Chapter 123
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၂၃)


Chapter 123 (ကမ္ဘာအစစ်လား)

"အဲဒါက… ယောက်ျားကိုး။" လီယိဖေးသည် ခေါင်းထွက်ပြီး တစ်ချက်ကြည့်လိုက်ကာ တိုးတိုးပြောလိုက်သည်။

"ဟမ်"

ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေသော မာလင်သည် သူ့ကိုကြည့်ကာ သူ့မျက်လုံးထဲတွင် အလင်းတန်းဖျော့ဖျော့ ရှိနေပြီး နောက်အခိုက်အတန့်တွင် သူ၏နက်ပြာရောင်ဝတ်ရုံအောက်မှာ ဖုံးထားသော သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တွန့်လိမ်သွားသည်…

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ရွှေရောင်နှင့် သေးသွယ်သော မိန်းကလေးဖြစ်လာခဲ့သည်။

"လိင်ဆိုတာ ငါ့အတွက် ဘာမှမဟုတ်ဘူး။" မာလင်၏နူးညံ့သောအသံထွက်ပေါ်လာပြီး တံခါးနားက လီယိဖေး အံ့အားသင့်သွားသည်။

"ဥက္ကဋ္ဌ… ဒါ ဒါ…" လီယိဖေးသည် သူ့လက်ကို ဆန့်တန်းပြီး မာလင်ကို လက်ညှိုးထိုးပြကာ စကားထစ်သွားသည်။

လင်ချီးယဲ့သည် ဒါကို အံ့ဩပုံမပေါ်ဘဲ သူက ခေါင်းခါပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"သူက မာလင်။ ပုံသဏ္ဌာန်ပြောင်းလဲရာမှာ ကျွမ်းကျင်တဲ့ ဒဏ္ဍာရီလာမှော်ဆရာကြီးပဲ။ မိန်းမတစ်ယောက်ပုံစံပြောင်းလဲတာကို မပြောနဲ့ သူက မင်းအဖေပုံစံလည်း ပြောင်းလဲနိုင်တယ်။"

လင်ချီးယဲ့ ပြောပြီးသည်နှင့် မာလင်၏ခန္ဓာကိုယ်သည် တဖန်တွန့်လိမ်သွားကာ လျင်မြန်စွာ ချဲ့ထွင်ပြီး နက်ပြာရောင်ဝတ်ရုံအောက်က သူ့ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာပိုကြီးလာပေမယ့် ဒီဝတ်ရုံက အမည်မသိပစ္စည်းဖြင့် ပြုလုပ်ထားကာ သူ့ခန္ဓာကိုယ်ကို မည်မျှပင်ချဲ့ထွင်ပါစေ မဆုတ်ပြဲသွားပေ။

မြွေအကြေးခွံအပိုင်းအစများသည် သူ့ခန္ဓာကိုယ်တွင် ပေါ်လာပြီး နီမြန်းသော မြွေလျှာကို ထုတ်လိုက်သည်။ ခဏကြာသော် မာလင်သည် လီယိဖေး၏ မူလခန္ဓာကိုယ်ထက် အဆများစွာ ပိုကြီးသော နန်ထော်မြွေမိစ္ဆာ ဖြစ်လာခဲ့သည်။

ထိုင်ခုံပေါ်တွင် ထိုင်နေသော နက်ပြာရောင်ဝတ်စုံထဲက မြွေမိစ္ဆာသည် ဒေါင်လိုက်မျက်လုံးအိမ်တစ်စုံဖြင့် လီယိဖေး၏မျက်လုံးများကို စိုက်ကြည့်နေကာ မမြင်နိုင်သော ဖိအားတစ်ခုက လီယိဖေး၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်လာပြီး သူ့ကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

လင်ချီးယဲ့သည် ခေါင်းလှည့်ပြီး လီယိဖေးကို ကြည့်လိုက်သည်။ "ဒါက မင်းအဖေလား။"

"…ငါမသိဘူး။" လီယိဖေးသည် တီးတိုးပြောရင်း ခြေလှမ်းတစ်ဝက် နောက်ဆုတ်လိုက်သည်။ "ငါ့အဖေက ဘယ်လိုပုံစံလဲတောင် ငါမသိဘူး။"

