Volume 1 (သေမျိုးနယ်မြေ ၁၄၉)
Chapter 149 (အပြာရောင်မိုးဖျက်ဆီးခံရခြင်း)
ယွမ်ကန်းသည် လင်ချီးယဲ့၏တောင်းဆိုချက်ကို ကြားသောအခါ အနည်းငယ်အံ့အားသင့်သွားပြီးနောက် သူ့မျက်လုံးထဲတွင် လေးစားမှုအရိပ်အယောင်ပေါ်လာသည်။
"တချို့အရာတွေက ဖြစ်ပြီးသွားပြီ ပြောင်းလဲလို့မရတော့ဘူး။ မင်းသိသွားတယ်ဆိုရင်တောင် မင်းဘာမှမပြောင်းလဲနိုင်ဘူး။"
"ကျွန်တော်သိတယ်။" လင်ချီးယဲ့က ငြိမ်သက်စွာ ခေါင်းညိတ်သည်။
အရင်ကတော့ ခေါင်းဆောင်နှင့် ဝူရှန်းနန်နှင့်ပတ်သက်၍ သူဘာမှထူးဆန်းတာမခံစားရပေမယ့် ဒီတစ်ခေါက် ဟန်ရှောင်ယွင်ကိုရင်ဆိုင်အပြီးမှာ ဒီလူနှစ်ယောက်က သာမန်မဟုတ်ဘူးလို့ သူထင်မြင်လာခဲ့သည်။
ချန်မုရယ်နှင့် ဟန်ရှောင်တို့ကြားကစကားဝိုင်းကို လင်ချီးယဲ့သည် ရှင်းရှင်းလင်းလင်း မကြားခဲ့ရသော်လည်း သော့ချက်စကားလုံးများဖြစ်သော 'ရှန်ကျင်းမြို့'၊ 'ပျောက်ကွယ်'၊ 'ဟေးဝူချန်' နှင့် 'ဆယ်နှစ်' တို့ကို သူကြားခဲ့ရဆဲဖြစ်သည်။ သူဒါကိုကြားတော့ ချန်မုရယ်၏အထောက်အထားက သေချာပေါက်သာမန်မဟုတ်ဘူးဆိုတာ တွေ့မြင်နိုင်သည်။
ပြီးတော့ ဝူရှန်းနန်၏လက်ပေါ်က အမာရွတ်နှစ်ခုကလည်း သေပြီးနောက် မကုသနိုင်လောက်အောင် ဘယ်လိုဒဏ်ရာမျိုးလဲဟု သူ့ကိုတွေးဆစေခဲ့သည်။ ချန်မုရယ်ပြောခဲ့သော စကားအနည်းငယ်ကိုကြည့်ပြီး ဝူရှန်းနန်၏အတိတ်က အလွန်ပင်ကြီးကျယ်ခမ်းနားလောက်သည်။
သူသာမက ၁၃၆ တပ်ဖွဲ့မှ တခြားလူများလည်း ဤလူနှစ်ယောက်၏အတိတ်အကြောင်းကို ဘာမှသိပုံမပေါ်ချေ။ လင်ချီးယဲ့သည် သူတို့နှင့်ပတ်သက်၍ပိုသိချင်တာက သူ့ရင်ထဲကသံသယများကို ရှင်းလင်းချင်ရုံသာမက ပို၍အရေးကြီးသောအရာမှာ နောင်အနာဂတ်တွင် သူတို့ကိုကူညီရန်မျှော်လင့်နေခြင်းဖြစ်သည်။
ခေါင်းဆောင်နှင့် ဝူရှန်းနန်၏ သူ့အပေါ်ကြင်နာမှုကို သူအမြဲတမ်း စိတ်ထဲတွင်ရှိနေသည်။
အရေးကြီးဆုံးအချက်မှာ လင်ချီးယဲ့၏ပင်ကိုယ်အသိစိတ်က ချန်မုရယ်၏နောက်ကွယ်ကဇာတ်လမ်းသည် လုံးဝမရိုးရှင်းကြောင်းပြောပြနေပြီး ညကင်းစောင့်လူသား၏ အဓိကလျှို့ဝှက်ချက်များ ပါဝင်နိုင်ဖွယ်ရှိသည်။ သို့ဆိုလျှင် ယခုငြိမ်းချမ်းရေးက ယာယီသာဖြစ်နိုင်သည်။
