Chapter 124
Viewers 18k

🤒အခန်း ၁၂၄



မူလတည်းက လျှောက်လမ်းမှမီးအလင်းရောင်က အတော်လေးမှိန်နေခဲ့ပြီး အခန်း၏တံခါးစပ်အနားအထိပင်မရောက်နိုင်ပေ။ အခန်းကမည်းမှောင်နေခဲ့သည်။ မျက်နှာကျက်မှကြမ်းပြင်အထိရှည်သောပြတင်းမှ အလှဆင်မီးရောင်တို့၏ ခပ်ဖျော့ဖျော့အလင်းရောင် တစ်ခုတည်းသာရှိနေခဲ့သည်။ လူငယ်လေးနှစ်ယောက်၏ပုံရိပ်က ဝေဝါးလာပြီး အရိပ်ကိုသာ ကောင်းကောင်းမြင်နိုင်၏။


"ဘာလို့မီးမဖွင့်..."


ကျူးထုန်ကပြောပြောဆိုဆိုပင် တံခါးဘေးမှခလုတ်ရှိရာကိုလက်လှမ်းလိုက်သည်။


သူ စကားဆုံးအောင်ပင်မပြောရသေးခင် လက်ကောက်ဝတ်မှာ ဆုပ်ကိုင်ခံလိုက်ရသည်။ ကျူးထုန်မှာ သူအရှေ့သို့ဆွဲခံလိုက်ရပြီး ရင်းနှီးနေသည့်ပွေ့ဖက်မှုထဲသို့ကျသွားသည်ကိုခံစားလိုက်ရ၏။ စောင့်ပင်မစောင့်တော့ဘဲ ရှောက်မင်ကသူ့ကိုဆွဲခေါ်ပြီး ထောင့်တွင် ချုပ်ထားလိုက်သည်။


နှစ်ယောက်ကြားမှအကွာအဝေးက နီးကပ်နေသည်။ ကျူးထုန်မှာ လူငယ်လေး၏ပူနွေးနေသော အငွေ့အသက်ကို အကြားအလပ်မရှိခံစားနေရ၏။ လေထုက ပိုမိုပူနွေးကာစိုထိုင်းလာခဲ့ပြီး သူ့အား ကြောင်အနေစေသည်။ ချက်ချင်းဆိုသလိုပင် ခေါင်းမော့လိုက်မိ၏။ 


"ဘာလုပ်တာလဲ.."


ရှောက်မင်အတွက်က သူရုန်းနေသည်ကို ထိန်းထားရန်မခက်ခဲပေ။ သူ၏တွန့်လိမ်နေမှုကို အလွယ်တကူထိန်းသိမ်းထားလိုက်နိုင်ပြီး စကားပြောလာရာတွင် သူ့အသံကလည်း တိုးလျနေလေသည်။ 


"မင်း ဒီနေရာရောက်တဲ့အထိ ကိုယ့်အနောက်ကိုမစဥ်းစားဘဲလိုက်လာခဲ့တယ်၊ မင်းကိုဖွင့်ပြောထားတဲ့ကောင်က မင်းကိုဘာမှမလုပ်နိုင်ဘူးထင်လို့လား.."


ကျူးထုန်မှာ အသက်ရှူအောင့်ထားမိလေ၏။


ရှောက်မင်ကသူ့အား နံရံတွင်ချုပ်ထားခဲ့သည်။ သူတို့နဖူးကို အတူဖိကပ်ထားပြီး နှာတံထိပ်ဖျားလေးများကလည်းထိစပ်နေခဲ့သည်။ ယခုလို အန္တရာယ်ရှိသောအခြေအနေအောက်မှာပင် သူဆက်မေးလိုက်သေးသည်။ 


"သခင်လေး၊ ပေးထားတဲ့ကတိကို တည်နိုင်မယ်လို့ထင်လား.."


ကျူးထုန်: "......"


အဲဒီအချိန်က ဘာလို့ သင့်တော်တဲ့နောက်ဆုံးအဖြေကိုမပေးမိရတာလဲ။


နာရီနည်းနည်းပဲကြာတာမလား။


သူကဘာလို့ဒီလောက်တောင် အလျင်လိုနေတာလဲ။


သူက ဆာလောင်နေတဲ့ ဝံပုလွေပါးစပ်ထဲကို ဝင်လာမိတဲ့သိုးဖြစ်သွားပြီလား။


ကျူးထုန်မှာ ရှောက်မင်၏နှာခေါင်းဖြင့် ပွတ်တိုက်ခံနေရသောကြောင့် ယားယံလာသလိုခံစားရလေသည်။ သူက စကားပြောလိုက်ချိန်တွင် ခေါင်းကိုတဖက်လှည့်လိုက်မိ၏။ 


"ငါ..ငါ စဥ်းစားဖို့အချိန်လိုနေလို့ပါ.."


