Chapter 145
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၄၅)


Chapter 145 (ဆုတံဆိပ်)

ပီး ပီး ပီး ပီး…

စူးရှပြီးမြည်ဟည်းနေသော ဝီစီသံတစ်ခုထွက်ပေါ်လာပြီး လင်ချီးယဲ့သည် သူ့မျက်လုံးများကိုဖွင့်ကာ ကုတင်ပေါ်မှအမြန်ထကာ စစ်ယူနီဖောင်းကို ဝတ်ဆင်လိုက်သည်။

တစ်ဖက်တွင် ပိုင်လီဖက်တီးသည် ကုတင်ပေါ်မှထထိုင်ကာ မျက်လုံးမှိတ်လျက် ဟောက်နေသော်လည်း အဝတ်အစားဝတ်ရန် လက်လှုပ်ရှားမှုများက ရပ်တန့်ခြင်းမရှိပေ။

သူ့အဝတ်အစားများဝတ်ပြီးသည်နှင့် နောက်အခိုက်အတန့်တွင် တဖန်ပြန်အိပ်ပျော်သွားသလိုမျိုး သူ့ခန္ဓာကိုယ်က အနည်းငယ်ယိမ်းယိုင်လာသည်။

လင်ချီးယဲ့သည် ဖိနပ်တစ်ရံကို ကောက်ယူလိုက်ပြီး သူ့ခေါင်းပေါ်ပစ်ပေါက်ကာ အိပ်မက်မှ နိုးလာသည်။

နှစ်ယောက်သား တံခါးကိုတွန်းထုတ်ပြီး အဝေးကလေ့ကျင့်ရေးကွင်းဆီသို့ အမြန်ပြေးသွားကြသည်။

"ဝါး…ဝါး…"

ပိုင်လီဖက်တီးသည် စိတ်ခံစားချက်ဖြင့် သမ်းဝေလိုက်သည်။ "အပြင်မှာ ရက်အတော်ကြာအောင် နေထိုင်ပြီးနောက် စခန်းထဲမှာ အိပ်ရတာ သက်တောင့်သက်သာ အရှိဆုံးဖြစ်နေတာကို ငါသိလိုက်ရတယ်..."

ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကိုသတိရပြီး အံ့အားသင့်စွာ ပြောလာသည်။

"မဟုတ်သေးပါဘူး၊ ငါတို့ရဲ့ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေး ပြီးသွားပြီမဟုတ်ဘူးလား။ ဘာလို့ ငါတို့က အစောကြီးထရဦးမှာလဲ။"

လင်ချီးယဲ့က မျက်ဆန်လှန်ပြသည်။ "ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးပြီးသွားတာက လေ့ကျင့်ရေးစခန်းပြီးသွားပြီလို့ မဆိုလိုဘူး။ မနက်ကနေညအထိ နေ့တိုင်း အလေးမဖို့ မလိုတော့ပေမယ့် ကျန်တာတွေအားလုံးက အရင်အတိုင်းပဲ။"

"အင်းပါ။"

မကြာခင်မှာပဲ အားလုံးက လေ့ကျင့်ရေးကွင်းမှာ စုရုံးလာကြကာ လျင်မြန်ပြီး သပ်ရပ်စွာ ရွေ့လျားနေကြသညိ 

ယခုတစ်ကြိမ်တွင် ဆရာဟုန်သာ ကိုယ်ခံပညာစင်မြင့်ပေါ်တွင် ရပ်နေရုံသာမက တခြားနည်းပြများအားလုံးလည်း ရှိနေကြသည်။ ယွမ်ကန်းသည် နည်းပြများရှေ့တွင်ရပ်ကာ လင်ချီးယဲ့နှင့် တခြားသူများကို ငြိမ်သက်စွာ ကြည့်နေကြသည်။

