Chapter 146
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၄၆)


Chapter 146 (ခင်ဗျားရဲ့အသိပညာကအရမ်းကြွယ်ဝလား)

"ကြယ်တံဆိပ်လား။"

ဒီစကားလေးလုံးကိုကြားတော့ စင်မြင့်အောက်က တပ်သားသစ်များတင်မက စင်မြင်ပေါ်ရှိ နည်းပြအများစုလည်း တကယ်ကို အံ့ဩသွားသည်။

၎င်းက ကြယ်ပင်လယ်တံဆိပ်အောက် ဒုတိယဂုဏ်ပြုဆုတံဆိပ်ဖြစ်သည်။ လေ့ကျင့်ရေးစခန်း၏ခေါင်းဆောင်ဖြစ်သော ယွမ်ကန်းပင် သုံးခုသာရှိသည်။ လေ့ကျင့်ရေးစခန်းကမထွက်ရသေးသော လင်ချီးယဲ့လိုလူသစ်က အမှန်တကယ် ကြယ်တံဆိပ်ကိုရသည်လား။

သို့သော် ဒါကိုသေချာတွေးကြည့်ပါက နားမလည်နိုင်စရာအကြောင်းမရှိပေ။

တခြားဘာမှမပြောနှင့် ဘတ်စ်ကားပေါ်တွင် တပ်သားသစ်အားလုံးအတွက် သေခြင်းတရားကိုဖြစ်စေမည့် ဒုံးကျည်အပျက်အစီးများကို တားဆီးခဲ့တာက ဒီတစ်ခေါက် လင်ချီးယဲ့၏ဆုတံဆိပ်အဆင့်က အလွန်မနိမ့်သင့်ပေ။

ဤလေ့ကျင့်ရေးစခန်းတွင် တပ်သားသစ် ၂၀၀ ကျော်သည် သာ့ရှတစ်ခုလုံး၏ ည‌ကင်းစောင့်လူသားအရန်အဖွဲ့မှဖြစ်သည်။ သူတို့သည် အနာဂတ် နိုင်ငံကိုကာကွယ်ရာတွင် ကျောရိုးဖြစ်လာလိမ့်မည်။ ဒီတပ်သားသစ်များတစ်ခုခုဖြစ်ပါက ညကင်းစောင့်လူသားများ၏ အစားထိုးခြင်းတွင် အမှားအယွင်းပေါ်လာလိမ့်မည်။ ထိုအချိန်တွင် နိုင်ငံတော်ကာကွယ်ရေးအင်အားက အားနည်းလာလိမ့်မည်။

မကြာသေးမီနှစ်များအတွင်း နိုင်ငံတစ်ဝှမ်းရှိ လျှို့ဝှက်ဆန်းကြယ်မှုများသည် ပိုမိုအားကောင်းလာကာ ညကင်းစောင့်လူသား၏ စွမ်းအားသည် အပြစ်အနာအဆာများ ပေါ်လာပါက ဖြစ်ပေါ်လာသော အန္တရာယ်သည် ဤမျှရိုးရှင်းသော မြို့တစ်မြို့သာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးတွင် ကြီးမားသော အကျပ်အတည်းဖြစ်လာမည်ဖြစ်သည်။

ဤရှုထောင့်တစ်ခုတည်းမှကြည့်လျှင် လင်ချီးယဲ့၏လုပ်ဆောင်ချက်များသည် လူ့အဖွဲ့အစည်းမငြိမ်သက်မှုများဖြစ်စေနိုင်သော ကြီးမားသည့်ဖြစ်ရပ်များကို နှိမ်နင်းရန် အခြေအနေအား ကိုက်ညီစေသည်။

[မြွေမိန်းမ] ၏ပြင်းထန်သောဒဏ်ရာနှင့် ဟန်ရှောင်ယွင်ကို သတ်ရန်ပူးပေါင်းဆောင်ရွက်မှုအတွက် ၎င်းသည်ကြီးမားပုံရသော်လည်း တစ်နိုင်ငံလုံးအမြင်အရ ကိစ္စသေးသေးလေးသာဖြစ်သည်။ ထို့အပြင် မယ်ဒူဆာကိုယ်စားလှယ်သည် 'ချီ' နယ်ပယ်တွင်ရှိပြီး 'ဟိုင်' နယ်ပယ်ရှိသော [ယုံကြည်သူ] က မည်သည့်လှိုင်းလုံးများကိုမျှ မပြုလုပ်နိုင်ပေ။

