Chapter 120
Viewers 18k

🤒အခန်း ၁၂၀




"မင်းက ဒီအတိုင်းဆက်နေသွားဖို့ တကယ်ကိုစီစဥ်ထားတာလား.."


ကျန်းဝမ်: "သခင်လေးချန် ပြောချင်တဲ့စကားက ဘာအဓိပ္ပါယ်လဲ.."


ချန်ချန့်က ခပ်ပြတ်ပြတ်သာပြန်ဖြေ၏။ 


"မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေလေ.."


ကျန်းဝမ်က အထအနကောက်လိုက်သည်။


 "ဒီတော့ သခင်လေးချန်က ကျွန်မကိုကူညီဖို့ ရှင့်ကိုယ်ရှင်စတေးမလို့လား.."


သူမ၏ကျီစယ်မှုက တုံ့ပြန်မှုမရတော့ပေ။ ကျန်းဝမ်၏အပြုံးက သူမမျက်နှာပေါ်မှ တဖြည်းဖြည်းပျောက်ကွယ်သွားရပြီး ဖန်ခွက်ထဲမှရေတစ်ငုံသောက်ကာပြန်ပြောလိုက်သည်။ 


"ကျွန်မက ကိုယ်တိုင်ရှာတာထက် ကျွန်မဆီကိုရောက်လာမှာကိုပဲစောင့်နေတာလို့ ရှင်မထင်မိဘူးလား.."


ချန်ချန့်: "......"


နှစ်ယောက်သား စကားပြောနေရာမှရပ်သွားကြသည်။


ကျန်းဝမ်က စတိတ်စင်ပေါ်မှလူများကို နောက်တကြိမ်ကြည့်လိုက်မိသည်။ နောက်ဆုံး သူမမျက်လုံးတို့က ကျူးထုန်အပေါ်သို့ကျသွားခဲ့၏။


ကျူးထုန်က သူမထက်ပိုပြီး ကံကောင်းပါသည်။ သူ့အား အမှန်တကယ်ချစ်ပြီး ဂရုစိုက်ပေးမည့်သူများကရှိနေသေးသည်။


သူမကမူ သူမအဖေကသူမကို အခြားလူတစ်ယောက်၏အိပ်ရာပေါ်သို့တွန်းလွှတ်လိုက်ပြီးတည်းက သူမခန္ဓာကိုယ်က မြတ်နိုးတန်ဖိုးထားချင်စရာမရှိတော့သလိုခံစားနေရသည်။


သူမက ပြီးဆုံးသွားပြီးသော ပူဆွေးမှုများကိုဆုပ်ကိုင်ထားမည့်သူမဟုတ်ပေ။ ဆုံးရှုံးသည့်အရာကိုဆုံးရှုံးခံလိုက်ပြီး ဆွဲထားနေမည့်အစား ထပ်ပြီးဆုံးရှုံးရမည့်အရေးမှကာကွယ်နိုင်ရန်သာ အာရုံစိုက်ထားခဲ့သည်။


သူမက သူမအားဖျက်ဆီးခဲ့သူကိုအသုံးချပြီး ကျန်းမိသားစုအပေါ် ဖြည်းဖြည်းချင်းစီထိန်းချုပ်လာနိုင်ခဲ့သည်။ သူမကို မှီခိုအားထားနိုင်မည့်သူအဖြစ် ပြောင်းလဲခဲ့ရသည်။ ၎င်းကနဦးလှုပ်ရှားမှုတိုင်းမှုက သူမ၏အစာအိမ်ထဲသို့ သူတို့၏ဗီဇများအားထည့်ရန်အတွက်သာဖြစ်ခဲ့သောကြောင့် နောင်အနာဂတ်တွင် သူတို့က ကျန်းမိသားစုကို ထိန်းချုပ်သွားလိမ့်မည်။


