Volume 1 (သေမျိုးနယ်မြေ ၁၂၄)
Chapter 124 (ဂျယ်လီငါးဖမ်းခြင်း)
မာလင်၏ ဆက်တိုက် ဦးနှောက်ဆေးခြင်းအောက်တွင် လင်ချီးယဲ့နှင့် လီယိဖေးတို့က နေမြဲအတိုင်း ရှိနေကြသည်။
"ခင်ဗျားဆိုလိုတာက… ကျွန်တော်နေထိုင်တဲ့ ဒီကမ္ဘာက တကယ့်အစစ်မဟုတ်ဘူးပေါ့။" လင်ချီးယဲ့တွင် ထူးဆန်းသောအမူအရာရှိနေသည်။
"ဟုတ်တယ်။"
"ခင်ဗျားမှာ သက်သေရှိလား။"
"ငါတို့ဒဏ္ဍာရီတွေ မင်းကမ္ဘာမှာ ရုတ်တရက်ပေါ်လာတာက သက်သေပဲမဟုတ်ဘူးလား။"
"…" လင်ချီးယဲ့သည် သူ့မျက်လုံးထောင့်များကို ပွတ်သပ်ပြီး မာလင်ပြောသည့်အရာက အဓိပ္ပါယ်ရှိပုံပေါ်သည်ဟု… ရုတ်တရက် ခံစားလိုက်ရသည်။
"ဒါပေမယ့် ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာက အတုအယောင်ဆိုရင် ကျွန်တော်တို့လည်း အတုအယောင်ဖြစ်တယ်လို့ ဆိုလိုတာလား။" လီယိဖေးက မပြောဘဲမနေနိုင်ချေ။
"ဟုတ်တယ်။" မာလင်က သဘာဝကျကျ ခေါင်းညိတ်သည်။
"ဒီလိုဆိုရင် ခင်ဗျားရဲ့အတုအယောင် တည်ရှိမှုနဲ့ ကမ္ဘာရဲ့အစစ်အမှန်ကို ဘယ်လိုလုပ်မေးခွန်းနိုင်ရတာလဲ။" လီယိဖေးက ခေတ္တမျှတန့်ကာ "ခင်ဗျားပြောသလိုဆိုရင် ငါးတွေက သမုဒ္ဒရာအပြင်မှာရှိတဲ့ သတ္တဝါတွေကို မေးခွန်းထုတ်မှာ မဟုတ်သလို၊ နှစ်ဖက်မြင်သတ္တဝါတွေက ပြင်ညီအပြင်ဘက်မှာရှိတဲ့ ကမ္ဘာကို မေးခွန်းထုတ်မှာမဟုတ်ဘူး…
ဒါဆို ဒီကမ္ဘာက အတုအယောင်လားလို့ ခင်ဗျားမေးလာတဲ့အခါ ခင်ဗျားရဲ့တည်ရှိမှုကလည်း… အတုအယောင်ပဲလား။"
မာလင်သည် လီယိဖေး၏စကားကို ကြားသောအခါ မိုးကြိးပစ်ခံရသကဲ့သို့ ကျောက်ရုပ်ဖြစ်သွားသည်။
လီယိဖေးကိုကြည့်သော လင်ချီးယဲ့၏မျက်လုံးများ ချက်ချင်း ပြောင်းလဲသွားသည်။
"မင်းက ဒဿနိကဗေဒကိုလည်း နားလည်တာလား။" သူက လီယိဖေး၏နားသို့ကပ်ကာ မေးလိုက်သည်။
"မဟုတ်ပါဘူး။ ငါ အဲဒါကို အဖြေရှာမရလို့ပါ။" လီယိဖေးက ခေါင်းကုတ်လိုက်သည်။
လင်ချီးယဲ့သည် သူ့ကို အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီးနောက် မာလင်ကို ကြည့်လိုက်သည်။ "ခင်ဗျားက ကမ္ဘာအစစ်ကို ရှာဖွေနေတဲ့ ပညာရှင်တစ်ယောက်လို့ ပြောခဲ့တယ်နော်၊ ခင်ဗျား အဲဒါကို ရှာတွေ့လား။"
မာလင်၏မျက်လုံးများက တဖန်တောက်ပလာပြန်သည်။
