟင်းချက်နေဦးမည်ဖြစ်သည်။


အမှန်တကယ်လည်း ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်က မီးဖိုချောင်ကို သွားလိုက်ကြသည်။ အချိန်တစ်ခဏကြာပြီးနောက်တွင် ဧည့်သည်များလည်း တစ်ယောက်ပြီး တစ်ယောက် ဝင်သွားလိုက်ကြသည်။


ပရိုဂရမ်အဖွဲ့က ပြင်ဆင်ပေးထားခဲ့သည့် အစားအသောက်ပွဲကြီးအတွက်မူ ဧည့်သည်များက ၎င်းကို လုံးဝပင် လျစ်လျူရှုပစ်လိုက်ကြလေသည်။


ဒါရိုက်တာ : "......"


ဒါရိုက်တာ : " နောက်ဆို မင်းတို့အတွက် အစားအသောက်ပွဲကြီး ပြင်ပေးမယ်လို့ ငါတော့ စိတ်မကူးထားဘူးပဲ..."


ရှန်ဇယ်ယွီက ဤသည်ကိုကြားပြီး ခေါင်းလှည့်ကာ ပြောလိုက်သည်။

"ကျွန်တော်တို့အကုန်လုံး မနက်ဖြန် ပြန်ကြတော့မှာမဟုတ်ဘူးလား... ရုပ်ရှင်ဧကရာဇ်ဟယ့်က အရမ်းအလုပ်များတာလေ...အဲ့ဒါကြောင့် သူ့ဟင်းချက်လက်ရာကို မြည်းဖို့ ဒီနေ့အခွင့်ကောင်းယူကို ယူမှရမယ်..."


ယို့ကျား ခေါင်းညိတ်ပြီး ကူကယ်ရာမဲ့စွာ တံတွေးမြိုချလိုက်သည်။

"ဟုတ်တယ်....ဘာပဲပြောပြော ဟယ့်လောင်ရှီးရဲ့ အချက်အပြုတ်က အရမ်းအရသာရှိတယ်...ရှင်တို့မသိလို့ ကျွန်မ နောက်ဆုံးရိုက်ကူးရေးတုန်းက မတော်တဆ နည်းနည်းလေး၊ နည်းနည်းလေးနဲ့ စားမိသွားတယ်လေ...ကျွန်မပြန်လည်းရောက်ရော အေးဂျင့်က ချက်ချင်းပဲ ကျွန်မကို ဝိတ်လျှော့ခိုင်းတော့တာပဲ..."


"ဘာကို နည်းနည်းလေး စားမိတာ..."

ဝေ့ပေက မကျေမနပ် ပြောလိုက်သည်။


ယို့ကျားက ဓားမျက်ဝန်းများနှင့် လှမ်းကြည့်လိုက်ရာ ဝေ့ပေက ကျန်စကားများကို ရုတ်ခြည်း မြိုချလိုက်ရသည်။


ကြီးမားကျယ်ဝန်းလှသည့် မီးဖိုချောင်ထဲ ရယ်သံများပေါက်ကွဲထွက်လာခဲ့သည်။


ရယ်မောပြီးနောက် ယဲ့ဇယ်ရှစ် ပြောလိုက်သည်။

"ဒါပေမဲ့ ဟုတ်တယ်...ဟယ့်လောင်ရှီးရဲ့အချက်အပြုတ်က အရမ်းကို အရသာရှိတာ..."


ငါလည်း အဲ့ဒါကို နေ့တိုင်းကို စားချင်တာရယ်...


