Chapter 69
Viewers 21k

🎶 Chapter 69



လေယာဥ်ပေါ်က ဆင်းပြီးပြီးချင်းပင် ကောင်းရှူနှင့်ယွိရယ်တို့နှစ်ယောက်၏ ဖုန်းများက တစ်လုံးပြီးတစ်လုံး နိုတီသံမြည်လာခဲ့သည်။


PR မန်နေဂျာမှ ထပ်ပို့လိုက်သည့်မက်ဆေ့ချ်ကို နှစ်ယောက်လုံး ကြည့်လိုက်ပြီး နေရာ၌ပင် ချက်ချင်းအေးခဲသွားကြသည်။

(T/N- PR =public relation လူထုဆက်ဆံရေးဌာန - PR ဌာနလို့ပဲ သုံးလိုက်ပါမယ်နော်)


ဟယ့်ကျင်းယွင်က ဦးစွာ သူ့နောက်သို့ သူတို့နှစ်ယောက်လိုက်မလာသည်ကို သတိပြုမိသွား၍ နောက်လှည့်ကာ ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."


ကောင်းရှူ မျက်မှောင်ကြုတ်ကာ အလျင်အမြန် သတင်းဝင်ကြည့်လိုက်သည်။


သတင်းကို စစ်ဆေးလျက်ပင် ယွိရယ်က ပြန်ဖြေကြားလိုက်သည်။

"အင်တာနက်ပေါ်မှာ သတင်းအကြီးစားကြီးရှိတယ်ဆိုပြီး ပြောနေတဲ့ မားကတ်တင်းအကောင့်တစ်ခုရှိလို့...ပြောထားတာက အစ်ကိုဟယ့်နဲ့ ယဲ့လောင်ရှီးကြားက ဆက်ဆံရေးက ဖော်ထုတ်ခံလိုက်ရပြီတဲ့..."


ယဲ့ဇယ်ရှစ် သူ့အမည်ကို ကြားလိုက်ပြီး ထိုအခိုက် ပြန်လှည့်ကြည့်လိုက်သည်။

"ဟမ်..."


ဤဤအချိန်တွင် ဖြစ်ပျက်နေသည်ကို ကောင်းရှူ နားလည်သွားပြီဖြစ်ပြီး သူတို့နှစ်ယောက်ကိုအကြမ်းဖျင်း ပြန်ရှင်းပြလိုက်လေ၏။


ဤကိစ္စဖြစ်ရသည့် အကြောင်းအရင်းက ရိုးရှင်းပေသည်။ ယဲ့ဇယ်ရှစ်ပြောသကဲ့သို့ပင် လေဆိပ်၌ ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်တို့နှစ်ဦး ဓာတ်ပုံရိုက်ခံလိုက်ရခြင်းဖြစ်သည်။


ဤသည်က လုံးဝပင် ပုံမှန်ကိစ္စရပ်လေးတစ်ခုပင်။ သို့သော် ထိုမားကတ်တင်းအကောင့်က ကံကောင်းထောက်မစွာဖြင့် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်အား ပဲနို့ဘူးလှမ်းပေးလိုက်သည့် အခိုက်အတန့်ကို ဖမ်းယူရိုက်လိုက်နိုင်သွားခဲ့လေသည်။


ယဲ့ဇယ်ရှစ်က ထိုအခိုက်တွင် တစ်ငုံသောက်ခဲ့လေသည်။


လုံခြုံရေးဂိတ်ကို နှစ်ဦးသား အရှေ့နှင့်အနောက် ဖြတ်သွားသည့်ပုံနှင့် ဘေးချင်းယှဥ်လျက် လမ်းလျှောက်နေသည့် ပုံနှစ်ပုံကို တင်ထားလေသည်။ ပုံအဆုံး၌ နှစ်ယောက်က romance အချိန်လေးကို ရရှိနေကြောင်းပါ ဖော်ပြထားလေသည်။


အမှန်တရားကိုမသိသော ပြည်သူများက တစ်ချက်ကြည့်လိုက်သည်နှင့်--


အိုး...ဒါကြီးက လက်ဆုပ်လက်ကိုင်သက်သေပဲဟေ့...

ဟု ဖြစ်သွားကြသည်။


ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်၏ပရိသတ်များကိုသာ ကြည့်လိုက်ပါ...


ယဲ့ဇယ်ရှစ်၏ပရိသတ်များက ပထမတွင် ၎င်းကို သေချာပေါက် လက်မခံကြပေ။ သို့သော် နှစ်ဦးသား ပဲနို့ဘူးလေးများ လဲနေသည့် Gif လေးက်ို တွေ့လိုက်ချိန် တစ်စက္ကန့်မျှ သူတို့ကြောက်လန့်သွားကြ၏။


အစစ်ကြီးလား အတုများလားဟ...


