Chapter 147
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၄၇)


Chapter 147 (ကျာကျိခလုတ်)

ဒီမေးခွန်းကိုကြားတော့ နည်းပြကုက အေးခဲသွားသည်။

"ပင်လယ်နက်ထဲမှာ နေထိုင်တဲ့ငါးတွေအတွက်...

နှစ်ဖက်မြင်သတ္တဝါတွေအတွက်...

ဒီတော့ ကျွန်တော်တို့ ရောက်နေတဲ့ ဒီကမ္ဘာကြီးက အစစ်ဖြစ်တယ်ဆိုတာက ဘာကသေချာစေတာလဲ။ တကယ့်အစစ်အမှန်က ဘာလဲ ပြီးတော့ တကယ့်'ကမ္ဘာ'က ဘာလဲ။

ဒီကမ္ဘာအပြင်ဘက်မှာ ဘာရှိသလဲ။ ပြီးတော့ အမြင့်ဖက်မြင် သတ္တဝါတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ကျွန်တော်တို့က ဘာလဲ။"

လင်ချီးယဲ့သည် မာလင်၏လေသံကိုအတုယူပြီး မေးခွန်းကိုတစ်ခုပြီးတစ်ခု ဆက်တိုက်မေးလိုက်သည်။ သူနောက်ဆုံးစကားလုံးကိုပြောပြီးနောက် စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်...

လင်ချီးယဲ့သည် နည်းပြကု၏ မျက်လုံးများကို ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။

"ကျွန်တော်တို့ကို အမြင့်ဖက်မြင်တည်ရှိမှုက ဖန်တီးထားလောက်တယ်လို့… ခင်ဗျားတွေးကြည့်ဖူးသလား။"

နည်းပြကုက နေမြဲတိုင်းနေနေသည်။

ခဏအကြာတွင် သူသည် မသေချာမရေရာမှုများဖြင့် ပြောလာသည်။ "မဟုတ်လောက်ဘူးထင်တယ်…"

"ဘာလို့လဲ။" လင်ချီးယဲ့၏မျက်လုံးများက ပျော်ရွှင်မှုတစ်ခုပေါ်လာသည်။ "အခုလေးတင် ကျွန်တော့်သီအိုရီကို လှန်ပစ်နိုင်တဲ့ သက်သေအထောက်အထားတစ်ခု ခင်ဗျားမှာရှိသလား။ ဒီကမ္ဘာကြီးကအစစ်ဆိုတာ ခင်ဗျားသက်သေပြနိုင်သလား။"

နည်းပြကုက ဘာမှမပြောနိုင်တော့ပေ။

သူ့စိတ်ကျန်းမာရေးဆေးရုံတွင် ကမ္ဘာကြီးကအတုဖြစ်ကြောင်း ငြီးတွားနေသည့် အရူးတစ်ယောက်ကရှိနေတယ်ဆိုတာ လင်ချီးယဲ့ ဘယ်တော့မှမမေ့ချေ။ မာလင်သည် အချိန်အတော်ကြာအောင် လွှတ်လာပြီးဖြစ်ပေမယ့် လင်ချီးယဲ့ဘယ်လောက်ပဲကြိုးစားပါစေ သူ့ကုသခြင်းတိုးတက်မှုကို မမြင့်တင်နိုင်ပေ။

ယခုအချိန်အထိ မာလင်၏ဦးခေါင်းထိပ်ရှိ ကုသခြင်းတိုးတက်မှုသည် ၀ ရာခိုင်နှုန်းတွင်သာ ဆက်လက်တည်ရှိနေသေးသည်။

သူသည် ကမ္ဘာ၏စစ်မှန်မှုကိုမပြောသရွေ့ သာမန်လူတစ်ယောက်ဖြစ်နေသေးသော်လည်း သူတစ်ယောက်တည်းရှိနေပါက ကမ္ဘာ၏စစ်မှန်မှုကို အမြဲမသိစိတ်က လေ့လာပြီးရင်းလေ့လာနေပုံရသည်… သူသည် ရုတ်တရက် ပန်းရောင်ကြယ်ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ငါးဖမ်းပိုက်ဖြင့် နေရာအနှံ့ ပြေးလွှားနေကာ လီယိဖေးပင် မဖမ်းနိုင်ပေ။