သူ့နောက်က မြူခိုးများကို ဖယ်ရှားနိုင်မှသာလျှင် သူတို့တွေ အနာဂတ်အတွက် ပြင်ဆင်နိုင်မှာ ဖြစ်ပါသည်။
"ကောင်းပြီ၊ သူတို့နှစ်ယောက်ရဲ့ကိစ္စက လျှို့ဝှက်ချက်မဟုတ်သလို အကြီးတန်းညကင်းစောင့်လူသားတချို့က တစ်ခုခုကိုသိထားတာကြောင့် မင်းကိုပြောပြတာက ပြဿနာမရှိပါဘူး။" ယွမ်ကန်းသည် မည်သည့်နေရာကနေ စတင်ရမည်ကို တွေးတောနေသကဲ့သို့ တခဏမျှ စဉ်းစားနေခဲ့သည်။
"ဝူရှန်းနန်အကြောင်း အရင်ပြောကြရအောင်၊ ဒီလူက ကိစ္စအများကြီးမှာ ပါဝင်ခြင်းမရှိတာကြောင့် ပြောရတာပိုလွယ်တယ်… မင်း [အပြာရောင်မိုး] အထူးတပ်ဖွဲ့ကိုသိလား။"
"အပြာရောင်မိုးလား။" လင်ချီးယဲ့က ခေါင်းယမ်းလိုက်သည်။ "ကျွန်တော်မသိဘူး။"
"ဒါဆို လွန်ခဲ့တဲ့ငါးနှစ်လောက်က ယမတအိုရိုချီက အရှေ့တရုတ်ပင်လယ်ကို ကျူးကျော်ဝင်ရောက်ခဲ့တုန်းက ကပ်ဆိုးကြီးနဲ့ပတ်သက်ပြီး ငါမင်းကိုပြောပြထားလောက်မှာပေါ့။"
"ကျွန်တော်မှတ်မိတယ်။"
"လွန်ခဲ့တဲ့ငါးနှစ်က [မျက်နှာဖုံးအဖွဲ့] နဲ့ ယမတအိုရိုချီတို့ တိုက်ခိုက်ပြီးနောက် လူသားထျန်းဟွားပန်က အချိန်မီရောက်လာပြီး သူနဲ့အတူ [အပြာရောင်မိုး] အမည်ရတဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့လည်း ပါလာတယ်။
အဲဒီအချိန်တုန်းက သာ့ရှမှာ အထူးတပ်ဖွဲ့ငါးဖွဲ့ရှိပြီး [အပြာရောင်မိုး] က သူတို့ထဲမှာ ပဉ္စမမြောက်အဖွဲ့၊ ဆိုလိုတာက ၀၀၅ ပေါ့… ဝူရှန်းနန်က သူတို့ထဲကတစ်ယောက်ပဲ။"
လင်ချီးယဲ့က အံ့အားသင့်စွာ ပါးစပ်ဖွင့်လိုက်သည်။ "သူက အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးတာလား။"
"ဟုတ်တယ်၊ အဲဒီအချိန်တုန်းက [အပြာရောင်မိုး] တပ်ဖွဲ့က အရမ်းသန်မာတာ။ အဲဒီအချိန်က [မျက်နှာဖုံး] တပ်ဖွဲ့ဟာ ဖွဲ့စည်းထားတာ သိပ်မကြာသေးသလို သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက [အပြာရောင်မိုး] ထက်တော့ အမှန်တကယ်နိမ့်ကျတယ်။ နောက်တော့ [အပြာရောင်မိုး] က နေရာကိုရောက်ရှိလာပြီး [မျက်နှာဖုံး] လက်ကနေ တိုက်ပွဲကို တိုက်ရိုက်ယူခဲ့တယ်။