ရှစ်ရှစ်က အဲ့လောက်ငယ်ငယ်လေး ရှိသေးတာကို ချစ်မိနေပြီပေါ့လေ...


သေချာပေါက်ပင် တစ်ဖက်ပစ်မှတ်က ဟယ့်လောင်ရှီးဖြစ်နေပါက သူတို့က အားပေးဝန်းရံကြမည် ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ဖရဲရွက်လေးများအတွက်မူ ယဲ့ဇယ်ရှစ် ဘာလုပ်လုပ် မှန်ပေသည်ပင်။ ယဲ့ဇယ်ရှစ်သာ အနုပညာလောကမှ မနှုတ်ထွက်မချင်း သူတို့ထံတွင် ဘာမှစောဒကတက် မေးစရာမရှိချေ။


ယဲ့ဇယ်ရှစ် သူ့အလုပ်ကိုပဲအာရုံစိုက်ပြီး မချစ်မိသွားစေဖို့ ငိုနေရမယ် ဟုတ်လား...


ဆောရီးပဲ...ယဲ့ဇယ်ရှစ်မှာ ချစ်သူကောင်မလေးဖန် ဒါမှမဟုတ် အလုပ်မှအလုပ်ဆိုတဲ့ ဖန်မျိုး ရှိမနေပါဘူးနော်...


ယဲ့ဇယ်ရှစ်ပရိသတ်အားလုံးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး သူတို့၌ စည်းမျဥ်းတစ်ခုသာရှိပေသည်။


ယဲ့ဇယ်ရှစ်သာ အနုပညာလောက'ကနေ မနှုတ်ထွက်ဘူးဆိုသရွေ့ သူလုပ်ချင်တာ သူလုပ်လို့ရတယ်...


ဟယ့်ကျင်းယွင်ပရိသတ်တွေကိုလည်း ကြည့်လိုက်ကြပါဦး...သူတို့ခမျာ ပိုပြီးတောင် ဆုံးရှုံးခံစားနေရရှာတယ်...


ယခင်က ပရိသတ်များတွင် 'ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို အရမ်း ဂရုစိုက်လွန်းတယ်' ဟူသော ထင်မြင်ချက်များ ရှိကြပေသည်။ ယခု ကြည့်ရသည်မှာ သူက CP ကို အမှန်တကယ် ကြော်ငြာရန် ကြိုးစားနေသည့် ပုံပေါ်၏။ အကယ်၍ သူတို့နှစ်ယောက် ကွေးနေသည်မှာ အမှန်တကယ်ဆိုပါက ကြောငြာရသည်မှာလည်း မလွှဲမရှောင်သာ ဖြစ်လာလိမ့်မည်ပင်။


ဝါရင့်ပရိသတ်များက ပရိသတ်များကို ကြိုတင်သတိပေးထားကြပြီး ပရိတ်သတ်အဖြစ်မှ နုတ်ထွက်ရန် တောင်းဆိုနေကြသည့် ပရိသတ်များကလည်း ထွက်ခွာသွားကြလေသည်။ ယခု ကျန်ရှိနေသည့် ပရိသတ်များအားလုံးက ဟယ့်ကျင်းယွင်၏ အချစ်ရေးကို လက်ခံသွားနိုင်ပြီဖြစ်သည်။


အချို့ပရိသတ်များဆိုလျှင် တိတ်တိတ်ကလေး CP ပရိသတ်အဖြစ် ခိုးပြောင်းပြီးသား ဖြစ်၏။


ထို့ကြောင့် မားကတ်တင်းအကောင့်က သတင်းဖောက်ချလိုက်သည့်အချိန်တွင် ထိခိုက်မှုအချို့ကို ထိန်းချုပ်ရန်အတွက် မှတ်ချက်ကဏ္ဍတွင် ပေါ်လာကြသော ပရိသတ်များက အမှန်တကယ်တွင် ယုံကြည်မှု မရှိခဲ့ကြပေ။


တရားဝင်ရှင်းလင်းချက်ကိုစောင့်မည်ဟုပြောသည့် အချို့သော ယုတ္တိရှိသည့် ပုံမှန်ပရိသတ်များသာ မရှိပါက ပရိသတ်အချို့က ထိုနှစ်ယောက်အား ဂုဏ်ပြုစကားရန် ထွက်လာကြလိမ့်မည်ဖြစ်သည်။


အပျော်ရွှင်ဆုံးပရိသတ်များမှာမူ သေချာပေါက် ဟယ့်ရှစ်ပရိသတ်များပင်။


ဟယ့်ကျင်းယွင်နဲ့ ယဲ့ဇယ်ရှစ် အတူတူဖြစ်သွားကြတာ အစစ် ဟုတ်ဟုတ် မဟုတ်ဟုတ် အဲ့ဒါကိုအသာထားလိုက်...အနည်းဆုံးတော့ အဲ့ဒီ Gif တွေကတော့ အစစ်တွေလေ....