"ဘယ်လောက်လိုတာလဲ.."


"....."


ကျူးထုန်၏စိတ်က ဗလာကျင်းသွားလေသည်။ သင့်တော်သည့် နောက်ဆုံးအချိန်ကိုဖယ်ထားလိုက်ပါက အခြေခံအတွေးလေးပင်မတွေးနိုင်တော့ပေ။


ရှောက်မင်က အသံတိုးတိုးဖြင့်ဆက်ပြောလိုက်သည်။


"ကိုယ်က အဲဒီလောက်အကြာကြီး မစောင့်နိုင်ဘူးဆိုရင်ရော.."


ကျူးထုန်: "....."


သူ ဒီလောက်အကြာကြီး စကားမပြောဖူးသေးဘူး။


သူတို့နှစ်ယောက် ယခုလောက်နီးကပ်နေခြင်းမျိုး မရှိခဲ့ဖူးပေ။ ရှောက်မင်က စကားဆက်မပြောတော့သော်လည်း ကျူးထုန်မှာ သူစိတ်အခြေအနေပြောင်းလဲသွားမှုကိုခံစားမိလိုက်သည်။


သူတစ်ခုခုကိုထိန်းချုပ်ထားနေသည်။ တောင့်ခံထားနေသည်။


ကျူးထုန်နှလုံးက အရူးအမူးခုန်လှုပ်နေလေသည်။ ပတ်ပတ်လည်တွင် ရေအဝိုင်းခံထားရပြီး လွတ်လမ်းမရှိတော့သောပုရွက်ဆိတ်တစ်ကောင်ပမာ လွတ်မြောက်ရာလမ်းမရှိတော့ပေ။


သူထုတ်ပြောလိုက်မိသည်။ 


"မင်းတွေးကြည့်ဖူးလား၊ ငါတို့ကငယ်သေးတယ်၊ မင်းအခုတွေးနေတာတွေက အထင်လွဲတာမျိုးလည်းဖြစ်နိုင်..."


"ကိုယ်မင်းကိုသဘောကျနေတာက ကိုယ့်ခံစားချက်တွေကိုနားလည်ဖို့အထိ ငယ်လွန်းသေးတယ်လို့မင်းကထင်နေတာလား၊ ကိုယ်အခုအသက်ဘယ်လောက်ရှိပြီလဲဆိုတာ မင်းသိလား.."


"....."


ကျူးထုန်ကခေါင်းယမ်းပြပြီးပြန်ဖြေလိုက်သည်။ 


"မဟုတ်ပါဘူး၊ ငါထင်တာက မင်းကငါ့ကိုဘယ်လိုလုပ်သဘောကျနိုင်မှာလဲ၊ ငါက..."


သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားသော ရှောက်မင်၏လက်က နည်းနည်းချင်းတင်းကျပ်လာခဲ့သည်။ သူ့မျက်နှာပေါ်မှအပြုံးကလည်း ခန့်မှန်းရခက်စွာဖြင့် ပုံပျက်လာခဲ့သည်။ 


"ကိုယ်ကမင်းကိုဘယ်လိုလုပ် သဘောမကျပဲနေမှာလဲ.."


