Chapter 125
Viewers 18k

🤒အခန်း ၁၂၅



အနမ်းကရှေ့ဆက်နေသောကြောင့် ကျူးထုန်၏စိတ်ကပိုမိုဝေဝါးလာခဲ့သည်။ သူအောက်စီဂျင်ပြတ်သွားတော့မည်ဟုပင် ခံစားနေရလေသည်။


ရှောက်မင် သူ့အားလွှတ်ပေးလိုက်သည့်အခါ သူ အသက်ကို တဝကြီးရှူလိုက်မိသည်။ 


သို့သော်လည်း သူအသက်ရှူဝသည်နှင့် သူ့မေးစေ့က အသာအယာပင့်မခံလိုက်ရပြန်သည်။ သူက အလျင်စလိုဖြင့် နီးကပ်လာသောရှောက်မင်၏မျက်နှာကိုတားဆီးရန် လက်ဖြင့်ကာပြီး အမောတကောပြောလိုက်၏။


 "အ..အနားကပ်မလာနဲ့.."


ရှောက်မင်က သူ့လက်ကိုတိုက်ရိုက်ဆွဲလိုက်သည်။ သူ့လက်ဖဝါးကိုနမ်းလိုက်ပြီး သူ့အားမော့ကြည့်ကာပြောလာလေသည်။ 


"ကျူးထုန် ကိုယ်မင်းကိုသဘောကျတယ်.."


"......"


နှလုံးသားအောက်ခြေမှ စကားလုံးအချို့ကိုညှစ်ထုတ်နေရသည့်ပမာ ထိုသူ၏အသက်ရှူပုံက ပရမ်းပတာဖြစ်နေခဲ့သည်။ ယင်းအပြင် ထိုစကားများက ကျူးထုန်ကိုပို၍ပင်ရင်ခုန်သံမြန်သွားစေခဲ့သည်။


ရံဖန်ရံခါ၌ ခံစားချက်တို့ကို အရိုးရှင်းဆုံးနှင့် တိုက်ရိုက်ဖော်ပြလိုက်ခြင်းက အားအပြင်းဆုံးသောခံစားချက်တို့ကိုပေါ်ထွက်လာစေတတ်သည်။ ခမ်းနားသောဖော်ပြချက်များနှင့် အသေးစိတ်ကျသောစကားလုံးတို့ကိုပင်ကျော်လွန်သွားတတ်သည်။


ရှောက်မင်ကမေးလာသည်။ 


"မင်းကရော.."


'မင်းကရော..'

ကျူးထုန်ကရော သူ့ကိုသဘောကျလား။

'ကိုယ့်ကိုသဘောကျတယ်ဆိုရင်လည်း ဘာလို့ဝန်မခံရတာလဲ၊ သဘောမကျဘူးဆိုရင်လည်း ဘာလို့ကိုယ့်ကိုပြန်နမ်းရတာလဲ' 

ရှောက်မင်မှာ သိချင်လာရသည်။


ကားဖြင့်လာခဲ့သည့်တလျှောက်လုံး ထိုသူကိုဤနေရာခေါ်လာမည့်စိတ်ကိုမတွန်းလှန်နိုင်၊ ကိစ္စများအားဖြေရှင်းပစ်ရန်မငြင်းဆန်နိုင်၊ ထိုသူကိုမနမ်းရဘဲမနေနိုင်မည့်အန္တရာယ်ကို မမြင်ရဘဲဆွဲဆောင်ခံနေရသလိုမျိုး အသိစိတ်အလျောက်ယုံကြည်ချက်ရှိနေခဲ့သည်။ 


မျှော်လင့်ထားတဲ့အခြေအနေကရောက်လာခဲ့ပြီ။ သို့သော်လည်း ဖော်ပြဖို့ရာ သေးငယ်လွန်းနေခဲ့သည်။


ကျူးထုန်က သူ့ကိုဘယ်လိုတွေးနေလောက်လဲ။


'သူဒီနေ့ပြောဖို့ငြင်းနေရင်...' ရှောက်မင်၏မျက်လုံးတို့က တစ်စထက်တစ်စ နက်မှောင်လာခဲ့လေ၏။


သူက ကျူးထုန် ပြောချင်စိတ်ပေါ်လာသည်အထိ ရိုးရှင်းစွာဖြင့် "လေ့ကျင့်" နေခဲ့သည်။


သူတွေးနေချိန်မှာပင် အရှေ့တွင်ရပ်နေသောလူငယ်လေးက ခေါင်းငုံ့ထားရင်း ရုတ်ချည်းခေါင်းညိတ်ပြလာခဲ့သည်။


"......"


