Chapter 123
Viewers 18k

🤒အခန်း ၁၂၃



"အသီးစားပါလား.."


ရှောက်မင်က စကားတစ်လုံးမှမပြောဘဲ လှမ်းယူလိုက်သည်။ ထို့နောက် နဂါးမောက်သီးတစ်စိတ်ကို ခက်ရင်းဖြင့်ထ်ိုးပြီး သူ့ပါးစပ်ထဲသို့ထည့်ပေးလာလေသည်။


ကျူးထုန်: "....."


ဖိအားက တကယ်များနေတယ်။


သူ ချန်ချန့်ကိုချောင်းကြည့်လိုက်ပြန်သည်။ 


"ဒါနဲ့ ငါ့ကို ဘာပြောချင်လို့လဲ.."


ချန်ချန့်ကလည်း လူငယ်လေးနှစ်ယောက်ကြားမှ အတန်ငယ်ဆန်းကြယ်သောလေထုကို သတိထားမိသော်လည်း မည်သည့်အရာကမှားနေမှန်းမသိသေးပေ။ သူ့ဘက်က လျစ်လျူရှုလိုက်ပြီး အလေးအနက်ထားနေသောအသံဖြင့်ပြန်ဖြေလိုက်သည်။ 


"အင်း၊ မင်းအတွက် သတင်းနည်းနည်းရှိတယ်၊ ချင်ကျွင်းဟုန်တော့ပျောက်သွားပြီ.."


ကျူးထုန်က မှင်သက်သွားသည်။ သူနှင့်ရှောက်မင်ကြားမှ ကို့ရို့ကားယားနိုင်သောတင်းအားကို ခဏဖယ်ထားလိုက်၏။ 


"ပျောက်သွားပြီဆိုတာကဘာစကားလဲ.."


ကျန်းဝမ်က ချင်ကျွင်းဟုန်ကြောင့် သူ့အားပစ်မှတ်ထားလာသည်ကိုသိပြီးနောက်ပိုင်း သူ့အဘိုးက သူ့အားစောင့်ကြည့်ပေးရန် လူတစ်ယောက်ကိုလွှတ်ထားခဲ့သည်။ သူက ဧည့်ခံပွဲအခမ်းအနားပြီးသည်နှင့် ထိုသူနှင့်စာရင်းရှင်းရန်ကြံရွယ်ထားခဲ့သည်။


သူကဘာလို့ ရုတ်တရက်ကြီး ပျောက်သွားတာလဲ။


ချန်ချန့်ကဆက်ပြောလိုက်၏။ 


"ရှင်းအောင်ပြောရရင် ငါတို့လည်းသူ့ကိုရှာမတွေ့ဘူး၊ A မြို့ကနေထွက်သွားတာလားလည်း မသိရဘူး၊ သူနဲ့ပတ်သက်လို့ဘာမှကိုမသိရတော့တာ.."


ကျူးထုန် မျက်မှောင်ကြုတ်လိုက်မိသည်။


ချန်ချန့်က သူ၏မည်းပုပ်နေသောမျက်နှာကိုတွေ့လိုက်ရသည်။ ထို့နောက် သူ၏တင်းမာနေမှုက ပြေလျော့သွားစေရန်မျှော်လင့်ချက်ဖြင့် ဆက်ပြောလိုက်၏။ 


"ဒါပေမဲ့ မင်းစိတ်ပူစရာတော့မလိုပါဘူး၊ သူ့ကိုရှာဖို့ ငါလူလွှတ်ထားပါတယ်၊ ပြီးတော့ ရှောင်ရှင်းကိုကာကွယ်ပေးဖို့လည်း သေချာအောင်လုပ်ထားတယ်၊ ဘာပြဿနာမှမရှိပါဘူး.."


