Chapter 68
Viewers 21k

🎶 Chapter 68



ဟယ့်ကျင်းယွင် : "မနက်ဖြန် မင်းဘယ်အချိန်ထွက်မှာလဲ..."


သူတို့နှစ်ယောက် တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာသည့်အတွက် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်၏စကားပြောသည့်အသံက ပို၍ ရင်းနှီးလာခဲ့ပေသည်။


သို့သော်ငြားလည်း ဟယ့်ကျင်းယွင်က ချန်ကျန့်ထျန်း၏ တောင်းဆိုမှုအကြောင်းကို ယဲ့ဇယ်ရှစ်အား မပြောပြသေးချေ။


ယဲ့ဇယ်ရှစ်အပေါ် ဟယ့်ကျင်းယွင် နားလည်မှုအရ ပို့စ်ကိုဖတ်ပြီးသွားပြီးနောက် ဤကိစ္စများအားလုံးကို မေ့ပျောက်သွားလိမ့်မည်ဖြစ်ကာ လုံးဝ အလေးအနက်မှတ်ယူလိမ့်မည် မဟုတ်ပေ။


ချန်ကျန့်ထျန်း၏ စိုးရိမ်ပူပန်မှုများက လုံးဝမလိုအပ်ပေ။


သို့သော် ချန်ကျန့်ထျန်းအား ရှင်းပြရခြင်းက အားစိုက်ရမည့်အလုပ်ဖြစ်ပြီး ဟယ့်ကျင်းယွင် သူ့အချိန်များကို လူအိုကြီးအား ရှင်းပြရင်း မဖြုန်းတီးချင်ပေ။


ယဲ့ဇယ်ရှစ်၏မက်ဆေ့ချ်က အမြန်ပြန်ရောက်လာခဲ့သည်။

"ကျွန်တော့်လေယာဥ်က မနက် 8 နာရီမှ...ဟယ့်လောင်ရှီးရဲ့လေယာဥ်ကရော..."


ဟယ့်ကျင်းယွင် မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"ဒီလေယာဥ်လား..."


ယဲ့ဇယ်ရှစ် : "ဟုတ်တယ် အဲဒါ ထင်တာပဲ..."


ဟယ့်ကျင်းယွင် : " ကြည့်ရတာ ငါတို့ လေယာဥ်တူတူပဲ ထင်တယ်..."


"တိုက်ဆိုင်လိုက်တာ..."

ယဲ့ဇယ်ရှစ် ပြောလိုက်သည်။


"အဲ့အချိန်ကျ ကျွန်တော်တို့ တူတူထိုင်လို့ရပြီ..."


သဘာဝကျစွာပင် ဟယ့်ကျင်းယွင်က မငြင်းပေ။


နှစ်ယောက်သား လေဆိပ်မှာတွေ့ရန် သဘောတူလိုက်ပြီးနောက် ယဲ့ဇယ်ရှစ်က စကားပြောခန်းမှ ထွက်ကာ ထန့်ကျင့်နှင့် စကားပြောခန်းကို ဖွင့်လိုက်သည်။


ထန့်ကျင့်ထံမှ မက်ဆေ့ချ်က ပိုမိုယဥ်ကျေးပေသည်။

"ဇယ်ရှစ် မင်းအခုအလုပ်များနေလား..."


ယဲ့ဇယ်ရှစ် စာပြန်လိုက်သည်။

"မများပါဘူး ဘာဖြစ်လို့လဲ..."


နှစ်စက္ကန့်စောင့်ပြီးနောက် ထန့်ကျင့်က တုံ့ပြန်မလာပေ။ ယဲ့ဇယ်ရှစ် ဖုန်းချပြီး ဗီဒီယိုကိုနှိပ်ရန် ပြင်လိုက်သည်။ သို့သော် ဖုန်းချပြီးပြီးချင်း တစ်စက္ကန့်မှာပင် ဖုန်းက ထပ်မြည်လာခဲ့သည်။


ယဲ့ဇယ်ရှစ် ဖုန်းကိုကောက်ကာ မက်ဆေ့ချ်ကို နှိပ်လိုက်သည်။


ထန်ကျင့် : "#ပုံ#"


ယဲ့ဇယ်ရှစ် အနီးကပ်ဆွဲကြည့်လိုက်ရာ စာချုပ်တစ်ခုပုံကို ပို့ထားသည်ကို တွေ့လိုက်ရသည်။ စာချုပ်၏အပေါ်တွင် သိသာထင်ရှားလှသော "အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း" ဟူသည့်စကားလုံးများ ပါလေ၏။


ယဲ့ဇယ်ရှစ် တစ်ခဏတာ ကြောင်သွားပြီးမှ လျင်မြန်စွာ နားလည်လိုက်သည်။

"မင်းလည်း 'အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း' ကို ရိုက်မလို့လား..."


