Chapter 140
Viewers 17k

Volume 1 (သေမျိုးနယ်မြေ ၁၄၀)


Chapter 140 (ဟေးဝူချန်)

လေပြင်းက ထောင့်တိုင်းကို ပြည့်လျှံနေသော နှင်းများအား သယ်ဆောင်ပြီး လမ်းတလျှောက် သစ်ပင်များကို ခုတ်လှဲကာ လေထဲမှာ ဖရိုဖရဲ လွင့်ပျံနေသည်။

ဒါတင်မကဘဲ အုတ်ခဲများ၊ လမ်းမီးတိုင်များ၊ စက်ဘီးများ၊ ကြော်ငြာဘုတ်များ... မရေမတွက်နိုင်သော အရာဝတ္ထုများသည်လည်း လေတိုက်၍ လွင့်ပျံလာပြီး အဝတ်လျှော်စက်ထဲက အဝတ်များလို မုန်တိုင်းထန်နေသော နှင်းများကြားထဲတွင် လူးလိမ့်နေသည်။

ဤဆယ်မိုင်အကွာအဝေးတွင် အဆုံးသတ်ရောက်ရှိလာပုံရသည်။

အကယ်၍ တပ်ဖွဲ့ ၁၃၆ သည် ဧရိယာတစ်ဝိုက်တွင် ကြီးမားသော [ဝူကျဲ့လေဟာနယ်] ကို ကြိုတင်သတ်မှတ်ထားခြင်းမရှိပါက မရေမတွက်နိုင်သော အပြစ်မဲ့ပြည်သူများသည် ဤမုန်တိုင်းတွင် ဖမ်းမိပြီး ကြေကွဲဖွယ်ကောင်းသောနိဂုံးကို ကြုံတွေ့ရပေမည်။ ဤနေရာတွင် [ဝူကျဲ့လေဟာနယ်] ၏အရေးပါမှုက ထင်ရှားလာသည်။

ဒီနေရာကင်းဗတ်စအောက်တွင် ဘယ်လောက်ပဲ တိုက်ပွဲများပြင်းထန်နေပါစေ ပြင်ပကမ္ဘာကို နည်းနည်းလေးမှ ထိခိုက်မှာ မဟုတ်ပါဘူး။

လင်ချီးယဲ့သည် လေပြင်းတိုက်ခတ်မှုကြောင့် သူ့ကိုယ်သူ မလွင့်စင်စေရန် သူ၏ဓားဖြောင့်ကို မြေပြင်ပေါ်သို့ စိုက်ချလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ဖြူဖွေးနေပြီး ထိုကဲ့သို့ နှင်းမုန်တိုင်းထဲတွင် အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်ရန် ခက်ခဲလှသည်။

"ဒါက 'ဟိုင်' နယ်‌ပယ်ရဲ့ ‘အလွန်အန္တရာယ်မြင့်သောတားမြစ်အပျက်အစီး’လား။ အရမ်းကြောက်ဖို့ကောင်းတာပဲ…" လင်ချီးယဲ့က မျက်ခုံးပင့်လိုက်သည်။

သူ့စိတ်အာရုံခံစားမှုအတွင်း တပ်ဖွဲ့ ၁၃၆ အဖွဲ့ဝင်များသည်လည်း နှင်းမုန်တိုင်းကြောင့် ပိတ်မိနေခဲ့သည်။ ကံကောင်းထောက်မစွာ မည်သူမျှ လွင့်သွားခြင်း မရှိခဲ့ပေ။ တစ်ယောက်နှင့်တစ်ယောက် မမြင်နိုင်ပေ‌မယ့် သူတို့ကြားရှိ အကွာအဝေးကသိပ်မဝေးပါဘူး။

"ရှောင်နန်"