ကျူးထုန်မှာ စိတ်မအေးနိုင်သေးချေ။


မူလဝတ္ထုထဲတွင် ရှောင်ရှင်းက ချင်ကျွင်းဟုန်လက်ထဲသို့ကျသွားပုံကို ဖော်ပြထားခဲ့သည်။ ၎င်းက သူ့အတွက် မသိနိုင်သောခြိမ်းခြောက်မှုတစ်ခုဖြစ်နေ၍ ကျူးထုန်မှာ ပေါ့ပေါ့လေးမယူဆရဲပေ။


သူက ထိုအကြောင်းကိုတွေးကာပြောလိုက်လေ၏။ 


"ငါအပြင်ထွက်ပြီး ဖုန်းပြောလိုက်ဦးမယ်.."


ရှောင်ရှင်းအနေဖြင့် ပိုပြီးသတိထားသင့်သည်။


သူက အခန်းထဲမှတိုက်ရိုက်ထွက်လိုက်သည်။


သူထွက်သွားသည်နှင့် အခန်းကတိတ်ဆိတ်သွားခဲ့သည်။ ရှောက်မင်က စိတ်ပျံ့လွင့်နေပုံရ၏။ သူ့လက်က ပန်းကန်ပြားပေါ်တွင်သာရှိနေသေးသည်။ ကျူးထုန် သူ့ဘေးမှထွက်သွားသည်ကိုပင်သိပုံမရပေ။


ကျန်းဝမ်က သူ့အား တခဏမျှကြာအောင်ကြည့်နေပြီးမှ ပေါ့ပါးသောအပြုံးလေးဖြင့် ထရပ်လိုက်သည်။ 


"ကျွန်မ သန့်စင်ခန်းသွားလိုက်ဦးမယ်.."


လေသာဆောင်အနားမှ ကော်ရစ်တာတွင် ကျူးထုန်က ဖုန်းကိုဖွင့်လိုက်သည်။ ရှောင်ရှင်းက သူမ ကျူးမိသားစုအိမ်မှထွက်လာပြီဖြစ်ကြောင်း ပို့ထားသောမက်ဆေ့ချ်ကိုတွေ့လိုက်ရသည်။ သူမကိုဖုန်းခေါ်လိုက်ချိန်တွင် ရှောင်ရှင်းက ကျောင်းကိုပင်ရောက်ခါနီးနေပြီဖြစ်သည်။


သူက ရှောင်ရှင်းကို ဘာကြောင့်သူ့ထံမလာသလဲ၊ ဘာကြောင့် အဘိုးအိမ်သို့ပြန်မသွားရသလဲဟု မမေးလိုက်တော့ပေ။ လက်ရှိအချိန်တွင် ရှောင်ရှင်းအတွက် "မိသားစု" နှင့်အဝေးတွင်နေခြင်းက ပိုပြီးကောင်းနိုင်သည်။


သူက ရှောင်ရှင်းကို ချင်ကျွင်းဟုန်ပျောက်သွားသည့်အကြောင်းပြောပြလိုက်သည်။ သူမကို သတိထားရန်မှာလိုက်ရ၏။ အထူးသဖြင့် အခြားသူများကသူမထံ သောက်စရာတစ်ခုခုလာပေးသည့်အခါမျိုးတွင်ဖြစ်သည်။ 


ရှောင်ရှင်းက သူ၏ကြိုတင်သတိပေးချက် တစ်ခုပြီးတစ်ခုကို နားထောင်နေခဲ့သည်။ နောက်ဆုံးမှ ကျူးထုန်မှာ စိတ်သက်သာရပြီး သက်ပြင်းချလိုက်တော့သည်။


သူက ကော်ရစ်တာတွင် ခဏမျှရပ်နေပြီးမှ အခန်းထဲသို့ပြန်ဝင်သွားလိုက်၏။ 


သူကခေါင်းငုံ့ပြီးလျှောက်လိုက်လေရာ ဝိုင်နီရောင်ဂါဝန်အစကို မျက်လုံးထောင့်မှမြင်လိုက်ရသည်။ သူဖြည်းဖြည်းချင်းမော့ကြည့်လိုက်၏။ 


"မမလေးကျန်း ကိစ္စရှိလို့လား.."