နှိုင်းယှဥ်ကြည့်လျှင် နက်စ်သည် ခြံဝင်းထဲက နေရောင်အောက်တွင် နေပူဆာလှုံရင်း ငြိမ်သက်စွာထိုင်ပြီး ကလေးတချို့နှင့်ပတ်သက်၍ ရံဖန်ရံခါ ပြောပြလေ့ရှိပြီး ကျောင်းသားသုံးယောက်ကြားတွင် ကျောင်းသားကောင်းတစ်ဦးဖြစ်သည်။

ပြဿနာများကိုဘေးဖယ်ထားလိုက်ကာ ဒဏ္ဍာရီလာမှော်ဆရာကို ပြုစုပျိုးထောင်သော်လည်း သူ့စွမ်းအားကို မထုတ်ယူနိုင်ဘဲ ကြည့်ရုံသာ ကြည့်နေနိုင်သည်... ဤသည်မှာ လင်ချီးယဲ့ကို စိုးရိမ်ပူပန်စေသည်။

သူ့ကိုယ်ပိုင်ခွန်အားဖြင့် သူသည် အသုံးဝင်သောကုသမှုကို မစွမ်းဆောင်နိုင်သည်မှာ သေချာပါသည်။ ထို့ကြောင့် ကမ္ဘာ့အပြင်ဘက်ကိုသာ သူ့မျှော်လင့်ချက်အား ပေးအပ်နိုင်ခဲ့သည်။ ဒီနည်းပြကုသည် အလွန်အသိပညာကြွယ်ဝသောကြောင့် မာလင်၏သီအိုရီကို လှန်ပစ်နိုင်လောက်သည်မလား။

ပထမအဆင့်ကိုပြီးသည်နှင့် ကျန်တာတွေက လွယ်ပါသည်။

နည်းပြကုသည် ခေါင်းငုံ့ပြီး မျက်မှောင်ကြုတ်ကာ လင်ချီးယဲ့၏မေးခွန်းနှင့်ပတ်သက်၍ သူအလေးအနက်တွေးနေပုံရသည်။ သူ့မျက်လုံးများမှ ငြိမ်သက်ခြင်း၊ အံ့အားသင့်ခြင်း၊ တုန်လှုပ်ခြင်း၊ ရှုပ်ယှက်ခတ်ခြင်းများ ထွက်ပေါ်နေသည်…

ငါးမိနစ်ခန့် စဉ်းစားပြီးနောက် နည်းပြကုသည် ခေါင်းကိုမော့ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

"လင်ချီးယဲ့၊ မင်းရဲ့မေးခွန်းက… အရမ်းကောင်းတယ်၊ ဒါပေမယ့် ငါမင်းကို အခုအဖြေမပေးနိုင်ဘူး။ ငါပြန်သွားပြီး ရှာဖွေပြီးတဲ့အထိစောင့်ပါ၊ ပြီးရင် ငါမင်းကိုအဖြေပေးမယ်။"

ထို့နောက် ချက်ချင်းပင် သူက ထပ်မံအလေးထားခဲ့သည်။ "ရှာဖွေခြင်းနဲ့ ဆန်းစစ်ခြင်းက လူတိုင်းလုပ်သင့်တဲ့အရာပဲ၊ ငါအပါ ခြွင်းချက်မရှိဘူး။ စိတ်ချပါ၊ ဒီမေးခွန်းကို ငါရှောင်မှာမဟုတ်ဘူး။ ငါ့ကို အချိန်တစ်ခုပေး၊ ငါဒီမှာ မင်းကို အဖြေပေးမယ်။"
 
နည်းပြကု၏မျက်လုံးများက ဆုံးဖြတ်ချက်အပြည့်ရှိနေသည်။

လင်ချီးယဲ့သည် ခေါင်းညိတ်ပြီး သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

ကျန်သီအိုရီသင်တန်းများကတော့ ပုံမှန်အတိုင်းဆက်သွားနေဆဲဖြစ်ပေမယ့် ဒီနေ့ နည်းပြကုသည် နည်းနည်းစိတ်လွတ်နေပုံရသည်ဟု သတိထားတတ်သော လူတချို့က သိနေကြပြီဖြစ်သည်…