သူက တည်ငြိမ်နေသောအသံဖြင့်သာပြောလိုက်လေသည်။


 "ကျူးထုန်၊ မင်း ကုန်းရွှေစီရင်စုကိုပြောင်းလာတုန်းက ကိုယ်နဲ့အတူထိုင်ဖို့ ကျောင်းအုပ်ကိုတောင်းဆိုခဲ့တယ်လေ၊ ကိုယ့်ရဲ့ပြဿနာတွေကိုရှင်းပေးဖို့လည်း မင်းကအရှေ့ကိုထွက်လာခဲ့တယ်၊ ကိုယ်ကမင်းကိုသဘောကျလိမ့်မယ်လို့ တွေးခဲ့ဖူးလား၊ ချိုးရှောက်ဖျင်က ရူးသွားတဲ့အချိန်မှာ မင်းကခုန်ဝင်လာပြီး သူ့ဓားကိုကာခဲ့တယ်၊ ကိုယ်မင်းကိုသဘောကျသွားမှာပဲလို့တွေးခဲ့လား၊ မင်းကကိုယ်နဲ့ ပရောပရည်လုပ်နေပေမဲ့ မင်းရဲ့အချိန်စေ့သွားတုန်းက မငြင်းဘဲ အလိုက်သင့်လေးနေခဲ့တယ်၊ မင်းစိတ်ထဲမှာ ကိုယ်မင်းကိုသဘောကျနေလောက်တယ်လို့ တွေးခဲ့ရဲ့လား.."


သူ၏ရုတ်တရက်ထုတ်ပြောလိုက်မိသောစကားဆုံးသွားသည်နှင့် နှစ်ယောက်လုံး တပြိုင်တည်းမှာပင်ကြောင်အသွားခဲ့သည်။


ကျူးထုန်မှာ နှုတ်ခမ်းတို့ကိုလှုပ်ရှားလိုက်သော်လည်း သူပြောနိုင်သည်မှာ "မင်း..." တစ်လုံးသာ။


သူက "ဘာလို့လဲ" ဟုမမေးရသေးခင် အနွေးဓာတ်ကနီးကပ်လာပြီး သူ့အားရစ်ပတ်ထားလိုက်တော့သည်။


ကျူးထုန်မှာ ရှောက်မင်က ယခုလိုမှောင်မည်းနေသည့်နေရာတွင် သူ့အားချုပ်ထားသည့်အတွက် တကယ်ကိုနားမလည်နိုင်တော့ပေ။


အမှောင်ထုထဲ၌ လူငယ်လေးနှစ်ယောက်၏အသက်ရှူသံတို့က ယှက်နွယ်နေခဲ့သည်။ သူတို့၏နူးညံ့သောနှုတ်ခမ်းတို့က တစ်ခုအပေါ်တစ်ခုထပ်နေခဲ့ကြသည်။ ကျူးထုန်မှာ သူ့နှုတ်ခမ်းများကို ဆွဲယူခံနေရသည်ဟုခံစားလိုက်ရပြီး ခဏအကြာ၌ သူတို့နှုတ်ခမ်းတို့က ကွာသွားခဲ့သည်။


ရှောက်မင်အသံက အက်ကွဲနေလေသည်။


 "မင်းတစ်ခုခုကိုဖုံးကွယ်ထားတာမလား.."


ကျူးထုန်: "....."


သူကဘာကိုဖုံးကွယ်ထားရမှာလဲ။


ကျူးထုန်က စိတ်ရှုပ်ထွေးသွားခဲ့သည်။ 


"ငါ..."


သူ ပါးစပ်ဟလိုက်သည်နှင့် လူတစ်ယောက်က ၎င်းကိုအခွင့်ကောင်းယူသွားတော့သည်။


လူငယ်လေး၏ ကိုယ်လုံးသေးသေးလေးက သူ့လက်မောင်းထဲတွင်ရှိနေခဲ့ပြီး သူ့ခေါင်းကို အပေါ်မော့ရန် ဖိအားပေးခံထားရသည်။ အားနည်းသောမီးရောင်ကြောင့် ကျူးထုန်မှာ အသေအချာမမြင်ရလေရာ မျက်လုံးကိုသာမှိတ်ထားလိုက်ရတော့သည်။


သူ၏တောင့်တင်းနေသောကိုယ်လေးက ပြေလျော့သွားသော်လည်း သူ့အားချုပ်ထားသောလက်တို့က ပိုမိုတင်းလာခဲ့သည်။


လူငယ်လေးနှစ်ယောက်၏ သွားနှင့်နှုတ်ခမ်းတို့ကြားမှငြိတွယ်မှုက ၎င်းတို့၏အသိစိတ်ကို တဖြည်းဖြည်းချင်းပျောက်ဆုံးလာစေခဲ့သည်။ အသိစိတ်ပျောက်စေလောက်သောအကြောင်းပြချက်ကြောင့် အနမ်းကပိုပြီးနက်ရှိုင်းလာခဲ့သည်။