ကျန်းဝမ်ကပြုံးကာဖြေလိုက်၏။ 


"သခင်လေးကျူးက ဘာလို့အမြဲတမ်း ကျွန်မကိုကိစ္စရှိမှစကားပြောလာစေချင်ရတာလဲ.."


ကျူးထုန်: "....."


သူက အခန်းထဲသို့တန်းပြီးဝင်ရန် တဖက်လှည့်ကာ ကျန်းဝမ်ကိုရှောင်လိုက်သည်။ 


သူက သူစိမ်းများနှင့်စကားပြောရလျှင်သိပ်မကောင်းပေ။ အထူးသဖြင့် ကျန်းဝမ်လိုလူမျိုးများ။


'ပြောစရာမရှိရင်လည်း ဘာလို့ လျှောက်လိုက်နေရတာလဲ'


သူဖြတ်သွားမှ ကျန်းဝမ်ကစကားစလာသည်။ 


"မင်းသူငယ်ချင်းလေး ကားပေါ်ပါလာရတဲ့အကြောင်းအရင်းကို မသိချင်ဘူးလား.."


"......"


ကျူးထုန်၏ခြေလှမ်းတို့ကရပ်သွားပြီး ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်။ 


"မမလေးကျန်းက သူများတွေကိုစကားပြောရင် နားမလည်အောင် တမင်တကာ ပြောတတ်တာလား.."


ကျန်းဝမ်က တောင့်တင်းသွားလေသည်။ နောက်ဆုံးမှ ပြုံးနေကျအပြုံးဖြင့် ပြန်မေးလာ၏။ 


"မင်းကသူ့ကိုအဲဒီလောက်တောင်ယုံတာလား.."


ကျူးထုန်မှာ သူမကထူးဆန်းသည့်စကားကိုပြောလိုက်သလိုမျိုး ကြည့်လိုက်လေသည်။ 


'ငါမှသူ့ကိုမယုံရင် ဘယ်သူ့ကိုယုံရမှာလဲ၊ မင်းကိုလား'


"မင်းသူ့ကိုယုံတယ်ဆိုရင် ဘာလို့လိမ်လိုက်တာလဲ.."


ကျူးထုန်: "?"


သူကရှောက်မင်ကို ဘယ်မှာလိမ်ထားမိလို့လဲ။


ကျန်းဝမ်ကဆက်ပြောလာသည်။ 


"သခင်လေးကျူးရဲ့ကျန်းမာရေးအခြေအနေ.."


ကျူးထုန်က မျက်မှောင်ကြုတ်လိုက်မိသည်။ 

"ခင်ဗျားဘာကိုပြောချင်နေတာလဲ.."


ကျန်းဝမ်က အချိန်အတန်ကြာအောင်နှုတ်ဆိတ်သွားခဲ့သည်။ ထို့နောက် နံရံကို အသာမှီကာပြောလိုက်လေ၏။ 


"သခင်လေးကျူး ဒီအကြောင်းကိုမသိသေးပါဘူး၊ ဒီပူးပေါင်းမှုက တကယ်တော့ မင်း ကုန်းရွှေကိုပြောင်းသွားပြီးမှစခဲ့တာ၊ ဒါပေမဲ့ သူက အရင်ကတည်းကသေချာလျှို့ဝှက်ထားနိုင်ခဲ့တယ်၊ ငါ့ကိုဆို တိုက်ရိုက်ဆက်သွယ်တာမျိုးမရှိခဲ့ဘူး၊ ငါသူ့ကို နည်းနည်းလောက်ဆွဲခေါ်ကြည့်သေးတယ်၊ ဒါပေမဲ့ သူက အရမ်းလျှို့ဝှက်ထားတယ်၊ ငါသူ့အကြောင်းကို ဘာမှဖော်လို့မရခဲ့ဘူး၊ သူက ဘယ်လိုပုံစံရှိလဲတောင် ငါမသိဘူး.."


ကျူးထုန်မှာ မှင်သေသွားခဲ့ရ၏။ 


"ဒါတောင်မှ ခင်ဗျားက ပူးပေါင်းရဲသေးတယ်လား.."


