Chapter 101
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၀၁)


Chapter 101 (မိစ္ဆာဒိဋ္ဌိများ)


"ဟီးဟီး၊ ဒါက ကျွဲမြီးတိုတတ်တဲ့ရှန်ချင်းကျူ မဟုတ်ဘူးလား။ မင်းလည်း ဖယ်ရှားခံလိုက်ရပြီလား"


"…အင်း"


"မင်းကို ဒရုန်းတွေဖျက်ဆီးဖို့ ဘယ်သူက သတ္တိတွေပေးခဲ့တာလဲ"


"တောင်းပန်ပါတယ်၊ ကျွန်တော်က သွေးကြီးတယ်"


"ဒီလိုဆိုရင်တော့ မင်းရဲ့ပြစ်ဒဏ်က နှစ်ဆဖြစ်လိမ့်မယ်။ ဘယ်ကနေစရမလဲ ငါစဉ်းစားလိုက်ဦးမယ်… စကားမစပ် အခုလေးတင် လီလျန့်ပြောတာကို မင်းကြားတယ်မလား"


"ကြားတယ်"


"သူပြောတာအမှန်ပဲလား"


"…အင်း"


"ဒီတော့ မင်းကိုယ်မင်း ဘာကြောင့် ရက်စက်တဲ့၊ စည်းကမ်းမရှိတဲ့၊ မာနကြီးသူအဖြစ် သတ်မှတ်ချင်ရတာလဲ"


"ဘာလို့လဲဆိုတော့ လူတွေက သန်မာတဲ့သူတွေကို အနိုင်ကျင့်ဖို့ ခဲယဉ်းပြီး ကြောက်ရွံ့ကြပေမယ့် ပျော့ညံ့တဲ့သူတွေက အမြဲတမ်း အနိုင်ကျင့်ခံရလို့ပဲ"


"မင်းရဲ့အတိတ်ဇာတ်လမ်းကို ငါသိချင်ပေမယ့် အခုလို အထူးအခြေအနေကို တွေးကြည့်ပြီး ငါမမေးတော့ဘူး… မင်းဘာကြောင့် သန်မာတဲ့သူဖြစ်ချင်ရတာလဲ ငါ့ကိုပြောပြပါ"


"လူတွေ ကျွန်တော့်အပေါ် အထင်မသေးစေချင်လို့"


"အဲဒါကြောင့်ပဲလား"


"အင်း"


"အပြင်ဘက်မှာ မာကျောဟန်ဆောင်ပြီး အတွင်းထဲမှာ ပျော့ပျောင်းပြီးတော့ သူများတွေရဲ့အမြင်တွေကို အရမ်းဂရုစိုက်တာဆိုတော့… မင်းက ကန်(virgo)ရာသီဖွားလား"


"…အင်း"


"အိုး၊ မင်းရဲ့အချစ်ရေးအတွေ့အကြုံအကြောင်း ပြောကြည့်ရအောင်။ အခုထိ ရည်းစားစာတွေ ဘယ်လောက်ရေးပြီးပြီလဲ"


"၁၁၄ စောင်"


"အများကြီးပါလား။ အတိအကျပြောပြပါဦး"


"ကျွန်တော် ၁၄ နှစ်အရွယ်တုန်းက ဘေးအိမ်က အစ်မကြီးကို ချစ်ကြိုက်ခဲ့ပြီးတော့…"


လင်ချီးယဲ့နှင့် တခြားသူများသည် တောင်ပေါ်၌ ပြေးနေစဉ် ရှန်ချင်းကျူ၏ လူသိရှင်ကြားဖော်ထုတ်ခြင်းကို နားထောင်ရန် နားစွင့်နေကြသည်။


"ဘုရားရေ၊ ဒီတစ်ခေါက် အစ်ကိုကျွိုင်းက လုံးဝရှုပ်ထွေး‌တာပဲ" ပိုင်လီဖက်တီးသည် မောဟိုက်နေရင်း အခါအားလျော်စွာ ရယ်မောလေသည်။


လင်ချီးယဲ့သည် တဖြည်းဖြည်း မှုန်မှိန်လာသော ကောင်းကင်ကို မော့ကြည့်ကာ ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။