လူသားထျန်းဟွားပန်နဲ့ [အပြာရောင်မိုး] တပ်ဖွဲ့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ သူတို့က ယမတအိုရိုချီကို အောင်မြင်စွာ ဒဏ်ရာရအောင်ပြုလုပ်နိုင်ခဲ့ပြီး နောက်တော့ ယမတအိုရိုချီက ဒဏ်ရာရပြီး ထွက်ပြေးသွားတယ်။ လူသားထျန်းဟွားပန်ကို ကမ်းရိုးတန်းမှာနေဖို့ အမိန့်ပေးခဲ့ပြီး [အပြာရောင်မိုး] တပ်ဖွဲ့က မြူထဲကိုဝင်ပြီး လိုက်ဖမ်းဖို့ တာဝန်ယူခဲ့တယ်။"
"မြူထဲကိုဝင်တယ်လား။ မြူက သေစေနိုင်တယ်မဟုတ်ဘူးလား။" လင်ချီးယဲ့က သံသယဖြင့်မေးသည်။
"ဒါအမှန်ပါပဲ၊ ဒါပေမယ့် လူတွေကို မြူတွေထဲမှာ ခဏတာလမ်းလျှောက်နိုင်တဲ့ တချို့အထူးတားမြစ်ပစ္စည်းတွေရှိပြီး မင်းအဲဒီအဆင့်ကိုရောက်လာတဲ့အခါ သိလာလိမ့်မယ်။" ယွမ်ကန်းကဆက်ပြောသည်။
"မူလကတော့ ညကင်းစောင့်လူသားထိပ်သီးက ထုတ်ပြန်တဲ့အမိန့်အရ 'ယမတအိုရိုချီကို လိုက်ဖမ်းဖို့ကြိုးစားပြီး အလုပ်မဖြစ်ရင် ချက်ချင်းပြန်ဆုတ်ပါ' ဆိုတာပဲ၊ ပြီးတော့ တားမြစ်ပစ္စည်းက သူတို့ကို မြူတွေထဲ ၂၄ နာရီကြာလမ်းလျှောက်ဖို့ပဲ အာမခံနိုင်ပြီး သူတို့တွေပြန်လာမယ်လို့ အားလုံးထင်ထားကြပေမယ့်…
၂၄ နာရီကြာတော့ သူတို့ကို လုံးဝအဆက်အသွယ်ပြတ်သွားတယ်။
နာရီ ၈၀ လောက်ကြာတော့ ဝူရှန်းနန်တစ်ယောက်တည်း ဖောင်ပေါ်မှာ မြူတွေထဲကနေထွက်လာတယ်။ ငါတို့လူတွေ သူ့ကိုရှာတွေ့တဲ့အခါ သူကသတိလစ်နေပြီ။
သူမနိုးခင် တစ်နေလုံးမေ့မြောနေတယ်။ အဲဒီအချိန်တုန်းက သူပြင်းထန်တဲ့ထိုးနှက်ချက်ကြောင့် ခံစားခဲ့ပုံရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက စိတ်ဓာတ်ကျနေတယ်။ နောက်ပိုင်းမှာ ငါတို့လူတွေက သူနဲ့အဆက်အသွယ်လုပ်ခဲ့ပြီး [အပြာရောင်မိုး] တပ်ဖွဲ့က… လုံးဝရှင်းပစ်ခံလိုက်ရပြီဆိုတာ ငါတို့သိလိုက်ရတယ်။"
ဒါကိုကြားတော့ လင်ချီးယဲ့က မျက်မှောင်ကြုတ်လိုက်သည်။