အရင်ကနဲ့ မတူတာက ဒီနေ့ နည်းပြအားလုံးသည် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားကြပြီး နည်းပြတော်တော်များများက သူတို့၏ရင်ဘတ်မှာ ဆုတံဆိပ်များဝတ်ထားကြသည်၊ တချို့က ကြီးသည်၊ တချို့က သေးသည်၊ အရောင်တွေလည်း မတူချေ။

နည်းပြများအားလုံးတွင် ယွမ်ကန်းတစ်ယောက်တည်းသာ လက်ရာအကောင်းမွန်ဆုံးသော နက်ပြာရောင်တံဆိပ်သုံးခုအပါအဝင် ဆုတံဆိပ်အများဆုံးရထားသောသူဖြစ်သည်။ သေသေချာချာကြည့်လိုက်လျှင် ၎င်းတို့ထဲမှာ ခမ်းနားသောကြယ်တစ်ပွင့်ကို တွေ့နိုင်သည်...

"ချီးယဲ့၊ မင်းခံစားမိလား… နည်းပြအနည်းငယ်ပျောက်နေသလိုပဲ။" ပိုင်လီဖက်တီးသည် စင်မြင့်ပေါ်ကို လှမ်းကြည့်လိုက်ရင်း သူ့မျက်လုံးထဲမှာ သံသယများပေါ်လာပြီး တိုးတိုးလေး မေးသည်။

လင်ချီးယဲ့က အနည်းငယ် ခေါင်းညိတ်ပြပြီး "သုံးယောက် ပျောက်နေတယ်။"

နှစ်ဝက်ကြာ ပေါင်းသင်းဆက်ဆံပြီးနောက် သူ့တွင် နည်းပြအားလုံးအပေါ်မှာ အထင်အမြင်များရှိသည်။ ဒီတစ်ခေါက်တွင် နည်းပြအဖွဲ့ထဲမှာ လူသုံးဦးပျောက်နေသည်။ ပြီးတော့ ဘယ်နည်းပြတွေပျောက်နေသလဲဆိုတာ သူတစ်ချက်ကြည့်ရုံဖြင့် အတိအကျပြောနိုင်သည်။

"သူတို့ဘယ်ရောက်နေတာလဲ။"

"ငါမသိဘူး၊ ဒါပေမယ့် သူတို့ကောင်းကောင်းအဆုံးမသတ်ဘူးလို့ငါထင်တယ်။"

တပ်သားသစ်များကို အပြင်ထွက်ခိုင်းတုန်းက ကောင်းကင်ကနေကျလာသည့် ဒုံးကျည်များကို သူရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ တစ်ဖက်က သူတို့ဘယ်နေရာမှာရှိနေသလဲဆိုတာ အတိအကျသိနေပုံရသည်။ စခန်းထဲမှာ သစ္စာဖောက်မရှိဘူးဆိုတာ သူမယုံပေ။

မထင်မှတ်ဘဲ ဘာမှမဖြစ်လျှင် ပျောက်နေသောနည်းပြသုံးဦးသည် စခန်းထဲကသစ္စာဖောက်များ ဖြစ်လိမ့်မည်။ သစ္စာဖောက်များ၏အဆုံးသတ်က ဘယ်လိုကြောင့်ကောင်းမွန်မည်နည်း။

ယွမ်ကန်းသည် ပျောက်ဆုံးနေသောနည်းပြများ၏ အဓိပ္ပာယ်ကို ရှင်းပြမည့်ပုံမပေါ်ချေ။ သူသည် လူတိုင်းကို စိုက်ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"ဒီနေ့ မနက်ပိုင်း လေ့ကျင့်ရေးကို ဖျက်သိမ်းလိုက်ပြီ..."