အမှောင်ထုအတွင်းမှအနမ်းနှင့် တိတ်ဆိတ်မှုက သူတို့၏အသက်ရှူသံကိုယူဆောင်သွားခဲ့သော်လည်း နှလုံးခုန်နှုန်းကိုမူ အရှိန်မြန်လာစေခဲ့သည်။


အလွန်တရာမှဆန်းကြယ်လှသော်လည်း အံ့ဩစရာအတွေ့အကြုံပင်။ တချိန်တည်းမှာပင် အနည်းငယ်လည်းချိုမြိန်နေခဲ့လေသည်။


သူ့ကျောက အေးစက်စက်နံရံကိုမှီထားရပြီး အရှေ့တွင်တော့ ပူနွေးလှသောအငွေ့အသက်ကရှိနေခဲ့သည်။ ကျူးထုန်ခမျာ အပူနှင့်အအေးကြားတွင်ပိတ်မိနေခဲ့ရ၏။ သူ့စိတ်ကဗလာကျင်းနေပြီး ခေါင်းထဲတွင် တဝီဝီမြည်သံကသာ ရိုက်ခတ်နေလေသည်။


ရှောက်မင်က သူ့အားနမ်းရှိုက်နေခဲ့သည်။


ထိုအသိတရားက ကျူးထုန်ကို တမဟုတ်ချင်းကူကယ်ရာမဲ့သွားစေခဲ့သည်။


အခြားသူကိုထိတွေ့ထားရသည်။ အခြားသူနှင့်နီးကပ်နေရသည်။ ၎င်းအရာတို့က သူငြင်းပယ်နေကျဖြစ်ပြီး သူတွေးပင်မတွေးရဲခဲ့သောအရာများပင်ဖြစ်လေသည်။ ယခုမူ ဤသို့သော အရိုင်းဆန်လှသည့်ချဥ်းကပ်မှုကိုရင်ဆိုင်နေရလေပြီ။


အဘယ်ကြောင့်ဆိုသော် ဤလူက ရှောက်မင်ဖြစ်နေ၍ မည်သည့်အရာမှမှားယွင်းနေပုံမရသောကြောင့်ပင်။


သူ့ကိုယ်လေးက တောင့်တင်းနေခြင်းမရှိတော့သည့်အခါ ရှောက်မင်အပေါ်တွင် ကျန်နေသေးသော သနားစိတ်လေးဖြင့် အရပ်ရှည်သောလူငယ်လေးကို သူ့အား ရုပ်သေးတစ်ရုပ်နှယ်ကြိုးဆွဲခွင့်ပေးထားမိသည်။ သူ့ခမျာ မည်သို့တွန်းထုတ်ရမည်အားမသိသလို၊ မည်သို့တုံ့ပြန်ရမည်ကိုလဲမသိပေ။


သူ၏အသက်ရှူသံကအားနည်းလာပြီး ခြေထောက်တို့ကဂျယ်လီနှယ်ပျော့ခွေလာတော့မှ ရှောက်မင်ကသူ့အား သနားသွားသည့်ပုံစံဖြင့်လွှတ်ပေးလာလေသည်။


သို့ရာတွင် အဝေးကြီးအထိမလွှတ်လိုက်ပေ။


နှစ်ယောက်၏အသက်ရှူသံတို့က ပေါင်းစည်းထားခဲ့သည်။ ကျူးထုန်၏အသက်ရှူသံကမြန်ဆန်နေပြီး ဝါးမြိုခံရပြီးနောက် ချမ်းသာရာရသွားလေ၏။ ထိုအချိန်တွင် ရှောက်မင်ကအသက်ရှူသံကိုထိန်းထားနိုင်ဆဲဖြစ်ပြီး အပြင်းအထန်ထိန်းချုပ်ထားရသည်။


ရှောက်မင်၏အသံကတိုးလျပြီး ဆွဲဆောင်မှုရှိနေခဲ့၏။ 


"မုန်းလား.."


ကျူးထုန်က ကြောင်တောင်တောင်ဖြစ်သွားခဲ့သည်။ 

"ဘာကိုလဲ.."


ရှောက်မင်က မေးလာခဲ့၏။ 


"မင်းကိုနမ်းလိုက်လို့ ကိုယ့်ကိုမုန်းသွားပြီလား.."


"....."