နှင်းမုန်တိုင်းထဲတွင် ဝူရှန်းနန်၏အသံက မရှင်းမလင်းထွက်ပေါ်လာသည်။

လင်ချီးယဲ့၏ ဘေးတစ်ဖက်မှ အဖြူရောင်အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာပြီးနောက် လေပြင်းခုခံမှုပျောက်ကွယ်သွားကာ သူ့အရေပြားပေါ်တွင် ပါးလွှာသော ဖလင်တစ်ချပ်ရှိနေသကဲ့သို့ လေ၏တွန်းအားကို အပြည့်အဝ တုံ့ပြန်လိုက်ပြီး သူ့ခန္ဓာကိုယ် နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

ထို့အပြင် ဆီးနှင်းများ ဖုံးလွှမ်းနေသော မြင်ကွင်းက တဖြည်းဖြည်း ကြည်လင်လာသည်။

လင်ချီးယဲ့သည် အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့အသားအရေက အဖြူရောင်အလင်းတန်းဖျော့ဖျော့ဖြစ်နေတာကို တွေ့လိုက်ရသည်။

အဖြူရောက်အလင်းတန်း ထုတ်လွှတ်နေသော ဝူရှန်းနန်လည်း နှင်းမုန်တိုင်းမှ ထွက်လာပြီး ပတ်ဝန်းကျင်မှ လေလွှမ်းမိုးမှုကို လုံးဝလျစ်လျူရှုထားကာ စစ်းရှောင်နန်၏ဘေးကိုလျှောက်သွားပြီး သူမခေါင်းကိုပုတ်လိုက်သည်။

"တော်တယ်။"

"ဒါက…" လင်ချီးယဲ့က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"[ဝူယွမ်ရှား] က လူ့အရေပြားအပေါ်ယံမှာ ကပ်နေပြီး ကိုယ့်အပေါ်ကနေ ပြင်ပပတ်ဝန်းကျင်ကို လွှမ်းမိုးမှုကိုခွဲထုတ်ပေးပြီး ဒဏ်ရာတွေကိုလည်း ကုသနိုင်ပြီး ခုခံအားတချို့ရှိတယ်။"

စစ်းရှောင်နန်သည် မတ်မတ်ရပ်ပြီး ‌ဂုဏ်ယူစွာ ချောင်းဟန့်လိုက်သည်။ "ဒါက အစွမ်းထက်တဲ့ တားမြစ်အပျက်အစီးမဟုတ်ပေမယ့် အရေးကြီးတဲ့အခိုက်အတန့်မှာ အသုံးဝင်နေတုန်းပါပဲ။"

[ဝူယွမ်ရှား] ၏ ကာကွယ်မှုအောက်တွင် တခြားသူများလည်း မတ်တတ်ထရပ်ကာ နှင်းထဲတွင် လှံရှည်ဖြင့် ဖြည်းညှင်းစွာ ဖြတ်လျှောက်လာသော ရုပ်သွင်ဆီသို့ လှည့်ကြည့်လိုက်သည်...

ဟန်ရှောင်ယွင်သည် လေပြင်းကိုအံတုနိုင်သော လူများကို အံ့သြတကြီးကြည့်ပြီး သူ့မျက်လုံးများတွင် သဘောကျမှု အရိပ်အယောင်ပေါ်လာသော်လည်း တစ်ခုခုကို တွေးနေသလိုမျိုး သူ့အကြည့်များက မှေးမှိန်သွားသည်။

ချန်မုရယ်သည် ရှေ့ဆုံးတွင်ရပ်နေပြီး ဓားလက်ကိုင်ပေါ်တွင် သူ့လက်ကိုတင်ထားကာ သူ့ဝတ်ရုံသည် လေပြင်းကြောင့်လွတ်နေပြီး သူ့မျက်လုံးများက ရေအေးကဲ့သို့ ငြိမ်သက်နေသည်။

"မင်းက ဒီတပ်ဖွဲ့ရဲ့ခေါင်းဆောင်လား။" ဟန်ရှောင်ယွင်က ချန်မုရယ်ရှေ့မှာ ရပ်နေဆဲဖြစ်သည်။

"ဟုတ်တယ်။"