ယခု ဧပြီလဖြစ်သည်မှာ နှမြောစရာကောင်းလှပေသည်။ ဆိုလိုသည်မှာ ဟယ့်ကျင်းယွင်က နောက်လာမည့် ပရိုမိုးရှင်းများအတွက် အလွန်အလုပ်ရှုပ်နေမည်ဖြစ်သည်။


ယဲ့ဇယ်ရှစ်က နံဘေးရှိ အလွန် အလုပ်များနေသည့် ဟယ့်ကျင်းယွင်၏ပုံရိပ်ကို ကြည့်ပြီး နှလုံးသားထဲရှိ ဝမ်းနည်းမှုကို တောင့်မခံနိုင်တော့ချေ။ အကယ်၍ သူစားချင်ပါက အနည်းငယ်မျှ စားနိုင်ရန်အတွက် ရှိုး၏ လာမည့်ရိုက်ကူးရေးကို စောင့်မျှော်ရုံသာ ရှိပေသည်။


ဤသည်ကိုတွေးပြီး ဘာကြောင့်မှန်းမသိ ရှည်လျားလှသည့် စောင့်မျှော်မှုက သည်းခံရန် အနည်းငယ်ခက်ခဲသည်ဟု ယဲ့ဇယ်ရှစ် ရုတ်တရက် ခံစားလိုက်ရသည်။


ဒါပေမဲ့ ငါတို့ ခွဲတောင်မခွဲရသေးဘူးလေ ဟုတ်တယ်မလား...


ထူးဆန်းလိုက်တာ...


"ဇယ်ရှစ် ပန်းကန်လုံးတစ်ခွက် ကူပေးပါဦး..."

ဟယ့်ကျင်းယွင်၏အသံက ယဲ့ဇယ်ရှစ်၏ လေးလေးနက်နက် စဥ်းစားနေမှုများကို ကြားဖြတ် နှောင့်ယှက်လိုက်လေသည်။


ယဲ့ဇယ်ရှစ် ရုတ်ခြည်းပင် သတိပြန်ဝင်လာပြီး တုံ့ပြန်ကာ ဗီဒီယိုကိုဖွင့်၍ အလယ်အလတ်ပန်းကန်လုံး တစ်လုံးကိုယူကာ ဟယ့်ကျင်းယွင်ထံ ပေးလိုက်သည်။


ဟယ့်ကျင်းယွင် ၎င်းကိုယူပြီး ချက်ပြုတ်ထားသည့် ဟင်းလျာကို ထည့်ကာ ပြောလိုက်သည်။

"ပန်းကန်အရွယ်အစားက မှန်သွားတာပဲ..."


ယဲ့ဇယ်ရှစ် ပြုံးလိုက်သည်။

"ဒါပေါ့ ကျွန်တော် ရွေးလိုက်တာပဲကို..."


"ဟုတ်ပါတယ်ကွာ မင်းရွေးလိုက်တာပါ..."

ဟယ့်ကျင်းယွင် ခေါင်းမော့ပြီး မျက်လုံးထဲတွင် မထင်ရှားသည့် နက်နက်ရှိုင်းရှိုင်း သိုဝှက်ထားသော အလိုလိုက်မှုများဖြင့် ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။


ရှန်ဇယ်ယွီ သက်ပြင်းချလိုက်သည်။ ဤအိုမင်းရင့်ရော်နေသည့် သစ်ပင်အိုကြီးက နောက်ဆုံးတွင် ပွင့်လန်းလာပြီ ဖြစ်သည်။


အခြားဘက်ကို ကြည့်ပြီး ထန်ကျင့်၏နှုတ်ခမ်း ထပ်မံ တင်းကျပ်သွားပြန်သည်။


ရှန်ဇယ်ယွီ မျက်တောင်ခတ်လိုက်သည်။

ဒီရသစုံရှိုးကို လာရတာ တန်သွားပုံပဲ...


မကြာမီမှာပင် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသည့် ဟင်းလျာများကို စားပွဲအပြည့် တည်ခင်းလိုက်ကြသည်။


ဟယ့်ကျင်းယွင်၏ အလုပ်ရှုပ်နေသည့် ပုံရိိပ်ကို ကြည့်ပြီး ထန်ကျင့် ခဏတာ တုံ့ဆိုင်းသွားပြီး အဆုံးတွင် ရှေ့သို့လှမ်းကာ ပြောလိုက်သည်။

"ဟယ့်လောင်ရှီး...ကျွန်တော်...ထပ်ကြိုးစားကြည့်လို့ရမလား..."