"ရှာတွေ့တယ်။" သူက ပြတ်သားစွာ ပြောလိုက်သည်။ "ဘယ်လောက်ကြာသွားပြီလဲ ငါမသိဘူး။ သေချာတဲ့ လျှို့ဝှက်ဆန်းကြယ်ပြင်ညီနဲ့ ဆက်သွယ်ဖို့ ငါမှော်ပညာကို အသုံးပြုခဲ့တယ်။ အဲဒါက ဘယ်နေရာမှာလဲ ငါမသိပေမယ့် အဲဒါက ကမ္ဘာအစစ်ဖြစ်တယ်ဆိုတာ ငါယောင်ဝါးဝါး ခန့်မှန်းနိုင်တယ်။"
"အဲဒီကမ္ဘာက ဘယ်လိုပုံစံလဲ။"
"အဲဒါက ပင်လယ်အောက်ခြေမှာရှိပုံရပြီး အဲဒီမှာ ပုံသဏ္ဌာန်အမျိုးမျိုး အိမ်သေးသေးလေးတွေရှိတယ်။ တချို့က နာနတ်သီးပုံသဏ္ဌာန်၊ တချို့က လူဦးခေါင်းပုံသဏ္ဌာန် အိမ်တွေရှိပြီး ထူးဆန်းတဲ့အစားအစာတွေ ရောင်းတဲ့ဆိုင်တွေရှိပြီးတော့ ထူးဆန်းတဲ့အဝါရောင်စတုရန်းပုံရှိပုံရတယ်…"
မာလင်သည် ထိုအချိန်တုန်းက သူမြင်ရကြားရခဲ့ရသောအရာများကို ပြန်လည်သတိရလာကာ သူ့မျက်လုံးများပြူးကျယ်လာပြီး သူ့ခန္ဓာကိုယ်က အလိုအလျောက် တွန့်လိမ်သွားသည်…
လင်ချီးယဲ့က မျက်မှောင်ကြုတ်ကာ ဒီကိစ္စက မရိုးရှင်းမှန်း သဘောပေါက်ပြီး တိတ်တဆိတ် ခြေလှမ်းတစ်ဝက် နောက်ပြန်ဆုတ်ရင်း လီယိဖေးကို ခေါ်သွားခဲ့သည်။
"ကမ္ဘာအစစ်… ငါကမ္ဘာအစစ်ကို မြင်ဖူးတယ်။" မာလင်သည် စိတ်လှုပ်ရှားမှုဖြင့် အရိုင်းဆန်စွာ ကနေပြီး သူ့မျက်လုံးထဲရှိ တည်ငြိမ်မှုနှင့် အမြော်အမြင်သည် ပျောက်ကွယ်သွားတာ ကြာလှပြီဖြစ်ကာ ထူးဆန်းသော ရူးသွပ်မှုတစ်ခုဖြင့် အစားထိုးလာသည်။
သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ တွန့်လိမ်သွားကာ ခဏကြာပြီးနောက် ပန်းရောင်ကြယ်ငါးအဖြစ် ပြောင်းလဲသွားသည်။
သူ့လက်ကို ဆန့်ထုတ်ပြီး ဆုပ်ကိုင်လိုက်ကာ ဘေးနားက ထိုင်ခုံသည် ငါးမျှားပိုက်အဖြစ်ပြောင်းလဲသွားပြီး လင်ချီးယဲ့၏ဘေးသို့ လျင်မြန်စွာ ပြေးသွားရင်း သူ့လက်မောင်းနှင့် ခြေထောက်များက ကခုန်နေသည်။
"Spongebob Squarepants။
ဂျယ်လီငါးသွားဖမ်းရအောင်။"
ကြယ်ငါး မာလင်သည် လင်ချီးယဲ့ကို အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ငါးမျှားပိုက်နှင့်အတူ လူနာဆောင်ထဲကနေ လျင်မြန်စွာ ပြေးထွက်သွားပြီး လူနာဆောင်ထဲတွင် စတင်ပြေးလွှားနေသည်။ သူပြေးလွှားရင်း ကခုန်လိုက်၊ သူ့လက်ထဲက ငါးမျှားပိုက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ဖြင့် မမြင်ရသောအရာများကို သူငါးမျှားနေလေသည်။