ပရိတ်သတ်အုပ်ကြီးရဲ့ မျက်လုံးတွေက အရမ်းစူးရှတာနော်...


ဟယ့်ရှစ်က အစစ်အမှန်လို့ သူတို့ကတော့ ကြောငြာလိုက်ပြီပဲ...


CP ပရိသတ်များက ဤတစ်ကြိမ်တွင်မူ အမှန်အကန်ပင် အချင်းချင်း ဂုဏ်ပြုနေကြသည်။


ထို့ကြောင့် ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်၏ပရိသတ်များက ကွန်းမန့်များကို အလွန်အကြူး မထိန်းချုပ်ခဲ့ကြရာ သူတို့နှစ်ယောက်အား တခဲနက် အားပေးဂုဏ်ပြုနေကြသည့် CP ပရိသတ်များနှင့်ပြည့်နှက် လွှမ်းမိုးနေပေသည်။ ၎င်းက စျေးကွက်ရှာဖွေရေးအကောင့်အား ငွေကုန်စရာမလိုဘဲ hot searchသို့ အလကားရောက်သွားစေခဲ့၏။ နာရီပိုင်းအတွင်းမှာပင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့နှစ်ယောက်နှင့်ပတ်သတ်သည့် tag များသာ hot search တွင် နေရာယူထားလေသည်။


ဤသတင်းက သာမာန်ပြည်သူများအတွက်သာ စိတ်လှုပ်ရှားသွားစေရုံ ဖြစ်သည်။


ကောင်းရှူနှင့် ယွိရယ်ကဲ့သို့ ပရော်ဖက်ရှင်နယ်များ အတွက်တော့ ဤကိစ္စက အမှန်စင်စစ် မိုးကြိုးပစ်သည့်ဖြစ်ရပ်ပင်။


ရှင်းလင်းချက်ထုတ်ခြင်းဆိုသည်မှာ ဤမျှရိုးရှင်းသည့်အရာမဟုတ်ပေ။


ဒီမာကတ်တင်းအကောင့်က ရေးထားတာကိုအကြမ်းဖျင်းကြည့်လိုက်ပါဦး...အပေါက်တွေနဲ့ပြည့်ပြီး အရမ်းအတုအယောင်ဆန်တာပဲ...


လူလေးယောက်သွားတဲ့ခရီးက လူနှစ်ယောက်သွားတဲ့ခရီး ဖြစ်သွားတယ်ပေါ့လေ...လက်ထောက်နဲ့အေးဂျင့်က မရှိတဲ့လူလို့ သူတို့ကတွေးနေကြတာလား...


ရသစုံရှိုးရိုက်ကူးခြင်းကလည်း ဟန်းနီးမွန်းခရီးစဥ်အဖြစ် သတ်မှတ်ခံလိုက်ရလေသည်။ "အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း" ၏ တရားဝင်ဘလော့က မနက်ဖြန်တွင် ထပ်မံရိုက်ကူးရန် ကြေညာချက်ထုတ်ပြန်မည် ဖြစ်သည်။


ကောင်းရှူနှင့်ယွိရယ်က သရုပ်ဆောင်နှစ်ယောက်၏အချိန်စာရင်းကို တစ်ချိန်တည်းတွင် ထုတ်ပြန်လိုက်သရွေ့ ယဲ့ဇယ်ရှစ် သို့မဟုတ် ဟယ့်ကျင်းယွင် မည်သူမှ Weibo တွင် ပို့စ်တင်ပြီးရှင်းပြနေရန်ပင် မလိုအပ်တော့ပေ။


ကောင်းရှူက သူ့ထင်မြင်ချက်ကို ပြောပြလိုက်သည်။


သူ့နံဘေးမှ ယွိရယ်ကလည်း ခေါင်းညိတ်လိုက်ပြီး ကောင်းရှူ၏ဖြေရှင်းနည်းကို သဘောတူလေသည်။


သူတို့နှစ်ယောက် ထိုနည်းလမ်းအတိုင်း လုပ်ဆောင်ရန် သဘောတူပြီး Weiboတွင် ပို့စ်တင်ရန် ပြင်လိုက်ချိန် ရုတ်တရက်ဆိုသလို ကောင်းရှူနှင့် ဟယ့်ကျင်းယွင်၏ဖုန်းများက တစ်ချိန်တည်းတွင် အကြိမ်ပေါင်းများစွာ မြည်လာခဲ့သည်။


ကောင်းရှူ တစ်ခဏခန့် အေးခဲသွားလေသည်။


ဘာလို့ Weibo နိုတီသံက ငါအထူး followလုပ်ထားတဲ့အသံ မြည်နေရတာတုန်း...