ရှောက်မင်မှာ တခဏမျှကြက်သေသေနေလေ၏။


သူက အသက်ကိုတဝကြီးရှူလိုက်ပြီး မသိစိတ်အရ အသက်အောင့်ထားမိသည်။ 


"မင်းခေါင်းညိတ်လိုက်တာက..ဘာအဓိပ္ပါယ်လဲ.."


ကျူးထုန်ကခေါင်းညိတ်ပြချိန်တွင် တည်ငြိမ်နေသေးသည်။ သို့ရာတွင် ယခုလိုမေးခွန်းမျိုးအမေးခံလိုက်ရသည့်အခါ အကြောင်းအရင်းမရှိဘဲ စိတ်လှုပ်ရှားလာမိသည်။


သူက တုံ့ဆိုင်းစွာဖြင့် ခေါင်းမော့လိုက်ပြီး ရှောက်မင်၏ စိတ်အားထက်သန်နေသောမျက်လုံးတို့ကို တည့်တည့်ကြည့်လိုက်၏။


ရှောက်မင်က အနည်းငယ်မျှသောစိတ်လှုပ်ရှားနေမှုတို့ဖြင့် သူ့ကိုကြည့်နေလေသည်။


ရှောက်မင်ကလည်း စိတ်လှုပ်ရှားနေခဲ့သည်။


ကျူးထုန်က သူ့မျက်နှာကိုငေးကြည့်နေမိသည်။ ထိုသူတွင် နက်ရှိုင်းသည့် 3Dပုံရိပ်အသွင်အပြင်ရှိလေသည်[ပြီးပြည့်စုံ]။ မပြုံးနေသည့်အချိန်တွင် ခက်ထန်မှုအနည်းငယ်ကိုတွေ့ရနိုင်၏။ သို့သော်လည်း သူ့မှတ်ဉာဏ်ထဲ၌ ရှောက်မင်မပြုံးနေသော အခိုက်အတန့်အချို့ရှိခဲ့သည်။


ထိုသူကတက်ကြွပြီး ကိုယ်ရည်သွေးတတ်သည်။ အားလုံးကိုမူ စိတ်အားထက်သန်မှုအပြည့်ဖြင့်နှုတ်ဆက်တတ်သည်။ ထိုသူက တဖက်သားကိုရှက်သွေးဖြာပြီး ရင်ခုန်သွားအောင် မျက်တောင်တစ်ချက်မခတ်ဘဲပြောနိုင်သည်။ ထိုသူက မည်သည့်အရာကိုမဆို ချက်ချင်းကိုင်တွယ်နိုင်သည်။


သို့ရာတွင် ယခုရှောက်မင်မှာ အသက်ရှူသည့်အသံလေးကပင် လျှာဖျားပေါ်မှသူ့အဖြေအား လွဲချော်သွားစေမည်ကိုကြောက်ရွံ့နေပြီး စိတ်လှုပ်ရှားနေပုံဖြင့် သူ့အားကြည့်နေလေသည်။


ကျူးထုန်က ထိုအကြောင်းကို ရုတ်ချည်းတွေးလိုက်မိသည်။


စကားစုတစ်ခုက သူ့ခေါင်းထဲသို့ဝင်လာခဲ့သည်။ 'ဘဝက ပျော်စရာရှာမတွေ့အောင်တိုလွန်းတယ်'


သူ၏မစ်ရှင်သာကျရှုံးသွားပါက သူ့ဘဝကလည်း တကယ်ကို "တို" သွားလိမ့်မည်။


အချိန်ကလည်းတိုတောင်းနေပြီးဖြစ်ရာ ဘာကြောင့်များ "စဥ်းစားရင်း" အချိန်ဖြုန်းနေရမည်နည်း။


အစက သူ့ဘက်မှ ရှောက်မင်ကိုငြင်းပယ်ရန် တစ်ခုပင်မတွေးခဲ့ဖူးပေ။


သူ ရှောက်မင်ကိုသဘောကျနေပြီဆိုမှတော့ ဘာလို့ ရိုးရိုးသားသားထုတ်မပြောနိုင်ရမှာလဲ။


သူလည်း သူ့ကိုသဘောကျနေပြီပဲဟာ။ ဘာစိုးရိမ်တွေရှိသေးလို့လဲ။


သူက တိုက်ပွဲဝင်ရတော့မည့်အတိုင်း အသက်ကိုပြင်းပြင်းရှူလိုက်သည်။ ထို့နောက်ပြောလိုက်ပါ၏။ 


"ခေါင်းညိတ်တာက ငါလည်းမင်းကိုသဘောကျတယ်လို့.."


