Volume 1 (သေမျိုးနယ်မြေ ၀၉၁)
Chapter 91 (အချိန်ကိုယ်စားလှယ်)
လင်ချီးယဲ့နှင့် တခြားသူများသည် အသားစိမ်းစားရန် နှာခေါင်းကို ပိတ်လိုက်သောအခါတွင် အမွှေးရနံ့တစ်ခု ရုတ်တရက် ပေါ်လာပြီး အားလုံးက အားတက်သရောဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ကြသည်။
လောင်စွန်းသည် ဟင်းပန်းကန်ပြားများပါသော ဗန်းကြီးကို ဆွဲယူကာ လူတိုင်းရှေ့တွင် [မျက်နှာဖုံး] အဖွဲ့ထံ အမြန်လျှောက်သွားခဲ့သည်။
"ဝက်သားနှပ်၊ မှိုနဲ့ကြက်သားကြော်၊ မာရီရှန့်ရှု(ပုရွတ်ဆိတ်သစ်ပင်တက်ခြင်း)၊ ပင်လယ်ငါးကင်… ဟိုး… အရမ်းကောင်းပါလား။" အရသာရှိသော ပန်းကန်များပြည့်နှက်နေတာကိုမြင်တော့ ရွှမ်ဝေါသည် တံတွေးမျိုချပြီး သူ့မျက်လုံးများ တောက်ပလာသည်။
"ဟေ့ မင်းတို့ကောင်စုတ်လေးတွေက ပြန်လာတာရှားတယ်လေ။ ငါမင်းတို့အတွက် သေချာပေါက် ကောင်းကောင်းလုပ်ပေးရမှာပေါ့။" လောင်စွန်းသည် တင်းကျပ်နေသောလက်များကို သူ့ခါးစည်းတွင် ပွတ်သပ်ရင်း ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် လောင်စွန်း။
"ကျေးဇူးတင်ပါတယ် လောင်စွန်း။"
တခြားအဖွဲ့ဝင်အများအပြားသည် တစ်ယောက်ပြီးတစ်ယောက် ကျေးဇူးတင်စကားဆိုကြပြီးနောက် တူကောက်ကိုင်ကာ ရယ်မောစကားပြောရင်း စားသောက်နေကြသည်။
ဂလု…
တိတ်ဆိတ်နေသော ခန်းမထဲတွင် မျိုချသံများ တစ်ယောက်ပြီးတစ်ယောက် မြည်လာသည်။ တပ်သားသစ်များသည် ဒီအနံ့ကိုရသောအခါ အခုလေးတင် ဂျုံပေါင်မုန့်ဖြူကို မနည်းစားနေရသောသူများက ဆက်မစားနိုင်တော့ပေ
ဆာလောင်နေသော တစ္ဆေမျက်လုံးများကဲ့သို့ ထိုမျက်လုံးအစုံနှစ်ရာကျော်သည် နောက်အခိုက်အတန့်တွင် အစာကို လုယူရန် အပြေးအလွှား သွားမည်သကဲ့သို့ [မျက်နှာဖုံး] အဖွဲ့၏ စားပွဲဝိုင်းကြီးကို တည့်တည့်စိုက်ကြည့်နေသည်။
ဝမ်မြန့်သည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ခါးပေါ်က [ယိယွမ်း] ကို စားပွဲပေါ် တိတ်တဆိတ် တင်လိုက်သည်…
ထို့နောက် သူသည် ခေါင်းငုံ့ပြီး ဆက်စားလေသည်။