ယဲ့ဇယ်ရှစ်၏ မက်ဆေ့ချ်ကိုကြည့်ပြီး သူ့မျက်နှာပေါ်မှ အံ့အားသင့်သွားသည့် အမူအရာကိုပင် ထန်ကျင့်ပုံဖော်နိုင်ပေသည်။ သူ့နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး စာရိုက်လိုက်သည်။

"ဟုတ်တယ် နောက်ရိုက်ကူးရေးကျ ငါက အထူးဧည့်သည်ဖြစ်လာမှာ..."


ယဲ့ဇယ်ရှစ် ဤအကြောင်းကို အမှန်ပင် မမျှော်လင့်ထားခဲ့ဘဲ သူ့အံ့အားသင့်နေမှုကို ဖော်ပြလိုက်သည်။

"ဒီရိုက်ကူးရေးမှာ မင်းက အထူးဧည့်သည်အနေနဲ့ လာမယ်လို့ ငါတကယ် မထင်ထားတာ...ဒါရိုက်တာအဖွဲ့က လျှို့ဝှက်ချက်တွေထိန်းတဲ့နေရာမှာ တကယ်တော်တာပဲ..."


တစ်ချိန်တည်းမှာပင် ယဲ့ဇယ်ရှစ်က စပ်စုစိတ်ကလေးပေါ်လာခဲ့သည်။

"တခြားအထူးဧည့်သည်ကရော ဘယ်သူလဲဆိုတာ မင်းသိလား..."


ထန်ကျင့် အမှန်တကယ်မသိပေ။

"ငါမသိဘူး..."


စာပြန်ပြီးနောက် ထန်ကျင့် သူ့နှုတ်ခမ်းထောင့်များကို မထိန်းချုပ်နိုင်စွာ ပြုံးလိုက်မိသည်။


သေချာဂရုတစိုက် တွေးကြည့်လိုက်ရာ သူ ယဲ့ဇယ်ရှစ်ကို လအတန်ကြာအောင် မမြင်ခဲ့ရဘဲ မနက်ဖြန်ကျ တစ်ဖက်လူကို တွေ့ရတော့မည်ပင်။ ထန်ကျင့် ၎င်းကို မျှော်လင့်စောင့်စားနေပြီး ရုတ်တရက် မဖော်ပြနိုင်သည့် ကြောက်ရွံ့မှုကိုလည်း ခံစားလိုက်ရသည်။


သူ့အေးဂျင့်ထံပြောခဲ့သည့် ယခင်ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ထန်ကျင့် ဤအခိုက်အတန့်၌ ၎င်းတို့အားလုံးကို မေ့နေပြီဖြစ်သည်။


"မင်း မနက်ဖြန် မြို့တော်ကနေ လေယာဥ်နဲ့ထွက်မှာလား..."

ထန်ကျင့် ထပ်မေးလိုက်သည်။


ယဲ့ဇယ်ရှစ် : " ဟုတ်တယ် ဟယ့်လောင်ရှီးနဲ့ငါက မနက် 8 နာရီမှာ လေယာဥ်ထွက်မှာ...မင်းကရော..."


ဖုန်းစခရင်ပေါ်မှ "ဟယ့်လောင်ရှီး" ဟူသည့်စကားလုံးများကို ကြည့်လျှက် ထန်ကျင့် သူ့နှလုံးသားကို လေအေးတစ်သုတ် တိုက်ခတ်သွားသလို ခံစားလိုက်ရကာ ကောင်းမွန်နေသည့် စိတ်အခြေအနေက ချက်ချင်းလက်ငင်းဆိုသလို ပျောက်ကွယ်သွားရသည်။


အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ထန်ကျင့် စာရိုက်လိုက်သည်။

"ငါက ဟမ့်တျန်ကနေ လေယာဥ်နဲ့ထွက်လာမှာ..."