"သူက မင်းရဲ့ခန္ဓာကိုယ်အစစ်ကို ဖောက်မြင်နိုင်ပြီး မင်းအဖေရဲ့ပုံပန်းသဏ္ဌာန်ကိုလည်း သူမြင်နိုင်တယ်… ဒါက ရှေးဖြစ်ဟောစွမ်းအားလား။"

လင်ချီးယဲ့သည် သက်ပြင်းချကာ သူ့မျက်လုံးများက မြွေမိစ္ဆာပေါ်ကျသွားပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

"အရှင်မာလင် ခင်ဗျား ပြန်ပြောင်းသင့်ပြီး။ ကောင်းကောင်းစကားပြောရအောင်။"

မြွေမိစ္ဆာသည် အနည်းငယ် ခေါင်းညိတ်ပြီးနောက် သာမန်လူငယ်တစ်ယောက်သို့ ပြန်ပြောင်းကာ ထိုင်ခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည်။

မီးရောင်မှိန်ပျပျအခန်းတွင် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်စိုက်ကြည့်ရင်း လေထုက ရုတ်တရက် တိတ်ဆိတ်သွားသည်။

"မင်းက လင်ချီးယဲ့လား။" မာလင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ကျွန်တော့်ကို သိတာလား။"

"လွန်ခဲ့တဲ့ဆယ်‌နှစ်လောက်က ဒီတံခါးကို မင်းဖွင့်နိုင်မယ်လို့ ငါခန့်မှန်းခဲ့တာ။"

လင်ချီးယဲ့သည် ဒီလိုမှော်တုတ်တံစကားများကို ကြားလိုက်သောအခါ သူချက်ချင်း စိတ်ဝင်တစားဖြစ်လာသည်။ "ဒါဆို ကျွန်တော့်ရဲ့အနာဂတ်ကို ကြည့်ကြည့်ပါလား။"

မာလင်က ခေါင်းခါလိုက်သည်။ "ငါမသိဘူး။"

"ခင်ဗျားက ရှေးဖြစ်ဟောမဟုတ်ဘူးလား။"

"ရှေးဖြစ်ဟောက အနန္တတန်ခိုးရှင်မှမဟုတ်တာ။" မာလင်က လင်ချီးယဲ့၏မျက်လုံးများကို ကြည့်လိုက်သည်။ "မင်း တံခါးကိုဖွင့်လိုက်တုန်းက မင်းရဲ့ကံကြမ္မာကို ငါစူးစမ်းဖို့ကြိုးစား‌ခဲ့ပေမယ့် မင်းရဲ့ 'အတိတ်'နဲ့ 'အနာဂတ်'က မှုန်ဝါးနေပြီး 'ပစ္စုပ္ပန်'ကိုသာ တစ်ချက်နှစ်ချက်လောက် စူးစမ်းနိုင်တယ်။"

"ပစ္စုပ္ပန်လား။" လင်ချီးယဲ့သည် မျက်ခုံးပင့်ကာ "ကျွန်တော့်ရဲ့ 'ပစ္စုပ္ပန်'က ဘယ်လိုလဲ။"

"မင်း အခု အန္တရာယ်ရှိတဲ့ဝဲဂယက်ထဲ ရောက်နေပြီး ခြေတစ်လှမ်းမှားတာနဲ့ မင်းတစ်စစီ ဖျက်ဆီးခံရပြီး မင်းပတ်ဝန်းကျင်က လူတွေလည်း ဝင်ရောက်ပတ်သက်လာနိုင်တယ်…"

လင်ချီးယဲ့၏အကြည့်က ဖြည်းဖြည်းချင်း လေးနက်လာသည်။

"ဘယ်လောက်ပဲ ရှင်းလင်းနေပါစေ ငါမမြင်ရဘူး။" မာလင်က ခေါင်းခါလိုက်သည်။ "အခု ငါ အတိအကျ ခန့်မှန်းလို့ မရတော့ဘူး။"

"ဘာလို့လဲ။"

"ငါ့ရဲ့ သလင်းကျောက်လုံး ဆုံးရှုံးလိုက်ရလို့။"