"ကျင်းနန်တောင်ထဲကို ငါတို့ဝင်တာ ငါးနာရီနီးပါးရှိပြီ၊ လူထက်ဝက်ကျော်လောက်က ဖယ်ရှားခံလိုက်ရပြီးပြီ"


ချောင်ယွမ်းသည် ပိုင်လီဖက်တီးကို‌ ခေါင်းလှည့်ကြည့်ပြီး အံ့အားသင့်စွာ ပြောသည်။ "မင်းအခုလေးတင်ဝင်လာတုန်းက သေတော့မလိုဖြစ်နေတာမဟုတ်ဘူးလား။ အခုအချိန်အထိ ဘယ်လိုထိန်းထားနိုင်ရတာလဲ"


"ငါသတိလစ်သွားမယ်ဆိုရင်တောင် ငါပြစ်ဒဏ်ကို လက်မခံချင်ဘူး" ပိုင်လီဖက်တီးသည် တစ်ခုခုကိုတွေးမိပုံရပြီး သူ့မျက်နှာက ဖြူဖျော့သွားသည်။


"မင်းဒီလိုပြောတော့ မင်းရဲ့လျှို့ဝှက်ချက်နဲ့ပတ်သက်ပြီး ငါပိုပြီးတောင်သိချင်သွားပြီ"


"…သွားစမ်း"


တောင်ပေါ်ကနေဖယ်ရှားခံရသည့် တပ်သားသစ်များပိုများလာပြီးနောက် တောင်ပေါ်ရှိ ဒရုန်းအရေအတွက် သိသိသာသာ တိုးလာသည်။ အစပိုင်းတွင် သူတို့နောက်ကို မောင်းသူမဲ့ ဒရုန်း နှစ်ခု သို့မဟုတ် သုံးခုသာ လိုက်နိုင်ခဲ့သော်လည်း ယခုအခါ တစ်ဒါဇင်ကျော်ရှိနေပြီဖြစ်သည်။


ကံကောင်းထောက်မစွာ နည်းပြများသည် အတော်လေးကိုယ်ကျင့်တရားကောင်းပြီး ဒရုန်းများကို ဘက်ပေါင်းစုံမှ ဝိုင်းရံခွင့်မပြုပေ။ အချိန်တိုင်းတွင် သူတို့ကို ထွက်ပြေးရန် အပေါက်ကိုပေးကာ လွတ်မြောက်ရန် အခွင့်အလမ်းပေးသည်။


ဒရုန်းသည် သူတို့ကို ခဏမျှ လိုက်ဖမ်းကာ သူတို့၏ရုပ်ပိုင်းဆိုင်ရာခွန်အားကို ဖိညှစ်ပြီး ခဏမျှ ပျောက်ကွယ်သွားကာ သူတို့၏ခွန်အားများ ပြန်လည်ကောင်းမွန်လာစေရန် အချိန်တိုပေးပြီး သံသရာလည်နေကာ သူတို့ကို ကန့်သတ်ချက်အစွန်းတွင် တဝဲလည်လည်ဖြစ်နေစေသည်။


ယခုတော့ လင်ချီးယဲ့သည် အဘယ်ကြောင့် ဤအရာကို ပြင်းထန်သောလေ့ကျင့်ရေးဟု ခေါ်သည်ကို နောက်ဆုံး နားလည်သဘောပေါက်သွားခဲ့သည်။


ကျင်းနန်တောင်က ပိုနက်လာလေလေ လူသုံးယောက်၏အရှိန်က နှေးလာလေလေဖြစ်သည်။ ပိုင်လီဖက်တီးသည် လင်ချီးယဲ့နောက်ကနေ ယိမ်းယိုင်စွာလိုက်ရင်း သူ့မျက်နှာက ပို၍ဖြူဖျော့လာသည်။


"မင်းမခံနိုင်တော့ရင် ထိုင်ပြီး ခဏအနားယူလိုက်ပါ" လင်ချီးယဲ့သည် ပိုင်လီဖက်တီး၏အခြေအနေကို သတိပြုမိပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