လူအနည်းငယ်သာ နားလည်နိုင်သော တခြားအချက်တစ်ခု ရှိသေးသည်။

လင်ချီးယဲ့သည် ဤတစ်ကြိမ်တွင် ရှေးနတ်ဘုရားကျောင်းမှ လူများနှင့် အပြုသဘောဆောင်သော အဆက်အသွယ်ရှိခဲ့ပြီး [ရှယ်နွီ] ကိုဒဏ်ရာအပြင်းအထန်ရရှိခဲ့စေတာက သူက ရှေးနတ်ဘုရားကျောင်း၏ ဖိတ်ကြားချက်ကို ငြင်းပယ်ပြီး ညကင်းစောင့်လူသားဘက်တွင် အခိုင်အမာရပ်တည်ခဲ့သည်ဟု ဆိုလိုသည်။

နတ်ဘုရားနှစ်ပါး၏ကိုယ်စားလှယ်တစ်ယောက်က သူ၏ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်။ ညကင်းစောင့်လူသား၏ ထိပ်တန်းခေါင်းဆောင်များ၏အမြင်တွင် ဆုတချို့မပေးခြင်းက ယုတ္တိမရှိပေ။
 
ဘယ်လိုဆိုမျိုးပေးသင့်သနည်း ပိုက်ဆံနှင့် တားမြစ်ပစ္စည်းများပေးသင့်သလား။ ဒါမှမဟုတ် တောက်ပသောအနာဂတ်ရမည်ဟု ကတိပေးသင့်သလား။

ရိုးစင်းလွန်းပြီး အောက်တန်းကျလွန်းသည်။

ကံကောင်းထောက်မစွာ လင်ချီးယဲ့၏ဂုဏ်ပြုဆုအစီရင်ခံလွှာကိုလည်း အချိန်ကိုက်ပေးအပ်လာခဲ့သည်။ သူတို့သည် ဤ'ဆု'ကို ပို၍လှပစေရန် သဘာဝအတိုင်း အစွမ်းကုန် ကြိုးစားကြမည်ဖြစ်သည်။

အကြောင်းအရင်းအမျိုးမျိုးကြောင့် လင်ချီးယဲ့၏ကြယ်တံဆိပ်သည် ကျိုးကြောင်းဆီလျော်မှုမရှိတာမဟုတ်တော့ပေ။

"လင်ချီးယဲ့ ဂုဏ်ပြုဆုကိုလက်ခံဖို့ တက်လာပါ။" ယွမ်ကန်း၏အသံထွက်ပေါ်လာပြီး လင်ချီးယဲ့သည် စိတ်လျှော့ပြီး ကိုယ်ခံပညာစင်မြင့်သို့ လျင်မြန်စွာ လျှောက်လှမ်းခဲ့သည်။

ယွမ်ကန်းသည် လင်ချီးယဲ့အနားသို့သွားက သူ့လက်ထဲကအနက်ရောင်သေတ္တာငယ်လေးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ နက်မှောင်သော ပိုးသားချိုင့်ခွက်တွင် နက်ပြာရောင်ဆုတံဆိပ်တစ်ခုသည် ပြိုးပြိုးပြက်ပြက်ပြနေပြီး သလင်းကျောက်ထဲတွင် ထွန်းလင်းတောက်ပသောကြယ်တစ်စင်းကို မြှုပ်နှံထားပုံရသည်။

ယွမ်ကန်းသည် ကြယ်တံဆိပ်ကို လေးနက်စွာ ကောက်ယူပြီး လင်ချီးယဲ့၏ရင်ဘတ်တွင် တပ်ပေးလိုက်သည်။

လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူပြီး ယွမ်ကန်းကို စံပြစစ်တပ်အလေးပြုခြင်းဖြင့် အလေးပြုလိုက်သည်။

အားလုံး၏မနာလိုအားကျသောအကြည့်အောက်တွင် လင်ချီးယဲ့သည် လှေကားထစ်မှ ဖြည်းညှင်းစွာ ဆင်းလာကာ အဖွဲ့ထဲသို့ ပြန်လာခဲ့သည်။