မုန်းရမှာလား


။ အဖြေက ပြတ်သားလွန်းနေသည်။ ကျူးထုန်က ရိုးရိုးသားသားပင်ခေါင်းယမ်းပြလိုက်သည်။


ကျူးထုန်က သူ့အရှေ့တစ်နေရာမှ ခပ်ဆိုးတိုးရယ်သံကိုကြားလိုက်ရသည်။ ထို့နောက် ရှောက်မင်ကလက်မြှောက်ကာ မီးခလုတ်ကိုဖွင့်လိုက်သည်။


အမှောင်ထုက ချက်ချင်းလွင့်ပြယ်သွားခဲ့သည်။ အရှေ့မှ မှိန်ဝါးဝါးအရိပ်က ကြည်လင်လာခဲ့၏။


အကြည့်တစ်ချက်နှင့်ပင် သူတို့နှစ်ယောက်ကြားမှ နစ်ဝင်တော့မတတ်အကွာအဝေးက သိသာလာခဲ့သည်။ အမှောင်ထဲတွင်ရှိနေခဲ့စဥ်က ပေါ့ပါးနေခဲ့သောကျူးထုန်၏ကိုယ်လေးက ချက်ချင်းတောင့်တင်းသွားရပြန်သည်။


ထိုအချိန်၌ ရှောက်မင်က နောက်တကြိမ်ထပ်မေးလာခဲ့သည်။ 


"မင်းဘယ်လိုခံစားရလဲ.."


ကျူးထုန်: "......"


သူဘယ်လိုခံစားရလဲ။


နမ်းတာကိုလား။


ရှောက်မင်ကသူ့ကို ဘာပြောချင်နေတာလဲ။


အလျင်စလိုနိုင်မှုတို့က သူ့မျက်နှာပေါ်တွင်ဖြတ်သွားခဲ့သည်။ မှင်သက်သွားသလိုမျိုး စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကိုကိုက်လိုက်ပြီးမှ အမြန်ပြန်ထိန်းလိုက်ရ၏။


ယခုတော့ သူ့နှုတ်ခမ်းတို့အကြားတွင် ရှောက်မင်၏အငွေ့အသက်လေးရှိနေသည်။ အသာလေးကိုက်လိုက်ရုံဖြင့် အရသာခံနိုင်လုနီးပါးပင်။


သူ ထိတ်ပျာသွားခဲ့သည်။ 


"ငါ..."


"မမုန်းဘူးဆိုရင် မင်းအတွေးလေးကိုပြောပြပါဦး.."


ကျူးထုန်က သံသယဖြင့်ခေါင်းမော့လိုက်မိသည်။


ရှောက်မင်ကသူ့ကိုကြည့်ကာ ပြုံးလိုက်လေ၏။ 


"လေ့ကျင့်တာက ပြည့်စုံစေတယ်တဲ့၊ ဘယ်လိုလဲ၊ ရလဒ်က.."


"....."


တကယ်တမ်း၌ မည်သည့်လေ့ကျင့်မှုမှမပါလျှင်ပင် အဖြေကထွက်နေပြီးသားဖြစ်လေ၏။


သူ ရှောက်မင်ကို ဗလာသက်သက်ဖြင့်သာစိုက်ကြည့်နေလိုက်သည်။


ရှောက်မင်ကလည်းမရှောင်ဘဲ သူ့အားပြန်ကြည့်နေခဲ့သည်။ သူ ယခင်က ထိုမျက်လုံးတို့ကို ဤမျှလေးနက်ပြီး စေ့စေ့မကြည့်ခဲ့ဖူးပေ။ သူ့ပုံရိပ် အပြည့်အဝရောင်ပြန်ဟပ်နေခဲ့သော မျက်လုံးလေးများ။


ကျူးထုန်၏မျက်လုံးလေးများက တောက်ပပေသည်။ ခံစားချက်ကင်းမဲ့နေချိန်တွင် ပျင်းရိပျင်းတွဲဖြင့် အားနည်းမှုကို ထုတ်လွှတ်နေတတ်သည်။ သို့သော်လည်း သူ့ကိုကြည့်နေသောမျက်လုံးတို့ကမူ တောက်ပပြီးရင်းတောက်ပလာခဲ့သည်။


သူ၏ဖြူစွတ်နေသောမျက်နှာတွင် ပါးမှနားရွက်ဖျားအထိ သွေးနီရောင်သန်းနေခဲ့သည်။ တကြိမ်က ဖြူဖျော့နေခဲ့သောနှုတ်ခမ်းတို့က မတိုင်ခင်ကအနမ်းကြောင့် ပိုပြီးရဲတွက်လာခဲ့သည်။ မနက်ခင်းနေရောင်ခြည်ကြောင့် ပန်းပွင့်ထက်မှ နှင်းစက်လေးကအရောင်လဲ့နေသလိုမျိုး ခူးစွတ်ပြီးနမ်းရှိုက်ချင်အောင် လှုံ့ဆော်နေလေသည်။


