Chapter 83
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၀၈၃)


Chapter 83 (ခင်ဗျားအသက်ရှင်နိုင်တာသေချာလား)

"ခဏနေဦး။" ချောင်ယွမ်းသည် ရုတ်တရက် ပါးစပ်ကိုဖွင့်လိုက်ပြီး ထွက်သွားတော့မည်ဖြစ်သော လင်ချီးယဲ့က ရပ်တန့်လိုက်သည်။

လင်ချီးယဲ့က မျက်မှောင်ကြုတ်ပြီး လှည့်လာသည်။

"မင်းရဲ့မျိုးရိုးနာမည်ကဘာလဲ။"

"လင်… သစ်ပင်နှစ်ပင်(林) လင်" လင်ချီးယဲ့က သံသယဖြစ်စွာ ချောင်ယွမ်းကို ကြည့်နေသည်။ "ဘာပြဿနာရှိလို့လဲ။"

"သစ်ပင်နှစ်ပင် မတ်မတ်ရပ်၊ နတ်ဘုရားရှစ်ပါးက တစ်ကိုယ်တည်း၊ ညဘက်မှာ ဆယ်နှစ်ကြာ၊ ငါ့ကမ္ဘာကိုဖြတ်သွားတယ်… ဒါဆို အဲဒါကမင်းပဲ။" ချောင်ယွမ်းသည် လင်ချီးယဲ့ကို ကြောင်တောင်တောင် ငေးကြည့်ရင်း သူ့ကိုယ်သူရေရွတ်လိုက်သည်။

လင်ချီးယဲ့သည် သူပြောတာကို ရှင်းရှင်းလင်းလင်း မကြားရဘဲ သူ့ကိုယ်သူပြောနေတာကိုကြည့်ပြီး မျက်ဆန်လှန်လိုက်သည်။

"အရူး"

"…"

လင်ချီးယဲ့သည် သူနှင့် စိတ်ရှုပ်မခံနေတော့ဘဲ တခြားတိုက်ပွဲကွင်းပြင်သို့ လှည့်ပြေးသွားခဲ့သည်။

ချောင်ယွမ်းသည် ထွက်သွားသော သူ့နောက်ကျောကို တိတ်တဆိတ်ကြည့်ရင်း သူဘာတွေတွေးနေမှန်းမသိပေ။

ရုတ်တရက် တစ်စုံတစ်ယောက်က သူ့နောက်ကနေ ပခုံးကိုပုတ်လိုက်သည်။

ချောင်ယွမ်းနောက်ပြန်လှည့်ကြည့်လိုက်တော့ ထျန်းဖျင်သည် မျှော်လင့်ကြီးစွာဖြင့် သူ့အားကြည့်နေတာကို တွေ့လိုက်ရသည်။

"ငါ့ကိုခုတ်ကြည့်ပါ။ ငါသိချင်တယ်။"

ချောင်ယွမ်းသည် သူ့ကိုကြည့်ပြီးနောက် တိုက်ပွဲကွင်းပြင်တွင် တိုက်ခိုက်နေသော လင်ချီးယဲ့ကို ခေါင်းလှည့်ကြည့်ကာ တခဏတာတုံ့ဆိုင်းသွားပြီး ဖြည်းညှင်းစွာ ကိုင်းညွတ်လိုက်သည်…

မြေပြင်ပေါ်မှ ဓားကို ကောက်ကိုင်လိုက်သည်။

ထျန်းဖျင်၏ မျက်လုံးများ တောက်ပလာသည်။

"အခု သူက ငါ့ကို စစ်ပြေးတစ်ယောက်လို့ ထင်နေပုံပဲ… ဒီမကောင်းတဲ့အထင်အမြင်တွေကို ငါပြန်ပြောင်းရမယ်။" ချောင်ယွမ်းသည် ဓားကိုကိုင်နေရင်း သူ့ကိုယ်သူရေရွတ်လိုက်သည်။

"မင်းဘာပြောလိုက်တယ်။" ထျန်းဖျင်က ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။

"ခင်ဗျားအသက်ရှင်နိုင်တာသေချာလား။" ချောင်ယွမ်းသည် လက်တစ်ဖက်ဖြင့် ဓားအိမ်ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားလက်ကိုင်ကိုကိုင်ကာ ထျန်းဖျင်ကိုကြည့်ရင်း အလေးအနက်ပြောလိုက်သည်။