ကျန်းဝမ်က ပုခုံးတွန့်ပြပြီးမှစကားဆက်လေသည်။ 


"ငါက အမြတ်မရဘဲ ဘာလို့လုပ်မှာလဲ၊ ပြီးတော့ ပူးပေါင်းမှုမအောင်မြင်လည်း ငါအဆင်ပြေတယ်လေ.."


ကျူးထုန်: "....."


သူက ပြတ်သားတဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်ပဲ။


"ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက သူ့ဘက်ကနေ ငါ့ကိုအရင်ဆက်သွယ်လာခဲ့တယ်၊ ငါနဲ့တိုက်ရိုက်တွေ့ခွင့်ပေးခဲ့တယ်.."


ကျူးထုန်မှာ "ဘာလို့လဲ" ဆိုသောမေးခွန်းကိုပင် ထုတ်မေးလုနီးပါးဖြစ်သွားခဲ့သော်လည်း အကြောင်းအရင်းကြောင့် နောက်တစ်ကြိမ် စိတ်ထိန်းထားလိုက်ရပြန်သည်။


ကျန်းဝမ်က သူ၏စိတ်လွတ်လုနီးပါးဖြစ်သွားပုံကို သတိမထားပုံရသည်။ သူမကသူ့အား စေ့စေ့ကြည့်ကာ ပြောလိုက်၏။ 


"သူကငါ့ဆီကနေ တစ်ခုတောင်းခဲ့တယ်.."


"......"

___________


ကျူးထုန်မှာ အခန်းထဲသို့ မည်သည့်ပုံစံဖြင့်လမ်းလျှောက်ပြီး ပြန်လာခဲ့မှန်းပင် အတိအကျမမှတ်မိတော့ပေ။


ကျန်းဝမ်က သူနှင့်အတူလိုက်မလာတော့ပေ။ သူမက သူ့အား သတိလစ်အောင်လုပ်ခဲ့မိသည့်အတွက် တောင်းပန်စကားပြောပြီး အောက်ထပ်သို့ဆင်းသွားလေသည်။


သူ၏ဝမ်းကွဲအစ်ကိုက အခန်းထဲတွင် ဖုန်းဆော့နေခဲ့သည်။ သူရောရှောက်မင်ပါ တစ်ယောက်နှင့်တစ်ယောက်မနှောင့်ယှက်ဘဲ ကိုယ့်ကိစ္စကိုယ်လုပ်နေကြလေ၏။


သူဆိုဖာပေါ်၌ ပြန်ထိုင်လိုက်ချိန်တွင် ရှောက်မင်လက်ထဲမှပန်းကန်က အညီအမျှစားထားပြီးသားဖြစ်နေခဲ့သည်။ အများကြီးလည်းမဟုတ်တော့သလို နည်းနည်းလေးကျန်နေသည်လည်းမဟုတ်ပေ။ ပန်းကန်ပြားထဲမှ ခြားထားသည့်နေရာလေးပင် သေသပ်နေသေးသည်။


ကျူးထုန်မှာ ရှောက်မင်က အစွဲအလန်းကြီးသောဇီဇာကြောင်သူမှန်း နားလည်ထားလေသည်။


သူက ထိုအကြောင်းကိုမမေးတော့ပေ။ ဝမ်းကွဲအစ်ကိုဘက်ကိုလှည့်ပြောလိုက်သည်။ 


"ကျန်းဝမ်က သူအရင်သွားနှင့်တော့မယ်လို့ပြောခိုင်းလိုက်တယ်.."


ချန်ချန့်က သာမန်ကာလျှံကာမျှသာပြန်ဖြေသည်။ 


"အင်း..ပြန်သွားပြီကိုး.."


သူကဖုန်းကိုကိုင်ထားကာ ဂိမ်းကစားရင်းဖြင့်ပြန်ဖြေသွားခဲ့သည်။


ကျူးထုန်က သူ့အား မနှောင့်ယှက်တော့ချေ။ ရှောက်မင်ဘက်ကိုလှည့်မေးလိုက်ပြန်သည်။ 


"မင်း ဟိုတယ်ကိုပြန်တော့မှာလား.."