တစ်ခဏရပ်တန့်သွားပြီးနောက် သူ သာမာန်ကာလျှံကာ မေးဟန်ဆောင်လိုက်သည်။

"မင်းက ဟယ့်လောင်ရှီးနဲ့ သွားမှာလား..."


ယဲ့ဇယ်ရှစ် စာပြန်လိုက်သည်။

"ဟုတ်တယ်...ဟယ့်လောင်ရှီးက ငါ့လေယာဥ်အကြောင်း မက်ဆေ့ချ်ပို့ပြီး လှမ်းမေးတာလေ...ငါတို့နှစ်ယောက်လုံး လေယာဥ်တစ်စီးတည်းဆိုတာ ခုလေးမှသိလိုက်တာ..."


လေယာဥ်အတူတူစီးရန် စီစဥ်ထားခြင်း မဟုတ်သည်ကို သိလိုက်ရသည်။


ထိုအကြောင်းကိုတွေးပြီး ထန်ကျင့် အနည်းငယ်စိတ်သက်သာရာ ရသွားသည်။ ယဲ့ဇယ်ရှစ် စာရိုက်နေသည်ကို မြင်လိုက်ချိန်တွင် အောက်ညွှတ်ကျနေသည့် နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း ပြန်မြှင့်တက်လာခဲ့သည်။

"အိုကေ...ဒါဆို နောက်မှ ငါမင်းကိုဆက်သွယ်လိုက်မယ်..."


ယဲ့ဇယ်ရှစ် : "အိုကေလေ..."


ထန်ကျင့် မက်ဆေ့ချ်ကို reply ပြန်ပြီးနောက် ယဲ့ဇယ်ရှစ်လက်ဆန့်ကာ anime ကို ထပ်ကြည့်လိုက်ပြီး မျက်ခုံးများက တဖြည်းဖြည်း ကြုံ့လာခဲ့သည်။


ထန်ကျင့်က ဟယ့်လောင်ရှီးနှင့်တူညီသည့် ပရိုဂရမ်တွင် မမျှော်လင့်ထားစွာပင် ထပ်ပါဝင်လာခဲ့သည်။ ဤသည်ကို ယဲ့ဇယ်ရှစ် မမျှော်လင့်ထားခဲ့ပေ။


သို့သော် မကြာမီမှာပင် ထန်ကျင့်မှ ဝတ္ထုထဲကအဓိကဇာတ်ဆောင်မှန်း သူသတိရလိုက်သည်။ မူရင်းဇာတ်ကွက်ထဲတွင် ထန်ကျင့်နှင့် ဟယ့်ကျင်းယွင်တို့ အချင်းချင်း အပြန်အလှန်ဆက်ဆံမှုရှိသည့် အခန်းများစွာ ပါလေသည်။ ထန်ကျင့်က မကြာခဏဆိုသလိုပင် ဟယ့်ကျင်းယွင်နှင့် ရှိုးများတွင် ပါဝင်ကြသည်ဖြစ်၍ ၎င်းကလည်း သာမာန်ဖြစ်စဥ်ပင်။


အကယ်၍ သူသာ ဤနေရာကို မကူးပြောင်းလာခဲ့ပါက ထန်ကျင့်နှင့် ဟယ့်ကျင်းယွင်တို့က အချိန်အကြာကြီးကတည်းက အတူတူရှိနေပြီးသား ဖြစ်နိုင်ပေသည်။


သို့သော်ငြား ယခု ထန်ကျင့်က ဟယ့်ကျင်းယွင်အပေါ် လုံးဝစိတ်ဝင်စားမှုမရှိပုံ ပေါ်ပေသည်။


မဟုတ်ရင် အဲ့ဒါကို ဘယ်လိုရှင်းပြရမလဲ...ထန်ကျင့်က ဟယ့်ကျင်းယွင် ထွက်သွားမှာကိုတောင် မသိဘူး ပြီးတော့ သူ့ကိုမေးလိုက်ရမှာလား...