"ခင်ဗျားမသေချာရင် ကျွန်တော် ဟိုဘက်က 'ဝမ်' မျက်နှာဖုံးနဲ့လူဆီ သွားလို့ရတယ်။"

ထျန်းဖျင်က ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။ "စိတ်မပူပါနဲ့။ ဒီလိုအသေးအမွှားကိစ္စအတွက် ခေါင်းဆောင်ကို ရှေ့တက်ခိုင်းဖို့ မလိုပါဘူး။"

"အိုး ဒါဆို ကျွန်တော် ဓားထုတ်လိုက်မယ်။"

ချောင်ယွမ်းသည် အသက်ပြင်းပြင်းရှူပြီး ဓားလက်ကိုင်ပေါ်တွင် သူ့လက်ကို ချလိုက်သည်။

သူ့လက်ချောင်းထိပ်များက ဓားလက်ကိုင်ကို ထိလိုက်သည်နှင့်

နားမလည်နိုင်သော ထိတ်လန့်ဖွယ်စိတ်အာရုံက ထျန်းဖျင်၏ရင်ထဲတွင် တက်လာသည်။

တစ်ချိန်တည်းမှာပင် တိုက်ပွဲကို ငြိမ်သက်စွာကြည့်နေသော တစ်ဖက်မှ ဝမ်မြန့်သည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး အဝေးမှ ချောင်ယွမ်းကိုစိုက်ကြည့်ကာ သူ့မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဓားသည် ဓားအိမ်ကနေ ထွက်လာ၏။

အနက်ရောင်သတ်ဖြတ်ခြင်းအရောင်အဝါသည် ကောင်းကင်သို့ တက်လာပြီး မီးတိုင်တစ်ခုလိုပင်။

ချောင်ယွမ်း၏ အရေပြားမှ နက်မှောင်သော မီးတောက်များ ထွက်ပေါ်လာပြီး သူ့အင်္ကျီကို ချက်ချင်း လောင်ကျွမ်းစေကာ ဒဏ်ရာများဖြင့် ဖုံးအုပ်ထားသည့် သန်မာသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။ အနက်ရောင်မီးတောက်များသည် သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် ရောယှက်ကာ ထူးဆန်းသောလူသားသဏ္ဌာန်အင်္ကျီအဖြစ်သို့ တဖြည်းဖြည်း ခိုင်မာလာသည်။

လူသားလို နတ်ဆိုးလိုပင်။

ဟူး…

သူ့နှုတ်ခမ်းထောင့် အနည်းငယ်ပွင့်လာပြီး သူ့ခန္ဓာကိုယ်မှ အဖြူရောင်အငွေ့များ ထွက်လာသည်။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ရာ သွေးရောင်ထူးဆန်းသော မျက်လုံးအိမ်တစ်စုံကို တွေ့လိုက်ရသည်။

သူ့မျက်လုံးထဲတွင် အသိတရား ဒါမှမဟုတ် တည်ငြိမ်မှုလုံးဝမရှိဘဲ သားရဲသတ္တဝါနှင့်တူသည်။

ထျန်းဖျင်၏ မျက်လုံးအိမ်များသည် ရုတ်တရက် ကျုံ့သွားကာ သူ့စိတ်ထဲတွင် မသက်မသာ ခံစားချက်များ ပြင်းထန်လာသည်။ သူချက်ချင်းနောက်ပြန်ဆုတ်သွားပြီး ချောင်ယွမ်းနှင့် ခပ်ခွာခွာနေရန် ပြင်ဆင်နေသည်။

သူ့ခြေဖဝါးက မြေပြင်မှ ထွက်သွားသည်နှင့် တပြိုင်နက် ချောင်ယွမ်းသည် သူ့ရှေ့တွင် တစ္ဆေတစ်ကောင်လို လျှပ်တပြက်ပေါ်လာသည်။ 

သူသည် သူ့လည်ပင်းကို ရည်ညွှန်းပြီး

အပြုံးဖြင့် ဓားကိုဝှေ့ယမ်းလိုက်သည်။

ဓားပေါ်တွင် အနက်ရောင်မီးတောက်များသည် ထျန်းဖျင်အနီးနားရှိ ခုခံမှုကွင်းပြင်ဖိအားကို အလွယ်တကူဖြတ်ကျော်ဝင်ရောက်ကာ ထျန်းဖျင်၏ခေါင်းကို တိုက်ရိုက်ယူဆောင်သွားခဲ့သည်။