"ကျွန်တော်သဘောမတူဘူး။ သူတို့ကတော့ အရသာရှိပြီး စပ်တဲ့အစားအစာတွေ စားရပေမယ့် ကျွန်တော်တို့ကျတော့ ဘာလို့ ဂျုံပေါင်မုန့်ဖြူနဲ့ အသားစိမ်းပဲ စားရတာလဲ။" တပ်သားသစ်တစ်ယောက်က မနေနိုင်ဘဲ ညည်းညူလေသည်။
"ဟန့်" လောင်စွန်း၏မျက်နှာပျက်သွားပြီး ဒေါသတကြီးပြန်ဖြေသည်။ "မင်းတို့တွေ ဒီစခန်းကထွက်ပြီး ပြန်လာတဲ့အခါမှ မင်းတို့အတွက် ဒီလိုဟင်းလျာအကြီးကြီး ငါချက်ပေးမယ်။"
ထိုအခိုက်အတန့်တွင် ဝမ်မြန့်သည် တစ်ခုခုကို တွေးနေပုံရပြီး လင်ချီးယဲ့ကို လက်ပြလိုက်သည်။
"ချီးယဲ့ အတူတူစားရအောင်။"
ဝှီး
တပ်သားသစ်များအားလုံးသည် ရုတ်တရက် ခေါင်းလှည့်ကာ အသားစိမ်းစားနေသော လင်ချီးယဲ့ကို စိုက်ကြည့်နေကြသည်။
လင်ချီးယဲ့က မျက်ခုံးပင့်လိုက်သည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ့ဇလုံကိုယူကာ [မျက်နှာဖုံး] အဖွဲ့၏ စားပွဲဝိုင်းဆီသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။
"လာ လာ ကြက်သားစားရအောင်။" ဝမ်မြန့်သည် သန့်ရှင်းသော ပန်းကန်လုံးအသေးတစ်လုံးကို ယူကာ လင်ချီးယဲ့အတွက် အစားအသောက်များ စတင်ထည့်ပေးလေသည်။
"ရွှမ်ဝေါ အဲဒီဘက်က ငါးတချို့ကို ချီးယဲ့အတွက် ထည့်ပေးဦး။"
"ကောင်းပြီ။"
"ဒီဟင်းရည်ကလည်း အရမ်းအရသာရှိတယ်။"
"ငါသူ့အတွက် တူတစ်စုံယူပေးလိုက်မယ်။"
"ထမင်းရော။ ထမင်းလောက်ရဲ့လား။ ငါ့မှာထမင်းရှိသေးတယ်။" ချန်ဝေးသည် မတ်တတ်ထပြီး လင်ချီးယဲ့ကို ထမင်းပေးလိုက်သည်။
[မျက်နှာဖုံး] အဖွဲ့၏သဘောထားသည် လင်ချီးယဲ့အပေါ်တွင် အလွန်ယဉ်ကျေးသောကြောင့် လင်ချီးယဲ့သည် အနည်းငယ်ရှက်လာပြီး သူ့လက်များကို ထပ်ခါတလဲလဲ ဝှေ့ယမ်းလေသည်။
"မဟုတ်ဘူး မဟုတ်ဘူး စားကြပါ။ ကျွန်တော်က ဒီကိုမေးစရာရှိလို့ရောက်လာတာ။ ကျွန်တော့်ဟာကျွန်တော်ပဲစားပါ့မယ်။"
ယွဲ့ကွေက အံ့အားသင့်သွားသည်။ "မင်းက ဒီလောက်ကောင်းတဲ့အစားအစာကိုမစားဘဲ အသားစိမ်းကိုစားမလို့လား။"
"အင်း။"
"ဟေ့… မင်းနောက်က ရဲဘော်တွေရဲ့မျက်လုံးတွေ စိမ်းနေတာကို မင်းမြင်လား။ မင်းတကယ်မစားချင်ဘူးလား။"
"ကျွန်တော်က တပ်သားသစ်တစ်ယောက်ပါ။ တပ်သားသစ်တစ်ယောက် စားသင့်တာပဲ ကျွန်တော်စားပါမယ်။" လင်ချီးယဲ့က ပြတ်ပြတ်သားသား ခေါင်းယမ်းသည်။