"မင်းက အရည်အချင်းရှိတဲ့ခေါင်းဆောင်ပဲ။" ဟန်ရှောင်ယွင်က ခေတ္တရပ်ကာ ဆက်ပြောသည်။ "ငါ့ထက်ပိုပြီး အရည်အချင်းရှိတယ်…"

"ကူးစူးမြို့က ညကင်းစောင့်လူသားတပ်ဖွဲ့အကြောင်း ငါနည်းနည်းကြားဖူးတယ်။" ချန်မုရယ်၏အသံသည် နှင်းမုန်တိုင်းများကြားတွင် လွင့်ပျံလာသည်။

"လွန်ခဲ့တဲ့ငါးနှစ်က ကူးစူးမြို့ကတပ်ဖွဲ့ဟာ ရှေးနတ်ဘုရားကျောင်းရဲ့ [ယိယွီ] နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောတယ်။ အဖွဲ့ဝင်ရှစ်ဦးမှာ သုံးဦးသေ၊ သုံးဦးက ဒဏ်ရာအပြင်းအထန်ရရှိပြီး တစ်ဦးက တစ်သက်လုံး မသန်မစွမ်းအဖြစ်ကျန်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင် ဟန်ရှောင်ယွင်က ပျောက်ဆုံးသွားပြီး နှစ်နှစ်အကြာမှာ [ယုံကြည်သူ] အဖြစ် ပြန်ပေါ်လာတယ်…"

ဟန်ရှောင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ "မင်းဘာပြောချင်နေတာလဲ။

"ငါသိချင်တာက… မင်းက [ယုံကြည်သူ] အစစ်လား ဒါမှမဟုတ် [ယုံကြည်သူ] အတုလား။" ချန်မုရယ်၏မျက်လုံးများတွင် အလင်းတန်းတောက်ပလာကာ "မင်း [ယုံကြည်သူများ] ကို တခြားရည်ရွယ်ချက်နဲ့ ဝင်ရောက်ခဲ့တာလား။ မင်းလိမ်လည်…"

"မင်းအတွေးလွန်နေပြီ။" ဟန်ရှောင်ယွင်သည် ချန်မုရယ်ကို တည်ငြိမ်စွာ ကြားဖြတ်လိုက်သည်။ "မင်း [ယုံကြည်သူ] ဖြစ်လာတာနဲ့ မင်းတစ်သက်လုံး [ယုံကြည်သူ] ဖြစ်လာမှာပဲ။ သူတို့ရဲ့ဝိညာဉ်စာချုပ်တွေက မင်းထင်ထားတာထက် ပိုကြောက်စရာကောင်းတယ်။ သူတို့ဆီမဝင်ခင် မင်းမှာ ဘယ်လိုအတွေးနဲ့ ဘယ်လိုရည်မှန်းချက်တွေရှိနေပါစေ စာချုပ်ကိုလက်မှတ်ထိုးပြီးတာနဲ့ အဲဒါကပျောက်ကွယ်သွားပြီး… သူတို့ရဲ့ရုပ်သေးရုပ် လုံးလုံးဖြစ်လာလိမ့်မယ်။"

"ဒါဆိုမင်း…"

"တစ်နေ့ မင်းရဲ့အဖွဲ့ဝင်တွေ ရက်ရက်စက်စက်အပြစ်ပေးခံခဲ့ရင် မင်းမှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်… အဖွဲ့ဝင်တွေနဲ့ အတူတူတိုက်ခိုက်ပြီး သေမလား ဒါမှမဟုတ် တခြားသူတွေကို ကယ်တင်ဖို့အတွက် ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုအားလုံးကို စွန့်လွှတ်မလား… မင်းဘာကိုရွေးချယ်မလဲ။"

ချန်မုရယ်က မျက်ခုံးများတင်းကျပ်သွားသည်။ "သူတို့က မင်းကို ဒီလိုနည်းလမ်းတွေနဲ့ စာချုပ်ချုပ်ဖို့ ဖိအားပေးခဲ့တာလား။"