ထျန်းဖျင်၏နှလုံးက လှုပ်ခတ်သွားသည်။

ဒီအခိုက်အတန့်မှာ လူငယ်လေးသည် သူ့မျက်လုံးများကို အလေးအနက်စိုက်ကြည့်ရင်း မေးသည့်မေးခွန်းကို သူသတိရလိုက်မိသည်။

"ခင်ဗျားအသက်ရှင်နိုင်တာသေချာလား"

သေချာလားတဲ့။

ဒါကဘာကြီးလဲ။

ဤဓားသည် ထျန်းဖျင်ကို သေရေးရှင်ရေးအကျပ်အတည်းအား ခံစားရစေခဲ့သည်။

သူ့နယ်ပယ်ဖိနှိပ်ထားတာကို မလွတ်မြောက်ပါက သူ၏ 'ကျန်' နယ်ပယ်ဖြင့် ဒီဓားကနေ သေချာပေါက် အသက်ရှင်သန်နိုင်မှာမဟုတ်ဘူး။

ထျန်းဖျင်သည် သူ့နယ်ပယ်ကို လွတ်မြောက်ခါနီးတွင် သူ့မျက်လုံးများရှေ့မှာ ဝေဝါးသွားသည်ကို ခံစားလိုက်ရပြီး သူ့ရှေ့တွင် အသွင်အပြင်တစ်ခု ရုတ်တရက် ပေါ်လာသည်။

လက်ထဲတွင် အနက်ရောင်ဓားတစ်လက်နှင့် 'ဝမ်' မျက်နှာဖုံးကို တပ်ထားသော အမျိုးသားတစ်ယောက်ဖြစ်သည်။

ချွင်…

စူးရှသော တိုက်မိမှုတစ်ခု ထွက်ပေါ်လာပြီး နေဝင်ရီတရောတွင် တောက်ပနေသော မီးတောက်များ ထွက်ပေါ်လာသည်။ ဝမ်မြန့်၏ [ယိယွမ်း] နှင့် ချောင်ယွမ်း၏ဓားတို့သည် အချင်းချင်း ခုတ်ဖြတ်သွားပြီး သူတို့နှစ်ယောက်၏ အလယ်ဗဟိုတွင် လေပြင်းများ ထွက်လာသည်။

ထို့နောက် [ယိယွမ်း] ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဓားအရောင်အဝါတစ်ခု ထွက်သွားရာ ချောင်ယွမ်းသည် သူ၏ဓားဖြင့်ခုတ်ဖြတ်ပြီး အဝေးမှအပျက်အစီးများထဲသို့ တိုက်ရိုက်ထိမှန်သွားသည်။

ဝမ်မြန့်သည် ဓားကို ဓားအိမ်ထဲထည့်လိုက်ပြီး ထျန်းဖျင်ကို လှည့်ကြည့်ကာ ကူကယ်ရာမဲ့ပြောလိုက်သည်။ 

"ထျန်းဖျင် မင်းက ရန်သူ့ကို အထင်သေးလွန်းတယ်။"

"အဲလိုမဟုတ်ဘူး…" ထျန်းဖျင်သည် သူ့မျက်လုံးထောင့်များကို ပွတ်သပ်ပြီး အသိပြန်မလည်သေးပေ။ "အဲဒီအရာကဘာကြီးလဲ။"

"တားမြစ်အပျက်အစီး နံပါတ်စဉ် ၀၃၁ [ဟေးဝမ်ဓားချက်] ပဲ။"

"[ဟေးဝမ်ဓားချက်]… ဒီလောက်တားမြစ်အပျက်အစီးနံပါတ်စဉ်မြင့်တဲ့လူကို ငါပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။"

"အမှန်ပဲ။ တားမြစ်အပျက်အစီးတွေ ထိပ်ဆုံး ၃၀ ကို နတ်ဘုရားနယ်ပယ်လို့ခေါ်တယ်။ ဒီတားမြစ်အပျက်အစီးတွေ ၃၀ ထဲမှာ အများစုကို နတ်ဘုရားတွေပိုင်တယ်လို့ ဆိုလိုရုံသာမက… ဒီတားမြစ်အပျက်အစီးတွေ ၃၀ တည်ရှိမှုက နတ်ဘုရားနယ်ပယ်ထဲကို တိုးဝင်နေပြီလို့ဆိုလိုတယ်။