ရှောက်မင်၏မျက်လုံးတို့က အနည်းငယ်နက်မှောင်လာခဲ့ပြီး အနည်းအကျဥ်းမျှထိန်းချုပ်ထားမှုအပြီး၌ သူခေါင်းကိုထပ်ငုံ့လိုက်ပြန်သည်။ 


"အဖြေမသိသေးရင် ကိုယ်တို့ထပ်ပြီးလေ့ကျင့်ကြမယ်လေ.."


ကျူးထုန်က ချက်ချင်းပြန်ဖြေလိုက်လေသည်။


 "ငါမင်းကိုအကြာကြီးအဖော်လုပ်ပေးနိုင်မှာမဟုတ်ဘူး.."


"......"


ရှောက်မင်ကလည်း ထိုအကြောင်းကိုသိပြီးသားပင်။ သို့ရာတွင် ကျူးထုန်၏ပါးစပ်မှထွက်လာသောစကားတို့က သူ့နှလုံးသားကို ထိုးဆွလိုက်သလိုခံစားရစေသည်။


သူပြောလိုက်သည်။ 


"ကိုယ်သိပါတယ်.."


ကျူးထုန်၏နှလုံးက တုန်ယင်သွားရသည်။ 


"ဒါဆို မင်း..."


ရှောက်မင်၏ခါးပေါ်မှလက်က အနည်းငယ်တင်းသွားခဲ့သည်။ 


"မင်းဒီမှာရှိနေသရွေ့တော့ ကိုယ်မင်းကိုအဖော်လုပ်ပေးနိုင်ပါတယ်.."


"......"


ကျူးထုန်က သူ့ကိုယ်သူ ကျောက်သားပမာနှလုံးသားမျိုးရှိသည်ဟုယူဆထားလျှင်ပင် သူ့စကားကြောင့် စိတ်မလှုပ်ရှားဘဲ မနေပေ။


သူမကြာခင်သေရတော့မယ်ဆိုတာကိုသိသွားရင်..ရှောက်မင်က ဝမ်းနည်းသွားလောက်မလား။


ဝမ်းနည်းသွားမှာပဲ။


သို့ရာတွင် ဝမ်းနည်းမှုနှင့် ရှောင်ရှားမရနိုင်မှုတို့ကလွဲပြီး ရှောက်မင်ကသူ့အား မလွှတ်ပေးလိုက်ရန်ရွေးချယ်ထားဆဲပင်ဖြစ်လေ၏။


၎င်းက ရှောက်မင်ဘက်မှသူ့အား အလွန်အမင်းသဘောကျနေမှန်းညွှန်ပြနေသည်။ သို့တစေ နှစ်သက်မှုက ခုနစ်ဆယ်ရာခိုင်နှုန်းသာရှိနေသည်။ ဒါက လော့ဂျစ်ကျလို့လား။


သူက မထိန်းထားနိုင်တော့ဘဲ စိတ်ထဲရှိနေသည့်အရာကို မေးခွန်းထုတ်မိတော့မည့်နည်းပါးဖြစ်သွားခဲ့ရသည်။


သူပါးစပ်ကိုလှုပ်လိုက်သည်နှင့် လည်ချောင်းက တစ်ဆို့နေသလိုမျိုး ဘာကိုမှမပြောနိုင်တော့ပေ။


ကျူးထုန်: ?


တချိန်တည်းမှာပင် စိတ်ထဲမှ ခပ်တိုးတိုးအသံတစ်ခုထွက်လာပြီး စနစ်ကသတိပေးလာလေသည်။ 'သတင်းအချက်အလက်မျှဝေရာမှာ စွန့်စားမှုရှိပါတယ်၊ သတိရှိရှိ ဆန်းစစ်ပါ'


ကျူးထုန်: "......"