"ရှေးနတ်ဘုရားကျောင်းရဲ့ နည်းလမ်းတွေက မင်းထင်တာထက် ပိုရက်စက်တယ်။" ဟန်ရှောင်ယွင်က ခေါင်းယမ်းပြီး သူ့ပတ်ဝန်းကျင်မှာ နှင်းပွင့်လေးများက ပိုထူထပ်ပြီး ဝေ့ဝဲနေသည်။ "ငါက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်သန်းခဲ့ပါစေ၊ အခု ငါက [ယုံကြည်သူများ] ရဲ့ ဆယ့်သုံးခုမြောက်နေရာ ဟန်ရှောင်ယွင်ပဲ…

ငါပြန်မသွားနိုင်တော့ဘူး။"

စကားလုံးများထွက်လာသည်နှင့် သူ၏ [ဟိုင်] နယ်ပယ် စိတ်စွမ်းအားသည် လုံးဝပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကောင်းကင်သို့ တက်လာသည်။

ချန်မုရယ်၏ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသော လက်သည် အနည်းငယ် တုန်ခါသွားကာ ကြီးမားသောဖိအားကြောင့် သူ့လက်ဆစ်များ ဖြူလာသည်။ သူ့ရှေ့က လှံရှည်ကို ကိုင်ထားသောလူကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း သူ့ရင်ထဲတွင် ဝမ်းနည်းမှုများပြည့်နှက်နေသည်…

ခဏအကြာတွင် သူသည် အသက်ပြင်းပြင်းရှူပြီး ဓားနှစ်လက်ကို သူ့ခါးမှ ဖြည်းညှင်းစွာဆွဲထုတ်သည်...

"ငါနားလည်တယ်…" သူက အေးဆေးတည်ငြိမ်စွာပြောပြီး "[ယုံကြည်သူ] တွေကို ငါဘယ်တော့မှ သက်ညှာမပေးဘူး။" 

လေပြင်းထဲတွင် ဟန်ရှောင်ယွင်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားသည်။

ဓားနှစ်လက်ကို ဆွဲထုတ်လိုက်သည်နှင့် ချန်မုရယ်၏ မျက်လုံးများတွင် အလင်းတန်းဖျော့ဖျော့ ပေါ်လာသည်။ အနက်ရောင် စက်ဝိုင်းကြီးသည် သူ့ဆီမှ လျင်မြန်စွာ ကျယ်ပြန့်လာပြီး မြေပြင်ပေါ်ကို အလွန်အေးခဲသွားစေသည်။

ချန်မုရယ်၏နောက်တွင် အမည်းရောင်တားမြစ်အပျက်အစီးထဲမှာ သွေးနီရောင်နန်းတော်၏ ကောက်ကြောင်းက ယောင်ဝါးဝါးပေါ်လာသည်... ဤနန်းတော်၏ထိပ်တွင် ရှေးခေတ်ဆန်းကြယ်သောကမ္ပည်းပြားတစ်ခု ချိတ်ဆွဲထားသည်။

— ရာမနန်းတော် 

ချန်မုရယ်သည် ဤတားမြစ်အပျက်အစီးထဲသို့ ဝင်ရောက်လာချိန်တွင် သူ၏အရောင်အဝါက ရုတ်တရက် နက်ရှိုင်းပြီး ကြောက်စရာကောင်းလာသည်။

လင်ချီးယဲ့လည်း ချန်မုရယ်၏တားမြစ်အပျက်အစီးထဲကို ဝင်ရောက်မိသည့်အခိုက်အတန့်တွင် အေးစက်စက်အငွေ့အသက်က သူ့ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီး သူ့ကို မထင်မှတ်ဘဲ တုန်ယင်သွားစေသည်။

"ဒါက…"

"ခေါင်းဆောင်ရဲ့တားမြစ်အပျက်အစီး" ဝူရှန်းနန်က လင်ချီးယဲ့အနားတွင် ငြိမ်သက်စွာ ရပ်နေသည်။ "တားမြစ်အပျက်အစီး နံပါတ်စဉ် ၀၃၇ [ဟေးဝူချန်]"