ဟယ့်ကျင်းယွင်လည်း မျက်မှောင်ကြုတ်ကာ ဖုန်းကိုထုတ်ကြည့်လိုက်သည်။


သူတို့နှစ်ယောက် အထူးသတ်ိပေးချက်ကို တစ်ချိန်တည်းနီးပါး နှိပ်လိုက်ကြရာ လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်က ယဲ့ဇယ်ရှစ် Weibo တွင် ပို့စ်အတန်းလိုက် တင်ထားသည်ကို တွေ့လိုက်ကြရသည်။


လွန်ခဲ့သော တစ်မိနစ်က :


@ယဲ့ဇယ်ရှစ် : မားကတ်တင်းအကောင့်မှာ တကယ်ကြီး သူငယ်ချင်းမရှိရှာဘူးလား...မင်းလက်မအားတဲ့အချိန်ကြ မင်းသူငယ်ချင်းက မင်းကိုရေတစ်ခါမှ မတိုက်ဖူးဘူးပေါ့လေ...(ရှော့ရနေသည့်.jpg)


လွန်ခဲ့သော စက္ကန့်သုံးဆယ်က :


@ယဲ့ဇယ်ရှစ် : ငါ့နားမှာ လူသုံးယောက်တောင်ရှိတာလေ...ငါတို့အကုန်လုံး ရိုက်ကွင်းကိုသွားနေကြတာကို ဘယ်လိုလုပ်ပြီး လူနှစ်ယောက်ခရီးဖြစ်သွားရတာတုန်း...# ပုံ # တွေ့လား သူတို့အခုမှ လေယာဥ်ထဲကထွက်လာတာ ဒါပေမဲ့ အခုတော့ ငါ့ဘေးနားရပ်ပြီး hot searchနဲ့ မင်းကို ဘယ်လို ပြန်ရှင်းရမလဲဆိုပြီး တိုင်ပင်နေကြတယ်....


လွန်ခဲ့သော ဆယ်စက္ကန့်က :


@ယဲ့ဇယ်ရှစ် : ပြီးတော့ ငါ့ပရိသတ်လေးတွေ...ကျေးဇူးပြုပြီး ငါ့ကိုလည်း ရှင်းပြကြပါဦး...'မနုတ်ထွက်နဲ့ ဘာဖြစ်ဖြစ် ကြိုက်တာသာလုပ်' ဆိုတာ မင်းတို့ ဘာကိုဆိုလိုကြတာလဲ...


ယဲ့ဇယ်ရှစ် တစ်ခုပြီးတစ်ခု တင်လိုက်သည့် Weibo ပေါ်မှ ပို့စ်များကို တွေ့ပြီးနောက် ကောင်းရှူ လုံးဝကို ကြက်သေသေသွားလေသည်။

"သခင်လေး...ကျွန်တော့်ကို ဘာမှမပြောဘဲ ဘာလို့ Weibo ပေါ် ပို့စ်တင်လိုက်တာလဲ.."


ယဲ့ဇယ်ရှစ် မျက်လုံးပင့်ကာ ကောင်းရှူကို ကြည့်လိုက်သည်။

"ဒီလိုက မဆိုးဘူးမဟုတ်ဘူးလား..."


ကောင်းရှူ မျက်မှောင်ကြုတ်ကာ ယဲ့ဇယ်ရှစ်Weiboအောက်က ကွန်းမန့်များကို အလျင်အမြန် ခြုံကြည့်ပြီး ပြောလိုက်သည်။ 

"မကောင်းတာတော့ မဟုတ်ပါဘူး...ဒါပေမဲ့ သခင်လေး မားကတ်တင်းအကောင့်ကို ပြန်ချေဖို့ တိုက်ရိုက်ကြီးမလုပ်သင့်ရုံ လောက်ပါပဲ...အဲ့လိုမျိုးက ကျိန်းသေ..."


"အဆင်ပြေပါတယ်..."