ရုတ်တရက် ကြောင်တောင်တောင်ဖြင့် လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်နေသော နက်စ်ကို သူတွေ့လိုက်သည်…
"Boss Ruffian။ Boss Ruffian။ မင်းလည်း ဒီရောက်နေတာလား။" ကြယ်ငါးကြီး မာလင်သည် နက်စ်၏အနားသို့ ရောက်လာပြီး ဝမ်းသာအားရမေးသည်။
နက်စ်သည် အမည်မသိ ပန်းရောင်အရာကို ကြောင်တောင်တောင် စိုက်ကြည့်နေရင်း အတွေးပျောက်သွားသည်…
နောက်အခိုက်အတန့်တွင် သူမသည် လက်ကို တုန်ယင်စွာ ဆန့်ထုတ်ရင်း ကြယ်ငါး မာလင်ကို သူမလက်မောင်းထဲသို့ ပွေ့ဖက်လိုက်ပြီး သူမမျက်လုံးထဲက မျက်ရည်များဖြင့် ပြောလိုက်သည်။
"နင်ကလည်း… ငါ့မြေးပဲလား။"
"Boss Ruffian။"
"မြေးလေး။"
"Boss Ruffian။"
"မြေးလေး အဘွားဒီမှာလေ။"
"…"
ဒုတိထပ်က လူနှစ်ယောက်သည် အရာအားလုံးကို မျက်မြင်တွေ့နေသည်…
လင်ချီးယဲ့: "…"
လီယိဖေး: "…"
"ငါအထင်တော့ သူဘယ်နေရာ နေမကောင်းဖြစ်နေတာလဲ သိပြီထင်တယ်…" လင်ချီးယဲ့သည် ဒီမြင်ကွင်းကို တိတ်တဆိတ်ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
"ဘယ်လိုပြောရမလဲ…" လီယိဖေးသည် သူ့ခေါင်းကိုကုတ်ကာ "ဒါက နည်းနည်းတော့ နားမလည်နိုင်ဘူး…"
လင်ချီးယဲ့သည် သူ့နှာဖျားပေါ်က မျက်မှန်ကို တွန်းတင်ပြီး ဆရာဝန်လေသံဖြင့် ပြောလိုက်သည်။
"စူးစမ်းရှာဖွေမှု ကြာမြင့်တဲ့ လုပ်ငန်းစဉ်အတွင်း 'ကမ္ဘာအစစ်'က မာလင်ရဲ့အတွင်းနတ်ဆိုးဖြစ်လာတယ်။ အဲဒါကိုရှာဖွေဖို့ မာလင်က ရှေးဖြစ်ဟောနဲ့ မှော်ပညာကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အသုံးပြုခဲ့ပြီး နောက်ဆုံးတော့ ထူးဆန်းတဲ့မှော်စက်ဝိုင်းကို ဖန်တီးခဲ့ပြီး အဲဒါက 'ကမ္ဘာအစစ်'လို့ခေါ်တဲ့အရာနဲ့ ချိတ်ဆက်ပြီး ကိုယ့်အသိစိတ်ကို အတိတ်ဆီ တယ်လီပို့လိုက်တယ်…
အဲဒီကမ္ဘာက 'ကမ္ဘာအစစ်'ဟုတ်မဟုတ်ကို ငါမသိပေမယ့် သူ့ရဲ့အသိစိတ်အပေါ် ထူးဆန်းတဲ့အကျိုးသက်ရောက်မှုတချို့ရှိခဲ့ပြီး နောက်ဆုံးတော့ ရူးသွပ်ခြင်းကိုဖြစ်စေခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။"