ရှောက်မင်က ပြန်မဖြေဘဲ ပြန်မေးလာခဲ့သည်။ 


"မင်းကရော.."


ကျူးထုန်ကမူ အဘိုးဖြစ်သူအိမ်သို့ပြန်ရတော့မည်။


သူက ခဏရပ်သွားပြီးမှပြောလိုက်လေသည်။ 


"ငါမင်းကို အရင်ပြန်ပို့ပေးရမလား.."


ရှောက်မင်က မျက်ခုံးပင့်လာသည်။ သူ့အဖြေကိုအံ့ဩသွားပုံပင်။ သို့သော်လည်း သူ၏ကမ်းလှမ်းချက်ကိုမငြင်းပယ်ခဲ့ပေ။ 


"အင်း..."


ရှောက်မင်တည်းသည့်ဟိုတယ်သို့ပြန်လာသည့်လမ်း၌ ကားအနောက်ခုံက ပကတိတိတ်ဆိတ်နေခဲ့သည်။


ကျူးထုန်၏နှလုံးသားထဲမှခံစားချက်တို့က ရောထွေးနေလေ၏။


ကျန်းဝမ်က ကော်ရစ်တာတွင် ရှောက်မင်၏တောင်းဆိုချက်အကြောင်းကိုပြောပြခဲ့သည်။ ထိုသူက သူ၏ဆေးစစ်ချက်နှင့်ဆေးရုံသို့သတင်းလာမေးသော ဧည့်သည်များကိုလည်း မေးမြန်းခဲ့သည်။


သူကျန်းမာရေးမကောင်းရသည့်အကြောင်းအရင်းကို မသိရပေ။ သို့သော် သိရရန်လည်းမခက်ပေ။ ထိုအချိန်က ကျန်းဝမ်ဘက်မှမပြောလာလျှင်ပင် "သစ္စာဖောက်" ချင်ကျွင်းဟုန်ကပြောလိမ့်မည်။


ဒါပေမဲ့ ရှောက်မင်က ဘာလို့ သူ့ရဲ့ဆေးစစ်ချက်အဖြေကိုစစ်ဆေးဖို့ ရုတ်တရက်ကြီးသတိရသွားတာလဲ။


ကျန်းဝမ်ကဆေးစစ်ချက်ကို ရှောက်မင်ကြည့်ရန်ပေးလိုက်ချိန်က သူ သတိမလစ်သွားခင်ကပင်ဖြစ်လေ၏။


၎င်းက ချိတ်ဆက်နေလိမ့်မည်ဟု သူမထင်ထားခဲ့သော်လည်း အများဆုံးရှိမှ နှစ်သက်မှုရာခိုင်နှုန်း ရုတ်တရက်ကြီးထိုးကျသွားတာလောက်ပဲပေါ့။


ကျန်းဝမ်က သူ၏ကျန်းမာရေးအခြေအနေကိုဖုံးကွယ်ထားခြင်းက ရှောက်မင်အတွက်မမျှတကြောင်း ပြောခဲ့သည်။


အစက သူ ကျန်းမာရေးအခြေအနေကိုဖုံးကွယ်ထားခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ ရှောက်မင်ကထိုအကြောင်းကိုမေးလာသည့်အခါ သူအမှန်အတိုင်းပြောခဲ့သည်။


ယခုအချိန်တွင် သူတကယ်ကို ကျန်းမာရေးကောင်းနေခဲ့ပြီ။


ဒါပေမဲ့ နှစ်လအတွင်း ကျန်းမာရေးကောင်းသွားတာကို ဘယ်လိုရှင်းပြမလဲ။


အခုရော ဘယ်လိုရှင်းပြရပါ့မလဲ။


အနာဂတ်က ဝေဝါးနေဆဲ။


တစ်နှစ်အတွင်း နှစ်သက်မှုရာခိုင်နှုန်းက တစ်ရာမပြည့်ခဲ့ပါက သူသေရလိမ့်မည်။


လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက ခုနစ်ဆယ်ရာခိုင်နှုန်းဖြစ်နေ၏။