လင်ချီးယဲ့က ဒီလိုပြောတော့ [မျက်နှာဖုံး] အဖွဲ့ဝင်အားလုံးသည် ရွေးချယ်စရာမရှိဘဲ ထိုင်လိုက်ကြသည်။ ဝမ်မြန့်သည် လင်ချီးယဲ့ကို သဘောကျစွာကြည့်ပြီး ပြောလိုက်သည်။
"မင်းက ကိုယ်စားလှယ်နဲ့ပတ်သက်ပြီး မေးချင်တာလား။
"ဟုတ်တယ်။"
"မေးလေ။ ငါသိသလောက် မင်းကိုပြောပြမယ်။"
လင်ချီးယဲ့က ခဏလောက်စဉ်းစားပြီး "ကိုယ်စားလှယ်နဲ့ နတ်ဘုရားကြားက ဆက်ဆံရေးကဘာလဲ။"
"မင်းရဲ့မေးခွန်းက အရမ်းလေးနက်တယ်…" ဝမ်မြန့်သည် အချိန်အတော်ကြာ စဉ်းစားပြီး သူ့ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ "အဓိကအားဖြင့် ကိုယ်စားလှယ်နဲ့ နတ်ဘုရားကြား ဆက်ဆံရေးဟာ တကယ်တော့ 'စာချုပ်' ဆိုတဲ့ စကားနှစ်လုံးပဲ။"
"စာချုပ်လား။"
"အကြောင်းတစ်ခုခုကြောင့် နတ်ဘုရားတွေက ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းထဲမှာ တိုက်ရိုက်မပေါ်လာနိုင်ဘူး။ သူတို့တစ်ခုခုလုပ်ချင်ရင် ပြီးမြောက်အောင်ကူညီပေးဖို့ သင့်တော်တဲ့လူကို ရှာရမယ်။ အဲဒီအချိန်မှာ လူတွေနဲ့ နတ်ဘုရားတွေက လျှို့ဝှက်ဆန်းကြယ်စာချုပ်တစ်ရပ်ကို ဖွဲ့စည်းလိမ့်မယ်။
စာချုပ်တစ်ခုရဲ့အနှစ်သာရ အမှန်တကယ်တော့ လဲလှယ်မှုတစ်ခုပဲ။ နတ်ဘုရားက သူ့ရဲ့နတ်စွမ်းအားတစ်စိတ်တစ်ပိုင်းကို ကိုယ်စားလှယ်ဆီ ပေးအပ်ပြီး အလဲအလှယ်အနေနဲ့ ကိုယ်စားလှယ်က တချို့အရာတွေကိုပြီးမြောက်စေဖို့ နတ်ဘုရားကို ကူညီပေးရန် လိုအပ်တယ်။
သေချာပေါက် လူတိုင်းက ကိုယ်စားလှယ်မဖြစ်နိုင်ပါဘူး။ နတ်ဘုရားက မင်းကို ကိုယ်စားလှယ်ဖြစ်ဖို့ အရည်အချင်းပြည့်မီနိုင်တယ်လို့ အသိအမှတ်ပြီးမှသာ ဒီစာချုပ်က ပြီးပြည့်စုံမှာ။"
"စာချုပ်…" လင်ချီးယဲ့သည် ဤစကားလုံးနှစ်လုံးကို ရေရွတ်ရင်း သူ့မျက်ခုံးများက သံသယများဖြင့် ပြည့်နှက်နေသည်။
စာချုပ်တွင် လက်မှတ်ထိုးရလျှင် သူဘာမှမသိတာမျိုးက အဓိပ္ပါယ်မရှိချေ။ ကောင်းကင်တမန်တော်က သူ့ကို နတ်စွမ်းအားတစ်စိတ်တစ်ပိုင်း ပေးခဲ့သော်လည်း သူဘာလုပ်ရမယ်ဆိုတာကိုတော့ မပြောခဲ့ဘူး…
စာချုပ်ထက် ၎င်းက လက်ဆောင်နှင့်ပိုတူသည်ဟု လင်ချီးယဲ့ခံစားရသည်။