ယဲ့ဇယ်ရှစ် ဖုန်းကိုအဝေးထားကာ သူတို့သုံးယောက်ကို ကြည့်လိုက်သည်။ 

"မားကတ်တင်းအကောင့်က လာရန်စမှာကို ကျွန်တော် ကြောက်လိမ့်မယ်လို့ ထင်နေတာမလား...အခုပြီးသွားပြီလေ ကျွန်တော်တို့ အခုသွားကြတော့မလား...ဒီနားမှာရပ်တာကြာလွန်းလို့ ကျွန်တော့်ခြေထောက်တောင် ထုံလာပြီ.."


ယခုလေးမှ ယဲ့ဇယ်ရှစ်၏ Weibo ပို့စ်သုံးခုကို ဖတ်ပြီးသွားသည့် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏စကားကို ကြားပြီး နှုတ်ခမ်းထောင့်များက ကော့တက်သွားသည်။


ကောင်းရှူကို ပြန်ကြည့်လိုက်ရာ သူ့အမူအရာမှာ အလွန်ကို ကူကယ်ရာမဲ့သွားပုံ ပေါ်နေလေသည်။ သို့သော်လည်း ယဲ့ဇယ်ရှစ် ပြောသည်မှာ ယုတ္တိရှိသည်ဟု သူခံစားရသည်။ ထို့ကြောင့် သူ မည်သည်မှ မပြောတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်၏။


"မှန်တယ်...ကျွန်တော် နောက်ကျမှ စတူဒီယိုကို အဲ့မားကတ်တင်းအကောင့်ဆီ ရှေ့နေဖိတ်ခေါ်စာပို့ခိုင်းလိုက်မယ်..."

ကောင်းရှူ နားလည်စွာ ပြောလိုက်သည်။


သူ့တွင် ယခုနောက်ပိုင်း အားလပ်ချိန်များစွာရှိ၍ ထိုသူများအား တစ်ယောက်ပြီးတစ်ယောက် ကိုင်တွယ်နိုင်ပေသည်။ 


မင်းတို့ မားကတ်တင်းအကောင့်တွေက ကောလာဟလဖြန့်ရတာကို ကြိုက်တယ်မဟုတ်ဘူးလား...


နစ်နာကြေးမရလို့ကတော့ လက်မလျှော့ဘူးသာမှတ်...


ထိုအကြောင်းတွေးပြီး ကောင်းရှူ၏မျက်လုံးများက ဝင်းလက်လာခဲ့သည်။


ဟုတ်သားပဲ ငါ ဘာလို့ အရင်တုန်းက ဒီလိုမျိုးမတွေးမိခဲ့တာပါလိမ့်...


ကြော်ငြာထောက်ခံချက်များ အလုပ်များနှင့် အလုပ်ရှပ်နေသည့် အခြားအနုပညာရှင်များနှင့် မတူစွာ သူတို့ ဥပဒေအဖွဲ့တွင် မားကတ်တင်းအကောင့် တစ်ခုချင်းစီကို ကိုင်တွယ်ရင်ဆိုင်နိုင်သည့် အားလပ်ချိန်များ အမှန်ပင် ရှိပေသည်။


ထိုအကြောင်းတွေးပြီး ချက်ချင်းလက်ငင်းပင် ကောင်းရှူထံတွင် ပန်းတိုင်များ ထပ်ရှိလာပြီး သူ၏စိတ်ဝိညာဥ်က တိုက်ခိုက်စွမ်းရည်များ ပြန်ရလာပြီး ဥပဒေရေးရာအဖွဲ့ကို ယုံကြည်ချက်အပြည့်ဖြင့် စဆက်သွယ်လိုက်လေ၏။


×××××


မနက်စောစောတွင် ပရိုဂရမ်အဖွဲ့က သူတို့ကို ကားမောင်းပြီး လာခေါ်၍ လေးယောက်လုံး ကားထဲသို့ဝင်လိုက်ကြသည်။


ကားထဲဝင်ပြီးနောက် ယွိရယ်မနေနိုင်ဘဲ ဟယ့်ကျင်းယွင်ကို မေးလိုက်သည်။

"အစ်ကိုဟယ့်...ကျွန်တော်တို့ရော ရှင်းလင်းချက် ထုတ်ပြန်ရဦးမှာလား..."


၎င်းကိုကြားပြီး ဟယ့်ကျင်းယွင်အပြုံးက ပိုနက်ရှိုင်းသွားသည်။

"မလိုဘူး ငါနောက်မှ သူ့ Weibo ပို့စ်ကို ပြန်တင်လိုက်မယ်..."