ယွမ်ကန်းသည် လက်ဖက်ရည်တစ်ငုံ့သောက်ပြီး ဆက်ပြောသည်။ "သူပြောပြချက်အရ သူတို့က ယမတအိုရိုချီကို လမ်းတလျှောက်လိုက်ဖမ်းခဲ့ပြီး သူတို့တွေလိုက်မမှီတော့ဘူးဆိုတာမြင်တော့ ပြန်ဖို့စီစဉ်ခဲ့ပေမယ့် မြူထဲမှာလမ်းပျောက်ပြီး ထူးဆန်းတဲ့ကမ္ဘာထဲကို ဝင်သွားခဲ့တယ်…
သူတို့က အဲဒီနေရာကို… တကမာဂဟာရလို့ သံသယရှိကြတယ်။"
"တကမာဂဟာရလား။" လင်ချီးယဲ့က အံ့အားသင့်သွားသည်။
သူမှတ်မိတာမှန်ကန်ပါက အချိန်နတ်ဘုရားသည် ဝမ်မြန့်ကို တကမာဂဟာရနေရာအားရှာဖွေပြီး တစ်စုံတစ်ခုအားယူခိုင်းရန် တာဝန်ပေးအပ်ခဲ့သည်။
"ဟုတ်တယ်၊ ပြီးတော့ [အပြာရောင်မိုး] တပ်ဖွဲ့ဖျက်ဆီးခံရတဲ့အကြောင်းရင်းကတော့ တကမာဂဟာရထဲက စူဆနိုးလို့သံသယရှိတဲ့ နတ်ဘုရားနဲ့ သူတို့တွေ့ခဲ့လို့ပဲ။ [အပြာရောင်မိုး] အဖွဲ့ဝင်တွေက တစ်နေ့လုံးပြေးလွှားနေရတာကြောင့် အခြေခံအားဖြင့် မောပန်းနေကြပြီး သူတို့က စူဆနိုးနဲ့ ထပ်တွေ့ခဲ့တယ်…
နောက်ဆုံးတော့ [အပြာရောင်မိုး] တပ်ဖွဲ့က… လူအားလုံး တိုက်ပွဲမှာသေသွားတယ်။
ဒါပေမယ့် ဝူရှန်းနန်က တားမြစ်အပျက်အစီးရဲ့အထူးသဘာဝကြောင့် သုံးကြိမ်ဆက်တိုက်အသတ်ခံရပြီးနောက် ပြန်လည်မွေးဖွားဖို့ တစ်နာရီနှောင့်နှေးခဲ့တယ်။ သူနိုးလာတော့ သူ့ရဲဘော်ရဲဘက်တွေရဲ့အလောင်းတွေပဲ ကျန်တော့တယ်။
အဲဒီတိုက်ပွဲမှာ စူဆနိုးရဲ့ခုဆနာဂီနော့စစ်ရုဂီကြောင့် သူ့လက်ကဒဏ်ရာရသွားပြီး ဓားမကိုင်နိုင်တော့ဘဲ ပြန်လည်မွေးဖွားခြင်းကတောင် အဲဒါကိုမဖယ်ရှားနိုင်ဘူး။ အဲဒီအချိန်ကစပြီး [အပြာရောင်မိုး] တပ်ဖွဲ့ရဲ့ 'မသေနိုင်သောဓားသမား' ကနေ အသုံးမဝင်တဲ့လူအဖြစ်ကို လုံးလုံးလျှော့ချခံလိုက်ရတယ်…
နောက်ပိုင်း စူဆနိုးဆီကနေလွတ်မြောက်လာတဲ့လမ်းမှာ သူက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရပြီး လေးကြိမ်သေပြီး မြူထဲမှာ မြူတွေကြောင့် သုံးကြိမ်သေခဲ့ပြီးတော့ သာ့ရှကို အသက်ရှင်လျက်ရောက်လာခဲ့တယ်။"
လင်ချီးယဲ့က လုံးဝမှင်တက်သွားသည်။ ဝူရှန်းနန်၏နောက်ကွယ်တွင် သူ မမျှော်လင့်ထားခဲ့သော အတွေ့အကြုံမျိုး အမှန်တကယ်ရှိခဲ့သည်...
