Chapter 116
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၁၆)


Chapter 116 (တိုက်ခိုက်သူများ)

"မင်္ဂလာပါ"

"မင်္ဂလာပါ ကျွန်တော် သူငယ်ချင်းတစ်ယောက်ကို လာရှာတာပါ။"

"ကျေးဇူးပြုပြီး သူ့အခန်းနံပါတ်ကို သိသလား။"

"၉၀၃၉"

"ကောင်းပြီ ကျွန်မ ရှင့်ကို…"

ဗုန်း…

လင်ချီးယဲ့နှင့် ဧည့်ကြိုစားပွဲကြားက စကားပြော၍မပြီးခင် ဦးခေါင်းထိပ်မှ မြေကြီးကွဲအက်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး နောက်တွင် လမ်းလျှောက်လာသူများ၏ ပြင်းထန်သော အော်သံများ ထွက်ပေါ်လာသည်။

လင်ချီးယဲ့၏ အမူအရာ ပြောင်းသွားပြီး တစ်ခွန်းမှ မပြောဘဲ လှည့်ထွက်ပြီး ဟိုတယ်ဧည့်ခန်းမှ ထွက်သွားကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

တိမ်တွေဝင်နေသော အထပ်မြင့် အဆောက်အအုံကြီး၏ထိပ်သည် မီးပင်လယ်အဖြစ် ပြောင်းလဲသွားတာကို သူမြင်လိုက်ရသည်။

တွက်ချက်စရာ မလိုဘဲ အဲဒါက ပိုင်လီဖက်တီးနေထိုင်သည့် အထပ်ဆိုတာ လင်ချီးယဲ့သိပြီး ဟိုတယ်တစ်ခုလုံးကို ဒီလို ပြင်းထန်သော တိုက်ခိုက်မှုမျိုး ဖြစ်ပေါ်စေနိုင်တာက သူက တစ်ဦးတည်းရှိသည်။

လင်ချီးယဲ့သည် ဟိုတယ်ထဲသို့ အပြေးအလွှားသွားပြီး ၉၀ ထပ်ဆီသို့ လှေကားထစ်ကနေ ပြေးသွားရန် ပြင်ဆင်နေချိန် ညကောင်းကင်မှာ ရွှေရောင်များ ရှိနေတာကို သူ ယောင်ဝါးဝါး မြင်လိုက်ရသည်။

"ဒါက…" လင်ချီးယဲ့၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

မဆိုင်းမတွဘဲ သူသည် ထိတ်လန့်နေသော လူအုပ်ကိုဖြတ်ကာ သေတ္တာနက်နှစ်လုံးကို သယ်ဆောင်ပြီး ရွှေရောင်တောက်နေသည့်နေရာဆီသို့ အမြန်ပြေးသွားခဲ့သည်။

လမ်းတစ်လျှောက်ကို ဖြတ်ကျော်ပြီးနောင် လင်ချီးယဲ့သည် နောက်ဆုံးတွင် ရွှေရောင်နေရာအနီးသို့ ရောက်ရှိလာသည်။ ဤနေရာသည် ဝေးလံခေါင်သီသော လမ်းအပိုင်းဖြစ်သည်။ ညသန်းခေါင်ယံတွင် လမ်းသွားလမ်းလာ အနည်းငယ်သာရှိ၍ ကားအစီးရေလည်း မများလှပေ။

လင်ချီးယဲ့သည် သူ့မျက်လုံးများကိုမှိတ်ထားပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သူ့စိတ်စွမ်းအားဖြင့် ဂရုတစိုက် စူးစမ်းလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်က အနည်းငယ်တုန်လှုပ်သွားသည်။

သူ မျက်လုံးဖွင့်လိုက်ပြီး ကျဉ်းမြောင်းသော လမ်းဆုံတစ်ခုဆီသို့ လျင်မြန်စွာ ပြေးလာရင်း သူ့မျက်နှာမှာ မည်းမှောင်သွားသည်။

လမ်းထိပ်တွင် စာလုံးကြီးလေးလုံးပါသော ဆိုင်းဘုတ်တစ်ခုရှိနေတာကို သူမြင်လိုက်ရသည်။

"[အရှေ့မှာတားမြစ်ထားသည်]"