အစောပိုင်းကတည်းက ယဲ့ဇယ်ရှစ် ဝတ္ထု၏ဇာတ်လမ်းကြောင်းက အနည်းငယ် တိမ်းစောင်းသွားသည်ကို ရှာတွေ့ခဲ့သည်။ ယခုအခါ သူပို၍ပင် သေချာသွားလေပြီ။


မသေချာသေးသည့် တစ်ခုတည်းသောအရာက ဟယ့်ကျင်းယွင်၏ ခံစားချက်များပင်။


ဟယ့်ကျင်းယွင်ကလည်း ထန်ကျင့်ကို စိတ်မဝင်စားဘူးဆိုရင် ငါ့CP ကြီးက အရမ်းစိတ်ပျက်စရာကောင်းသွားလိမ့်မယ်လေ...


ထိုအကြောင်းကိုတွေးပြီး ယဲ့ဇယ်ရှစ် ဆက်ပြီး ထိုင်မနေနိုင်တော့ချေ။ သူဖုန်းကို ကောက်ကိုင်က ဟယ့်ကျင်းယွင်ထံ မက်ဆေ့ချ်ပို့လိုက်သည်။

"ဟယ့်လောင်ရှီး...လောင်ရှီး ဒီအကြောင်းကိုသိလား..."


သံသယအရိပ်အယောင်လေးတစ်ခုက ဟယ့်ကျင်းယွင်၏မျက်ဝန်းများထဲ ဖြတ်ပြေးသွားသည်။


' ? 'လေးတစ်ခုကို စာရိုက်ရာနေရာတွင် ဖြည်းဖြည်းချင်း ရိုက်လိုက်သည်။


"ဘာသိရမှာလဲ ? "


နောက်တစ်စက္ကန့်တွင် ယဲ့ဇယ်ရှစ်၏မက်ဆေ့ချ် ရောက်လာသည်။

"ဒီတစ်ခေါက်ရိုက်ကူးရေးမှာ ထန်ကျင့်က ကျွန်တော်တို့ရဲ့ အထူးဧည့်သည်တွေထဲက တစ်ယောက်တဲ့လေ..."


မက်ဆေ့ချ်ပို့ပြီးနောက် ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။ ဟယ့်ကျင်းယွင် ဘာပြန်ပြောလိမ့်မည်ကို သူ ကူကယ်ရာမဲ့စွာ မျှော်လင့်နေမိသည်။


သူ ပျော်သွားမလား...ဒါမှမဟုတ် မထူးခြားနားပဲလား...


ထန်ကျင့်၏အမည်ကို မြင်ပြီး ဟယ့်ကျင်းယွင် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း လျင်မြန်စွာ ပြန်ပြေလျော့သွားသည်။ သူ့မျက်နှာအမူအရာက မပြောင်းမလဲ ပုံမှန်အတိုင်းပင်ဖြစ်ကာ ယဲ့ဇယ်ရှစ်မျှော်လင့်ထားသလို ပျော်ရွှင်မသွားခဲ့ပေ။


"မင်းက ဘယ်လိုသိတာလဲ..."


ယဲ့ဇယ်ရှစ် ဖုန်းပေါ်က မက်ဆေ့ချ်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


ဟေး...ဘာလို့ဟယ့်လောင်ရှီးက အဲ့လိုစကားနည်းနည်းပဲ ပြန်ပို့တာလဲ...ဒီနည်းအတိုင်းဆို သူ့အတွေးအစစ်ကို သူဘယ်လိုလုပ် မြင်နိုင်မှာလဲလို့...


ယဲ့ဇယ်ရှစ် : " အခုလေးတင်ပဲ ထန်ကျင့်က ကျွန်တော့်ကို မက်ဆေ့ချ်ပို့တာ...ဒါပေမဲ့ တခြားအထူးဧည့်သည်တွေအကြောင်းတော့ သူလည်းမသိဘူး..."


ဟယ့်ကျင်းယွင် : " အိုကေ သိပြီ...ငါအခုသွားရတော့မယ်...မနက်ဖြန်မှ တွေ့ကြတာပေါ့..."


ဟမ်...


ဒါပဲလား...


ယဲ့ဇယ်ရှစ် အံအားသင့်ကာ ကြက်သေသေသွားလေ၏။


ဟယ့်ကျင်းယွင်က မေးခွန်းလေးတောင် ထပ်မမေးတော့ဘူးလား...


ဒါမှမဟုတ် ငါ တကယ်ကြီး CP အမှားကြီးကို ship မိနေတာများလား...