ဟယ့်ကျင်းယွင် ထိုသို့ပြောကတည်းက ယွိရယ်လည်း ထိုကိစ္စကို ဆက်ပြီး စိတ်မပူတော့ပေ။


ယဲ့ဇယ်ရှစ်က ကားထဲဝင်ဝင်ချင်းပင် anime ကိုဆက်ကြည့်နေပြီး သူ့ Weibo ပို့စ်သုံးခုနှင့်ပတ်သတ်သည့် ရိုက်ခတ်မှုများကို ဂရုမစိုက်ချေ။


ဟယ့်ကျင်းယွင်၏အကြည့်များက ယဲ့ဇယ်ရှစ်ပေါ်တွင် အချိန်အတန်ကြာအောင် ရှိနေပြီးမှ ဖယ်ခွာသွားပြီး သူ့ဖုန်းစခရင်ကို ကြည့်လိုက်လေသည်။


သူ့ကြည့်နေသည်မှာ ယဲ့ဇယ်ရှစ်၏ပထမဆုံး Weibo ပို့စ်ဖြစ်ပြီး ပရိသတ်များထံမှ ပူနွေးလှသည့် ကွန်းမန့်များနှင့် ပြည့်နှက်နေလေသည်။


[ဟားဟားဟား ဟားဟားဟား ဟားဟားဟား...ငါ့ကလေးလေးကို မားကက်တင်းအကောင့်တွေက အတင်းအကြပ် တွန်းအားပေးထားတာကို ကြည့်စမ်း...]


[ရှစ်ရှစ်က တကယ်ပဲ မားကတ်တင်းအကောင့်ကို လူကိုယ်တိုင် ကြိမ်းမောင်းခဲ့တာ..မင်းက ငါတို့ရဲ့ ယဲ့ဇယ်ရှစ် ဖြစ်ဖို့ထိုက်တန်တယ်...]


[မားကတ်တင်းအကောင့်တွေ လျှောက်ဖွနေတယ်ဆိုတာ ငါသိသားပဲ...မားကတ်တင်းအကောင့်တွေရေ...နောက်တစ်ခါပို့စ်ကျရင်တော့ ဦးနှောက်လေးသုံးဦးနော်...]


[ကြည့်စမ်း....ငါတို့ကလေးလေးက အရမ်းဒေါသထွက်နေတာ တစ်ခါတည်းနဲ့ ပို့စ်သုံးခုတောင်တင်ပစ်လိုက်တယ်...]


"[ဟုတ်ပါ့...ငါ့လိုဗုဒ္ဓဘာသာဝင်ပရိသတ်တောင်မှ ရှစ်ရှစ်က အခုတလော ဟယ့်လောင်ရှီးနဲ့ ရသစုံရှိုးရိုက်နေမှန်း သိတယ်..လေယာဥ်တူတူစီးတာ ပုံမှန်ပဲမဟုတ်ဘူးလား...]


"[အေးဂျင့်ပုံကို ရှစ်ရှစ် ဖုံးထားတဲ့စတစ်ကာလေးက အရမ်းချစ်ဖို့ ကောင်းတာပဲဟယ်...]


[အားအားအား...အဲဒါရုပ်ရှင်ဧကရာဇ်ဟယ့်ပဲ...ငါ တကယ်ကြီး ရှစ်ရှစ်ရဲ့Weibo မှာ ရုပ်ရှင်ဧကရာဇ်ဟယ့်ကို မြင်လိုက်တယ်....ဒီ CP ပရိသတ်လေးတော့ ပျော်ပွဲကြီး ကျင်းပနေပါပြီ...]


[ဒီရှုထောင့်ကနေ ရိုက်ထားတဲ့ ရုပ်ရှင်ဧကရာဇ်ဟယ့်ကအရမ်းချောတာပဲ...ကြိုက်လိုက်တာနော်...]


[ဘာလို့ တခြားသူတွေရဲ့ပုံတွေပဲ ရှိနေတာတုန်း...ငါရှစ်ရှစ်ရဲ့ selfie ပုံလေးတွေ မြင်ချင်တယ်လို့...]


[U1s1...ဟယ့်လောင်ရှီးက အရမ်းကို ခံ့ညားပြီး လူကြီးလူကောင်းလည်း ဆန်လိုက်တာ...]


(U1s1 - to be honet ရိုးရိုးသားသားပြောရရင်)


[ခဏနေကြပါဦး...နင်တို့တွေ တကယ်ကြီး CP တစ်ခုလို့ ခံစားရတာလား...ငါ့အထင်တော့ ဒီပုံက ချစ်သူတွေမဟုတ်ဘဲ အဖေနဲ့သားလို ခံစားနေရသလားလို့...]