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။" လီယိဖေးက ခေါင်းကိုက်လာသည်။
"…ငါမသိဘူး။" လင်ချီးယဲ့က ခေါင်းယမ်းလိုက်သည်။ ထို့အပြင် သူသည် စိတ်ရောဂါကုဆရာဝန်အစစ်မဟုတ်ပေ။ သူသည် ဘာဖြစ်နေသလဲဆိုတာ ကောက်ချက်ချနိုင်ပေမယ့် ဘယ်လိုကုသရမလဲ သူတကယ်မသိပေ။
သူက ယန်ကွမ်းဆေးရုံကို ထပ်သွားပြီး လှည့်ကွက်ဟောင်းအတိုင်း ထပ်လုပ်ရမှာလား။ သို့သော် ယခုက တရုတ်နှစ်သစ်ကူးဖြစ်ပြီး စိတ်ရောဂါကုဌာနက ဆရာဝန်များလည်း အားလပ်ရက်ယူနေလောက်ပြီ။
လင်ချီးယဲ့သည် အောက်မှာ ခုန်ပေါက်မြူးထူးနေသော မာလင်ကို ကြည့်ပြီး ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။
"ကမ္ဘာအစစ်အကြောင်းကို မပြောခင်အထိ သူက သာမန်လိုဖြစ်ခဲ့ပြီး အခုတော့ အဲဒါက ရေတိုလက္ခဏာတစ်ခုပဲ ဖြစ်နိုင်လောက်တယ်… ဘာပဲဖြစ်ဖြစ် အဲဒါက ဒုက္ခများတာကြောင့် သူ့ကို စိတ်ငြိမ်ဆေး သွားထိုးပြီး သူ့ရဲ့မူလအခြေအနေကို ပြန်ရောက်နိုင်မလားဆိုတာ အရင်ကြည့်ရအောင်။"
"ဘယ်သူသွားမှာလဲ။"
"မင်းဘယ်လိုထင်လဲ။"
"…"
ဝမ်းတွင်းမဲသူဌေးကြောင့် ဖိနှိပ်ခံရသော အညတရသူနာပြုလေးသည် သက်ပြင်းချပြီး ဆေးခန်းဆီသို့ တစ်ယောက်တည်း လျှောက်သွားခဲ့သည်။
ခဏအကြာတွင် လီယိဖေးသည် ဆေးထိုးအပ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ကာ ကြယ်ငါး မာလင်နောက်ကို ပြေးသွားပြီး နက်စ်က အနီးကပ်လိုက်လာပြီး အော်လိုက်သည်။
"ရှောင်ဖေး။ အဲဒါက နင့်ညီလေးနော်။ နင် ကြမ်းကြမ်းတမ်တမ်း လုပ်လို့မရဘူး။"
သူတို့သုံးယောက်သည် ခြံဝင်းထဲတွင် ခဏလောက် ပြေးလွှားပြီး နောက်ဆုံးတွင် လီယိဖေးသည် စိတ်ငြိမ်ဆေးကို မာလင်၏ခန္ဓာကိုယ်သို့ ထိုးသွင်းနိုင်ခဲ့ပြီး တစ်ဖက်လူက ချက်ချင်း ငြိမ်ကျသွားကာ လူပုံစံသို့ ပြန်ပြောင်းသွားပြီး ခဏလောက် လမ်းပေါ်တွင် လှည့်ပတ်နေကာ ဘုတ်ခနဲ မြေပြင်ပေါ်တွင် ထိုင်လိုက်သည်။
လီယိဖေးလည်း မော့ပန်းကာ မြေပြင်ပေါ်ထိုင်ပြီး အမောတကော ပြောလေသည်။
"ဒီအလုပ်က… အရမ်းပင်ပန်းတာပဲ။"