"ဟင့်အင်း… ဟင့်အင်း… ငါပြေးချင်တယ်…"


ပိုင်လီဖက်တီး၏မျက်လုံးများက လျော့ရဲနေပြီး သူ့အဝတ်အစားများက ချွေးများစိုရွှဲနေပြီဖြစ်သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းချင်းတိုးကာ သူ့မျက်လုံးများက မဆုတ်မနစ်ကြိုးပမ်းမှု အပြည့်ရှိနေသည်။


"လခွမ်း… ငါဘာလို့ သတိမလစ်သေးရတာလဲ…"


ချောင်ယွမ်းက ခဏလောက်တွေးဆပြီး "မင်းခေါင်းကို သစ်ပင်နဲ့ဆောင့်လိုက်ပါလား"


"…ငါ နာကျင်ရမှာ ကြောက်တယ်" ပိုင်လီဖက်တီးက သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ "မင်းတို့တွေ အရင်ပြေးကြ၊ ငါတကယ်သေတော့မယ်ထင်တယ်… ငါခဏနေသတိလစ်သွားရင် မင်းတို့ငါ့ကို ကယ်ဖို့မလိုဘူး"


"တကယ်တော့ ငါတို့မင်းကိုကယ်တင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး…"


ပိုင်လီဖက်တီး၏အမူအရာသည် ရှုံ့တွသွားပြီး နှစ်ကြိမ်မျှ ချောင်းဟန့်ကာ "ငါ့နှလုံးဖောက်နေပြီ၊ ငါ့နှလုံးဖောက်နေပြီ… အား…"


ပိုင်လီဖက်တီးသည် သူ့ရင်ဘတ်ကို ထိလိုက်ပြီး စကားမဆုံးခင် မျက်ဆန်လှန်ပြီး သတိလစ်သွားသည်။


ချောင်ယွမ်းသည် ၎င်းကိုစစ်ဆေးကြည့်ရန် ရှေ့တိုးလာပြီး လင်ချီးယဲ့ကို ခေါင်းညိတ်ပြသည်။ "အဆင်ပြေပါတယ်၊ မောပန်းနွမ်းနယ်လို့ သတိလစ်သွားတာ"


"အင်း၊ သွားကြရအောင်"


လင်ချီးယဲ့သည် လှည့်ပြီး တောအုပ်ဆီသို့ ရှေ့ဆက်သွားခဲ့သည်။


အမှန်အတိုင်းပြောရလျှင် လင်ချီးယဲ့ကိုယ်တိုင်လည်း ကန့်သတ်ချက်ကို ရောက်လုနီးပါးဖြစ်နေသည်။ သူသည် အလေးချိန်ကိုသယ်ပြီး တောအုပ်ကို ငါးနာရီကျော်ကြာဖြတ်သန်းခဲ့သည်။ သူသည် အလယ်တွင် အကြိမ်များစွာ အနားယူခဲ့သော်လည်း သူ့ခန္ဓာကိုယ်က လုံးဝမသန်မာဘဲ ယခုအခါ သူ့မျက်လုံးများက စတင်တောက်နေပြီဖြစ်သည်။


"မင်းလည်းဘာလို့အနားမယူတာလဲ" ချောင်ယွမ်းက လင်ချီးယဲ့ကို ကြည့်လိုက်သည်။


လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူရင်း ခေါင်းကိုခါယမ်းရင်း "ငါတောင့်ခံနိုင်သေးတယ်"


"မင်းဘာလို့ဒီလိုတိုက်ခိုက်နေတာလဲ"


"ကန့်သတ်ချက်ကို ဖြတ်ကျော်မှသာ ပိုပြီးသန်မာလာနိုင်တာ" လင်ချီးယဲ့က တည်ငြိမ်စွာပြောသည်။ "ပိုပြီးသန်မာလာမှ အသက်ရှင်နိုင်မယ်၊ အသက်ရှင်နိုင်မှ အနာဂတ်မှာ ပြန်သွားနိုင်မယ်"


"ပြန်သွားမယ်။ ဘယ်ကိုလဲ"


