Volume 1 (သေမျိုးနယ်မြေ ၁၄၃)
Chapter 143 (စည်းမျဉ်း)
ဟန်ရှောင်ယွင်၏ လက်ဖဝါးထဲတွင် လွင့်မျောနေသော နက်ပြာရောင်မုန်တိုင်းမျက်လုံးသည် မည်သည့်အခါမှ မရှိခဲ့သကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။
တပ်ဖွဲ့ ၁၃၆ မှ အဖွဲ့ဝင်များအားလုံး ခေတ္တ အံ့အားသင့်သွားခဲ့ကြပြီး ဟန်ရှောင်ယွင်ကိုယ်တိုင်ပင် အံသြသွားခဲ့သည်။
မုန်တိုင်းမျက်လုံး ဘယ်ရောက်သွားတာလဲ။
ကြီးမားတဲ့မုန်တိုင်းမျက်လုံးက ဘာဖြစ်သွားတာလဲ။
ခဏကြာကြောင်သွားပြီးနောက် သူသည် ချန်မုရယ်နှင့် တခြားလူများကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် အပြုံးအရိပ်အမြွက်ပေါ်လာသည်။
"တော်တယ်။"
ချန်မုရယ်: "…"
ထိုအခိုက်အတန့်တွင် လင်ချီးယဲ့သည် တစ်ခုခုကို တွေးနေပုံရပြီး အဝေးကို လှမ်းကြည့်လိုက်ရာ စစ်ယူနီဖောင်းဝတ်ထားသော အမျိုးသားတစ်ဦးသည် [ဝူကျဲ့လေဟာနယ်] ထောင့်ကိုဖွင့်ပြီး သူ့ခန္ဓာကိုယ်အနှံ့တွင် ရွှေရောင်လှိုင်းများရှိနေကာ လေးနက်သောအမူအရာဖြင့် အထဲကိုလျှောက်လာခဲ့သည်။
ပိုင်လီဖက်တီး၊ ချောင်ယွမ်းနှင့် ရှန်ချင်းကျူတို့က သူ့နောက်ကနေ နာခံမှုရှိစွာ လိုက်လာခဲ့သည်။
"အစ်ကိုကျွိုင်း၊ မင်းအခုလေးတင် ဘာလို့လက်ဖျောက်တီးလိုက်တာလဲ။" ပိုင်လီဖက်တီးသည် ရှန်ချင်းကျူ၏ဘေးကို ရောက်လာပြီး စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် မေးသည်။
ရှန်ချင်းကျူသည် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ "အလိုလိုသိစိတ်ဖြစ်မယ်။"
"မင်းက သားနို့စ်လား။"
"…"
ရှန်ချင်းကျူသည် ပိုင်လီဖက်တီး၏ နောက်ပြောင်မှုကို အာရုံစိုက်ရန် စိတ်ရှုပ်မခံချင်ပေ။ တစ်ဖက်လူက သူ့သူဌေးဖြစ်နေလို့သာ မဟုတ်လျှင် သူ အခု စတင်ကျိန်ဆဲနေမှာ ဖြစ်ပေမယ့် အလုပ်သမားတစ်ဦးအနေဖြင့် သူ့မှာ လုပ်သားတစ်ဦး၏ အသိဥာဏ်ရှိသည်။
လင်ချီးယဲ့သည် ရှန်ချင်းကျူကို မြင်လိုက်သောအခါ လင်ချီးယဲ့၏မျက်လုံးများ အနည်းငယ် တောက်ပလာပြီး အခုလေးတင်ဖြစ်ပျက်ခဲ့သည်များကို သူခပ်ရေးရေးနားလည်သွားခဲ့သည်။
ဟန်ရှောင်ယွင် ဖန်တီးထားသော မုန်တိုင်းမျက်လုံးသည် ဖိသိပ်ထားသောလေကို လျင်မြန်စွာ လည်ပတ်နေရုံသာဖြစ်ပေမယ့် ရှန်ချင်းကျူ၏ [ချိမင်] သည် လေကို သူ့အလိုလို ထိန်းချုပ်နိုင်သည်။ သူ့အတွက် သတ်မှတ်ထားသော အကွာအဝေးမှ လေကို ထုတ်ယူခြင်းသည် ရိုးရှင်းသော အလုပ်ဖြစ်သည်။