စကားလုံးများထွက်ကျလာသည်နှင့် ကျူးထုန်၏နားရွက်တို့က နီရဲလာလေသည်။


သူအမြဲတမ်း ရှက်ရွံ့မှုကို အနည်းငယ်မျှခံစားနေရတတ်သည်။


ဖွင့်ပြောတာက အမြဲတမ်း ရင်တုန်ရတတ်တာလား။


သို့သော်လည်း ရှောက်မင်က သူပြောလိုက်သည့်အခါ အလွန်တရာမှ စိတ်ပေါ့ပါးသွားပုံရသည်။


သူက သူ့ကိုယ်သူပြန်လည်ထိန်းသိမ်းလိုက်ပြီး ခေါင်းမော့ကာပြောလိုက်၏။ 


"ငါပြောချင်တာက ငါရောပဲလို့.."


ဤတစ်ခါတော့ သူက "သဘောကျတယ်" ဟုမပြောရသေးခင်မှာပင် ရှောက်မင်ကသူ့အား ပွေ့ဖက်လာခဲ့သည်။


ကျူးထုန်မှာ သူ့နှာခေါင်းတိုက်မိသွားမည့်အရေးမှ ကာကွယ်နိုင်ရန် ခေါင်းကိုအမြန်လှည့်လိုက်ရသည်။


သူက နားထဲသို့တိုးဝင်လာသော ရှောက်မင်၏ ခံစားချက်အရနားလည်ရခက်သောအသံကိုကြားလိုက်ရသည်။ 


"ဒီလောက်အကျယ်ကြီးပြောရအောင် မင်းက မိန့်ခွန်းပြောနေတာမလို့လား.."


ကျူးထုန်: "....."


သူတို့က အခု ဟိုတယ်ခန်းထဲတွင်ရှိနေသေးသည်ကို သူမေ့လုနီးဖြစ်သွားခဲ့သည်။


ဒီဟိုတယ်က အသံလုံလား။


သူက ခေါင်းကိုလှည့်ချင်သော်လည်း တင်းနေအောင်အကိုင်ခံထားရသောကြောင့် လှုပ်မရဖြစ်နေသည်ကို သိလိုက်ရသည်။


ရှောက်မင်က အလွန်အမင်းစိတ်လှုပ်ရှားနေပုံရသည်။ ခေါင်းကိုလည်ပင်းတွင်မြှုပ်ထား၍ သူ့အားယားယံလာစေ၏။


ကျူးထုန်က ယားယံနေမှုကိုသက်သာသွားစေချင်ခဲ့သည်။


 "အဲဒါက..."


"ထုန်ထုန်.."


နားထဲသို့ဝင်လာသော တိုးဖွဖွခေါ်သံလေးကြောင့် ကျူးထုန်မှင်သက်သွားခဲ့သည်။ သူ့လက်ချောင်းလေးများက စပ်ဖျဥ်းဖျဥ်းဖြစ်လာပြီး ပါးမှာလည်း တမဟုတ်ချင်းနီရဲလာလေ၏။ 


"မင်းငါ့ကို အဲဒီလိုမျိုးမခေါ်နဲ့.."


ရှောက်မင်ကပြုံးလိုက်မိပြီး ပြန်မေးလိုက်လေ၏။ 


"ဘာလို့လဲ.."


သူက ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးထုန်၏နားရွက်ကိုတိုက်ရိုက်ဖိကပ်လိုက်ကာ သူ့လက်မောင်းကြားထဲမှလူငယ်လေး၏ အာရုံကြောများကို တုန်လှုပ်သွားစေလိုက်သည်။


ကျူးထုန်မှာ သူ့မေးခွန်းကြောင့် ကြောင်အသွားလေ၏။


သူက ဘာလို့အဲဒီလိုခေါ်လို့မရတာလဲ။


အဘယ်ကြောင့်ဆိုသော် ပုံမှန်ခေါ်နေကျ ထိုအိမ်ခေါ်အမည်က ရှောက်မင်၏ပါးစပ်မှထွက်ကျလာချိန်တွင် ကျူးထုန်ကို ရှက်သွားစေ၍ပင်ဖြစ်လေသည်။


ကျူးထုန်: "ဘာပဲဖြစ်ဖြစ် မင်း.."