ယဲ့ဇယ်ရှစ် သူ့ကိုယ်သူ သံသယနက်နက် ဝင်သွားလေသည်။


အချိန်အကြာကြီး ကြာသွားပြီးနောက် သူ ဟယ့်ကျင်းယွင်၏မက်ဆေ့ချ်ကို ခက်ခက်ခဲခဲ reply ပြန်လိုက်ရလေသည်။

"မနက်ဖြန်မှ တွေ့ကြမယ်..."


စကားပြောခန်းကိုပိတ်လိုက်ပြီးနောက် သူ့ဖုန်းကိုကောက်ကိုင်ပြီး အေးဂျင့်ထံ မက်ဆေ့ချ်မပို့မီ နှစ်စက္ကန့်မျှကြာအောင် ထိုနေရာတွင် မတ်တတ်ရပ်ကာတွေးနေခဲ့သည်။


ဟယ့်ကျင်းယွင် ရုံးခန်းကို ပြန်လာရာ သူ့လုပ်ဖော်ကိုင်ဖက်က သူ့အားစောင့်နေလေသည်။ ဟယ့်ကျင်းယွင် ဝင်လာသည်ကိုမြင်ချိန်တွင် သူ နံနက်စောစော ပြင်ဆင်ထားခဲ့သည့် အစီအစဥ်ကို ထုတ်ပြလိုက်သည်။


အချို့အချက်လေးများကို ဆွေးနွေးညှိုနှိုင်းပြီးနောက် နောက်ဆုံးပြောင်းလဲမှုကို ဆုံးဖြတ်လိုက်လေ၏။


တည်းဖြတ်ခြင်းကို ဆက်လုပ်လိုက်သည်။


ဟယ့်ကျင်းယွင် တုန်ခါနေသည့်ဖုန်းကို ကောက်မကိုင်မချင်း အချိန်ဘယ်လောက်ကြာအောင် ကုန်ဆုံးသွားမှန်း မသိပေ။ အေးဂျင့်က မက်ဆေ့ချ်အတန်းလိုက်ပို့ထားလေသည်။


"ထန်ကျင့်လား..."


"ဘာလို့ သူ့အကြောင်းကို မေးတာလဲ..."


"ကောင်းပြီ ခဏစောင့်ဦး ငါမေးကြည့်လိုက်ဦးမယ်..."


"သိခဲ့ရပြီ... 'ကျော်ကြားသော စစ်သူကြီး' ကိုရိုက်တဲ့အချိန်တုန်းက ကုမ္ပဏီရဲ့ဥက္ကဌကို ဇာတ်ကောင်အတွက် ဆက်သွယ်ခဲ့တဲ့တစ်ယောက်ပဲ...အဲဒါကြောင့် မင်းကိုအဲ့တုန်းက ဥက္ကဌက ဖုန်းခေါ်ခဲ့တာထင်တယ်..."


" 'အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း'အကြောင်းနဲ့ ပတ်သက်တာကိုလည်း မေးလိုက်သေးတယ်...ဒါရိုက်တာကျန်းပြောတာတော့ ထန်ကျင့်ရဲ့အေးဂျင့်က သူ့ကိုဆက်သွယ်ပြီး ကိုယ့်ကိုကိုယ် အကြုံပြုထောက်ခံပေးခဲ့တာတဲ့..."


"ယဲ့ဇယ်ရှစ်နဲ့ထန်ကျင့် နှစ်ယောက်တူတူရှိနေတဲ့အချိန်ဆိုရင် ခေါင်းစီးသတင်းကြီး ဖြစ်သွားတာကို သိတယ်မလား...ပြီးတော့ "အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း" ကလည်း အထူးဧည့်သည်တော်တွေ လိုနေတာလေ...အဲ့တော့ ဒါရိုက်တာကျန်းလည်း တုံ့ဆိုင်းမနေတော့ဘဲ သဘောတူလိုက်တာ..."


"ဒါပေမဲ့ မင်းဘာလို့ဒါကို မေးရတာလဲဆိုတာ ငါတော့ နားမလည်သေးဘူးပဲ..."


မက်ဆေ့ချ်အားလုံးဖတ်ပြီးနောက် ဟယ့်ကျင်းယွင်၏ မျက်မှောင်ကြုတ်ထားမှုက လုံးဝပြေမသွားခဲ့ပေ။ 


ငါ အထင်မှားသွားတာများလား...