အကယ်၍ ဒီနေရာကို လေဟာနယ်အဖြစ် ပြောင်းလဲမည်ဆိုပါက သူ့မုန်တိုင်းမျက်လုံးက တည်ရှိဦးမည်လား။
ရိုးရိုးရှင်းရှင်းပြောရလျှင် ရှန်ချင်းကျူက ပရော်ဖက်ရှင်နယ်အဆင့်တူပုဂ္ဂိုလ်ဖြစ်ခဲ့သည်။
ဟန်ရှောင်ယွင်သည် 'ဟိုင်' နယ်ပယ်တွင် သန်မာသောသူဖြစ်သော်လည်း သူ၏ [လေပြင်းမုန်တိုင်းကြီး] သည် 'သဘာဝဘေးအန္တရာယ်'ကို ပိုမိုအာရုံစိုက်ခဲ့ပြီး လေကြောင်းထိန်းချုပ်မှုအရ ရှန်ချင်းကျူ၏ [ချိမင်] ထက် များစွာညံ့ဖျင်းသည်။
ထို့ကြောင့် [လေပြင်းမုန်တိုင်းကြီး] က နံပါတ်စဉ် ၀၇၉ ဖြစ်ပြီး [ချိမင်] က ၀၆၈ ဖြစ်တာဖြစ်မည်။
ယွမ်ကန်းသည် လေထဲမှာ လွင့်မျောနေသော ဟန်ရှောင်ယွင်ကို ကြည့်ရင်း မျက်လုံးများကျဉ်းမြောင်းသွားကာ သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု လင်းလက်လာပြီး နောက်အခိုက်အတန့်တွင် သူ၏တစ်ကိုယ်လုံးသည် လျှပ်တပြက် ဟန်ရှောင်ယွင်၏ခေါင်းပေါ်သို့ ရောက်လာကာ သူ့ညာလက်သီးကိုဆုပ်ပြီး ထိုးလိုက်ရာ ကြယ်ကြွေသကဲ့သို့ ရွှေရောင်လှိုင်းများ ရိုတ်ခတ်သွားသည်။
ဗုန်း…
ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး ဟန်ရှောင်ယွင်သည် လေထုထဲတွင် အမြောက်ကျည်ကဲ့သို့ မြေပြင်ပေါ်ကို ထုရိုက်ခံရကာ လမ်းမပေါ်တွင် မီတာများစွာ အချင်းဝက်ရှိသော တွင်းနက်ကြီးတစ်ခုဖြစ်အောင် ရိုက်ခွဲသွားပြီး မီးခိုးများ ထူထပ်စွာ တက်လာခဲ့သည်။
ယွမ်ကန်းသည် လူသားဆန်သော စစ်ပွဲတွင် ဗုဒ္ဓရုပ်ပွားတော်ကဲ့သို့ သူ့ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းများ ပျံ့လွင့်နေပြီး သူ့အဝတ်များက လွင့်ပျံနေကာ ဟန်ရှောင်ယွင်ရှိရာတွင်းထဲသို့ အခိုင်အမာ ရောက်ရှိသွားကာ သူ၏လက်သီးများသည် မိုးရေစက်များကဲ့သို့ တွင်းထဲကို ထိုးလေသည်။
ဗုန်း… ဗုန်း… ဗုန်း…
မြေပြင်သည် တုန်ခါလာပြီး မျက်နှာပြင်ပေါ်ရှိ အက်ကွဲကြောင်းများက ပိုများလာသည်။ လမ်းတစ်ခုလုံးပြိုကျလုနီးဖြစ်အချိန်တွင် ယွမ်ကန်းက သူ၏လက်သီးများကို ရပ်တန့်လိုက်သည်။
သူသည် အောက်ကိုငုံ့ကာ လက်ဆန့်ပြီး သေခါနီးဟန်ရှောင်ယွင်၏ကော်လံကို ဆွဲကိုင်ကာ လေထဲသို့ မြှောက်လိုက်သည်။