သူတို့က မနက်ဖြန်တွင် ထွက်ခွာသွားတော့မည် ဖြစ်ပြီး ဤခွဲခွာမှုပြီးနောက် ရုပ်ရှင်ကားပရိုမိုးရှင်း မဆင်းမချင်း သူ ယဲ့ဇယ်ရှစ်ကို တွေ့ရလိမ့်မည် မဟုတ်တော့ပေ။


ယဲ့ဇယ်ရှစ်၏နှလုံးသားထဲတွင် သူအမှန်ပင် မရှိနေသည်မှာ ရှင်းနေသော်လည်း ယဲ့ဇယ်ရှစ် အထင်ကြီးသွားစေရန် ထန်ကျင့် အကောင်းဆုံးကြိုစားနေဆဲပင်။


လွန်ခဲ့သည့်ရက် အနည်းငယ်အတွင်း ဟယ့်ကျင်းယွင် ဟင်းချက်သည့် အချိန်တိုင်းတွင် ထန်ကျင့်က နံဘေးမှ ကြည့်နေလိမ့်မည် ဖြစ်ပြီး ပိုမိုသင်ယူချင်ရုံသာ ဖြစ်ပေ၏။


သူချက်ပြုတ်တတ်သည်ဟု အထင်ကြီးလေးစားမှုတစ်ခုကို ယဲ့ဇယ်ရှစ်ထံ ကျန်ခဲ့ချင်ရုံ ဖြစ်သည်။


သူ ယခုကဲ့သို့ လက်လျော့အရှုံးမပေးလိုက်ချင်ချေ။


"မင်း ကြိုစားချင်နေသေးတုန်းလား..."

ဟယ့်ကျင်းယွင်က ယခုလေးမှ ဟင်းလျာတစ်မျိုးကို ကြော်ပြီးသွားခြင်းဖြစ်ပြီး မီးကိုပိတ်ကာ ထန်ကျင့်ကိုပြန်လှည့်ကြည့်လိုက်သည်။ သူ၏မှင်ရည်ရောင်မျက်ဝန်းများက နက်ရှိုင်းနေပြီး ဖောက်ထွင်းမြင်နေရသည့် အေးခဲနေသည့် ဆီးနှင်းတစ်လွှာဖြင့် ကာရံထားသကဲ့သို့ပင်။


ထန်ကျင့် တစ်ခဏမျှ တန့်သွားသည်။


ဟယ့်ကျင်းယွင် ဘာကို ဆိုလိုတာလဲ...


နောက်တစ်စက္ကန့်တွင် ဟယ့်ကျင်းယွင်က အကြည့်လွှဲလိုက်ပြီး စောင့်နေသည့် ဝေ့ပေထံ ဟင်းကိုကမ်းပေးလိုက်သည်။ ထို့နောက် သူပြုံးကာ ပြောလိုက်သည်။

"ဟင်းချက်ရတယ်ဆိုတာက အရမ်းခက်တာ...တစ်ညတည်းနဲ့ ဖြစ်သွားတာမျိုး မဟုတ်ဘူး...ထိခိုက်ဒဏ်ရာရသွားရင် မကောင်းဘူးလေ..."


ထန်ကျင့် ဟယ့်ကျင်းယွင်ကို ထပ်ကြည့်လိုက်ရာ သူ့အမူအရာက မကျေမနပ်ဖြစ်နေပေသည်။


ငါ အရမ်းအတွေးလွန်နေတာများလား...


ဒါပေမဲ့ နောက်ဆုံးအခေါက်တုန်းက...