အတန်းပြီးသည်နှင့် နည်းပြကုသည် သူ့ပစ္စည်းများကိုထုပ်ပိုးပြီး စာသင်ခန်းထဲက အမြန်ထွက်သွားကာ လမ်းလျှောက်ရင်း ခေါင်းငုံ့ပြီး တစ်စုံတစ်ခုကို တွေးတောနေသည်။

"ရို့ လောင်ကု အတန်းပြီးပြီလား။" စင်္ကြံတွင် နည်းပြဟုန်သည် သူ့ဆီလှမ်းလာပြီး အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

"ဟမ်… အင်း၊ အဆင်ပြေတယ်။"

နည်းပြကုသည် နည်းပြဟုန်ကို တစ်ချက်မျှမကြည့်ဘဲ စကားတစ်ခွန်းကို ပြန်ပြောပြီးနောက် အမြန်ဖြတ်သွားသည်။

နည်းပြဟုန်သည် နားမလည်နိုင်စွာ နေရာတွင်ရပ်နေပြီး နည်းပြကု၏နောက်ကျောကိုကြည့်ကာ ခေါင်းကုတ်လိုက်သည်...

"လောင်ကုက ဘာဖြစ်နေတာလဲ။" နည်းပြဟန်လိသည် ဒီမြင်ကွင်းကိုမြင်သောအခါ ရောက်လာပြီး အံ့အားသင့်စွာမေးလေသည်။

နည်းပြဟုန်က ခေါင်းခါလိုက်သည်။ "ငါမသိဘူး၊ သူ့ကို တစ်ခုခုပူးကပ်ထားသလို ခံစားရတယ်… ထားလိုက်ပါ၊ သူ့ကိုလျစ်လျူရှုလိုက်။"


လေ့ကျင့်ရေးကွင်း

တားမြစ်အပျက်အစီးအသုံးပြုခြင်းလေ့ကျင့်ရေး

"တားမြစ်အပျက်အစီးတွေကို အသုံးပြုခြင်းလုပ်ငန်းစဉ်မှာ အရေးကြီးဆုံး အကဲဖြတ်မှုအညွှန်းတွေကို အမျိုးအစားသုံးမျိုး ခွဲခြားနိုင်တယ်။

ပထမအမျိုးအစားမှာ တားမြစ်ထားအပျက်အစီးတွေရဲ့ စွမ်းအားနဲ့ဖျက်ဆီးခြင်းပဲ။ ဒီအချက်က အဓိကအားဖြင့် လူသားတို့ လွှမ်းမိုးခြင်းမပြုနိုင်တဲ့ တားမြစ်အပျက်အစီးတွေပေါ်မှာ မူတည်တယ်။

ဒုတိယအမျိုးအစားမှာ လူနဲ့ တားမြစ်အပျက်အစီးတွေက အသုံးပြုနေစဉ်အတွင်း သဟဇာတဖြစ်မဖြစ်ဆိုတာပဲ။ မင်းတို့ရဲ့ကိုယ်ပိုင်တားမြစ်အပျက်အစီးတွေကို တကယ်နားလည်ပြီး အကြီးမားဆုံးစွမ်းအားကို ဘယ်လိုအသုံးချရမလဲဆိုတာသိလား။ တားမြစ်အပျက်အစီးတွေနဲ့အတူ အချိန်ကြာမြင့်စွာရှိနေတဲ့ မင်းကိုယ်တိုင်ပဲ အဲဒါကိုပြုလုပ်နိုင်မှာဖြစ်တယ်။ မင်းတို့ကို ဘယ်သူမှမကူညီနိုင်ဘူး။

တတိယအမျိုးအစားမှာ တားမြစ်အပျက်အစီးရဲ့ကြာချိန်နဲ့လွှမ်းခြုံမှုဖြစ်တယ်။ အဲဒါကိုပွင့်ပွင့်လင်းလင်းပြောရရင် ဒီအချက်နှစ်ချက်က အမှန်တကယ်တော့တစ်ခုတည်းပဲ… စိတ်စွမ်းအားကို တိကျစွာထိန်းချုပ်နိုင်တာပဲ။ ဒါက ငါတို့လေ့ကျင့်ရေးရဲ့ပန်းတိုင်ပဲ။"

ကိုယ်ခံပညာစင်မြင့်ပေါ်တွင် နည်းပြတစ်ဦးသည် သူ့နောက်က ပုံးကြီးနှစ်ပုံးကိုဖွင့်ကာ ငွေရောင်နာရီတစ်လုံးကို ထုတ်ယူလိုက်သည်။