"ကူးစူးမြို့ရဲ့ ညကင်းစောင့်လူသားတပ်ဖွဲ့ ခေါင်းဆောင်ဟောင်း၊ လက်ရှိ [ယုံကြည်သူများ] ရဲ့ ဆယ့်သုံးခုမြောက်နေရာ၊ ဟန်ရှောင်ယွင်…" ယွမ်ကန်းသည် အညစ်အကြေးကင်းစင်သော စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အမူအရာမဲ့စွာပြောလိုက်သည်။
"မင်း ငါ့လက်ထဲကို ရောက်သွားပြီ၊ မင်းတစ်သက်လုံး နောင်တရဖို့ ကျန်းကျဲ့နေရာကို သွားရမယ်…"
ဒါကိုကြားတော့ ဟန်ရှောင်ယွင်သည် သေခါနီးမှာ တစ်ခုခုပြောချင်သလို သူ့နှုတ်ခမ်းများက အနည်းငယ် တုန်ယင်သွားသည်။ သူ့သွေးစွန်းနေသော မျက်ခွံများပွင့်လာပြီး သူ့မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်နှင့် အသနားခံခြင်း အရိပ်အယောင်များပေါ်လာသည်။
ယွမ်ကန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဓားတစ်ချောင်းသည် ဟန်ရှောင်ယွင်၏ နှလုံးသားကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်ကာ ဓားအဖျားသည် သူ့ရင်ဘတ်မှ ထွက်လာသည်။
ယွမ်ကန်း၏မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားပြီး သူ့ခေါင်းကို ရုတ်တရက်မော့ကာ သူ့မျက်လုံးတွင် ဒေါသအရိပ်အယောင်ဖြင့် ဟန်ရှောင်ယွင်၏ နောက်ကျောကို ကြည့်လိုက်သည်။
"ခေါင်းဆောင်ချန်၊ မင်းဘာလုပ်တာလဲ။"
ဟန်ရှောင်ယွင်၏အနောက်တွင် အေးဆေးတည်ငြိမ်စွာ ရပ်နေသော ဝတ်ရုံဝတ်ထားသည့် ချန်မုရယ်သည် ဟန်ရှောင်ယွင်၏နှလုံးသားကို ထိုးဖောက်သွားသော ဓားဖြောင့်ကို ဖြည်းညှင်းစွာဆွဲထုတ်ပြီး ပြောလိုက်သည်။
"သတ်လိုက်တာ။"
"သူက ခြိမ်းခြောက်မှုမဟုတ်တော့သလို တရားရုံးက သူ့ရဲ့သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ကျန်းကျဲ့နေရာမှာ အကျဉ်းချဖို့ သူ့ကို ရည်ရွယ်ထားပြီးပြီ… ဘာလို့ မင်းသူ့ကိုသတ်ပစ်တာလဲ။"
"သူက ငါ့အဖွဲ့ဝင်တွေကို သတ်ချင်နေမှတော့ သူသေရမှာပေါ့။" ချန်မုရယ်သည် ခေတ္တရပ်ကာ ဆက်ပြောလိုက်သည်။ "ပြီးတော့ သူ့အတွက် ဒါကလည်း သက်သာရာရစေပါတယ်။"
ယွမ်ကန်းသည် မျက်မှောင်ကြုတ်ပြီး ဟန်ရှောင်ယွင်ကို ကြည့်လိုက်ရာ ဟန်ရှောင်ယွင်သည် ခေါင်းငုံ့နေကာ သွေးစွန်းနေသောမျက်နှာပေါ်တွင် ခပ်ရေးရေးမပြုံးပေါ်လာတာကို သူမြင်လိုက်သည်။ သူ့မျက်လုံးများသည် မတူကွဲပြားသော အကြည့်များဖြင့် ပွင့်လန်းလာသည်။