ကြိုးစားမှုကြောင့် နှစ်လအတွင်း ခုနစ်ဆယ်ရာခိုင်နှုန်းဖြစ်သွား၍ အလွန်အမင်းအားရစရာကောင်းလေသည်။


သို့သော်လည်း မြင့်လာလေ၊ တိုးအောင်လုပ်ရန်ခက်လာလေပင်။ ကျူးထုန် ထိုအချက်ကို နားလည်ထားလေသည်။


သူနားမလည်ခဲ့သည်က ရှောက်မင်ဘက်မှ ထိုအခြေအနေကို သိသွားသည့်အခိုက်အတန့်တွင် နှစ်သက်မှုရာခိုင်နှုန်းကျသွားရသည့်အကြောင်းအရင်းပင်။ သူ့ဘက်ကနေ ကျူးထုန်ရဲ့ကျန်းမာရေးအခြေအနေကိုစာနာပြီးတော့ နှစ်သက်မှုရာခိုင်နှုန်းကို နည်းနည်းလေးပိုပေးသင့်တယ်မဟုတ်ဘူးလား။


နေဦး။ နှစ်သက်မှုတိုးသွားရင် "နည်းနည်း" ဆိုတာထက်ပိုမှာပေါ့။


'နှစ်သက်မှုရာခိုင်နှုန်းခုန်တက်ဖို့ဆိုရင် ဘာကအရင်းခံလဲ'


ကျူးထုန်မှာ သူ့ဦးနှောက်ကြီးပေါက်ကွဲထွက်တော့မလိုခံစားနေရသည်။


ရှောက်မင်ရော ဘာတွေတွေးနေလောက်လဲ။


သူသာ ရှောက်မင်ရဲ့အစာအိမ်ထဲက သံပြားကောင်လေးဖြစ်ခဲ့ရင်...။


"ဘာတွေတွေးနေတာလဲ.."


ဘေးမှလူငယ်လေးက ရုတ်တရက်မေးလာလေသည်။


ကျူးထုန်မှာ သူ့ခန္ဓာကိုယ်က အေးခဲသွားသလိုခံစားနေရသည်။ ချက်ချင်းပင်ခေါင်းခါပြလိုက်မိသည်။ 


"ဘာမှမတွေးပါဘူး.."


ရှောက်မင်က ခေါင်းလှည့်လာကာ သူ့အားပြုံးပြနေလေသည်။


ကျူးထုန်မှာ စိတ်ကျဥ်းကျပ်သွားရ၏။ 


"ဘာလဲ.."


ရှောက်မင်: "ကိုယ်စဥ်းစားကြည့်နေတာ..သူဌေးချန်က မင်းမေ့လဲသွားပြီးဆေးရုံရောက်နေတုန်း အိပ်နေရင်းစကားပြောတယ်ဆိုတာ ဘာများလဲလို့.."


ကျူးထုန်: "......"


ရဲသထက်ရဲလာသောမျက်နှာကိုကြည့်ရုံဖြင့် ကျူးထုန်မှာ ရှောက်မင်မေးခွန်းကြောင့် အငိုက်မိသွားပြီမှန်းသိနိုင်လေ၏။ သူပြန်ပြောရန်ကြိုးစားသေးသော်လည်း စကားလုံးတို့ကအစီအစဥ်မကျဘဲဖြစ်နေလေသည်။ 


"ဘာ..ဘာမှမဟုတ်ပါဘူး၊ သူက ပေါက်ကရတွေလျှောက်ပြောနေတာပါ၊ အများကြီးတွေးမနေနဲ့.."


ရှောက်မင်က သံယောင်လိုက်ပြီးထပ်ပြောလာလေသည်။ 


"အများကြီးမတွေးနဲ့.."