ခဏမျှတောင့်တင်းနေပြီးနောက် ကျူးထုန်က ခပ်တိုးတိုးအထွန့်တက်လိုက်သည်။ 


'မင်းကငါ့ရဲ့ခံစားချက်တွေကိုပါထိန်းချုပ်ထားနိုင်တယ်ပေါ့'


သူ့ဘဝ၏လွတ်လပ်မှုလေးပင် ခြိမ်းခြောက်ခံနေရသည်ဟုခံစားရသည်။


စနစ်: "......"


စနစ်: 'ငါ့မှာစနစ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို မင်းမျှဝေတာတွေကို တားဆီးနိုင်စွမ်းရှိတယ်'


ကျူးထုန်က သက်ပြင်းချကာပြောလိုက်လေသည်။ 'သတင်းအချက်အလက်မျှဝေတဲ့အခါ စွန့်စားရမယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ'


စနစ်ကဖြေလာလေသည်။ 

'မင်း လရောင်ဖြူလေးကိုအမှန်အတိုင်းပြောလိုက်မှာလား၊ သူအမှန်အတိုင်းသိသွားရင် ဘာဖြစ်သွားမလဲ'


"......."


ဘာဖြစ်မှာလဲ။


သူယုံချင်ယုံ မယုံချင်နေ အရေးကြီးတဲ့အရာက ရှောက်မင်သိသွားရင် ဘာလုပ်မှာလဲ။


ရှောက်မင်သာ အကြောင်းအရင်းကိုသိသွားပါက နှစ်သက်မှုရာခိုင်နှုန်းကအမြင့်ဆုံးအထိတက်သွားမလားဟု သူသိချင်မိသည်။


သိသွားတော့ဘာလုပ်မှာလဲ။ တစ်ယောက်တည်း သံသယတွေပွားနေဦးမှာလား။


စနစ်ဆိုသော မျှော်လင့်ချက်ရောင်ခြည်လေးရှိနေစဥ်တွင် အောင်မြင်မည်ဟု တစ်ရာရာခိုင်နှုန်း အာမခံချက်မရှိပေ။ သို့ဖြစ်၍ ကျူးထုန်သာ ရှောက်မင်ကို သူမကြာခင်သေတော့မည်မှာ မဟုတ်မှန်ကြောင်းပြောပြလိုက်သည်ဆိုပါစို့။ မစ်ရှင်ကျရှုံးသွားမည်ဆိုပါက ရှောက်မင်ကို ပိုဝေးသွားအောင်တွန်းထုတ်လိုက်သလိုဖြစ်သွားနိုင်သည်။ ၎င်းက ပိုပြီးရက်စက်သလိုပင်ဖြစ်သွားနိုင်သည်မလား။


သို့သော်လည်း ကျူးထုန်က ရှောက်မင်ကိုမဖုံးကွယ်ထားချင်ပေ။


ကျန်းဝမ်ပြောခဲ့သည့်စကားကမှန်ကန်သည်။ သူ့ဘက်မှ ရှောက်မင်မသိအောင် ကိစ္စများစွာကိုဖုံးကွယ်ထားလိုက်ပါက သူ့အတွက် မျှတမည်မဟုတ်ပေ။


ဒါပေမဲ့ ဘယ်လိုရှင်းပြမှာလဲ။


သူပြောလိုက်တော့ အရင်ကလုပ်ခဲ့သမျှတွေအကုန်လုံးက တကယ်ပဲသံသယဝင်စရာမဖြစ်သွားဘူး။ ရှောက်မင်ကသူ့ကိုယုံပါ့မလား။ သူရူးနေပြီလို့ထင်သွားမလား။


ထိုအချိန်က နာတာရှည်နာမကျန်းဖြစ်နေခဲ့သည်မှာမှန်သော်လည်း အနည်းဆုံး သူကစိတ်ကျန်းမာနေသေးသည်။


ယင်းအပြင် မနေ့ကအထိ အထွင်လွဲစရာတို့ကရှိနေခဲ့သေးသည်။ ရှောက်မင်က သူ့ကိုနှစ်သိမ့်ပေးရန်အတွက် လိမ်ဆင်လုပ်ခဲ့သည်ဟုပင် ထင်သွားနိုင်သည်။


တွေးတောကြည့်ပြီးနောက် ကျူးထုန် ကောက်ချက်ချလိုက်နိုင်သည်။ တိုက်ရိုက်ပြောပြရန် လုံးဝမဖြစ်နိုင်တော့ပေ။


အရင်ဆုံး သက်သေပြရမည်။


ရုတ်တရက် အကြံရလာပြီး သူ့မျက်လုံးတို့ကတောက်ပသွားလေသည်။ သူပြောတော့မည့်အချိန် သူ့နှုတ်ခမ်းတို့က နွေးခနဲဖြစ်သွားပြီး စကားလုံးတို့က တိတ်ဆိတ်သွားလေတော့သည်။


"...."