"ဆုံးရှုံးလိုက်ရတာလား။" လင်ချီးယဲ့က အံ့အားသင့်သွားသည်။

မာလင်သည် တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး သူ့နှုတ်ခမ်းထောင့်တွင် အနည်းငယ် ခါးသက်မှုတစ်ခု ပေါ်လာသည်။ "လွန်ခဲ့တဲ့ဆယ်နှစ်က ကလေးမလေးတစ်ယောက် ဒီအခန်းကိုရောက်လာပြီး ငါနဲ့ ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်ခဲ့တယ်။ ငါနိုင်ရင် သူမက ငါ့ကိုလွှတ်ပေးပြီး ငါရှုံးရင် သူမကို သလင်းကျောက်လုံးပေးရမယ်လို့ ပြောခဲ့တယ်…"

"ပြီးတော့ ခင်ဗျားရှုံးသွားတာလား။" လင်ချီးယဲ့၏မျက်လုံးများ တဖြည်းဖြည်း တောက်ပလာသည်။ "အဲဒီကလေးမလေးက အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ်၊ အနက်ရောင်ဆံပင်ရှည်ရှည်နဲ့ သူမလက်နောက်မှာ ထူးဆန်းတဲ့ပုံစံရှိတာလား။"

"အတိအကျပဲ"

လင်ချီးယဲ့သည် ခဏလောက် တွေးဆပြီး "ခင်ဗျားတို့က ဘာကို ယှဉ်ပြိုင်ခဲ့တာလဲ။"

မာလင်၏နှုတ်ခမ်းထောင့်တွင် အနည်းငယ် ခါးသက်မှုရှိနေပြီး "ရှေးဖြစ်ဟော ဒါမှမဟုတ်… ကောက်ချက်ချတာ"

"ကောက်ချက်ချတာလား။ အဲဒါကို ဘယ်လိုယှဉ်ပြိုင်တာလဲ။" လီယိဖေးက မနေနိုင်ဘဲ မေးလိုက်သည်။

"ငါတို့က ကြွေကျနေတဲ့ သစ်ရွတ်တစ်ရွက်နဲ့ စတင်ပြီး လွန်ခဲ့တဲ့နှစ် ၅၀ အတွင်း သစ်တောတစ်ခုလုံးရဲ့ အပြောင်းအလဲတွေကို ကောက်ချက်ချပြီး အခုနဲ့ နောင်နှစ်ပေါင်း ၅၀ မှာ အောင်နိုင်သူမရှိခဲ့ဘဲ အဲဒီနောက် ကျောက်တုံးတွေကို ကောက်ချက်ချပြီး ရေစက်တွေကို ကောက်ချက်ချတယ်…

နောက်ပိုင်းမှာ ငါတို့က ပြင်ပပစ္စည်းတွေကို ဘယ်လိုပဲ ယှဉ်ပြိုင်နေပါစေ ငါတို့က အချင်းချင်း ယှဉ်ပြိုင်လို့မရဘူးဆိုတာ သိလာတဲ့အတွက် ငါတို့က တစ်ယောက်ကိုတစ်ယောက် ရည်ညွှန်းပြီး အချင်းချင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို ကောက်ချက်ချခဲ့တယ်။

ဒုတိယအချီမှာ သူမက ငါ့ရဲ့ကံကြမ္မာလမ်းကြောင်းရဲ့ အစိတ်အပိုင်းကို အောင်မြင်စွာ ကောက်ချက်ချနိုင်ခဲ့ပေမယ့် တတိယအချီမှာ ငါသူမရဲ့ကံကြမ္မာကို မမြင်နိုင်ခဲ့ဘူး…"

မာလင်သည် ထိုအချိန်က အခြေအနေကို ပြန်သတိရသောအခါ ပို၍ပို၍ မျက်မှောင်ကြုတ်သွားသည်။

"သူမရဲ့တည်ရှိမှုက ငါမျှော်လင့်ချက်ထက် လုံးဝကျော်လွန်နေပြီး 'အတိတ်'၊ 'ပစ္စုပ္ပန်'၊ 'အနာဂတ်' တို့ကို လုံးဝရှာမတွေ့ဘူး… သူမက ဒီကမ္ဘာပေါ်က မဟုတ်တဲ့ တစ္ဆေတစ်ကောင်လိုပဲ ငါဘာနည်းလမ်းပဲသုံးပါစေ သူမရဲ့ကံကြမ္မာ တစ်စွန်းတစ်စကိုမှ စူးစမ်းလို့မရဘူး။