နံပါတ်စဉ် ၀၃၁ ရဲ့ [ဟေးဝမ်ဓားချက်] က နတ်ဘုရားတို့ရဲ့အောက် သတ္တဝါအားလုံးရဲ့အထက်မှာ အမှန်တကယ်တည်ရှိနေတယ်။"

ဝမ်မြန့်သည် အဝေးက အပျက်အစီးများမှ မတ်တတ်ထရပ်လာသော ချောင်ယွမ်းကိုကြည့်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒီစွမ်းအားက အရမ်းအင်အားကြီးပြီး သူက အရမ်းအားနည်းတာကြောင့် တားမြစ်အပျက်အစီးကို အသုံးပြုပြီးရင် သူက လုံးဝသတိလစ်သွားမှာဖြစ်ပြီး သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားဖို့ တိုက်ခိုက်ရေးဗီဇကိုပဲ အားကိုးလိမ့်မယ်။ ဒါက တကယ့်ကို မိတ်ဆွေရန်သူမခွဲခြားနိုင်တဲ့ တိုက်ခိုက်မှုပဲ။ သူရူးသွပ်သွားတဲ့အခါ သူ့အဖွဲ့ဝင်တွေကိုတောင် ပြန်သတ်ပစ်လိမ့်မယ်။"

"ငါသိပြီ…" ထျန်းဖျင်၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း မြင့်တက်လာပြီး အရူးချောင်ယွမ်း၏မျက်လုံးများကို စိုက်ကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။ "အခုလေးတင် ငါသတိလက်လွတ်ဖြစ်သွားတယ်။ အခုတော့… ငါအားလုံးထုတ်သုံးပြီး ဒီအရူးနဲ့ ကောင်းကောင်းသွားဆုံတွေ့တော့မယ်။"

သူသည် သူ၏လက်ငါးချောင်းကို ယှက်ထားပြီး သူ့ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော လက်နက်များနှင့် နံရံအုတ်များသည် တစ်ချိန်တည်းမှာပင် လေထဲတွင် တွဲလောင်းကျနေပြီး ချောင်ယွမ်းကို မြေပြင်ပေါ်တွင် ပိတ်လှောင်ထားသည်။

ချောင်ယွမ်းသည် ဓားကိုကိုင်ထားပြီး သွေးနီရောင်မျက်လုံးများက လေထဲရှိ ထျန်းဖျင်ကို စိုက်ကြည့်ရင်း အနက်ရောင်မီးတောက်များ လိပ်တက်သွားကာ နှုတ်ခမ်းထောင့်တွင် ကြောက်မက်ဖွယ်အပြုံးတစ်ခု ပေါ်လာသည်။

နောက်အခိုက်အတန့်တွင် သူ့အသွင်အပြင်သည် အပျက်အစီးများကို တစ္ဆေကဲ့သို့ လျှပ်တပြက် ဖြတ်သွားသည်။

"သွားတော့။" ထျန်းဖျင်သည် သူ့လက်ချောင်းများကို ညင်သာစွာ တောက်လိုက်သည်နှင့် ကောင်းကင်မှ အုတ်ခဲများနှင့် ကျောက်တုံးလက်နက်များသည် တညီတညွတ်တည်း လှည့်လာကာ စက်သေနတ်များကဲ့သို့ ထွက်လာပြီး မြေပြင်ကို အနည်းငယ် တုန်ခါသွားသည် 

ဗုန်း ဗုန်း

အနက်ရောင်မီးတောက်များ ထွက်ပေါ်လာပြီး ဓားမီးတောက်အောက်တွင် ချောင်ယွမ်းသည် ပြုတ်ကျနေသော အရာဝတ္ထုများကို အလွယ်တကူဖြတ်သွားကာ အရှိန်သည် အလွန်လျင်မြန်ပြီး ချက်ချင်းပင် သူသည် ထျန်းဖျင် အောက်မှာ ရှိနေခဲ့သည်။

သူ့ခြေထောက်တွေကန်လိုက်။

သူကမြင့်မြင့်ခုန်လိုက်။

သူ့ဓားသည် ထျန်းဖျင်၏ခန္ဓာကိုယ်ကိုထိခါနီးတွင် ထျန်းဖျင်သည် ယိမ်းယိုင်ပြီး မီတာများစွာ လွင့်ပျံသွားသည်...