သူ ရုတ်တရက်ကြောင်အပြီး တိတ်ဆိတ်သွားသည့်အခါ ရှောက်မင်က တုံ့ဆိုင်းမနေတော့ဘဲ သူ၏ "လေ့ကျင့်မှု" ကို နောက်တကြိမ်စလာပြန်သည်။


နူးညံ့သောနှုတ်ခမ်းတို့က သူ့နှုတ်ခမ်းတို့အပေါ်ကို ဖိကပ်လာခဲ့သည်။ ကျူးထုန်မှာ တခဏမျှတောင့်တင်းသွားလေသည်။ သူ ရှောက်မင်၏နှုတ်ခမ်းတို့ကို တွန်းထုတ်တော့မည့်ဆဲဆဲ သူ ပုခုံးတို့ကိုကျုံ့လိုက်မိပြီး ချက်ချင်းနောက်ဆုတ်လိုက်မိသည်။ 


"နေဦး.."


"မနေဘူး.."


"......"


ရှောက်မင်က သူ့ခေါင်းအနောက်ကိုဆုပ်ကိုင်ထားပြီး နောက်တကြိမ်နမ်းရှိုက်လာလေသည်။


ရှောက်မင်ခေါင်းငုံ့လာသည်နှင့် စနစ်က အလိုအလျောက်ပိတ်သွားတော့သည်။ ကျူးထုန်က ရှောက်မင် သူ့နှုတ်ခမ်းတို့အပေါ်ကိုဖိကပ်လာသည့်အခိုက် "ပါးစပ်ဟလိုက်" ဆိုသော ထိုသူ၏တိုးတိမ်ပြီးဆွဲဆောင်မှုရှိလှသောအသံကိုကြားလိုက်ရသည်။


ကျူးထုန်မှာ လက်ရှိခံစားချက်ကိုမပြောပြတတ်တော့ပေ။


သို့ရာတွင် သူ့ထံ၌ အတွေးတစ်ခုသာရှိနေခဲ့သည်။ သူ ရှောက်မင်ကိုစိတ်မပျက်စေချင်ပေ။


သူ နှုတ်ခမ်းတို့ကို အသာဖိလိုက်ပြီးနောက် ဖြည်းဖြည်းချင်းပါးစပ်ဟပေးလိုက်သည်။


ရှောက်မင်က တခဏမျှတုံ့ဆိုင်းသွားလေ၏။ သူ့နှုတ်ခမ်းတို့ကကော့တက်သွားပြီး တွေဝေမနေတော့ဘဲ သူ့လျှာကိုအထဲသို့ထိုးသွင်းလာခဲ့သည်။


မီးဖွင့်ထားသည့်အခါ ခံစားချက်က လုံးဝကွဲပြားနေခဲ့သည်။


ကျူးထုန်မှာ အားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသောကြောင့် စိတ်လှုပ်ရှားမှုကကြီးထွားလာခဲ့သည်။


ရှောက်မင်ကလည်း မတိုင်ခင်အချိန်ကနှင့်မတူတော့ပေ။ မီးပိတ်ထားချိန်တွင် ရှောက်မင်၏အနမ်းကနူးညံ့ပြီး ထိန်းချုပ်ထားမှုရှိသည်။ မီးဖွင့်လိုက်သည့်အခါ သူ၏လွှမ်းမိုးလိုပြီးဖိအားပေးချင်မှုတို့ဖြင့် ပိုမိုနက်ရှိုင်းလာသလိုပင်။


သူ တစ်ခုခုကို အတည်ပြုချင်စိတ်ပြင်းပြနေသလိုမျိုး လက်မောင်းထဲမှလူငယ်လေးအတွက် တစ်ခုခုကိုအတည်ပြုချင်စိတ်ပြင်းထန်နေခဲ့သည်။


အနမ်းကရှေ့ဆက်နေသောကြောင့် ကျူးထုန်၏စိတ်ကပိုမိုဝေဝါးလာခဲ့သည်။ သူအောက်စီဂျင်ပြတ်သွားတော့မည်ဟုပင် ခံစားနေရလေသည်။



🤒