ထန်ကျင့် နှုတ်ခမ်းကို တင်းတင်းဖိလိုက်သည်။

"အဆင်ပြေပါတယ်...ကျွန်တော် ဟယ့်လောင်ရှီး ဟင်းချက်တာကို ရက်တော်တော်များများ ကြည့်ဖူးပါတယ်...ဒီတစ်ကြိမ်တော့ အဆင်ပြေသွားသင့်ပါတယ်..."


ရှန်ဇယ်ယွီက နံဘေးမှ ပြောလိုက်သည်။

"သူ့ကို ကြိုးစားခွင့်ပေးလိုက်ပါကွာ..."


ဟယ့်ကျင်းယွင် ပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီလေ..."


သူ့အသံထွက်လာပြီးချိန် ဘေးကို ရွေ့လိုက်သည်။


ထန်ကျင့် ပျော်သွားလေသည်။ သူ အလျင်အမြန် ရှေ့တက်လိုက်ပြီး ရိုးရှင်းသည့် အိမ်ချက်ဟင်းလျာဖြစ်သည့် ကြက်ဥနှင့် ခရမ်းချဥ်သီးမွှေကြော်ကို ကြော်ရန် ဆုံးဖြတ်လိုက်သည်။


ယဲ့ဇယ်ရှစ်က ထမင်းနှင့် ကြက်ဥနှင့် ခရမ်းချဥ်သီး ရောထားသည်အား ကြိုက်သည်ကို သူလေ့လာထားခဲ့သည်။ ဤဟင်းလျာက အလွန်မခက်ခဲချေ။ သူ ချက်နည်းကို အလွတ်ကျက်ထားလေသည်။


ပါဝင်ပစ္စည်းအကုန်လုံးက ထိုနေရာတွင် ရှိနေသည်။ ထန်ကျင့် အသက်ပြင်းပြင်းရှုကာ ဆီကို အိုးထဲ လောင်းထည့်လိုက်၏။


ဆီပူလာသည့်အခါ ဤတစ်ကြိမ်တွင် သူနည်းနည်းဝေးဝေး၌ မတ်တတ်ရပ်လိုက်လေသည်။ ဆီပူများ ပေါက်နေဆဲဖြစ်သော်လည်း ကံကောင်းစွာနှင့် ထန်ကျင့်ထံ မစင်ခဲ့ချေ။


ကြည့်ရတာ ငါ ဒီတစ်ခေါက် အောင်မြင်လောက်တယ်...


ထန်ကျင့်၏နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး တရ်ချိန်တည်းမှာပင် သူ့ကိုယ်သူ ပိုယုံကြည်မှု ရှိလာခဲ့လေသည်။


သို့သော် ပါဝင်ပစ္စည်းများထည့်ခြင်းက ပထမဆုံးအဆင့်သာလျှင် ဖြစ်၏။


ထန်ကျင့်လည်း မီးဖိုနံဘေးတွင်ရပ်ပြီး သူကိုယ်တိုင်ချက်ပြုတ်ခြင်းနှင့် ချက်နည်းအလွတ်ကျက်ထားခြင်းက လုံးဝကွဲပြားကြောင်း နားလည်လိုက်သည်။


ချက်နည်းက ဆား 2 ဂရမ်လို့ ပြောထားတယ်...2 ဂရမ်ဆိုတာ ဘယ်လောက်တုန်း...


ရေ 30 ml ကလည်း ဘယ်လောက်တုန်း...


အိုးထဲကဟင်းက တူးလာပြီဖြစ်ပြီး သူ့အား စဥ်းစားနေချိန် အများကြီး မပေးချေ။


ထန်ကျင့် ၎င်းကို တွေးပင်မတွေးရသေးမီ တူးလာသည့်ဟင်းနံ့က ပျံ့သွားခဲ့သည်။


ထန်ကျင့် တိတ်တိတ်လေးအော်လိုက်သည်။

"မကောင်းတော့ဘူး..."