"ထုန်ထုန်.."


သူက ထိုအိမ်ခေါ်အမည်ကို ထပ်ခေါ်လိုက်ပြန်သည်။


ကျူးထုန်က ဒေါသထွက်လာပြီး ရှက်သွားသောကြောင့် ထိုသူကိုတွန်းထုတ်တော့မည်အပြု သူ့လည်ပင်းပေါ်တွင်ခေါင်းမြှုပ်ထားသောသူက ဆက်တိုက် တိုးသဲ့သဲ့ရယ်နေသည်ကိုကြားလိုက်ရသည်။


ပျော်ရွှင်ခြင်း၊ စိတ်အေးသွားရခြင်းနှင့် ကျေနပ်အားရမှု..၎င်းခံစားချက်အားလုံးကို ထိုရယ်သံက သယ်ဆောင်သွားခဲ့သည်။


ကျူးထုန်ကလည်း လိုက်ရယ်မိလေ၏။ သူကစိတ်ပါလက်ပါဖြင့်ရယ်မိသောကြောင့် သူ့ခန္ဓာကိုယ်က ဓာတ်လိုက်ခံရသလိုမျိုး တကိုယ်လုံးထုံသွားသလိုပင်ခံစားလိုက်ရသည်။


သို့သော်လည်း ယင်းကိုကျေးဇူးတင်ရပေမည်။ ကျူးထုန်၏အာရုံကြောများက ပြေလျော့သွားခဲ့ပြီ။ သူ့သွေးကြောများထဲမှ စိတ်လှုပ်ရှားမှုတို့ကိုပင် ရှင်းရှင်းလင်းလင်းခံစားနေရသည်။


ရှောက်မင် ပျော်နေ၍ သူလည်းပျော်နေမိသည်။


ကျူးထုန်ကတွေးလိုက်မိ၏။


 'ငါရှောက်မင်ကိုအရမ်းသဘောကျတာပဲ'


ရှောက်မင်က ခပ်တိုးတိုးရယ်ကာ သူ့နားထဲသို့ကပ်ပြောလိုက်ပြန်သည်။


 "အဲဒီစကားလေးကိုထပ်ပြောပါဦး.."


ကျူးထုန်မှာ ကြောင်သွားလေ၏။ 


"ဘာကိုလဲ.."


ရှောက်မင်: "ကိုယ့်ကိုသဘောကျတယ်ဆိုတာလေ.."


"......"


သူဆွံ့အသွားရသည်။


သို့ရာတွင် သူ့ဘက်မှတိတ်ဆိတ်နေသောကြောင့် ရှောက်မင်ကညစ်တီးညစ်ပတ်ဖြင့် သူ့ခါးပေါ်မှလက်ကိုရွှေ့လိုက်ပြီး သူ့လည်ပင်းကိုနမ်းလိုက်သည်။


သူ့လည်ပင်းက အထိမခံနိုင်သောနေရာဖြစ်ပြီး ကျူးထုန်မှာ ရုန်းလိုက်မိသည်။ ရှောက်မင်က ကြက်ကလေးတစ်ကောင်ဆန်ကောက်နေသလိုမျိုး ဖွဖွလေး လိုက်နမ်းနေခဲ့သည်။ နားရွက်အနောက်ပြီးနောက် နားသန်သီး၊ ထို့နောက် ပါးပြင်။


ညင်သာသောအနမ်းတစ်ပွင့်က သူ့နှုတ်ခမ်းထောင့်အနားပေါ်ကိုကျလာပြီး ကျူးထုန်ကစိတ်လှုပ်ရှားစွာဖြင့်မေးလိုက်၏။ 


"ဘာလုပ်နေတာလဲ.."


ရှောက်မင်အသံကတိုးလျပြီး ခြောက်ကပ်နေလေသည်။ 


"နမ်းတာလေ၊ မကြိုက်ဘူးလား.."


ကျူးထုန်: "......"