ဒီတော့… ငါရှုံးသွားတယ်။"

လီယိဖေးသည် တံတွေးမျိုချကာ သူ့လက်ဖြင့် လင်ချီးယဲ့ကိုတို့ပြီး တိုးတိုးပြောလိုက်သည်။ "အရမ်းထူးဆန်းပါလား။ အဲဒီမိန်းကလေးက ဘယ်သူလဲ။"

"ငါလည်းမသိဘူး။" လင်ချီးယဲ့သည် ခေါင်းခါလိုက်ပြီး မျက်ခုံးများလည်း တွန့်နေသည်။

မာလင်၏ သလင်းကျောက်လုံးကို ရရှိခဲ့သောမိန်းကလေးသည် နက်စ်၏လက်ကောက်ကို ရရှိခဲ့သော မိန်းကလေးနှင့် ဥက္ကဋ္ဌအခန်းထဲတွင် စာအိတ်ထားခဲ့သော မိန်းကလေးတို့နှင့် လူတစ်ယောက်တည်းဖြစ်ကာ ၎င်းက 'ကျိနျန့်'(အထိမ်းအမှတ်)ဖြစ်ကြောင်း သံသယဖြစ်စရာမရှိပေ။

သို့သော် အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ် မိန်းကလေးသည် ဖန်ဆင်းခြင်းတွင် ညနတ်ဘုရားမကို မည်သို့အနိုင်ယူပြီး ကံကြမ္မာကောက်ချက်ချခြင်းတွင် ‌ရှေးဖြစ်ဟောမှော်ဆရာကြီး မာလင်ကို မည်သို့အနိုင်ယူခဲ့သနည်း။

လင်ချီးယဲ့ ပို၍နားလည်လာလေလေ သူမကိုယ်သူမ 'ကျိနျန့်' ဟုသော မိန်းကလေးသည် လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေသည်ဟု ခံစားရလေလေဖြစ်သည်။ သူမ ဘယ်သူလဲဆိုတာ သိနိုင်ပါက ဒီလျှို့ဝှက်ဆန်းကြယ် စိတ်ကျန်းမာရေးဆေးရုံ၏ မူလအစကို ဖော်ထုတ်နိုင်လောက်သည်…

သို့သော် ယခု လင်ချီးယဲ့အတွက် ဤအရာကို ရှာဖွေရန် စောလွန်းနေပုံရသည်။

ယခု သူလုပ်ရမည့် ပထမဆုံးအရာမှာ ဤဒဏ္ဍာရီလာမှော်ဆရာကြီးကို ကုသရန် နည်းလမ်းရှာပြီး သူ၏စွမ်းရည်တစ်စိတ်တစ်ပိုင်းကို ထုတ်ယူတာက ထိပ်တန်းဦးစားပေးဖြစ်သည်။

လင်ချီးယဲ့သည် အနည်းငယ် ခေါင်းညိတ်ပြီး မာလင်ကို ခဏလောက် ဂရုတစိုက် စောင့်ကြည့်ပြီး သူ့မျက်ခုံးကြားတွင် သံသယ အနည်းငယ် ထွက်ပေါ်လာသည်။

မာလင်၏အခြေအနေသည် နက်စ်နှင့်မတူချေ။ အနည်းဆုံးတော့ ယခုအချိန်အထိ သူသည် စိတ်ပိုင်းဆိုင်ရာပြဿနာများကို မပြ‌သသေးဘဲ သူဘယ်ကနေ စတင်သင့်သနည်း။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လင်ချီးယဲ့သည် မာလင်၏မျက်လုံးများကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ခင်ဗျားက ဘာနေမကောင်းဖြစ်တာလဲ။"

"…" မာလင်သည် မျက်မှောင်ကြုတ်ကာ "မင်းကမှ နေမကောင်းဖြစ်တာ။"