ဝူကျဲ့လေဟာနယ်ပဲ။

လင်ချီးယဲ့သည် တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ ၁၃၆ တပ်ဖွဲ့က [ဝူကျဲ့လေဟာနယ်] ကို ဖွင့်ထားရန် အဓိပ္ပါယ်မရှိဘဲ ဆိုင်းဘုတ်များကိုအသုံးပြုကာ [ဝူကျဲ့လေဟာနယ်]ကို ပြသရန် မြို့အသီးသီးရှိ ညကင်းစောင့်တိုင်းတွင် တစ်ခုသာရှိသည်။ 

ဆိုလိုသည်မှာ ဤကိစ္စတွင် တခြားမြို့မှ ညကင်းစောင့်လည်း ပါဝင်ပတ်သက်နေတာလား။

သူတို့က ပိုင်လီဖက်တီးကို ကာကွယ်ဖို့ ရောက်နေတာလား ဒါမှမဟုတ်… သတ်ဖို့လား။

ပထမဖြစ်နိုင်ခြေက အလွန်နည်းပါသည်ဟု လင်ချီးယဲ့ ခံစားမိသည်။ သူတို့သည် သူ့ကို ကာကွယ်ရန်ရောက်နေပါက ဘာကြောင့် ဒီအချိန်မှ ဖြစ်ရသနည်း။ ပြီးတော့ ဘာကြောင့် သူတို့က [ဝူကျဲ့လေဟာနယ်]ကို လျှို့ဝှက်ဖွင့်ထားရသနည်း။

သန်းရှစ်ရာသည် စိတ်တည်ငြိမ်မှုမရှိသော ညကင်းစောင့်တချို့ကို အထင်ကြီးလောက်အောင်ပင် ပြုလုပ်နိုင်ပြီး သူတို့သည် ဆိုင်းဘုတ်ကို ခိုးယူပြီး ညကင်းစောင့်ကို သစ္စာဖောက်ကာ ပိုင်လီဖက်တီး၏ခေါင်းကိုယူရန် တုံ့ဆိုင်းမနေပေ။

တစ်ဖက်မှာ လူဘယ်လောက်ရှိသနည်း။ သူတို့က ဆိုင်းဘုတ်ကို တိုက်ရိုက်ယူလာတာလား ဒါမှမဟုတ် ညကင်းစောင့်ကနေ ခိုးယူခဲ့တာလား။ အဆင့်မြင့်သန်မာသူတွေရှိမှာလား။

လင်ချီးယဲ့၏ စိတ်ထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာပြီး ဆိုင်းဘုတ်ရှေ့တွင် ငြိမ်သက်စွာ ရပ်နေကာ အတွေးပျက်သွားသည်။

ဝင်မှာလား၊ မဝင်ဘူးလား။

အရင်တုန်းက သူဆိုရင် ဒီလိုအန္တရာယ်များပြီး မသိသောကိစ္စတွေကို ကြုံလာရသည့်အခါ သေချာပါက် သူတတ်နိုင်သမျှ ဝေးဝေးပြေးမှာဖြစ်ပေမယ့် အခုတော့…

သူကိုယ်တိုင်ပင် သတိမထားမိဘဲ တဖြည်းဖြည်း ပြောင်းလဲသွားခြင်းဖြစ်နိုင်သည်။

ဘာက သူ့ကို ပြောင်းလဲစေတာလဲ။

၁၃၆ တပ်ဖွဲ့မှ ဟုန်ယင်း၏စိတ်အားထက်သန်မှု၊ ချီမော့၏နူးညံ့သိမ်မွေ့မှု၊ ခေါင်းဆောင်၏ကာကွယ်ပေးမှု၊ လက်ထောက်ခေါင်းဆောင်၏ဂုဏ်ယူမှု၊ လန်ရွှမ်း၏နူးညံ့မှု၊ ကျောက်ခုန်းချိန်၏စိတ်ပိုင်းဖြတ်မှုများက သူ့အား နွေးထွေးမှုယူဆောင်လာခြင်း ဖြစ်နိုင်သည်။