[ဟားဟားဟား ဟားဟားဟား ဟားဟားဟား ဟွားဟွားဟွား ဟွားဟွားဟွား...အိုးမိုင်ဂေါ့ အဖေနဲ့သားတဲ့...]


[ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်...ငါလည်း အပေါ်ထပ်ကတစ်ယောက်လိုပဲ ခံစားရတယ်...ရှစ်ရှစ် စားနေတုန်းက ဟယ့်လောင်းရှီးက ငါ့အဖေလိုပဲ...စွပ်ပြုတ်လေးတိုက်မယ် ပြီးရင် အချိုရည်လေးကမ်းပေးမှာ...]


[ဖာ့ခ်....အံ့သြစရာကြီး...]


[အခုမဟုတ်ရင်တောင် ခဏနေကျရင် ငါကွန်းမန့်ဧရိယာထဲမှာ ရယ်ပြီး သေတော့မှာပဲ...စင်းဟွာက နင့်ကို ဝင်ခွင့်စာစောင်ပေးဖို့ မစဥ်းစားထားဘူးလားဟင်...]


(Tsinghua Uni - စင်းဟွာ တက္ကသိုလ် က 1911 ကတည်းက တည်ထောင်ထားတဲ့ ပေကျင်းကအကောင်းဆုံး Uni တွေထဲကတစ်ခုပါ 'မင်းက အရမ်းဥာဏ်ကောင်းတာပဲ ရော့ဒီမှာ အကောင်းဆုံးကျောင်းကိုဝင်ခွင့်' ဆိုပြီးပြောတဲ့သဘောပါ...ဒီမှာလည်း နင်က အရမ်းတော်တာပဲ စင်းဟွာက နင့်ကိုဝင်ခွင့်လက်မှတ် မပို့လိုက်ဘူးလားလို့ idiomသုံးလိုက်တာပါ...)


[စင်းဟွာတက္ကသိုလ်က ဘယ်စာကို ရရမှာလဲ....ဒီအဆင့်ဆို စာအုပ်တောင် တိုက်ရိုက်ထုတ်လို့ရပြီကို အဲ့တော့မနက်ဖြန်မှ ငါဝယ်လိုက်မယ်..]


ဤကွန်းမန့်ကိုမြင်ပြီး ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်လိုက်သည်။

(အပေါ်က အဖေဆိုတဲ့ ကွန်းမန့်😆)


နှစ်စက္ကန့်မျှ စဥ်းစားပြီးနောက် ဟယ့်ကျင်းယွင် ၎င်းကို ပြန်ပို့စ်တင်လိုက်သည်။


@ဟယ့်ကျင်းယွင် : ကိုယ် အဲ့လောက်အိုနေပြီလား...


ပရိသတ်၏မန့်များ :


[မဟုတ်ဘူး မအိုပါဘူး...ဘယ်ကောင်က အဲ့လိုပြောလိုက်တာလဲ...ကျွန်မရဲ့ နတ်ဘုရားလေး...ရှင်က အခုမှ 26 နှစ်ပဲ ရှိသေးတာလေ...]


[ဟုတ်တယ်...26 က ဘယ်လိုလုပ်အိုမှာလဲ...]


[26 နှစ်ပဲရှိသေးတာပါ...]


[မင်းတို့တွေ ကျေးဇူးပြုပြီး နတ်ဘုရားကို သူ 26 နှစ်ပြည့်ပြီးသွားပြီဆိုတာ သတိပေးလို့ရမလား...26 ကို အချစ်ဇာတ်လမ်းလေးက မရှိသေးဘူး...သူအလျင်လိုနေပြီလားတော့ ငါမသိဘူး...ငါ့အသက် 26 နှစ်တုန်းကဆို အရမ်းစိတ်ဖိစီးခဲ့ရတာ...ဘာပဲနေနေ ငါ့အသက် 26 တုန်းက ငါတကယ်ကြိုက်ရတဲ့သူ ရှိသေးတယ် ဒါပေမဲ့ ဟယ့်ကျင်းယွင်မှာကျ တစ်ယောက်လေးတောင် မရှိရှာဘူး...]


[ဟားဟားဟား အပေါ်ထပ်ကလူရေ မင်းလမ်းကြောင်းမှားနေပြီနော်...]