လင်ချီးယဲ့က ခေါင်းယမ်းလိုက်ပြီး ပြန်မဖြေချေ။


"အနာဂတ်မှာ မင်းရဲ့အပြစ်တွေကို သန့်စင်ပေးချင်လို့ ငါ့ကိုကူညီပေးတာဆိုရင် ဒီလောက်အထိ ငါ့အကြိုက်လုပ်ပေးစရာမလိုဘူး" လင်ချီးယဲ့က ရုတ်တရက် ပြောလာသည်။


"ဟမ်"


"ဒါက အပေးအယူဆိုရင် မင်းလုံလောက်အောင် ပေးဖို့ပဲလိုအပ်တယ်"


"အပေးအယူလား… ဒီတော့ မင်းက ဒီလိုမြင်တာလား"


"မဟုတ်ရင် ဘာလဲ"


"…မင်းမှာ သူငယ်ချင်းမရှိဘူးလား"


"ငါက ငယ်ငယ်လေးကတည်းက မိစ္ဆာဒိဋ္ဌိဖြစ်ခဲ့တာ"


"တိုက်ဆိုင်လိုက်တာ၊ ငါလည်းပဲ" ချောင်ယွမ်းက ပေါ့ပါးစွာဆိုသည်။ "‌ဒါပေမယ့် အဲဒါကြောင့် ငါတို့ သူငယ်ချင်းဖြစ်နေကြတာပဲ မဟုတ်လား"


"ငါနဲ့သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတဲ့ နောက်ဆုံးတစ်ယောက်ရဲ့ဦးခေါင်းကို ငါ့လက်နဲ့ကိုယ်တိုင်ဖြတ်ပစ်ခဲ့ပြီး နောက်ဆုံးတစ်ယောက်ရဲ့ အရှေ့တစ်ယောက်ကိုလည်း မကောင်းဆိုးဝါးရဲ့ပါးစပ်ထဲကို ငါ့လက်နဲ့ကိုယ်တိုင်ပို့ခဲ့တယ်။ အခု အုတ်ဂူပေါ်ကမြက်တွေက မီတာဝက်လောက်မြင့်‌နေလောက်ပြီ" လင်ချီးယဲ့က အမူအရာမဲ့စွာ ပြောလိုက်သည်။


"…မင်းရဲ့သူငယ်ချင်းဖြစ်ရတာ အရမ်းအန္တရာယ်များတာလား"


"ဟုတ်တယ်"


"တကယ်တော့ ငါတို့ကတော်တော်တူတယ်" ချောင်ယွမ်းက ပခုံးတွန့်လိုက်သည်။ "ငါနဲ့အတူ ကစားခဲ့တဲ့ သူငယ်ချင်းဒါဇင်ကို ငါခုတ်ဖြတ်ခဲ့ရုံသာမက တစ်ရွာလုံးကိုလည်း သတ်ပစ်ခဲ့တယ်။ အဲဒီနေ့ကတည်းက ငါကြီးပြင်းလာခဲ့တဲ့ ရွာလေးမှာ ခွေးတစ်ကောင်တောင် မကျန်တော့ဘူး"


"…ငါနဲ့လာမနှိုင်းယှဉ်နဲ့။ ကြည့်ရတာက ငါကမင်းထက် ဆိုးဝါးမှုနည်းတယ်"


"မင်းက အရမ်းထူးခြားတယ်၊ ဆရာတော်ကျင်းချန်ရဲ့ ရှေးဖြစ်ဟောကို ဘေးဖယ်လိုက်ရင်တောင် မင်းကထူးခြားနေတုန်းပဲ" ချောင်ယွမ်းက လင်ချီးယဲ့၏မျက်လုံးများကိုကြည့်ရင်း "တကယ်တော့ ဖြစ်နိုင်ရင် ငါတို့လို မိစ္ဆာဒိဋ္ဌိနှစ်ယောက်က သူငယ်ချင်းဖြစ်လာနိုင်မယ်လို့ ငါမျှော်လင့်နေတုန်းပဲ"


လင်ချီးယဲ့သည် ခဏမျှ တိတ်ဆိတ်သွားပြီး အနောက်တွင် လဲလျောင်းနေသော ပိုင်လီဖက်တီးကို လက်ညှိုးထိုးပြသည်။ "သူကရော"