ရှည်သွယ်သွယ် လက်ချောင်းထိပ်လေးမျာက ဖုန်းစခရင်ကို နှစ်ကြိမ်ထိလိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက တင်းကြပ်သွားကာ တစ်စုံတစ်ခုကို စဥ်းစားနေသည့်အလား မှင်ရည်ရောင်မျက်ဝန်းများကလည်း ပို၍ မည်းနက်လာခဲ့သည်။ 


တစ်ခဏကြာပြီးနောက် သူဖုန်းကိုကိုင်ကာ အေးဂျင့်ထံ စာပြန်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး နည်းနည်းသိချင်သွားရုံပါ..."


"ထန်ကျင့်က လွန်ခဲ့တဲ့နှစ်နှစ်ကမှ ကုမ္ပဏီနဲ့လက်မှတ်ထိုးခဲ့တဲ့ လူသစ်ကလေးမလား..."


အေးဂျင့်ထံမှ မက်ဆေ့ချ်က ချက်ချင်းပင် ပြန်ရောက်လာခဲ့သည်။ 

"ဟုတ်တယ်...သာမာန်ဆို Starlight က အသစ်လေးတွေအတွက် အရင်းအမြစ်တွေအားလုံးက ထန်ကျင့်ဆီကိုပဲ ဦးစားပေးအနေနဲ့ အရင်ရောက်သွားတာချည်းပဲ...ဒါပေမဲ့ အဲဒါက မင်းနဲ့မဆိုင်ဘူးမလား...ဖြစ်နိုင်တာက မင်း..."


"အရမ်းမတွေးနဲ့...သူ့အတွက် ကုမ္ပဏီကစီစဥ်ပေးတဲ့ အချိန်စာရင်းတွေက အပြည့်ဖြစ်မနေသေးဘူးလို့ ထင်ရုံပဲ...."

ဟယ့်ကျင်းယွင်က စာပြန်လိုက်သည်။


အေးဂျင့် : "ဟမ်...ဝှက်သယ်ဟဲလ်..."


ဟယ့်ကျင်းယွင် ဖုန်းကိုပိတ်လိုက်ပြီးဖြစ်ကာ ထပ်ပြီးစာမပြန်တော့ပေ။


ငါးလေးစားချင်ရုံနှင့် သူ့ကိုစိုက်ကြည့်နေသည့် ယဲ့ဇယ်ရှစ်အကြောင်းကို တွေးပြီးနောက် ဟယ့်ကျင်းယွင် စိတ်ဖိစီးလာကာ ပင်ပန်းမှုအနည်းငယ် ခံစားလိုက်ပေသည်။


ကောင်ငယ်လေးက အမှန်ပင် ရေပန်းစားလှပေသည်။


သို့သော်ငြား ယဲ့ဇယ်ရှစ်ကို ထိုအတွက်ကြောင့် အပြစ်တင်၍မရပေ။


ဘယ်သူက သူ့ကိုနှစ်လိုဖွယ်ကောင်းနေအောင် လုပ်ပေးလိုက်ရတာလဲ....


ထိုအကြောင်းကို တွေးလိုက်ပြီး ဟယ့်ကျင်းယွင်၏ ကြုတ်ထားသော မျက်မှောင်များက ဖြည်းဖြည်းချင်းပြန်လျော့လာကာ အပြုံးဖျော့ဖျော့လေးက သူ့နှုတ်ခမ်းထောင့်တွင် ပေါ်လာခဲ့သည်။


×××××


နောက်တစ်ရက် မနက်စောစောအချိန်တွင် ယဲ့ဇယ်ရှစ်ကို ခေါ်ရန် ကောင်းရှူ ရောက်လာခဲ့သည်။


ယဲ့ဇယ်ရှစ် အင်အားအပြည့်နှင့် လန်းဆန်းတက်ကြွနေသည်ကို မြင်ရသည်မှာ ရှားပေသည်။ လေဆိပ်သို့ရောက်ရောက်ချင်းမှာပင် ယဲ့ဇယ်ရှစ်က VIP နားနေခန်းကို တန်းသွားလိုက်သည်။


ဟယ့်ကျင်းယွင်ကို လှည့်ပတ်ရှာနေစဥ်မှာပင် သူ့အနောက်မှ ရင်းနှီးကျွမ်းဝင်နေသော သံလိုက်ဓာတ်အပြည့်နှင့် ဆွဲဆောင်မှုရှိသည့် ယောက်ျားတစ်ယောက်အသံကို ကြားလိုက်ရသည်။

"ငါ့ကိုရှာနေတာလား..."