ယွမ်ကန်းက သူ့လက်ကို လွှတ်လိုက်သည်။
ဟန်ရှောင်ယွင်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ခန္ဓာကိုယ်မှ သွေးများ စီးကျလာကာ သူ့နှလုံးက ထိုးဖောက်ခံလိုက်ရသည်။ လူအများစုသည် ဟိုးအရင်ကတည်းက သေဆုံးသွားလောက်ပြီဖြစ်ပေမယ့် 'ဟိုင်' နယ်ပယ်တွင် သန်မာသူအဖြစ် သူအသက်ရှူနေဆဲဖြစ်သည်။
သူသည် ချန်မုရယ်ကိုကြည့်ရင်း တစ်ခုခုပြောဖို့ကြိုးစားနေသလို သူ့နှုတ်ခမ်းများကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေသည်။
ချန်မုရယ်သည် တခဏမျှ တုံ့ဆိုင်းသွားကာ အောက်ကိုငုံ့ပြီး သူ့နားရွက်ကို ဟန်ရှောင်ယွင်၏ ပါးစပ်နားကပ်လိုက်သည်။
"သတိထားပါ… [ရေရွတ်ခြင်း]… သူပြန်လာမှာ သေချာတယ်… အဲဒီကောင်လေးကို သတ်ဖို့…"
နောက်စကားပြောပြီးနောက် ဟန်ရှောင်ယွင်၏မျက်လုံးများက တဖြည်းဖြည်း မှိန်သွားပြီး သူလုံးဝအသက်မရှူတော့ပေ။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ချန်မုရယ်သည် မတ်မတ်ရပ်ကာ နှင်းထဲတွင် လဲနေသော သွေးစွန်းနေသည့် အလောင်းကို ကြည့်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
"ခေါင်းဆောင်ချန်၊ မင်းဘယ်လိုပဲပြောပြော ဒီတစ်ခေါက်ကိစ္စက စည်းမျဉ်းနဲ့ဆန့်ကျင်နေတယ်။" ယွမ်ကန်းသညိ ဒီမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်ရှုပြီး လေးနက်စွာ ပြောဆိုခဲ့သည်။
"ငါလုပ်ခဲ့တာက စည်းမျဉ်းနဲ့ ဆန့်ကျင်တယ်လို့ မင်းထင်ရင် ရှောက်ဖျင်ကောကို တိုင်ကြားစာတင်လို့ရတယ်။" ချန်မုရယ်သည် ဂရုမစိုက်ဘဲ လှည့်သွားပြီး တပ်ဖွဲ့ ၁၃၆ ၏ တခြားအဖွဲ့ဝင်များဆီကို လျှောက်သွားသည်။
"ချန်းနန်မှာ ငါ၊ ချန်မုရယ်က… စည်းမျဉ်းပဲ။"
ယွမ်ကန်းသည် ထွက်သွားသော ချန်မုရယ်၏ရုပ်သွင်ကိုကြည့်ပြီး အတန်ကြာပြီးနောက် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်…
"ဒီလူက ဒေါသအရမ်းကြီးနေတုန်းပဲ…"
…
"ခေါင်းဆောင် အဲဒီဟန်ရှောင်ယွင်က ဘာဖြစ်သွားတာလဲ။"
[ဝူကျဲ့လေဟာနယ်] ကို ရုပ်သိမ်းပြီးနောက် ဟုန်ယင်းသည် ချန်မုရယ်အနားကိုရောက်လာပြီး သံသာဖြင့် မေးလိုက်သည်။