"ဒါဆို အချိန်နတ်ဘုရားအတွက် ခင်ဗျားဘာလုပ်ပေးရမှာလဲ။" လင်ချီးယဲ့သည် ဝမ်မြန့်၏မျက်နှာကိင ကြည့်လိုက်ပြီးနောက် သူမေးလိုက်သောမေးခွန်းက အလွန်မယဉ်ကျေးရာကျနေကြောင်း သဘောပေါက်ပြီး ထပ်ပြောလိုက်သည်။ "ခင်ဗျားပြောလို့မရရင် ကျွန်တော်မမေးဘူးလို့ သဘောထားလိုက်ပါ။"
"ငါမပြောနိုင်စရာအကြောင်းမရှိပါဘူး။" ဝမ်မြန့်က ခေါင်းယမ်းလိုက်သည်။ "လွန်ခဲ့တဲ့ရှစ်နှစ် ကိုးနှစ်လောက်က ငါသာမန်လူတစ်ယောက်ဖြစ်နေတုန်း အဲဒီနေ့က လမ်းပေါ်မှာ ကြောင်တောင်တောင်နဲ့ လမ်းလျှောက်နေရင်း ထရပ်ကားကြီးတစ်စီးက မူးပြီး ငါ့ဆီမောင်းလာခဲ့တယ်။
ငါ့မှာ တုံ့ပြန်ဖို့ အချိန်မရှိသလို ငါအတိုက်ခံရမယ့်အချိန်မှာ ငါ့အနားကအချိန်တွေ ရုတ်တရက် ရပ်တန့်သွားတယ်။
နောက်တော့ အချိန်နတ်ဘုရားက ဗလာနတ္ထိကနေ ထွက်ပေါ်လာပြီး ငါနဲ့စာချုပ်ချုပ်ပြီးတော့ ငါ့ကို သူ့ရဲ့နတ်ဘုရားအပျက်အစီးပေးခဲ့ပြီး အလဲအလှယ်အနေနဲ့ အနာဂတ်မှာ ငါက တကမာဂဟာရထဲဝင်ပြီး သူ့ကိုကူညီဖို့ အဲဒီကနေ တစ်ခုခုယူပေးရမယ်။"
"တကမာဂဟာရလား။" လင်ချီးယဲ့က အံ့အားသင့်သွားသည်။ "အဲဒါက ဂျပန်ဒဏ္ဍာရီထဲက နတ်ဘုရားတွေနယ်မြေမလား။"
"ဟုတ်တယ်။"
"အဲဒါက တကယ်ရှိတာလား။"
"အချိန်နတ်ဘုရားက အဲဒါရှိတယ်လို့ပြောတာကြောင့် ရှိကိုရှိရမယ် ဒါပေမယ့်… ငါအဲဒါကို ရှာမတွေ့သေးဘူး။" ဝမ်မြန့်က ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။ "ဒါဆို ညကင်းစောင့်လူသားကိုဝင်တာက ခင်ဗျားရဲ့ကိုယ်ပိုင်ရွေးချယ်မှုလား။"
"ဟုတ်တယ် တကယ်တော့ ငါ ညကင်းစောင့်လူသားကိုမဝင်ခင် ရှေးနတ်ဘုရားကျောင်းရဲ့ နတ်ဆိုးကိုယ်စားလှယ်က ငါ့ဆီချဉ်းကပ်ပြီး သူတို့နဲ့ပူးပေါင်းခိုင်းတယ်။" ဝမ်မြန့်က တည်ငြိမ်စွာပြောသည်။ "ဒါပေမယ့် ငါငြင်းခဲ့တယ်။"
လင်ချီးယဲ့က တွေးဆလိုက်သည်။ "အချိန်နတ်ဘုရားပေးခဲ့တဲ့ပန်းတိုင်က ခင်ဗျားသွားမယ့်စခန်းနဲ့ ဘာမှမသက်ဆိုင်တာကြောင့် သူတို့က ခင်ဗျားကို အဖွဲ့ထဲဆွဲထည့်နိုင်မယ်လို့ ထင်ခဲ့တာလား။"
"ဟုတ်တယ် ရှေးနတ်ဘုရားကျောင်းရဲ့ လူတချို့က တကမာဂဟာရအကြောင်း သဲလွန်စတွေ ရှာတွေ့ခဲ့တယ်ဆိုရင်တောင် ငါသူတို့နဲ့ အတူမနေချင်တာကြောင့် ငါနောက်ဆုံးငြင်းခဲ့တယ်။"