"[အပြာရောင်မိုး] တပ်ဖွဲ့က နောက်ဆုံးမှာ အဖွဲ့ဝင်တစ်ယောက်တည်းပဲ အသက်ရှင်လွတ်မြောက်ခဲ့သလို အဲဒီအဖွဲ့ဝင်ကလည်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဖျက်ဆီးခံလိုက်ရတာကြောင့် နောက်ဆုံးမှာ ညကင်းစောင့်လူသား အကြီးတန်းစီမံခန့်ခွဲမှုကနေ [အပြာရောင်မိုး] နာမည်ကိုပယ်ဖျက်ခဲ့ပြီး အဲဒီအချိန်ကစလို့ သာ့ရှမှာ အထူးတပ်ဖွဲ့ငါးဖွဲ့ကနေ လေးဖွဲ့ဖြစ်လာတယ်…
အဲဒီအဖြစ်အပျက်ပြီးနောက် နှစ်ဝက်အကြာမှာ ဝူရှန်းနန်က ဆေးရုံကနေ ပျောက်ကွယ်သွားခဲ့တယ်။ နောက်တော့ဘာဖြစ်သွားသလဲ၊ သူဘယ်လိုလုပ် ချန်းနန်ကိုရောက်သွားပြီး ၁၃၆ တပ်ဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်ဖြစ်လာသလဲဆိုတာ… ငါမသိဘူး။"
ယွမ်ကန်းက သက်ပြင်းချလိုက်သည်။ "သူလည်း သနားစရာလူပဲ…"
လင်ချီးယဲ့သည် ခေါင်းငုံကာ ဝူရှန်းနန်၏လက်များပေါ်က အနီရောင်အမာရွတ်နှစ်ခုသည် သူ့စိတ်ထဲတွင်ပေါ်လာပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
တစ်နည်းဆိုရသော် ဝူရှန်းနန် အသုံးမဝင်သူဖြစ်လာရသည့်အကြောင်းရင်းက ခုဆနာဂီနော့စစ်ရုဂီဓားချန်ခဲ့သော ဓားဒဏ်ရာကြောင့်ဖြစ်သည်။ ပြန်လည်မွေးဖွားလာရင်တောင် ၎င်းကိုမဖယ်ရှားနိုင်သည့်အတွက် ကုသရန် မည်သည့်နည်းလမ်းကို အသုံးပြုရမည်နည်း…
ဝူရှန်းနန် ပထမဆုံးကယ်တင်ခံရတုန်းက ညကင်းစောင့်လူသား အကြီးတန်းအဆင့်သည် သူတို့တွေးတောနိုင်သမျှ နည်းလမ်းအားလုံးကိုတွေးခဲ့မည်ဟု လင်ချီးယဲ့ယုံကြည်သည်။ သို့တိုင်အောင် သူတို့သည် ဒဏ်ရာကိုမကုသနိုင်သေးပေ။
တကမာဂဟာရကို ကိုယ်တိုင်သွားပြီး စူဆနိုးကိုကြိုးချည်ပြီး နည်းလမ်းရှိသလားလို့ မေးရမှာလား။ ဒါက အလွန်လက်မခံနိုင်ဖွယ်ရာဖြစ်သည်။
လူတွေက ဒါကိုမဖြေရှင်းနိုင်ဘူးဆိုတော့…
စိတ်ကျန်းမာရေးဆေးရုံက နတ်ဘုရားတွေများ နည်းလမ်းရှာနိုင်မလား။
『TK: ယမတအိုရိုချီ - Yamata Orochi (ကံဆိုးခြင်းနတ်ဘုရား) နတ်ဘုရားနံပါတ်စဉ် ၀၄၀
တကမာဂဟာရ - Takamagahara(ဂျပန်နတ်ဘုရားများနယ်မြေ)
စူဆနိုး - Susanoo (ပင်လယ်နတ်ဘုရား)
ခုဆနာဂီနော့စစ်ရုဂီဓား - Kusanagi no Tsurugi (Grass-Cutting Sword)』
TK Team (Chapter 149)