"ဒီကိရိယာကို ACE လို့ခေါ်တယ်။ တစ်ခါတစ်ရံမှာ ဒါကို 'Acrobatic Detonator'(ကျာကျိခလုတ်) လို့ ငါတို့ ချစ်ခင်စွာ ခေါ်ဝေါ်ကြတယ်။ လက်ကောက်ဝတ်မှာ ဝတ်ဆင်ပြီးရင် ၂၄ နာရီကြာ စိတ်လျှပ်စီးကြောင်းကို အဆက်မပြတ် ထုတ်ပေးလိမ့်မယ်။ ဒီစိတ်လျှပ်စီးကြောင်းက သေစေလောက်တဲ့ဒဏ်ရာတွေကို မဖြစ်စေပေမယ့် အဲဒါက မင်းတို့ရဲ့ကြွက်သားတွေကို လှုံ့ဆော်ပေးပြီး မယုံနိုင်လောက်အောင် လှုပ်ရှားမှုတချို့ကို ပြုလုပ်ပေးလိမ့်မယ်…

မင်းတို့ရဲ့တာဝန်က မင်းတို့ရဲ့စိတ်စွမ်းအားကို တစ်နေ့ ၂၄ နာရီအသုံးပြုပြီး စိတ်လျှပ်စီးကြောင်းကို တွန်းလှန်ပြီးတော့ စိတ်စွမ်းအားနဲ့ လျှပ်စီးကြောင်းကြားက ဟန်ချက်ညီအောင်ထိန်းဖို့ပဲ။ စိတ်စွမ်းအားထုတ်လွှတ်မှု မလုံလောက်တဲ့အခါ မင်းတို့ရဲ့ခန္ဓာကိုယ်အတွင်း လျှပ်စီးကြောင်းတွေ စီးဆင်းသွားမှာဖြစ်ပေမယ့် စိတ်စွမ်းအားထုတ်လွှတ်မှု အရမ်းများသွားတဲ့အခါ ACE က စိတ်ဖိစီးပြီး ပိုကြီးမားတဲ့လျှပ်စီးကြောင်းကို မင်းတို့ခန္ဓာကိုယ်အတွင်း စီးဆင်းစေမှာဖြစ်တယ်။

ဒါ့အပြင် ဒါက လျှပ်စီးကြောင်းပြောင်းလဲမှုတွေရဲ့ ပြင်းအားကို ပုံမှန်မဟုတ်ဘဲ ထုတ်ပေးတယ်ဆိုတာ ဆိုလိုတာက စိတ်စွမ်းအားပမာဏအမျိုးမျိုးကို ထုတ်ပေးဖို့အတွက် မင်းတို့က လျှပ်စီးကြောင်းပြောင်းလဲမှုတွေကို အမြဲတမ်းလိုက်နာနေရမှာ၊ ပိုလည်းမပို လိုလည်းမလိုရဘူး၊ မင်းတို့တွေ အိပ်ချိန်နဲ့ စားချိန်မှာတောင် ဒါကိုလုပ်ရမယ် ဒါမှမဟုတ်…"

နည်းပြ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။ "အတိုချုပ်အားဖြင့် မင်းတို့ရဲ့စိတ်စွမ်းအားထိန်းချုပ်မှုကို ဗီဇတစ်ခုအဖြစ် လေ့ကျင့်ပေးရမယ်။ အခုအချိန်ကစပြီး ACE ကို မင်းတို့နဲ့အတူ အမြဲတပ်ထားရမယ်… လေ့ကျင့်ရေးစခန်းပြီးဆုံးတဲ့အထိ

ဖယ်ဖို့မကြိုးစားပါနဲ့ မဟုတ်ရင် အဲဒါက ပြင်းထန်တဲ့အကျိုးဆက်တွေ ရှိလာနိုင်တယ်။

နောက်ထပ်ကတော့ တန်းစီးပြီး တစ်ယောက်ပြီးတစ်ယောက် နာရီလာယူကြပါ။"

တပ်သားသစ်များ၏ စပ်စုသောမျက်လုံးများအောက်တွင် လူတိုင်းသည် ငွေရောင်နာရီတစ်လုံးကို လက်ခံရယူရန် စင်မြင့်ပေါ်သို့ တက်လာပြီးနောက် ၎င်းကို စတင်အသုံးပြုကြသည်။