[ဟားဟားဟား ဟားဟားဟား ဟားဟားဟား ဟားဟားဟား ဟားဟားဟား ဟားဟားဟား ...ငါတောင်းပန်ပါတယ်...ငါအခုလေးပဲ Gif တစ်ခုတွေ့လာလို့...ကြည့်ကြဦး ငါတကယ်တော့ အဖေနဲ့သား ခံစားချက်နည်းနည်း ရလိုက်တယ် (နတ်ဘုရားက အိုနေပြီလို့ ငါမပြောဘူးနော်...ငါက နတ်ဘုရားရဲ့အမာခံပရိသတ်ဖြစ်လာတာ 6 နှစ်တောင်ရှိပြီရယ်...) ဘာလို့ ငါရှင်းပြတာက မရှင်းနေဘူးလို့ ခံစားနေရတာပါလိမ့်...ထားလိုက်တော့ ရှင်းပြမနေတော့ဘူး...]


[ဖာ့ခ်...ဒါကပုံပဲဟ...]


[ဟားဟားဟား...မအိုဘူး လုံးဝမအိုပါဘူး...ငါတို့ရဲ့နတ်ဘုရားက 26 နှစ်ပဲရှိသေးတာကို...ယဲ့ဇယ်ရှစ် အလယ်တန်းပထမနှစ်( 7 တန်း)တက်နေတုန်းမှ နတ်ဘုရားက အထက်တန်းပထမနှစ်(10 တန်း)ပြီးသွားမှာ၊ ယဲ့ဇယ်ရှစ် အထက်တန်း တတိယနှစ်တက်နေတုန်းကကျ နတ်ဘုရားက ဘွဲ့ယူပြီး တစ်နှစ်ပဲရှိဦးမှာ...မအိုသေးပါဘူး မျိုးဆက်တစ်ဆက်ခြားနေရုံလေးတင်ပဲရယ်... နတ်ဘုရားနဲ့ ယဲ့ဇယ်ရှစ်က 3 နှစ်ပဲကွာတာပါ...]


[???...အဲ့ဒါကောင်းတယ် ထင်တာပဲ...နင် ဒီလိုရှင်းပြလိုက်မှ ငါတို့နတ်ဘုရားက မြက်နုနုလေးကိုစားချင်နေတဲ့ နွားအိုကြီးလို့ ငါတကယ် ခံစားလိုက်ရတယ်...အား...မဟုတ်ပါဘူး..ငါတောင်းပန်ပါတယ်...ငါက တကယ့်ပရိသတ်ပါနော်...]


[အပေါ်ထပ်က မင်းတို့အကုန်လုံး anti-fans တွေဖြစ်နေမှာ ငါကြောက်သား...ဟားဟားဟား...အူနာနေတာပဲ...]


အပေါ်ထပ်က anti-fans ဆိုသည်ထက် ယနေ့ သူ့ကွန်းမန့်ထဲက ပရိသတ်အားလုံးက anti fans များဖြစ်လောက်သည်ဟု ဟယ့်ကျင်းယွင် တွေးလိုက်မိသည်။


ဒီပရိသတ်တွေအကုန်လုံးကို နှင်ထုတ်ပစ်လိုက်ချင်တယ်...


သို့သော်ငြား ဟယ့်ကျင်းယွင် သူ့ပရိသတ်များ၏ ကွန်းမန့်များနှင့်ပတ်သတ်ပြီး စိတ်အနှောင့်ယှက်ဖြစ်ခံပြီး ဂရုမစိုက်ပေ။ သူ Weibo ကိုတစ်ခဏမျှ ကြည့်ပြီး ဖုန်းကို အောက်ချလိုက်စဥ်မှာပင် အထူးနိုတီသတိပေးသံက ထပ်မြည်လာခဲ့သည်။


ဟယ့်ကျင်းယွင် တစ်ခဏမျှတန့်ပြီးမှ ယဲ့ဇယ်ရှစ်၏နောက်ဆုံး Weibo ပို့စ်ကို နှိပ်ကြည့်လိုက်သည်။


@ယဲ့ဇယ်ရှစ် : ပေါက်တက်ကရတွေ သူက ငယ်ငယ်လေးရှိသေးတာ ဒီလောက်သိသာနေတာကို...


ဟယ့်ကျင်းယွင် မျက်ဝန်းပင့်ကြည့်လိုက်ရာ အရှေ့ခုံမှ ယဲ့ဇယ်ရှစ်၏အကြည့်များနှင့် ဆုံသွားသည်။


ယဲ့ဇယ်ရှစ် မျက်တောင်ခတ်ပြကာ ပါးစပ်လှုပ်ပြောလိုက်လေသည်။

"တကယ်ငယ်တာပါဆို..."


ဟယ့်ကျင်းယွင် နှုတ်ခမ်းများ ကွေးသွားပြီး တိတ်တဆိတ် ပြုံးလိုက်သည်။



🎶🎶🎶