ယဲ့ဇယ်ရှစ် လှည့်ကြည့်လိုက်ရာ သူ့ထံလျှောက်လာသည့် ဟယ့်ကျင်းယွင်ကို မြင်လိုက်ရသည်။


အပြုံးလေးတစ်ခုနှင့် ယဲ့ဇယ်ရှစ် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်...ဟယ့်လောင်ရှီးမဟုတ်ဘဲ ကျွန်တော်က တခြားဘယ်သူ့ကိုများ ရှာရဦးမှာလဲ..."


ဟယ့်ကျင်းယွင်အပြုံးက ပိုနက်ရှိုင်းသွားကာ မက်စ်ကို အနည်းငယ် အောက်ချလိုက်သည်။

"မနက်စာ စားပြီးပြီလား...."


ယဲ့ဇယ်ရှစ် ခေါင်းခါလိုက်သည်။


"ငါ မနက်စာနေရာ ကောင်းကောင်းတစ်ခု သိတယ်...ယွိရယ်ကို သွားဝယ်ခိုင်းလိုက်မယ်..."

ဟယ့်ကျင်းယွင် ပြောလိုက်သည်။


"ကောင်းပါပြီ..." 

ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့ တစ်ဦးနှင့်တစ်ဦး ရင်းနှီးခဲ့ကြပြီး အချင်းချင်း ယဥ်ယဥ်ကျေးကျေးဆက်ဆံသည်ကို ရပ်လိုက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။


ယွိရယ်က မနက်စာကို မြန်မြန်ဆန်ဆန်ပင် ဝယ်လာခဲ့သည်။ ယဲ့ဇယ်ရှစ် ပုဇွန်ဖက်ထုပ်ပေါင်းကို တစ်ကိုက်ကိုက်လိုက်ပြီးနောက် မျက်ဝန်းများ ဝင်းလက်သွားသည်။


အရမ်း အရသာရှိတယ်ဟ...


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏အရောင်တောက်နေသော မျက်ဝန်းများကို ကြည့်ကာ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။ လွန်ခဲ့သည့်ရက်များအတွင်း ပင်ပန်းနွမ်းနယ်ရခဲ့မှုများက ထိုအခိုက်၌ ပျောက်ကွယ်သွားသလိုပင်။


"ဖြည်းဖြည်းစား..."

ဟယ့်ကျင်းယွင် ပဲနို့တစ်ခွက်ကို ယဲ့ဇယ်ရှစ်ထံ လှမ်းပေးလိုက်သည်။


ယဲ့ဇယ်ရှစ်က ကြော့ကြော့မော့မော့နှင့် တစ်ငုံသောက်လိုက်ပြီး ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။ 

"အရမ်းစားလို့ကောင်းတာပဲ..."


(T/N- ယဲ့ဇယ်ရှစ်က လက်နှစ်ဖက်နဲ့ကိုင်စားနေတော့ လက်မအားဘဲ ဟယ့်လောင်ရှီးကမ်းပေးတဲ့ပဲနို့ကို မယူဘဲ ငုံ့သောက်လိုက်တာပါ)


ဟယ့်ကျင်းယွင် တစ်ခဏတန့်သွားပြီးမှ ကူကယ်ရာမဲ့နေသည့်အပြုံးလေး ပြုံးလိုက်လေ၏။

"ဒါဆိုလည်း ဖြည်းဖြည်းစားပါ...ဘယ်သူမှ မင်းဆီကနေ မလုပါဘူးကွာ..."


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သော်လည်း သူ့စားသောက်နေသည့်အရှိန်ကို မလျှော့လိုက်ပေ။


ဟယ့်ကျင်းယွင် ရိုးရိုးရှင်းရှင်းပင် သူ့အား လွှတ်ထားလိုက်ရသည်။


သူတို့နှစ်ယောက် မနက်စာစားပြီးသွားချိန်တွင် လေယာဥ်ထွက်ချိန်နီးနေပြီ ဖြစ်၏။


ဟယ့်ကျင်းယွင်က ဦးစွာမတ်တတ်ထရပ်လိုက်သည်။

"သွားကြစို့..."


"ကောင်းပါပြီ..."