"၀၃၇ လား။" လင်ချီးယဲ့ အံ့သြသွားသည်။

ယခုအချိန်အထိ ချောင်ယွမ်း၏ နံပါတ်စဉ် ၀၃၁ [ဟေးဝမ်ချက်] မှလွဲ၍ ၎င်းသည် သူမြင်ဖူးသမျှ အလွန်အန္တရာယ်မြင့်သောတားမြစ်အပျက်အစီးဖြစ်သည်။ အဖွဲ့ခေါင်းဆောင်က ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်ထားမည်ဟု သူမမျှော်လင့်ထားပေ။

အကယ်၍ နံပါတ်စဉ် ၀၃၀ အရှေ့က တားမြစ်အပျက်အစီးများသည် နတ်ဘုရားစွမ်းအားများနှင့် သက်ဆိုင်ပါက [ဟေးဝူချန်] သည် နတ်ဘုရားအောက် အဆင့်ခုနစ်နေရာတွင်ရှိပြီး သာ့ရှတစ်ခုလုံးတွင် တားမြစ်အပျက်အစီးထိပ်တန်းများထဲမှ တစ်ခုဖြစ်သည်။

ထိုသို့သော တားမြစ်အပျက်အစီး နံပါတ်စဉ်မြင့်နှင့်အတူ ခေါင်းဆောင်သည် ထိုအထူးတပ်ဖွဲ့များ သို့မဟုတ် ရှန့်ကျင်းမြို့ရှိ ညကင်းစောင့်လူသားတပ်ဖွဲ့တွင် ရှိသင့်သည်။ ဤမျှသေးငယ်သောချန်းနန်မြို့ကို သူမည်သို့ရောက်လာပြီး တပ်ဖွဲ့ ၁၃၆ ၏ ခေါင်းဆောင် ဖြစ်လာရသနည်း။

ရာမနန်းတော်ရှေ့တွင် ချန်မုရယ်သည် ဓားနှစ်လက်ကို ကိုင်ထားပြီး မရဏရေမျက်နှာပြင်ကို ဖြတ်၍ ဟန်ရှောင်ယွင်ဆီကို လျှောက်သွားခဲ့သည်။

ဟန်ရှောင်ယွင်သည် သူ့ရှေ့မှ မြင်ကွင်းကို ဗြောင်ကျကျစိုက်ကြည့်နေပြီး အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူတုံ့ပြန်လာကာ ထိတ်လန့်စွာ ပြောခဲ့သည်။

"[ဟေးဝူချန်] လား။ မင်းက… ချန်မုရယ်လား။"


『TK: ချန်မုရယ်ရဲ့ တားမြစ်အပျက်အစီး [ဟေးဝူချန်] က တရုတ်ရဲ့ အဖြူအမဲတစ္ဆေတွေဖြစ်တဲ့ အမဲရောင်တစ္ဆေ/Hei WuChang (黑无常) နဲ့ အဖြူရောင်တစ္ဆေ/Bai WuChang (白无常) ထဲက အမဲရောင်တစ္ဆေဖြစ်ပါတယ်။

Yama Palace/ ရာမနန်းတော်က တရုတ်ရဲ့ငရဲဘုရင် ‘ယန်လော်’(ရာမ)ရဲ့ နန်းတော်ဖြစ်ပြီး ဟေးဝူချန်နဲ့ ပိုင်ဝူချန်ရဲ့ ဘုရင်ပါ။ 

တရုတ်နတ်ဘုရားရဲ့ ငရဲဘုရင်(ရာမ) ကို ယန်လော် (阎罗) လို့ ခေါ်ပြီး အိန္ဒိယနတ်ဘုရားရဲ့ ငရဲဘုရင်(ရာမ) ကို ယန်မော် (阎摩) လို့ခေါ်ပါတယ်။ ငရဲဘုရင်ဖြစ်တာချင်းတူပေမယ့် နတ်ဘုရားနဲ့ နာမည်အခေါ်အဝေါ်မတူပါဘူး။』


TK Team (Chapter 140)