ပိုင်လီဖက်တီးသည် တံတွေးမျိုချပြီး လင်ချီးယဲ့ကို လက်မထောင်ပြသည်။

"ချီးယဲ့ အရမ်းမိုက်တယ်။"

လင်ချီးယဲ့ပြီးနောက် ယွမ်ကန်းကြေညာလိုက်သည့် ဒုတိယမြောက်ဂုဏ်ပြုဆုရှင်နာမည်သည် အားလုံးမျှော်လင့်ထားသည်ထက်ကို ကျော်လွန်ခဲ့သည်။

"ရှန်ချင်းကျူ [လေပြင်းမုန်တိုင်းကြီး] ကြောင့် ဖြစ်ပေါ်လာတဲ့ ဖျက်ဆီးခြင်းမုန်တိုင်းမျက်လုံးကို အချိန်မီဖယ်ရှားနိုင်ခဲ့တာကြောင့် မြို့တစ်ဝက်ကို လေမုန်တိုင်းဒဏ်ကနေ ကယ်တင်နိုင်ခဲ့ပြီး 'ကြယ်ရောင်' တံဆိပ်ကို ချီးမြှင့်လိုက်တယ်။"

"ဘုရားရေ… အစ်ကိုကျွိုင်းရောလား။" ပိုင်လီဖက်တီးက မျက်လုံးပြူးသွားသည်။

အားလုံးသည် ရှန်ချင်းကျူကို တညီတညွတ်တည်းကြည့်နေကြသည်။ ရှန်ချင်းကျူကိုယ်တိုင်ပင် ကြောင်နေလေသည်။ သူသည် စင်မြင့်ပေါ်မှ ယွမ်ကန်းကို 'ခင်ဗျား ကျွန်တော့်ကို နောက်နေတာတော့မဟုတ်ဘူးနော်' ဆိုသောမျက်နှာထားဖြင့် ကြည့်နေသည်။
 
ယွမ်ကန်းက နောက်ပြောင်ခြင်းမဟုတ်ကြောင်း အတည်ပြုပြီးနောက် ရှန်ချင်းကျူသည် အံကြိတ်ပြီး ကိုယ်ခံပညာစင်မြင့်ပေါ်သို့ တစ်လှမ်းချင်းတက်လာခဲ့သည်။

သူလက်ဖျောက်တစ်ချက်တီးလိုက်တာက ချန်းနန်မြို့တစ်ဝက်ကို ကယ်တင်ခဲ့လိမ့်မည်ဟု သူကိုယ်တိုင်ပင် မမျှော်လင့်ခဲ့ပေ။

ဂုဏ်ပြုဆုကို ကြောင်တောင်တောင် လက်ခံပြီးနောက် သူသည် ကြောင်တောင်တောင် ပြန်ဆင်းလာခဲ့ပြီး အဖွဲ့ထဲကို ကြောင်တောင်တောင် ရောက်လာခဲ့သည်။ ကမ္ဘာကြီးက ရူးနေပြီဟု ရှန်ချင်းကျူခံစားလိုက်ရသည်။

ယွမ်ကန်းသည် တန်းဖြုတ်ရန် အမိန့်ပေးလိုက်သောအခါ အားလုံးက အပြေးအလွှား သွားစားကြသည်။ တုန့်ဝေ၊ လီကျာနှင့် လီလျန့်တို့ နောက်လိုက်သုံးယောက်သည် ရှန်ချင်းကျူကိုဝန်းရံပြီး သူတို့မျက်လုံးများက လေးစားမှုအပြည့်ဖြစ်နေသည်။

"အစ်ကိုရှန်။ မင်းဘယ်တုန်းက ချန်းနန်မြို့ကို ကယ်တင်လိုက်တာလဲ။"

"ဟုတ်တယ် အစ်ကိုရှန်၊ မင်းက အပြင်မှာပိုက်ဆံရှာနေတာမဟုတ်ဘူးလား။ ဘာလို့ ဆုတံဆိပ်ရသွားတာလဲ။"

"အစ်ကိုရှန်က ငါ့အစ်ကိုရှန်ဆိုတဲ့အတိုင်း အရမ်းမိုက်တာပဲ။"

သုံးယောက်သားဝန်းရံထားသော ရှန်ချင်းကျူသည် ညင်သာစွာ ချောင်းဟန့်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ခေါင်းကိုမော့လိုက်သည်။