ကျူးထုန်က ခေါင်းညိတ်လိုက်သည်။ 

"အင်း...အများကြီးမတွေးနဲ့.."


ရှောက်မင်: "အရမ်းမနာလိုဖြစ်စရာကောင်းတာပဲ.."


"...."


ယခုလိုအဖြေမျိုး ပြန်ရလာလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။


ကျူးထုန်မှာ အံ့အားသင့်သွားရကာ အလွန်တရာမှလည်းစိတ်ရှုပ်ထွေးသွားရသည်။ 


"ဘယ်သူ့ကိုမနာလိုတာလဲ၊ ဘာကိုမနာလိုဖြစ်တာလဲ.."


ရှောက်မင်ကသူ့အား ပြုံးပြရင်းကြည့်လာလေသည်။


 "မင်းဆေးရုံတက်နေရတုန်းက မင်းဘေးမှာနေခွင့်ရတဲ့သူဌေးချန်ကိုပေါ့.."


ထိုသူ၏အပြုအမူက တည်ငြိမ်နေပုံရပြီး အသံကမူ ကရော်ကမည်ဆန်နေသည်။ ထိုသူ၏အရှိန်အဝါမှာ ကြီးမားနေချေ၏။


ကျူးထုန်မှာ သူ့စကားက "သူဌေးချန်" ကိုပြောချင်သည်လား၊ "ဆေးရုံတက်နေ" ရသောအကြောင်းကိုပြောနေသည်လား မသိသေးပေ။


သူ ရှောက်မင်ကို ဧည့်ခံပွဲထဲတွင် ရုတ်တရက်တွေ့လိုက်ရစည့်အချိန်မှစပြီး အချိန်တိုင်းတွင် ရှောက်မင်ထံမှ လေးလံလှသောဖိအားတစ်မျိုးကိုခံစားနေရသည်။ ၎င်းက သူ့ကျန်းမာရေးနှင့် အမြဲဆက်စပ်နေတတ်၏။


ရှောက်မင်ကသူ့ကို စိတ်ပူနေတာများလား။


သူက တခဏမျှကြောင်အနေပြီးမှ အကြည့်လွှဲလိုက်ရသည်။ 


"ချန်ချန့်က ငါ့ရဲ့အမေဘက်ကဝမ်းကွဲအစ်ကိုပါ၊ သူနဲ့က ဟိုလိုဒီလို ဆက်ဆံရေးမျိုးမဟုတ်ပါဘူး.."


ရှောက်မင်လည်း ကြောင်အသွားလေသည်။


ဒါက မေးခွန်းကိုရှောင်ပြီး လွယ်လွယ်လေးပြန်ဖြေတာမျိုးလား။


သူက ပြုံးကာဆက်ပြောနေပြန်၏။ 


"ကျန်းဝမ်က မင်းနဲ့သူဌေးချန်တို့ကြားက ဆက်ဆံရေးကို လိုက်စုံစမ်းနေတယ်ဆိုတာသိလား.."


ကျူးထုန်: "သိတယ်လေ၊ ဘာဖြစ်လို့လဲ.."


"ဒါဆို ကိုယ်က ကျန်းဝမ်အကူအညီနဲ့ ဧည့်ခံပွဲကိုရောက်လာတာကိုရောသိလား.."


"....."


"ကိုယ်အခု သူ့အပေါ် အကူအညီတစ်ခုအကြွေးတင်သွားပြီ၊ ဒီတော့ ကိုယ်ကသူ့ကိုပြန်ကူညီတဲ့အနေနဲ့ မင်းနဲ့သူဌေးချန်တို့ကြားက ပတ်သက်မှုကိုသွားပြောပြလိုက်မှာကိုမစိုးရိမ်ဘူးလား.."


ကျူးထုန်က တဒင်္ဂမျှ မှင်သက်သွားသော်လည်း စိတ်အလိုကျဖြေလိုက်သောအဖြေက တိကျနေလေသည်။ 


"မင်းကအဲဒီလိုလုပ်မှာမဟုတ်ဘူး.."