အရမ်းကိုကြိုက်တာပေါ့။


မျက်နှာပေါ်မှသိသာသောအပြုံးဖြင့် ကျူးထုန်က ရှောက်မင်ကိုကြည့်လိုက်သည်။ ကျူးထုန်က စမ်းကြည့်တော့မည့်အချိန်မှာပင် အသိပေးချက်အသံကထွက်လာလေ၏။


'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့နှစ်သက်မှုကို ငါးရာခိုင်နှုန်းထပ်ရသွားပြန်ပါပြီ၊ လက်ရှိနှစ်သက်မှုက ခုနစ်ဆယ့်ငါးရာခိုင်နှုန်းပါ'


"...."


စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးနေသောသခင်လေးကျူးက ချက်ချင်း အာရုံပြန်လည်လာခဲ့သည်။ သူက ချက်ချင်းသတိအပြည့်ဖြင့်ဖြစ်သွားပြီး ရှောက်မင်ပါးစပ်ကိုလှမ်းအုပ်ကာပြောလိုက်၏။ 


"ငါမင်းကိုပြစရာတစ်ခုရှိတယ်.."


ရှောက်မင်က သူ့ပါးစပ်အား အုပ်ထားသည်ကိုခွင့်ပြုပေးထားပြီးမေးလိုက်သည်။ 


"အရေးကြီးလို့လား.."


ကျူးထုန်ကခေါင်းညိတ်ပြကာဖြေလိုက်၏။ 


"အရမ်းအရေးကြီးတယ်.."


ရှောက်မင်က မျက်ခုံးကို အသာပင့်ပြလိုက်လေ၏။


သူက ကျူးထုန်၏လက်ကိုဆွဲဖယ်ကာ သူ့နှုတ်ခမ်းတို့ကိုရန်ရှာလာပြန်သည်။ နောက်ဆုံးမှလွှတ်ပေးပြီး ပြောလိုက်လေ၏။ 


"အဲဒါဆိုလည်းကြည့်မယ်.."


ကျူးထုန်က လက်ကိုဖယ်လိုက်သည်။ သူ၏ပူနွေးနေသောလက်ဖဝါးပြင်ကို ကျောအနောက်တွင်ထားလိုက်၏။ သူ့အကြည့်တို့က ရှောက်မင်၏ပုခုံးထက်မှကျော်သွားပြီး ဟိုတယ်အခန်းထဲသို့ရောက်သွားခဲ့သည်။


သူကြည့်သည့်အနောက်သို့လိုက်ပြီး ရှောက်မင်ကလည်း ပြီတီတီအပြုံးဖြင့်လိုက်ကြည့်ကာ အကြံပေးသလိုမျိုးခပ်တိုးတိုးမေးလာလေသည်။ 


"အိပ်ရာကိုသွားစစ်ချင်လို့လား.."


ကျူးထုန်က တုံ့ဆိုင်းသွားပြီး သူ့မျက်နှာလေးက ချက်ချင်းနီရဲလာလေသည်။ သူကခေါင်းကို တွန့်ဆုတ်ဆုတ်ဖြင့်ခါလိုက်ပြီးနောက် ပြောလိုက်လေသည်။


 "မဟုတ်ဘူး..အဲဒီလိုမဟုတ်ဘူး..ငါကမင်းမှာကွန်ပျူတာရှိလားလို့မေးမလို့.."


ရှောက်မင်: "ကွန်ပျုတာလား.."


"အင်း.." 

ကျူးထုန်ကခေါင်းညိတ်ပြလိုက်သည်။ 

"ငါ ဒေါက်တာဂျွန်ဆင်ကို ရီပို့တင်ခိုင်းစရာနည်းနည်းလောက်ရှိနေလို့.."


"ဒေါက်တာ" ဆိုသောစကားလုံးကြောင့် ရှောက်မင်က ငြိမ်သက်သွားလေသည်။


ကျူးထုန်က ပိုပြီးမရှင်းပြတော့ပေ။


သူက ပန်းတိုင်ကို တခေါက်တည်းနဲ့မရောက်နိုင်ဘူးဆိုမှတော့ ဖြည်းဖြည်းချင်းအုတ်မြစ်ချသွားရမှာပေါ့။


သူပြန်ကျန်းမာလာကြောင်း အစီရင်ခံစာနဲ့စလိုက်ကြတာပေါ့။




🤒