ဒါမှမဟုတ် လေ့ကျင့်ရေးစခန်းမှာ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ၏ စိတ်သဘောထားကို မျှဝေခဲ့တာဖြစ်နိုင်သလို နေ့စဉ်ဘဝမှာ လျှို့ဝှက်ထားသော အသေးအဖွဲအသေးစိတ်အချက်လေးတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

အတိတ်တုန်းက သူ့ဘဝတွင် သူ့ဒေါ်လေးနှင့် အားကျင့်သာရှိခဲ့ဖူးသော်လည်း ယခုအခါ မသိလိုက်ဘဲ... သူ့ပတ်ဝန်းကျင်တွင် လူများစွာရှိလာပုံရသည်။

ညအချိန်၌ သူ့မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှုတစ်ခု ရှိနေပြီး သူ့မျက်လုံးထဲတွင် ရွှေရောင်သည် တဖြည်းဖြည်း တောက်ပလာသည်။

လွန်ခဲ့သည့်ခြောက်လက သူသည် ဒီကမ္ဘာကိုကာကွယ်ပေးခဲ့သော သူရဲကောင်းကိုကယ်တင်ရန်အတွက် [ဝူကျဲ့လေဟာနယ်] ကို ချိုးဖျက်ခဲ့သည်။

အခုတော့ သူက [ဝူကျဲ့လေဟာနယ်] ကို ထပ်မံချိုးဖျက်တော့မည်…

သူ့သူငယ်ချင်းကို ကယ်တင်ဖို့။


"ဒါက…" ပိုင်လီဖက်တီးသည် ပတ်ပတ်လည်ကိုကြည့်ပြီး သူ့မျက်နှာက ပုံမှန်မဟုတ်ဘဲ လေးနက်နေသည်။

"[ဝူကျဲ့လေဟာနယ်]ပဲ"

"မိတ်ဆွေလား ရန်သူလား။"

"မင်းဘယ်လိုထင်လဲ။"

ချောင်ယွမ်း၏ မျက်လုံးများသည် မှောင်မိုက်သော ညကောင်းကင်အောက်တွင် လမ်းဘေးကို စိုက်ကြည့်လျက် လမ်းဘေးနှစ်ဖက်ရှိ လမ်းမီးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ ကတ္တရာလမ်း၏ အကွာအဝေးတွင် ထွားကျိုင်းသော လူပုံသဏ္ဌာန်က ဖြည်းဖြည်းချင်း ရောက်ရှိလာသည်။

"အနောက်မှာလည်းရှိတယ်။"

ပိုင်လီဖက်တီးသည် နောက်လှည့်ကြည့်ပြီး လမ်း၏အခြားတစ်ဖက်တွင် သူ့နောက်ကျောမှာ ဓားသုံးချောင်းဖြင့် လူတစ်ယောက်သည် နေရာတွင်ရပ်နေတာကို မြင်လိုက်ပြီး သူ့ရှေ့က လူနှစ်ယောက်ကို စိုက်ကြည့်ကာ သူ့မျက်လုံးများက အန္တရာယ်ပေးချင်မှုဖြင့် ပြည့်နှက်နေသည်။

"စုစုပေါင်း လူနှစ်ယောက်လား။"

"မဟုတ်ဘူး။ အပြင်မှာ [ဝူကျဲ့လေဟာနယ်]ကိုဖွင့်မယ့် အနည်းဆုံး နောက်ထပ်တစ်ယောက် ရှိလောက်တယ်။" ချောင်ယွမ်းက ခေါင်းခါလိုက်သည်။

ပိုင်လီဖက်တီးက နှစ်ကြိမ်မျှ သရော်လိုက်သည်။ "ညကင်းစောင့်က ဘယ်အချိန်ကစပြီး ဒီလိုမျိုးလူဆိုးအလုပ်ကို လုပ်နေခဲ့တာလဲ။"

"မဟုတ်ဘူး။ ငါတို့က ညကင်းစောင့်မဟုတ်တော့ဘူး။" ထွားကျိုင်းသောလူသည် ချဉ်းကပ်လာရင်း ခပ်တိုးတိုးပြောလိုက်သည်။ "ငါတို့က ကျန်းကျဲ့နေရာကလာတာ"