"ဒီနာရီက ရုပ်ဆိုးလိုက်တာ၊ Rolex နဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး။" ပိုင်လီဖက်တီးသည် သူ့လက်ထဲမှနာရီကို ရွံရှာစွာကြည့်ပြီး သက်ပြင်းချလိုက်သည်။

လင်ချီးယဲ့: "…"

ထိုအချိန်တွင် ချောင်ယွမ်းသည် နာရီကို တိတ်တဆိတ် လက်ပေါ်တင်လိုက်သည်။

ဝှီး…

နာရီကို ခဏပိတ်လိုက်သောအခါ ချောင်ယွမ်း၏ခန္ဓာကိုယ်သည် သာမန်မျက်စိနဲ့မြင်နိုင်သောအမြင်ဖြင့် တုန်ယင်သွားပြီးနောက်… ရုတ်တရက် စံပြနောက်ပြန်လှန်သွားသည်။

လင်ချီးယဲ့နှင့် ပိုင်လီဖက်တီးတို့သည် ပါးစပ်အဟောင်းသားဖွင့်ပြီး ချောင်ယွမ်းကို မယုံနိုင်စွာ ကြည့်နေသည်။

ချောင်ယွမ်းသည် မတ်တတ်ရပ်လိုက်ပြီး လက်ကောက်ဝတ်ကြိုးကို ငုံ့ကြည့်ကာ ခဏငြိမ်သက်သွားပြီးနောက် သူဖြည်းညှင်းစွာပြောခဲ့သည်။ "ငါ့ကိုကြည့်မနေနဲ့… မင်းတို့လည်းလုပ်လိုက်။"

"ဟေ့ မင်းအရမ်းအတွေးလွန်နေတာပါ။" ပိုင်လီဖက်တီးသည် ချိုသာသောအပြုံးဖြင့် နာရီကို ဖြည်းညှင်းစွာ သူ့လက်ပေါ်တင်ပြီး ပြောလိုက်သည်။ "ငါ့ခန္ဓာကိုယ်ပုံသဏ္ဌာန်နဲ့ နောက်ပြန်လှန်ဖို့နေနေသာသာ မြေပြင်ပေါ်မှာ လိမ့်နေဖို့တောင် ရုန်းကန်ဖို့ အချိန်အတော်ကြာလိမ့်မယ်၊ ငါဘယ်လိုလုပ်…"

ဝှီး…

ပိုင်လီဖက်တီးသည် သူ့စကားမဆုံးခင် သူ၏ဝဖြိုးသောခန္ဓာကိုယ်သည် မြေပြင်ကနေရုတ်တရက် ခုန်တက်သွားသည်။ ပထမဦးစွာ သူသည် လေထဲတွင် ၇၂၀ ဒီဂရီ လွတ်လွတ်လပ်လပ် လှည့်ပြီးနောက် မြေပြင်ပေါ် အခိုင်အမာ ပြုတ်ကျလာသည်။ သောမတ်စ်အဝိုင်းနောက်ပြန်လှည့်ခြင်းကို ပြုလုပ်ပြီးနောက် အလွန်လျင်မြန်သောကျွမ်းကျင်မှုဖြင့် ကွင်းပြင်ပေါ်တွင် နောက်ပြန်လှန်လာခဲ့သည်…

တစ်၊ နှစ်၊ သုံး၊ လေး...

လူအများ၏အမြင်တွင် ပိုင်လီဖက်တီး၏ရုပ်သွင်က တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။

"အားးးးးးးးး… ကယ်ပါဦး။ ချီးယဲ့၊ ငါ့ကိုကယ်ဦး။"

ကန်တင်းဆီသို့ အလွန်လျင်မြန်သောအရှိန်ဖြင့် နောက်ပြန်လှန်ကာသွားနေသော ပိုင်လီဖက်တီးကို လင်ချီးယဲ့သည် တိတ်တဆိတ်ကြည့်နေပြီး အတွေးနယ်ထဲကျသွားသည်…

『TK: ကျာကျိ (杂技/acrobatic) = ခက်ခဲဆန်းပြားစွာ ခုန်ပျံချိုးခေါက်တွန့်လိမ်လှုပ်ရှားခြင်း』

TK Team (Chapter 147)