"ဟန့်… ကမ္ဘာကြီးကို ဘယ်တော့မှမမြင်ဖူးတဲ့ မင်းတို့ကိုကြည့်လိုက်ဦး၊ ဒါကကြယ်ရောင်တံဆိပ်ပဲမဟုတ်ဘူးလား။ အနာဂတ်မှာ ငါက ဒါထက်ပိုကောင်းတဲ့တံဆိပ်ရမှာ။"

"အစ်ကိုရှန်က စွမ်းအားကြီးတယ်။"

"အစ်ကိုရှန်က မိုက်တယ်။"

ထိုမြင်ကွင်းကိုမြင်တော့ ပိုင်လီဖက်တီးက ပြုံးလိုက်သည်။ "အစ်ကိုကျွိုင်းကတော့စပြီ… မဟုတ်သေးဘူး၊ သူ့ရဲ့မာနကြီးတာကို ငါတိုက်ခိုက်ရမယ်။" 

ထိုသို့ပြောပြီးနောက် ပိုင်လီဖက်တီးသည် အသက်ပြင်းပြင်းရှူပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ချီးယဲ့က အသန်မာဆုံး။"

"ချီးယဲ့က အချောဆုံး။"

"ချီးယဲ့က အမိုက်ဆုံး။"

ထိုစကားကိုကြားတော့ တစ်ဖက်ခြမ်းမှ လူအများအပြားသည် တညီတညွတ်တည်း ခေါင်းများလှည့်လာကာ လင်ချီးယဲ့နှင့် တခြားနှစ်ယောက်ကို မဖော်ရွေသောအမူအရာများဖြင့် ကြည့်နေကြသည်။

လင်ချီးယဲ့သည် မျက်ဆန်လှန်ပြပြီး ပိုင်လီဖက်တီး၏ခေါင်းနောက်ကို ရိုက်လိုက်သည်။ "မင်းက ကလေးလား။ စားစရာရှိတာစားစမ်း။"

"အိုး…"


ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးအပြီးတွင် တပ်သားသစ်များ၏ လေ့ကျင့်ရေးအစီအစဉ်က ပိုမိုအရောင်အဆင်းရှိလာသည်။

နည်းဗျူဟာလမ်းညွှန်မှု၊ သရုပ်ဖော်လေ့ကျင့်ခန်းများ၊ တားမြစ်အပျက်အစီးများနိယာမ၊ တိုက်ခိုက်ရေးအလေ့အကျင့်များနှင့် ကမ္ဘာ့ဒဏ္ဍာရီပုံပြင်များ အပြည့်အစုံအပြင် ယနေ့ခေတ်တွင် ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်များသော တားမြစ်အပျက်အစီးများအကြောင်း ရှင်းလင်းချက်တချို့ပါသည်။

ယခင်က ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးခြောက်လကို အပြင်မှာလုံးဝကုန်ဆုံးခဲ့မည်ဆိုလျှင် ယခု သူတို့၏လေ့ကျင့်ရေးအစီအစဉ်၏ ၈၀ ရာခိုင်နှုန်းဟာ သီအိုရီဆိုင်ရာ အသိပညာကိုသင်ယူရန် စာသင်ခန်းထဲမှာထိုင်နေရမှာဖြစ်သည်။

ဒါက လင်ချီးယဲ့ကို ကောလိပ်တက်ရသည့်ခံစားချက်မျိုး ဖြစ်စေသည်… အတိအကျပြောရလျှင် သူစစ်သင်တန်းကျောင်းတက်နေရသလိုပါပဲ။

လူအများစုအတွက် လေ့ကျင့်ရေးကွင်းမှာ မောပန်းပြီး မူးဝေနေသည့် ယခင်နေ့ရက်များနှင့်နှိုင်းယှဉ်ပါက ယခုသည် ကောင်းကင်ဘုံဖြစ်ပေမယ့် သူတို့၏ခန္ဓာကိုယ်ဆဲလ်တိုင်းက သီအိုရီဆိုင်ရာသင်ယူမှုကို ငြင်းပယ်နေသော လူနည်းစုရှိပါသေးသည်။

"စိတ်စွမ်းအားရဲ့ အနှစ်သာရကဘာလဲ။"