ဒါကိုကြားလိုက်ပြီးနောက် အားလုံးက အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ယွမ်ကန်း၏နောက်စကားတစ်ခွန်းက သူတို့ကို အသက်ရှူကျပ်သွားစေသည်။

"အခု ငါမင်းတို့အားလုံးကို ဒီမှာစုခိုင်းရတဲ့အကြောင်းရင်းက… မင်းတို့ထဲကတချို့ကို ဂုဏ်ပြုဆုချီးမြှင့်ဖို့ပဲ။"

ဆုချီးမြှင့်မှာလား။

သူတို့က လေ့ကျင့်ရေးစခန်းကနေ မထွက်ခွာသေးတဲ့ လူသစ်တွေသာဖြစ်ပြီး တချို့က ဂုဏ်ပြုဆု‌တွေရနေပြီလား။

ထိုအချိန်တွင် တပ်သားသစ်တချို့သည် တစ်စုံတစ်ခုကို တွေးမိပြီး လင်ချီးယဲ့ကို လှည့်ကြည့်လိုက်သည်။ 

လင်ချီးယဲ့နှင့်အတူ ကားပေါ်တွင်ထိုင်ပြီး စခန်းမှထွက်ခွာသွားသောလူများသည် ထိုအချိန်က အနက်ရောင်အလင်းတန်းသည် အပိုင်းအစအားလုံးကို တားဆီးလိုက်မှန်း သူတို့မြင်လိုက်သည်။ ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို တချို့လူများက မသိကြသော်လည်း နောက်ပိုင်းတွင် မှန်းဆနိုင်ခဲ့သည်။ 

သူ ဟုန်ယင်းအိမ်တွင်ရှိစဉ်က နည်းပြဟုန်သည် ဒီတစ်ခေါက်တွင် သူဆုတံဆိပ်ရသင့်သည်ဟု ပြောခဲ့တာကို လင်ချီးယဲ့မှတ်မိသည်…

"လူတချို့က ညကင်းစောင့်လူသားရဲ့ ဂုဏ်ပြုဆုတွေကို ဘယ်လိုပိုင်းခြားရမလဲမသိတာကြောင့် ဒီနေရာမှာ အတိုချုံး မိတ်ဆက်ပေးမယ်။ 

ငါတို့ညကင်းစောင့်လူသားတွေရဲ့ ဂုဏ်ပြုဆုတွေက သာမန်‌စပ်တပ်တွေနဲ့ ကွဲပြားတယ်။ ဂုဏ်ပြုဆုတံဆိပ်တွေကို အမျိုးအစားလေးမျိုးခွဲခြားထားပြီး ပါဝင်တဲ့အဆင့်တွေက လွယ်ကူရာကနေ ခက်ခဲတဲ့အဆင့်တွေဖြစ်တဲ့ 'မီးပွား' တံဆိပ်၊ '‌ကြယ်ရောင်' တံဆိပ်၊ 'ကြယ်' တံဆိပ်နဲ့ 'ကြယ်ပင်လယ်' တံဆိပ်ပဲ။"

ယွမ်ကန်းသည် သူ့ရင်ဘတ်ပေါ်ရှိ အနီရောင်အဖျော့ဖျော့တံဆိပ်ကို ရုတ်တရတ် ချွတ်လိုက်ပြီး "ဒါက 'မီးပွား' တံဆိပ်ဖြစ်ပြီး ဒါဟာရဖို့ အလွယ်ကူဆုံး ဆုတံဆိပ်တစ်ခုလည်း ဖြစ်တယ်။ အရေးကြီးတဲ့ လျှို့ဝှက်ဆန်းကြယ်မှုရှင်းလင်းရေးတာဝန်တချို့ကို ပြီးမြောက်တာ ဒါမှမဟုတ် လူများစွာရဲ့အသက်ကို အကာအကွယ်ပေးရင် ရနိုင်တယ်။"

သူသည် 'မီးပွား' တံဆိပ်ကို သူ့ရင်ဘတ်ပေါ်ပြန်တပ်ထားပြီး အပြာနုရောင်တံဆိပ်ကို ချွတ်လိုက်သည်။