ထို့ကြောင့် ရူးသွပ်သောအခြေအနေရောက်နေသည့် ချောင်ယွမ်းသည် အလွန်ဆိုးရွားသော ပြဿနာတစ်ရပ်ကို တွေ့ရှိခဲ့သည်။

သူမရောက်နိုင်ဘူး…

"ဟီးဟီးဟီး…" ပျံသန်းရင်း ထျန်းဖျင်သည် အောက်တွင် မှင်တက်နေသော ချောင်ယွမ်းကို ရယ်မောလိုက်သည်။ "မင်းမပျံနိုင်လို့ ဒေါသထွက်နေတာလား။"

ချောင်ယွမ်း: "…"

"လခွမ်း ဒီလူက အရမ်းအရှက်မဲ့တာပဲ။" အဝေးကနေ တိုက်ပွဲကိုကြည့်နေသော ပိုင်လီဖက်တီးက မနေနိုင်ဘဲ ဆဲဆိုလေသည်။

"ဒီကောင်က အရမ်းသန်မာလွန်းပြီး မြေပြင်မှာ တကယ်တစ်ယောက်ချင်းတိုက်မယ်ဆိုရင် ဝမ်မြန့်ကလွဲလို့ ဘယ်သူမှ သူ့ပြိုင်ဘက်မဖြစ်နိုင်တာကြောင့် ငါတို့သူ့ကို ဒီအတိုင်းပဲ ဆွဲခေါ်သွားရမှာ။" လင်ချီးယဲ့သည် သူ့မေးစေ့ကို ထိပြီး ရေရွတ်လိုက်သည်။ "အခုလေးတင် ဒီကောင်က အရမ်းသန်မာတယ်…"

သူသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အဝေးက ဝမ်မြန့်ပေါ် သူ့မျက်လုံးများကျသွားကာ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ကိုယ့်ဘာသာကိုယ်ဂရုစိုက်နော်။" လင်ချီးယဲ့သည် ပိုင်လီဖက်တီး၏ပခုံးကိုပုတ်ပြီး သူ့အသွင်အပြင်သည် ဖျတ်ခနဲ ထိုနေရာမှ ထွက်ခွာသွားသည်။

ပိုင်လီဖက်တီး တစ်ခုခုပြောတော့မည်ဖြစ်ပေမယ့် လင်ချီးယဲ့က အဝေးကိုပြေးသွားပြီဖြစ်သည်။

သူသည် ခေါင်းကိုကုတ်လိုက်ပြီး ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် ယောင်ဝါးဝါး လအရိပ်တစ်ခုက သူ့နောက်သို့ ခိုးကြောင်ခိုးဝှက်ရောက်လာသည်…

ဓားမြောင်၏ထိပ်က မြင့်တက်လာပြီး

ပိုင်လီဖက်တီး၏ခေါင်းနောက်ကို ထိုးလိုက်သည်။

ဘမ်း…

မမြင်နိုင်သောရွှေရောင်ဒိုင်းကာတစ်ခုသည် ပိုင်လီဖက်တီးပတ်ပတ်လည်တွင် ရုတ်တရက်ပေါ်လာပြီး ယွဲ့ကွေ၏လက်ထဲမှ ဓားမြောင်ကို တိုက်ရိုက်တွန်းထုတ်လိုက်သည်။

ပိုင်လီဖက်တီးသည် အံ့အားသင့်သွားပြီး ရှက်ရွံ့နေသော ယွဲ့ကွေကိုကြည့်ရန် ခေါင်းကိုဖြည်းညှင်းစွာလှည့်ကာ ခေါင်းစောင်းလိုက်သည်။

"ဟမ်… ခင်ဗျားက… ကျွန်တော့်ကို အလစ်ဝင်တိုက်ခိုက်ဖို့ ကြိုးစားနေတာလား။"

『TK: Lin Qi Ye (林七夜) - လင်ချီးယဲ့
木(Mu/မု) = သစ်ပင်
林(Lin/လင်) = တောအုပ်
သစ်ပင်တစ်ပင်က '木'(မု) ဖြစ်ပြီး သစ်ပင်နှစ်ပင်ဆိုရင် 'တောအုပ်'(လင်/林)ဖြစ်ပါတယ်။
'လင်ချီးယဲ့'နာမည်၏အဓိပ္ပါယ်—
လင်(林/Lin) = တောအုပ်
ချီး(七/Qi) = ခုနစ်
ယဲ့(夜/Ye) = ည』

TK Team (Chapter 83)