ယဲ့ဇယ်ရှစ်လည်း မတ်တတ်ရပ်လိုက်သည်။


သူတို့ ခြေနှစ်လှမ်းမပြည့်မီမှာပင် ဟယ့်ကျင်းယွင်က သူ့ကို သတိပေးလိုက်သည်။

"မက်စ်တပ်ထားဦး..."


ယဲ့ဇယ်ရှစ် သူစားနေချိန် မက်စ်ချွတ်ထားလိုက်မိသည်ကို သတိရလိုက်သည်။ သူ ပြန်တုံ့ပြန်လိုက်သည်။

"ဟုတ်သား မေ့တော့မလို့..."


ပြောပြီးနောက် ဟယ့်ကျင်းယွင်နောက် မလိုက်မီ မက်စ်တပ်လိုက်သည်။


ဟယ့်ကျင်းယွင် အနည်းငယ် ကူကယ်ရာမဲ့သွားသည်။

"မက်စ်တပ်ဖို့ကို ဘယ်လိုလုပ် မေ့နိုင်ရတာလဲကွာ..."


ယဲ့ဇယ်ရှစ် ဗြောင်ကျကျပင် ပြောလိုက်သည်။

"အဆင်ပြေပါတယ်...ဓါတ်ပုံရိုက်ခံရရုံလေးပဲ မဟုတ်ဘူးလား...ဟယ့်လောင်ရှီးနဲ့သာ အတူဓါတ်ပုံရိုက်ခံရရင် ကျွန်တော် hot search ထဲ အလကားတောင်ရောက်သွားနိုင်သေးတယ်..."


ဟယ့်ကျင်းယွင်က ယုတ္တိမရှိသည့် သူ့အတွေးမှားများကြောင့် အူမြူးပျော်ရွှင်သွားပြီး ဘာမှမပြောတော့ဘဲ ခေါင်းသာ ယမ်းလိုက်တော့သည်။


သူတို့နောက်ကလိုက်လာသည့် ကောင်းရှူနှင့် ယွိရယ်တို့နှစ်ယောက်လည်း ရယ်မောလိုက်ကာ မည်သူမှ ၎င်းကို အလေးအနက် မမှတ်ယူလိုက်ကြချေ။


ပြောရလျှင် လေဆိပ်တွင် နာမည်ကြီး အနုပညာရှင်များ ဓာတ်ပုံရိုက်ခံရသည်မှာ ပုံမှန်ပင်။ တစ်ခါတစ်ရံတွင် အနုပညာရှင်က အပြည့်အစုံကာကွယ်ထားလျှင်ပင် မဖိတ်ခေါ်ထားဘဲ စူးရှထက်မြက်သည့်မျက်လုံးများရှိသည့် သတင်းထောက်များထံမှ မှတ်မိခံရပေသည်။


အဆုံးတွင်မူ လူတိုင်းက ဤကိစ္စကိုရင်းနှီးနေကြပြီဖြစ်ပြီး အမြဲလိုလို ယင်းက အနုပညာရှင်အား hot search သေးသေးလေးထဲသို့ ခဏတာဝင်ရောက်သွားစေကာ မည်သည့်နည်းနှင့်မှ ဆုံးရှုံးထိခိုက်မှု ကြီးကြီးမားမား မဖြစ်သွားစေပေ။ 


သို့သော်ငြား ယဲ့ဇယ်ရှစ်မှန်သည်ကို မည်သူမှ မမျှော်လင့်ထားခဲ့မိချေ။ ဓာတ်ပုံရိုက်ခံရသည့် ဤအကြိမ်က hot search သေးသေးလေးကဲ့သို့ မရိုးရှင်းလှပေ။


လေယာဥ်ဆင်းသက်ပြီး သုံးနာရီအကြာတွင် ရေပန်းအစားဆုံးရှာဖွေမှုမှာ -- # ယဲ့ဇယ်ရှစ်နဲ့ ဟယ့်ကျင်းယွင်တို့နှစ်ယောက်ရဲ့ လေဆိပ်က ချိုမြိန်စရာ အပြန်အလှန်အပြုအမူလေးများ# အနောက်က ပါလာသည်မှာတော့ 'ပေါက်ကွဲ💥' ဟူသည့် အနီရောင်အမှတ်အသားကြီးတစ်ခုပင်။



🎶🎶🎶