"ဒါက 'ကြယ်ရောင်' တံဆိပ်ပဲ။ 'မီးပွား' တံဆိပ်နဲ့ ယှဉ်ရင် ရရှိဖို့က ပိုခက်ခဲတယ်။ ယေဘုယျအားဖြင့် အန္တရာယ်များလွန်းတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို သတ်ပြီးနောက် ဒါမှမဟုတ် ကြီးမားတဲ့ဘေးအန္တရာယ်ကို ငြိမ်သက်စေမှသာ ရရှိနိုင်တယ်။"

နောက်ဆုံးတွင် သူသည် အလွန်လက်ရာမြောက်ပြီး နက်ပြာရောင်တံဆိပ်ကို ချွတ်ခဲ့သည်။ နေရောင်အောက်တွင် ကြည်လင်သောတံဆိပ်မျက်နှာပြင်သည် မှိန်ဖျော့သောကြယ်ရောင်များ ထွက်ပေါ်လာသည်။

"ဒါက 'ကြယ်' တံဆိပ်ပဲ။ 'အဆုံးမဲ့' အဆင့် လျှို့ဝှက်ဆန်းကြယ်မှုကို သတ်ပြီးနောက် ဒါမှမဟုတ် လူ့အဖွဲ့အစည်းမငြိမ်မသက်ဖြစ်စေလောက်အောင် ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုကို ငြိမ်သက်အောင်လုပ်နိုင်မှသာ ရရှိနိုင်တယ်။ ဒါကအရမ်းရှားပါတယ်။ ညကင်းစောင့်လူသားအဖွဲ့အစည်းတစ်ခုလုံးမှာ ဒီဆုတံဆိပ်ကို ၁ ရာခိုင်နှုန်းအောက် လူတွေသာ ရရှိနိုင်တယ်။"

ယွမ်ကန်းသည် 'ကြယ်' တံဆိပ်ကို ရင်ဘတ်ပေါ် လေးနက်စွာ ဆွဲထားပြီး ဆက်ပြောသည်။ "'ကြယ်ပင်လယ်' တံဆိပ်ကတော့ ညကင်းစောင့်လူသားမှာ ရရှိနိုင်တဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်တယ်။ အဲဒီတံဆိပ်ကိုရတဲ့လူ သာ့ရှတစ်ခုလုံးမှာ လူဆယ်ယောက်ထက် မပိုဘူး။ ဒီဆုတံဆိပ်ကို ဘယ်လိုရယူရမယ်ဆိုတာနဲ့ပတ်သက်ပြီး ညကင်းစောင့်လူသားခေါင်းဆောင်တွေတောင် တိကျတဲ့စံနှုန်းတစ်ခုကို မပေးနိုင်ဘူး။"

"တင်ပြစရာရှိပါတယ်။"

"ပြောပါ။"

"နည်းပြ၊ စံနှုန်းမရှိရင် ဒီတံဆိပ်ကို ကျွန်တော်တို့ ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာ ဘယ်လိုဆုံးဖြတ်မလဲ။"

"ဒါက မင်းနဲ့ထိုက်တန်တယ်လို့ လူတိုင်းထင်တဲ့အခါ သူတို့ကမင်းကို ပေးလိမ့်မယ်။" ယွမ်ကန်းက အေးဆေးတည်ငြိမ်စွာပြောသည်။ "စံနှုန်းတစ်ခုသတ်မှတ်ရမယ်ဆိုရင် လွန်ခဲ့တဲ့ငါးနှစ်က 'ကြယ်ပင်လယ်' တံဆိပ်ကိုရရှိခဲ့တဲ့သူဟာ မျက်နှာဖုံးအဖွဲ့ထဲက ဝမ်မြန့်ပဲ။