လင်ချီးယဲ့သည် လမ်းလျှောက်လာကာ မာလင်၏ အခြေအနေကို စစ်ဆေးလိုက်ပြီး သူ၏အသိစိတ်က အနည်းငယ် ဝိုးတဝါးဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။ ၎င်းက အသိစိတ်ရှုပ်ထွေးခြင်း၏ နောက်ဆက်တွဲဖြစ်သင့်ပြီး ကြီးမားသည့်အရာမဟုတ်ပေ။
မာလင်၏ရောဂါသည် ပြင်းထန်သော်လည်း အချိန်အကြာကြီးမတည်ရှိပေ။ အနည်းဆုံးတော့ သူသည် ကမ္ဘာအစစ်အကြောင်း မထုတ်ဖော်သည့်အခါ သူသည် ပုံမှန်အတိုင်း ပြောဆိုနိုင်ဆဲဖြစ်သောကြောင့် အလွန်အမင်းစိုးရိမ်စရာမလိုအပ်ပေ။ အဓိကပြဿနာက ကုသနည်းကို အရင်စဉ်းစားဖို့ပဲဖြစ်သည်။
သူက လီယိဖေး၏ပခုံးကို ပုတ်လိုက်သည်။ "သူတို့ကို ဂရုစိုက်လိုက်။ ငါအရင်သွားပြီ။"
ထို့နောက် လီယိဖေး၏ မကျေမနပ်မျက်လုံးများအောက်တွင် လင်ချီးယဲ့သည် ဆေးရုံတံခါးနောက်မှ ပျောက်ကွယ်သွားခဲ့သည်။
…
မနက်စောစောတွင်
လင်ချီးယဲ့သည် အိပ်ရာမှ အေးအေးဆေးဆေး နိုးလာပြီး သူ့မျက်လုံးများကိုမော့ပြီး ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တော့ ပြတင်းပေါက်ကို အဖြူရောင်နှင်းများဖြင့် ဖုံးလွှမ်းထားလေသည်။
"မနေ့ညက နှင်းတွေအရမ်းကျနေတာလား။" လင်ချီးယဲ့သည် တိုးတိုးလေး ရေရွတ်လိုက်ပြီး ပြတင်းပေါက်ကို သွားကာ အဝေးကိုကြည့်ရန် ရပ်လိုက်သည်။
အပြင်ဘက်လမ်းသည် ဖြူဖွေးနေပြီး ကောင်းကင်မှ နှင်းပွင့်ကြီးများ ဖြည်းညှင်းစွာ ကျဆင်းလာကာ ပြတင်းပေါက်အနားတွင် ဖုံးလွှမ်းနေပြီး တဖြည်းဖြည်း အရည်ပျော်သွားသည်။
ချန်းနန်မှာ ဒီလိုမျိုးနှင်းထူထပ်တာ ရှားပါသည်။
လင်ချီးယဲ့ မျက်နှာသစ်တော့မည်အချိန်တွင် သူ ရုတ်တရက် ရပ်လိုက်ပြီး အိမ်ထောင့်ကို ပြန်ကြည့်လိုက်ကာ သက်ပြင်းခပ်ဖျော့ဖျော့ချလိုက်သည်။
ထောင့်တွင် မီးခိုးရောင် ကြွက်ငယ်လေးသည် မလှုပ်မယှက် ငြိမ်သက်စွာ လဲလျောင်းနေတာကို သူမြင်လိုက်သည်။
『TK: ‘SpongeBob SquarePants’က ‘SpongeBob SquarePants’ Cartoon ထဲက အဓိကဇာတ်ကောင်နာမည်ဖြစ်ပါတယ်။ မာလင်ပြောင်းလဲလိုက်တဲ့ ကြယ်ငါးဟာ ‘SpongeBob SquarePants’ထဲက ‘Patrick Star’နာမည်နဲ့ ကြယ်ငါးလေးဖြစ်ပါတယ်။ မာလင်က SpongeBob SquarePants Cartoon ကို ကမ္ဘာအစစ်ဆိုပြီး အထင်မှားနေတာပါ။』
TK Team (Chapter 124)