"ခင်ဗျား နေမကောင်းမဖြစ်ရင် ဘာလို့ ဒီရောက်နေတာလဲ။"

"ငါမသိဘူး။" မာလင်က ပခုံးတွန့်လိုက်သည်။ "ငါက ကမ္ဘာရဲ့ တကယ့်အစစ်အမှန်ကို ရှာဖွေဖို့ ကြိုးစားနေတဲ့ ပညာရှင်တစ်ယောက်ပါ။"

"ကမ္ဘာအစစ်လား။"

"ကမ္ဘာက ဘာလဲ ငါတို့က ဘာလဲဆိုတာ မင်းဘယ်လိုထင်လဲ။"

လင်ချီးယဲ့က သူ့ပါးစပ်ကို မဖွင့်ခင် မာလင်သည် သူ့ဘာသာသူ ဆက်ပြောခဲ့သည်။ "ပင်လယ်နက်ငါးတွေအတွက် ပင်လယ်ရေနဲ့ ပင်လယ်နက်သတ္တဝါတွေက သူတို့ရဲ့ကမ္ဘာပဲ ပြီးတော့ သမုဒ္ဒရာဘေးမှာ ကုန်းမြေရှိတယ်ဆိုတာ သူတို့မသိဘူး။ ကုန်းမြေပေါ်မှာ သူတို့နဲ့ လုံးဝကွဲပြားတဲ့ သတ္တဝါတွေရှိတယ်ဆိုတာ ပိုပြီးမသိကြဘူး။

နှစ်ဖက်မြင်သတ္တဝါတွေအတွက် ကမ္ဘာကြီးက ပြင်ညီဖြစ်ပြီး သူတို့ရဲ့တည်ရှိမှုက သူတို့ရဲ့ကမ္ဘာ့အမြင်ကို ကန့်သတ်ထားတယ်။ ပြင်ညီအပြင်ဘက်မှာ သူတို့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ သုံးဖက်မြင်သတ္တဝါတွေရှိတယ်ဆိုတာ သူတို့မတွေးနိုင်ဘူး။

ပင်လယ်နက်ငါးတွေအတွက် သမုဒ္ဒရာက သူတို့ရဲ့ကမ္ဘာဖြစ်ပြီး နှစ်ဖက်မြင်သတ္တဝါတွေအတွက် ပြင်ညီက သူတို့ရဲ့ကမ္ဘာဖြစ်တယ်…

ဒါပေမယ့် သူတို့ထင်တဲ့ ကမ္ဘာကြီးက ကမ္ဘာအစစ်ဟုတ်ရဲ့လား။

မဟုတ်ဘူး။

ဒါဆို ငါတို့သိတဲ့ ဒီ'ကမ္ဘာ'က ကမ္ဘာအစစ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။

တကယ့်အစစ်အမှန်က ဘာလဲ ပြီးတော့ တကယ့်'ကမ္ဘာ'က ဘာလဲ။

ဒီကမ္ဘာအပြင်ဘက်မှာ ဘာရှိသလဲ။ ပြီးတော့ အမြင့်ဖက်မြင် သတ္တဝါတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ငါတို့က ဘာလဲ။"

မာလင်၏ မျက်လုံးများသည် တဖြည်းဖြည်း ပူလာပြီး သူ့မျက်လုံးထဲတွင် 'အသိပညာရှာဖွေခြင်း' ဟုခေါ်သော မီးတောက်ကို လင်ချီးယဲ့ ထင်ရှားစွာ မြင်လိုက်ရသည်။

သူသည် ထိုင်ခုံမှ မတ်တတ်ထရပ်ကာ လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ညွှန်ပြကာ တခြားလက်တစ်ဖက်ဖြင့် လင်ချီးယဲ့၏လက်ကောက်ဝတ်ကို ဆွဲယူပြီး သူ့မျက်လုံးများကို စိုက်ကြည့်ကာ တစ်လုံးချင်းပြောခဲ့သည်။

"ငါတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးကိုလည်း အမြင့်ဖက်မြင် တည်ရှိမှုက ဖန်တီးထားလောက်တယ်လို့… မင်းတွေးကြည့်ဖူးသလား။"


TK Team (Chapter 123)