"ကျန်းကျဲ့နေရာလား။" ပိုင်လီဖက်တီးက သံသယဖြင့် ချောင်ယွမ်းကို ကြည့်လိုက်သည်။

"ကျန်းကျဲ့နေရာက ပြစ်မှုကျူးလွန်ဖူးတဲ့ တားမြစ်အပျက်အစီးပိုင်ရှင်တွေကို ထိန်းသိမ်းလေ့ရှိတဲ့နေရာဖြစ်ပြီး သူတို့ထဲကတစ်ဝက်လောက်က ပြစ်မှုကျူးလွန်ခဲ့ဖူးပြီး ညကင်းစောင့်ကနေ ဖယ်ရှားခံရတဲ့ ညကင်းစောင့်အဖွဲ့ဝင်ဟောင်းတွေပဲ။" ချောင်ယွမ်းက တည်ငြိမ်စွာ ပြောသည်။

"ညကင်းစောင့်တပ်မှူးချုပ်က ငါ့ကိုကယ်တင်ပြီး ကျိုဟွာတောင်ကို ပို့ခဲ့လို့ မဟုတ်ရင် ငါ အခု အဲဒီမှာ ပိတ်လှောင်ခံနေရပြီ။"

"သူက ထောင်ကထွက်လာတာကို။" ပိုင်လီဖက်တီးက နားလည်သွားသည်။ "ဒါပေမယ့် မင်းတို့ငါ့ကိုသတ်ချင်ရင် ဘာလို့ ဟိုတယ်ကို ဖောက်ခွဲရတာလဲ။ မင်းတို့ တခြားလူတွေကို ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ။ မင်းတို့က တစ်ချိန်က ဒီနိုင်ငံကို ကာကွယ်ဖို့ ကတိသစ္စာ ကျိန်ဆိုခဲ့တဲ့လူတွေဖြစ်ပြီး အခုတော့ အကျိုးအမြတ်အတွက် ဒီလူတွေရဲ့အသက်တွေကို ဂရုမစိုက်တော့ဘူးလား။"

"အဲဒီခွေးရိုင်းတွေနဲ့ ငါတို့ကို မရောထွေးနဲ့။" နောက်ကျောတွင် ဓားသုံးချောင်းနဲ့လူက ဒေါသတကြီး ပြောလိုက်သည်။ "ငါတို့က တစ်ချိန်တုန်းက ညကင်းစောင့်တွေဖြစ်တာကြောင့် အခြေခံအောက်ခြေလိုင်းတော့ ရှိပါသေးတယ်။ ငါတို့မင်းကိုသတ်ချင်တာက ကျေးဇူးပြန်ဆပ်ဖို့သက်သက်ပဲ…"

"မင်းတို့က ဘယ်သူ့ကို ကျေးဇူးဆပ်ချင်တာလဲ။" ပိုင်လီဖက်တီးက မျက်ခုံးပင့်လိုက်သည်။

"ငါတို့ဆီကနေ စကားနှိုက်ဖို့မကြိုးစားနဲ့။ မင်းသိထားရမှာက မင်းဒီည… ဒီ[ဝူကျဲ့လေဟာနယ်]ထဲကနေ ထွက်လို့မရတော့ဘူးဆိုတာပဲ။"

ထွားကျိုင်းသောလူသည် နိမ့်ပါးသောဟိန်းသံကို ထုတ်လွှတ်လိုက်ပြီး သူ့မျက်လုံးများသည် ပြင်းထန်သောအလင်းရောင်တစ်ခုနှင့်အတူ ပေါက်ထွက်သွားကာ သူ၏ကြွက်သားများအားလုံးသည် ပြင်းထန်စွာ တွန့်လိမ်သွားသည်။ သူ၏ခန္ဓာကိုယ်အရွယ်အစားသည် ပထမမီတာဝက်ခန့် မြင့်တက်လာပြီးနောက် လျင်မြန်စွာ ကျုံ့သွားသည်...