လွန်ခဲ့တဲ့ငါးနှစ်က နတ်ဘုရားနံပါတ်စဉ် ၀၄၀ ယမတအိုရိုချီဟာ အရှေ့တရုတ်ပင်လယ်မှာ ဆင်းသက်ခဲ့တယ်။ ဝမ်မြန့်က သူ့သက်တမ်းကို အဆုံးရှုံးခံပြီး ယမတအိုရိုချီမဆင်းသက်ခင် တစ်နာရီအလိုကို ပြန်လာခဲ့တယ်။ သူက သူ့ပတ်ဝန်းကျင်က ကမ်းရိုးတန်းဒေသအများအပြားကနေ လူတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပြီး တစ်ချိန်တည်းမှာပဲ လူသားထျန်းဟွားပန်မရောက်ခင်အထိ ယမတအိုရိုချီကို နာရီဝက်တိုက်ခိုက်ဖို့ 'မျက်နှာဖုံး' အဖွဲ့ကို ဦးဆောင်ခဲ့ပြီး လူသန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်။

မင်းတို့ထဲက တစ်ယောက်ယောက်က မင်းတို့ရဲ့အကူအညီဟာ သူ့ထက်ပိုများနိုင်တယ်လို့ ထင်ရင် 'ကြယ်ပင်လယ်' ဆုတံဆိပ်ကို လျှောက်ထားနိုင်တယ်။"

အားလုံးနှုတ်ဆိတ်နေပြီး လင်ချီးယဲ့က တိတ်တဆိတ် အံ့သြသွားခဲ့သည်။ လွန်ခဲ့သည့်ငါးနှစ်က အရှေ့တရုတ်ပင်လယ်တွင် ဒဏ္ဍာရီနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့် အဖြစ်အပျက်တစ်ခုရှိမည်ဟု သူ မမျှော်လင့်ထားပေ။ လွန်ခဲ့သည့်ငါးနှစ်ခန့်က အရှေ့တရုတ်ပင်လယ်တွင် ဆူနာမီအကြီးစားအကြောင်း သတင်းဆောင်းပါးတစ်ပုဒ် ဖတ်ဖူးသည်ကို သူယောင်ဝါးဝါး သတိရမိသည်။ ဒီကိစ္စ၏နောက်ကွယ်က အမှန်တရားသည် ဒီလိုဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားချေ... သူ ပို၍မမျှော်လင့်ထားသည့်အရာက နူးညံ့သိမ်မွေ့ပြီး လိမ္မာပါးနပ်သော အမျိုးသားတစ်ယောက်မှာ ဒီလိုစွမ်းဆောင်နိုင်မှုမျိုး ရှိနေတယ်ဆိုတာပင်။ 

"နောက်ထပ်ကတော့ ဆုတံဆိပ်လက်ခံမယ့် ပထမဆုံးလူကို ငါကြေညာမယ်..." ယွမ်ကန်းသည် သူ့နောက်က နည်းပြထံမှ အနက်ရောင်သေတ္တာလေးကို ယူလိုက်ပြီး သူ့မျက်လုံးများက လူအုပ်ဆီကျသွားကာ အေးအေးဆေးဆေး ပြောလိုက်သည်။ "လင်ချီးယဲ့၊ ဒုံးကျည်တိုက်ခိုက်မှုအတွင်း စစ်သား ၅၀ ကျော်ကို ပြတ်ပြတ်သားသား ကယ်တင်ခဲ့ပြီး ညကင်းစောင့်လူသားရဲ့ အနာဂတ်ကို အမူအတိုင်းထိန်းသိမ်းခဲ့တယ်၊ ပြီးတော့ ရှေးနတ်ဘုရားကျောင်းက [ရှယ်နွီ] ကို ဒဏ်ရာအပြင်းအထန်ရစေပြီး [ယုံကြည်သူ] ဆယ့်သုံးခုမြောက်နေရာက ဟန်ရှောင်ယွင်ကိုသတ်ဖို့ ၁၃၆ တပ်ဖွဲ့နဲ့အတူ တိုက်ပွဲဝင်ခဲ့တယ်… ဒီကနေ သူ့ကို 'ကြယ်' ဆုတံဆိပ် ချီးမြှင့်လိုက်တယ်။"


TK Team (Chapter 145)