"ဒီတော့ သူတို့လက်လျှော့လိုက်တာလား။"
"အဲလောက်မရိုးရှင်းပါဘူး။ ရှေးနတ်ဘုရားကျောင်းရဲ့ လူတွေက အရူးအုပ်စုတွေပဲ။ သူတို့က မင်းကို သူတို့အဖွဲ့ထဲထည့်လို့မရရင် မင်းကိုသတ်ဖို့ကြိုးစားလိမ့်မယ်။
ငါပထမဆုံး ညကင်းစောင့်လူသားမှာ ပါဝင်တုန်းက သူတို့ကြောင့် သုံးခါ လေးခါလောက် အလစ်ဝင်တိုက်ခိုက်ခံရပြီး အသတ်ခံရတယ်။ ငါသာ ကံကောင်းမနေရင် ဒီနေ့အထိ အသက်ရှင်မှာမဟုတ်လောက်ဘူး။" ဝမ်မြန့်က ပခုံးတွန့်လိုက်သည်။ "ဒါပေမယ့် အခုတော့ သူတို့တွေ ငါ့ဆီမလာရဲတော့ဘူး။"
"ဘာလို့လဲ။"
"သူတို့တွေ ငါ့ကို အနိုင်မယူနိုင်လို့ ပြီးတော့…" ဝမ်မြန့်၏မျက်လုံးများသည် စားပွဲပေါ်ရှိ တခြားအဖွဲ့ဝင်များထံ ကျရောက်လာပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။ "ငါ့မှာ အရမ်းအားကိုးရတဲ့ အဖွဲ့ဝင်တွေရှိတယ်လေ။ တစ်ယောက်ချင်းတိုက်ခိုက်တာပဲဖြစ်ဖြစ် အုပ်စုလိုက်တိုက်ခိုက်တာပဲဖြစ်ဖြစ် သူတို့ငါ့ကိုမထိရဲဘူး။"
"အဟွတ် အဟွတ်… ခေါင်းဆောင် အစာစားနေတဲ့အခါ ရုတ်တရက်ကြီး စိတ်ခံစားရလွယ်တဲ့စကားတွေမပြောတာ အကောင်းဆုံးပဲ။ လူတွေကို စိတ်မချမ်းသာဖြစ်စေတယ်…" ရွှမ်ဝေါက ထူးဆန်းသောအမူအရာဖြစ်နေသည်။
"ဒါပေမယ့် ငါပြောတာအမှန်ပဲလေ။"
"အဲဒီလိုဆိုရင်တောင် အနားမှာဘယ်သူမှမရှိတဲ့အချိန်ထိစောင့်ပြီးမှ ပြောလို့ရတယ်လေ။ အခုပြောလိုက်တော့… ဘယ်လောက်ရှက်စရာကောင်းသလဲ။" ချန်ဝေးက ဝမ်မြန့်ကို ဒေါသတကြီးစိုက်ကြည့်နေသည်။
"အင်း… ငါ နောက်တစ်ခါ သတိထားပါ့မယ်။"
လင်ချီးယဲ့သည် ထိုနေရာတွင် ကြောင်တောင်တောင်ထိုင်ကာ သူတို့ရှေ့ကလူခုနစ်ယောက် ရယ်မောလိုက် ရန်ဖြစ်လိုက်ကို ကြည့်ရင်း အချိန်အတော်ကြာပြီးနောက် သူ့နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေးအပြုံးတစ်ခုပေါ်လာသည်...
『TK: မာရီရှန့်ရှု(ပုရွတ်ဆိတ်သစ်ပင်တက်ခြင်း/蚂蚁上树) - ဘယ်လိုဟင်းလျာလည်းသိချင်ရင် Google သွားခေါက်ကြည့်ပါ။
တကမာဂဟာရ - Takamagahara(ဂျပန်နတ်ဘုရားများနယ်မြေ)』
TK Team (Chapter 91)