စင်မြင့်ပေါ်တွင် အနက်ရောင်မျက်မှန်တပ်ထားသည့် နည်းပြသည် ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်ကာ စာသင်ခန်းတစ်ခုလုံးကို သူ့မျက်လုံးများဖြင့် လှည့်ပတ်ကြည့်ပြီး နောက်ဆုံးတန်းမှ တစ်စုံတစ်ယောက်အပေါ်သို့ ကျသွားသည်။

"ရှန်ချင်းကျူ"

စားပွဲပေါ်တွင် လဲအိပ်နေသော ရှန်ချင်းကျူသည် ‌အနည်းငယ်ခေါင်းမော့ပြီး နည်းပြကုကို ငိုက်မြည်းစွာ စိုက်ကြည့်နေသည်။

"စိတ်စွမ်းအားရဲ့ အနှစ်သာရကဘာလဲ။"

"ကျွန်တော်မသိဘူး။"

"…အပြင်ထွက်ပြီး ဆယ်ပတ်ပြေး။"

"ကောင်းပြီ။"

ရှန်ချင်းကျူသည် အသက်ဝင်လာသလိုမျိုး စာသင်ခန်းထဲကနေ လေပြင်းတိုက်သလိုပြေးထွက်သွားပြီး အားအင်တက်ကြွစွာ အားကစားကွင်းမှာ စတင်ပတ်ပြေးနေသည်။

နည်းပြကုသည် သက်ပြင်းချပြီး ပစ်မှတ်ကို ထပ်မံရွေးချယ်ခဲ့ကာ နောက်ဆုံးတွင် လင်ချီးယဲ့ဆီ ကျသွားသည်။

"လင်ချီးယဲ့၊ မင်းသိလား။"

"စိတ်စွမ်းအားရဲ့ အနှစ်သာရ တချို့အခြေအနေတွေမှာ အသိစိတ်လှုပ်ရှားမှုကနေ ထုတ်ပေးတဲ့ သဘာဝလွန်စွမ်းအားပါ။" လင်ချီးယဲ့က မတ်တတ်ရပ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

နည်းပြကုသည် သူ့မျက်လုံးများက သဘောကျမှုအရိပ်အယောင်ဖြင့် ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်၊ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ရှင်းလင်းနှိမ်နင်းတဲ့လုပ်ငန်းစဉ်မှာ သီအိုရီရဲ့အရေးပါမှုကလည်း တကယ့်တိုက်ပွဲထက် မနည်းဘူး။ ငါတို့က သင်ယူရမယ်၊ ရှာဖွေရမယ်၊ လေ့လာရမယ်ဆိုတဲ့ သဘောထားကို အမြဲတမ်းလက်ကိုင်ထားပြီး စဉ်ဆက်မပြတ် တွေးတောဆင်ခြင်ပြီးမှသာ ကမ္ဘာကြီးရဲ့အမှန်တရားကို သဘောပေါက်နားလည်နိုင်မှာဖြစ်တယ်…"

ဒီစာကြောင်းကိုကြားတော့ လင်ချီးယဲ့သည် တစ်ခုခုကို တွေးမိသလိုမျိုး ဦးနှောက်ထဲတွင် လင်းလက်လာသည်။

နည်းပြကုသည် ဆက်ပြောရန်ရည်ရွယ်ထားချိန်တွင် လင်ချီးယဲ့က မထိုင်သေးတာကို တွေ့လိုက်ရသည်။

"မင်းဘာလို့အဲဒီမှာရပ်နေသေးတာလဲ။"

လင်ချီးယဲ့က ခဏလောက်တွေးဆပြီး "နည်းပြကု၊ ခင်ဗျားရဲ့အသိပညာကအရမ်းကြွယ်ဝလား။"  

နည်းပြသည် ပြုံးပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။ "ငါက ဟွာချင်းတက္ကသိုလ်က ပါမောက္ခတစ်ဦးပါ။ မင်းဘယ်လိုထင်လို့လဲ။"

"ဒါဆို နည်းပြ၊ ကျွန်တော် ခင်ဗျားကို မေးခွန်းတစ်ခုမေးလို့ရမလား။"

"မင်းမေးလေ။" နည်းပြကုက သူ့မျက်မှန်ကို တွန်းတင်လိုက်သည်။

"ကျွန်တော်တို့ အခုရောက်နေတဲ့ကမ္ဘာက… အစစ်လို့ ခင်ဗျားထင်လား။"


TK Team (Chapter 146)