ကြက်ဥနှင့်ခရမ်းချဥ်သီးအားလုံး တူးသွားခဲ့သည်။


ဘေးတွင် ရပ်နေသည့် ဟယ့်ကျင်းယွင်က တစ်ခုခုမှားနေသည့်အနံ့ ရလိုက်ပြီး မီးဖိုကို ကူပိတ်ပေးရန် လှည့်လိုက်သည်။


"တူးသွားပြီ..."

ရှန်ဇယ်ယွီက လျှောက်လာကာ ပြောလိုက်သည်။

"ဒါပေမဲ့လည်း တော်တော် ကောင်းနေပါပြီ...အရင်တစ်ခေါက်ထက်စာရင် ပိုကောင်းလာတယ်..."


ထန်ကျင့် မကျေမနပ် ပြုံးလိုက်သည်။

"ကျွန်တော်တော့ အရမ်းကောင်းတယ်လို့ မထင်ဘူး....ဆားဘယ်လောက်ထည့်သင့်လဲဆိုတာ ကျွန်တော်မသိဘူး...ပြီးတော့ ကျွန်တော် အဲ့ဒါကို စားနိုင်ပါ့မလား မသိဘူး..."


"ပုံစံက အရမ်းတော့ ကြည့်မကောင်းပေမဲ့လည်း...ဒါပေမဲ့ ဒီတစ်ခေါက် ထန်ထန်က အရမ်းတိုးတက်လာတာ...စားလို့ရသင့်ပါတယ်နော်..."

ယို့ကျား ပြောလိုက်သည်။


"ဟုတ်တယ်..."

ယဲ့ဇယ်ရှစ် သံယောင်လိုက်ကာ ပြောလိုက်သည်။


ထန်ကျင့်၏နှုတ်ခမ်းထောင့်က ယခု၌ အနည်းငယ် ကော့တက်သွားသည်။

"တကယ်လား..."


"ဒါပေါ့ အဆင်ပြောတာပဲကို ..ငါတို့တွေ နောက်မှ မြည်းကြည့်လို့ရတယ်လေ..."

ဝေ့ပေပြောလိုက်ကာ ဦးဆောင်ပြီး ဟင်းကို ယူထုတ်သွားလိုက်သည်။

"ဒါက နောက်ဆုံးဟင်းပွဲပဲ...လူတိုင်း လာထိုင်ပြီး စားကြစို့..."


လူတိုင်း စားပွဲပတ်လည်တွင် ထိုင်လိုက်ကြပြီး ရှန်ဇယ်ယွီက စေတနာ့ဝန်ထမ်းလုပ်၍ ပြောလိုက်သည်။

"ခရမ်းချဉ်သီးနဲ့ ကြက်ဥကို ငါ့ကိုအရင်စမ်းကြည့်ခွင့်ပြုနော်..."


သူ့တူများ လှုပ်ရှားသွားသည်ကို မြင်ပြီး အခြားသူများလည်း သူတို့၏တူများကို ဆန့်ထုတ်လိုက်ကြသည်။

"ငါတို့လည်း အဲ့ဒါကိုမြည်းကြည့်ကြမယ်..."


ယဲ့ဇယ်ရှစ်လည်း ကြက်ဥအပိုင်းလေး အနည်းငယ်ကိုတူနှင့်ညှပ်ပြီး ပါးစပ်ထဲထည့်လိုက်သည်။


"ဘယ်လိုနေလဲ..."

ထန်ကျင့် အနည်းငယ် ရင်တုန်နေလေသည်။


ရှန်ဇယ်ယွီက အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။


ဝေ့ပေကမူ ရေခွက်ကို မ'လိုက်သည်။


ယို့ကျားလည်း ပါးစပ်အပြည့် ထမင်းတစ်လုပ် သွပ်ထည့်လိုက်ရသည်။


တစ်ခဏကြာပြီးနောက် ယဲ့ဇယ်ရှစ်က ခက်ခက်ခဲခဲနှင့်ပြောလိုက်သည်။

"ငန်လွန်းတယ်..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို ဒိန်ချဥ်တစ်ဘူးကမ်းပေးလိုက်သည်။

"နည်းနည်းသောက်လိုက် အဲဒါက အငန်ပြေစေတယ်..."