ချန်မုရယ်သည် ခဏတာ တိတ်ဆိတ်နေပြီး "ရှေးနတ်ဘုရားကျောင်းက ထိန်းချုပ်ထားတဲ့ သနားစရာလူတစ်ယောက်ပါပဲ။"
"ဒါပေမယ့် သူက ချီးယဲ့ကို တကယ်သတ်ချင်နေတာလို့ ကျွန်မတွေးမိတယ်၊ ရှေးနတ်ဘုရားကျောင်းက အဲဒီလူတွေက လူတွေကို ဒီလောက်အထိ လုံးဝထိန်းချုပ်နိုင်တာလား။" ဟုန်ယင်းသည် ခေါင်းစောင်းကာ မေးလိုက်သည်။
ချန်မုရယ်မပြောခင် ဝူရှန်းနန်က ဘေးကနေ အရင်ပြောခဲ့သည်။ "ရှေးနတ်ဘုရားကျောင်းရဲ့ စာချုပ်အကြောင်း ငါအတော်လေးသိတယ်။ လက်မှတ်ရေးထိုးပြီးတာနဲ့ အဲဒါက ဝိညာဉ်နဲ့ချည်နှောင်သွားပြီး စိတ်ထဲကနေ အမှန်တကယ် စတင်လုပ်ဆောင်မှာလို့ ပြောကြတယ်။
တစ်နည်းအားဖြင့်ပြောရရင် သူတို့က လက်ခံရရှိတဲ့အမိန့်ကို တကယ်မကျေနပ်ရင် ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အမိန့်ကို ငြင်းဆန်ပိုင်ခွင့်၊ တားဆီးပိတ်ပင်ပိုင်ခွင့်မရှိဘူး။ လုပ်ဆောင်ချက်တွေ၊ စကားလုံးတွေနဲ့ အတွေးအမြင်တွေတောင် 'အမိန့်ပြီးမြောက်စေခြင်း'အပေါ် အခြေခံထားတယ်။"
"အဲဒါက ရုပ်သေးရုပ်ပဲ မဟုတ်ဘူးလား။"
"နီးပါးပဲ၊ တချို့လူတွေကတော့ လိုလိုလားလား ရုပ်သေးရုပ်ဖြစ်ချင်ပြီး ပျော်ရွှင်ကြပေမယ့် တချို့လူတွေကတော့ ဆိုးဆိုးရွားရွား ခံစားကြရတယ်…"
ဒါကိုကြားတော့ လင်ချီးယဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူ့ရင်ထဲကမေးခွန်းကို ပြောလိုက်သည်။
"ဒီလိုဆိုရင် ရှေးနတ်ဘုရားကျောင်းက ဟန်ရှောင်ယွင်ကို ထိန်းချုပ်ပြီးနောက် ညကင်းစောင့်မှာ ဘာလို့မထားခဲ့တာလဲ။ သူ့ကို မထိန်းချုပ်ထားသလိုဟန်ဆောင်ပြီး ညကင်းစောင့်ထဲမှာ ထည့်ထားတာက ပိုထိရောက်တယ်မဟုတ်ဘူးလား။"
ကျန်သောလူများ၏ခြေလှမ်းများ ရပ်တန့်သွားကြသည်။
ဟုန်ယင်းသည် သူမပါးစပ်ကိုကျယ်ကျယ်ဖွင့်ရင်း လင်ချီးယဲ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ "မောင်လေးချီးယဲ့၊ နင့်အတွေးတွေက… အရမ်းဆိုးတာပဲ။"
"…ဒါက သမားရိုးကျတွေးခေါ်မှု မဟုတ်ဘူးလား။"
"ချီးယဲ့ပြောတာမှန်တယ်။" ချန်မုရယ်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး "ဟန်ရှောင်ယွင်က ညကင်းစောင့်မှာ မနေခဲ့ပေမယ့် ညကင်းစောင့်ထဲကို စိမ့်ဝင်နေတဲ့ တခြား [ယုံကြည်သူများ] ရှိတယ်ဆိုတဲ့ဖြစ်နိုင်ခြေကိုတော့ ဖယ်ထုတ်လို့မရဘူး။"
TK Team (Chapter 143)