"သူလား" ချောင်ယွမ်းက ပြုံးလိုက်ပြီး "မင်းမတွေးမိဘူးလား… သူ့မှာလည်း မိစ္ဆာဒိဋ္ဌိအာရုံခံစားမှုရှိတယ်ဆိုတာ"


"ဟုတ်တယ်၊ သူက အရမ်းတုံးပြီး အရမ်းလည်းချမ်းသာတယ်"


"ထိုးထွင်းဉာဏ်ပဲ"



များမကြာမီပင် နည်းပြနှစ်ယောက်သည် သတိလစ်နေသော ပိုင်လီဖက်တီးကို ထမ်းစင်ပေါ်တင်ပြီး အံ့အားသင့်စွာ ပြောခဲ့သည်။ 


"ဒီဖက်တီးလေးက ဒီအထိတောင့်ခံပြီးတော့ သူ့ဘာသာသူ သတိလစ်သွားတယ်"


တခြားနည်းပြတစ်ယောက်က နောင်တရစွာ ခေါင်းယမ်းလိုက်သည်။ "ကံမကောင်းစွာ ပိုင်လီမိသားစုရဲ့ အတင်းအဖျင်းတချို့ကို ကြားရမယ်လို့ ငါထင်ခဲ့တာ။ ဒီမင်းမျိုးမင်းနွယ်မိသားစုရဲ့ မင်းသားလေးရဲ့ ကိုယ်ပိုင်ဘဝက အရမ်းရှုပ်ထွေးတာလို့ ကြားတယ်"


"ဟေ့ ထားလိုက်ပါတော့၊ သယ်သွားရအောင်"


"ဟူး၊ လေးလိုက်တာ"


လူနှစ်ယောက်သည် ပိုင်လီဖက်တီးကို ထမ်းစင်ပေါ်သယ်ပြီး တောင်ပေါ်ကနေ ပြေးဆင်းသွားသည်။


ထမ်းစင်ပေါ်တွင် ဝက်သေတစ်ကောင်လို လဲလျောင်းနေသော ပိုင်လီဖက်တီးသည် နှစ်ကြိမ်မျှသရော်ပြီး တိတ်တဆိတ် သူ့မျက်လုံးများကိုဖွင့်ကာ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်…


တောင်အောက်၌


"ခုနစ်နာရီကျော်သွားပြီ။ လူဘယ်နှယောက်ကျန်သေးလဲ" နည်းပြဟုန်သည် နည်းဗျူဟာတဲဆီသို့ လှမ်းမေးသည်။


ဖန်သားပြင်ကို စိုက်ကြည့်ရင်း နည်းပြအများအပြားက ရေတွက်ပြီး ပြန်ဖြေသည်။


"၁၆ ယောက်ရှိသေးတယ်။ အများစုက ကိုယ်ခံပညာမိသားစုတွေနဲ့ အထူးတပ်ဖွဲ့တွေပဲ၊ တခြားလူတွေက… ဟင်း၊ နည်းနည်းမမျှော်လင့်ထားတာကတော့ လင်ချီးယဲ့နဲ့ ချောင်ယွမ်းတို့ အမှန်တကယ် ကွင်းပြင်ထဲမှာရှိနေသေးတာပဲ"


"သူတို့က တိုက်ခိုက်တာကောင်းပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက သူတို့ရဲ့ သန်မာတဲ့အချက်မဟုတ်ဘူး။ ငါထင်တာမမှားရင် သူတို့တွေ ကန့်သတ်ချက်ရောက်လုနီးပါးဖြစ်နေပြီ"


နည်းပြဟုန်သည် မှောင်မည်းနေသော ကျင်းနန်တောင်ကို မော့ကြည့်လို

က်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။


『TK: 拽哥 (Zhuai Ge) - အစ်ကိုကျွိုင်း

(ရှန်ချင်းကျူက Tsundere ဆန်လို့ ပိုင်လီဖက်တီးက နာမည်ပြောင်ပေးထားတာပါ။)』


TK Team (Chapter 101)