ထန်ကျင့် ကြက်သေသေသွားလေ၏။

"တကယ်ကြီးလား..."


သူကြက်ဥ အနည်းငယ် လှမ်းယူကာ မြည်းကြည့်လိုက်သည်။ ကြက်ဥ ပါးစပ်ထဲဝင်သွားသည့်အခိုက် သူ မဝါးနိုင်မီမှာပင် ချက်ချင်း ထွေးထုတ်ပစ်ချင်သွားရသည်။


ငန်ရုံသာမကဘဲ ငြီးငွေ့ဖွယ်ကောင်းသည့် ငါးပိအနံ့လည်း ရပေ၏။


ကြောက်စရာကောင်းလိုက်တာ...


ထန်ကျင့် သက်ပြင်းချလိုက်သည်။

"ကျွန်တော် ထပ်လေ့ကျင့်ဖို့ လိုအပ်နေသေးတဲ့ပုံပဲ..."


"သင်ဖို့အချိန်ယူလို့ရပါတယ်...မစိုးရိမ်ပါနဲ့ကွာ..."

ဝေ့ပေ သူ့စိတ်အခြေအနေကို မြှင့်တင်ပေးရန် ကြိုးစားလိုက်သည်။


"ဟုတ်တယ်..."

အခြားသူများကလည်း သံယောင်လိုက် လိုက်လေ၏။


ထန်ကျင့် ပြုံးပြီး မည်သည်မှ မပြောခဲ့ပေ။


ညစာစားပြီးနောက် ထန်ကျင့်၏ ကြက်ဥနှင့်ခရမ်းချဥ်သီးမွှေကြော်သာလျှင် စားပွဲပေါ်၌ ကျန်နေခဲ့သည်။


ထန်ကျင့် အနည်းငယ်မျှ စိတ်ဓာတ်ကျသွားခဲ့သည်။


ထမင်းစားပြီးနောက် ပရိုဂရမ်အဖွဲ့မှ ညစ်ပတ်နေသည့် ပန်းကန်များကို သူတို့လက်ထဲသို့ လွှဲပေးသင့်သည်ဟု ပြောပြီး ဧည့်သည်များက နှစ်ယောက် သုံးယောက်ထကာ စကားစမြည်ပြောလိုက်ကြသည်။


ဟယ့်ကျင်းယွင်က အဆုံးသို့ လျှောက်သွားလိုက်သည်။ ထန်ကျင့်ကို ဖြတ်သွားချိန်တွင် ရုတ်တရက်ပြောလိုက်သည်။

"ဒီကမ္ဘာမှာ ကြိုးစားအားထုတ်မှု အားလုံးက မအောင်မြင်နိုင်ဘူး...ထန်ကျင့် ဟုတ်တယ်မလား..."


ထန်ကျင့်၏မျက်နှာအမူအရာက အေးခဲသွားသည်။


သေချာပေါက် လုံလောက်သွားပြီပင်။ သူ ယခင်က မှန်ခဲ့ပေသည်။ ဟယ့်ကျင်းယွင်က ၎င်းကို သေချာပေါက် သတိထားမိနေပြီး ဟယ့်ကျင်းယွင်လည်း...


"ဟယ့်လောင်ရှီး..."

ယဲ့ဇယ်ရှစ် နောက်လှည့်ကာ အော်ခေါ်လိုက်သည်။


ဟယ့်ကျင်းယွင် ထန်ကျင့်ကို ကြည့်ရန် တွန့်ဆုတ်မနေဘဲ ခေါင်းကိုလှည့်ကာ ပြုံးလိုက်သည်။

"ငါဒီမှာ..."


ထန်ကျင့် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။


ငါ ဒီလိုပဲ ရှုံးသွားတော့မှာလား...



🎶🎶🎶