နောက်ဆုံးတော့ သူက ပိန်ပိန်ပါးပါး အရပ်အမြင့် တစ်မီတာသာသာရှိသည့် လူကလေးဖြစ်သွားသည်။ လေပြင်းတိုက်ရင် သူ့ကို တိုက်လဲသွားမည့်ပုံရသည်။
 
"ကိုနန်လား။" ပိုင်လီဖက်တီးက အံ့သြသွားသည်။
『TK: Sherlock Holmes ဝတ္ထုတွေထဲက Sir Arthur Conan Doyle ကို ဆိုလိုခြင်းဖြစ်ပါတယ်။』

"တားမြစ်အပျက်အစီး နံပါစဉ် ၂၁၄ [ကြွက်သားပြန်လည်ဖွဲ့စည်းခြင်း] က သူ့ရဲ့ကိုယ်ပိုင်ကြွက်သားတစ်ရှူးကို လွတ်လွတ်လပ်လပ် ဖိနှိပ်ထားနိုင်ပြီး အခု သူက မူလတန်းအရွယ်ကျောင်းသားလို ဖြစ်နေရင်တောင် သူ့အမြန်နှုန်းနဲ့ခွန်အားက အရမ်းကြောက်စရာကောင်းတဲ့အဆင့်ကို သေချာပေါက် တိုက်ရိုက်ရောက်ရှိသွားပြီ။" ချောင်ယွမ်း၏အကြည့်သည် လေးနက်မှုအပြည့်ရှိနေသည်။

ပိန်ပါးပါးလူ၏ နှုတ်‌ခမ်းထောင်ပေါ်တွင် လှောင်ပြုံးပေါ်လာပြီး သူသည် ကတ္တရာလမ်းကို ခြေဆောင့်နင်းလိုက်ကာ နက်ရှိုင်းသော ချိုင့်ခွက်ကို ချန်ထားခဲ့ပြီး သူ့တစ်ကိုယ်လုံးသည် စူးရှသောမြားကဲ့သို့ လမ်းတစ်ဝက်ကို လျှပ်တစ်ပြက် ဖြတ်ကျော်သွားသည်။

ပိန်ပါးပါးလူ၏လက်သီးသည် ပိုင်လီဖက်တီး၏မျက်လုံးထဲကို အလွန်အမင်းလျင်မြန်စွာ ဝင်ရောက်လာသည်။

"ကျောက်စိမ်းအလင်းတန်း"

ရွှေရောင်အလင်းတန်းသည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်ရှေ့ ဒိုင်းတစ်ခုအဖြစ် မာကျောလာပြီး ထိုလူ၏လက်သီးသည် ခမ်းနားခြင်းမရှိ ၎င်းကို ထိမှန်သွားသည်။ စူးရှပြီး ကျယ်လောင်သော အသံကိုကြားရုံမျှဖြင့် ကျောက်စိမ်းအလင်းတန်း၏ဒိုင်းအပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

"လခွမ်း" ပိုင်လီဖက်တီးက အော်လိုက်သည်။

ချက်ချင်းပဲ ကျောက်စိမ်းအလင်းတန်းကို ခြေထောက်နဲ့ ထပ်မံကန်လိုက်ရာ ရွှေရောင်အလင်းတန်းက နည်းနည်းချင်းအက်ကွဲသွားသည်။

ပိုင်လီဖက်တီးသည် သူ့လက်ကို ရေချိုးတဘက်ထဲသို့ အမြန်ထည့်လိုက်ပြီး တစ်စုံတစ်ခုကို နှိုက်ယူနေပုံရကာ သူ့နောက်မှ ချောင်ယွမ်းကို အော်ပြောလိုက်သည်။

"မင်းငါ့ကို မကူညီတော့ဘူးလား။"

ချောင်ယွမ်းသည် ဓားတစ်လက်ကို ကိုင်ထားပြီး တခြားဖက်က ဓားသုံးချောင်းနဲ့လူကို စိုက်ကြည့်နေသည်။ "အချိန်မရှိဘူး။"

လရောင်အောက်တွင် ထိုလူသည် သူ့နောက်မှ ဓားတစ်ချောင်းကို မျက်နှာသေဖြင့် ဆွဲထုတ်လိုက်ပြီး ကျန်ဓားနှစ်ချောင်းသည် မမြင်နိုင်သောလက်ဖြင့် ဆုပ်ကိုင်ထားသကဲ့သို့ တစ်ချိန်တည်း ထွက်လာသည်။

 
TK Team (Chapter 116)