ရှောက်မင်ကသူ့အား တိုက်ရိုက်ကြည့်ကာ မေးလိုက်သည်။ 


"ဘာလို့လဲ..."


ကျူးထုန်မှာ ရှောက်မင်၏လက်ရှိပုံစံကိုမြင်နေရချိန်တွင် စိတ်လှုပ်ရှား၍ အသံပင် အလွန်အမင်းတုန်ခါနေလေသည်။ 


"ငါယုံတယ်၊ မင်းမလုပ်..."


"....."


ရှောက်မင်က ရုတ်တရက် အသက်ပြင်းပြင်းရှူလိုက်မိသည်။


အချိန်ကိုက်ပင် ဒရိုင်ဘာက ကားကို ဟိုတယ်အဝင်ဝတွင်ထိုးရပ်လိုက်ပြီး ထိုသူက တုံ့ဆိုင်းဆိုင်းဖြင့်လှည့်ကာပြောလိုက်၏။ 


"သခင်လေး၊ ရောက်ပါပြီ.."


ကျူးထုန်က ကားပြတင်းပေါက်မှတဆင့် တချက်လှမ်းကြည့်လိုက်သည်။


ရှူဟွားဟိုတယ်။ သင်္ချာပြိုင်ပွဲကိုလာပြိုင်ကြသော E မြို့မှ ကျောင်းသားများအားလုံးကို ဤဟိုတယ်တွင်တည်းရန်စီစဥ်ပေးထားလေသည်။


ဧည့်ခံပွဲခန်းမမှ ဤဟိုတယ်ကိုလာရန် နှစ်နာရီကျော်ကြာမြင့်သည်။ ရှောက်မင်က သူ့ဘေးတွင်ထိုင်နေသောကြောင့် အချိန်က ထိုမျှကြာသွားပြီမှန်းမသိခဲ့ပေ။


သူ့နှလုံးသားထဲမှ တွန့်ဆုတ်နေမှုကိုဘေးဖယ်ထားရင်း သူရှောက်မင်ကိုကြည့်ပြီးပြောလိုက်သည်။ 


"ဒါဆိုမင်း..."


"မင်း ကိုယ့်အခန်းကိုလိုက်ကြည့်ပြီး ခဏလောက်ထိုင်ချင်လား.."


"....."


သူအသိပြန်ဝင်လာချိန်တွင် ကျူးထုန်က ဒရိုင်ဘာ၏မျက်လုံးအောက်တွင် ကားတံခါးကိုဖွင့်ပြီး အပြင်ထွက်လာပြီးနေပြီ။ ရှောင်လင်းဆိုသောဒရိုင်ဘာမှာ ဆွံ့အနေလေ၏။


ဟိုတယ်၏ဓာတ်လှေကားထဲသို့လမ်းလျှောက်ဝင်သွားပြီးနောက် ကျူးထုန်မှာ ဘာလုပ်မိနေမှန်းပင်မသိတော့ပေ။


ဟိုတယ်ခန်းအပြင်ဘက်မှလျှောက်လမ်းမှာ လူသူကင်းမဲ့နေသည်။ လူငယ်လေးနှစ်ယောက်၏ခြေသံတို့ကသာ ကျယ်လောင်စွာဖြင့်ပဲ့တင်ထပ်နေခဲ့၏။ သူ ရှောက်မင်၏အခန်းအပြင်ဘက်သို့ရောက်ချိန်တွင် အရပ်ရှည်သောလူငယ်လေးက အခန်းကတ်ကို ကျွမ်းကျင်စွာဖြင့်ထုတ်ပြီး တံခါးကိုဖွင့်လိုက်ပြီဖြစ်သည်။


ကျူးထုန်က တွန့်ဆုတ်ဆုတ်ဖြင့် သူ့အနောက်မှလိုက်လာလေ၏။


ကျူးထုန်အခန်းထဲရောက်မှ ရှောက်မင်က တံခါးကိုအသာလေးပိတ်လိုက်လေသည်။



🤒