သူမသာ အပြင်ဘက်မှ "သားရိုင်း" တစ်ကောင်ကိုခေါ်လာခဲ့လျှင် နှမြောစရာကောင်းသွားလိမ့်မည်။ သူမအနေဖြင့် သူတို့စိတ်တိုင်းကျ အဖြစ်မခံနိုင်ပေ။


ကျန်းဝမ်က ခနဲ့မှုများရစ်နွယ်နေသောအပြုံးကိုသာ ထပ်ပြုံးလိုက်မိလေသည်။

____________


ဧည့်ခန်းပွဲသို့တက်လာသော ဧည့်သည်များက မည်သို့ပင်တွေးကြသည်ဖြစ်စေ၊ လျိုကျန်းဖေနှင့်ကျူးထုန်တို့က သားအဖဆက်ဆံရေးကို အသိအမှတ်ပြုလိုက်ကြပြီဖြစ်သည်။


ယနေ့မှစပြီး ကျူးမိသားစုမှကလေးနှစ်ယောက်၏ဂုဏ်သိက္ခာက မိုးပေါ်သို့ထောင်တက်သွားမည်ဖြစ်ပြီး အကြံသမားများကို ပိုပြီးဆွဲဆောင်လာနိုင်လိမ့်မည်။ သို့ရာတွင် လုပ်ကြံဇာတ်လမ်းများအတွင်း ပိုမိုအာရုံစိုက်ရပြီး နှောင့်နှေးမှုတို့ကိုလည်းကြုံတွေ့ရမည်ဖြစ်သည်။


"ထုံးတမ်းစဥ်လာ" အရ မိတ်ဆက်ပွဲအခမ်းအနားပြီးဆုံးသွားပြီးနောက် ဦးလေးလျိုက စိတ်ထိန်းပြီး ကလေးများ၏အဖေအရင်းထံသွားပြီး နှုတ်ဆက်ရသေးသည်။ "ရှင်းလင်းသော" စကားအချို့ကိုဖလှယ်ခဲ့ကြသည့်နောက် ကျူးရှို့ရှန်းလည်း သူ့ကိုယ်သူသိသွားခဲ့သည်။


ကျူးထုန်က ကျူးရှင်းကိုမြက်ခင်းပြင်သို့ခေါ်သွားပြီး ချင်ကျွင်းဟုန်လုပ်ခဲ့သော ကိစ္စများအပါအဝင် လွန်ခဲ့သောရက်များက အဖြစ်အပျက်အားလုံးတို့ကိုပြောပြလိုက်သည်။


နားထောင်ပြီးသည့်နောက် ကျူးရှင်းကတိတ်ဆိတ်နေခဲ့သည်။


ကျူးထုန်မှာလည်း အနည်းငယ်မျှထိတ်လန့်နေမိသည်။


ကျူးမိသားစုအပေါ်မှ ကျူးရှင်း၏ခံစားချက်တို့ကို သူမသိပေ။ သူ၏ဆေးရုံတက်နေခဲ့ရသည့် ရှည်ကြာသောအချိန်နှင့်နှိုင်းယှဥ်ပါက ရှောင်ရှင်းကသူတို့နှင့် ပိုပြီးအချိန်ကုန်ခဲ့ရသည်။


ချင်မန်ဝမ်အကြောင်းကိုမူ..သူရှောင်ရှင်းနှင့် အသေအချာမပြောရသေးပေ။


ဖြစ်ခဲ့ပြီးသောအရာများအတွက် သူ့ထံတွင်သက်သေမရှိ။


သူ့သဘောဆန္ဒဖြင့် သူမကို အဘိုးအိမ်သို့ပို့ခဲ့ပြီး ယခု သူမကိုမပြောပြဘဲနှင့် ဦးလေးလျိုနှင့်ပတ်သက်မှုကို ကြေညာလိုက်မိသည်။


ရှောင်ရှင်းက ဘယ်လိုတွေးနေလောက်မလဲ။


ကျယ်ပြောလှသောကော်ရစ်တာတွင် အချိန်အတန်ကြာနားထောင်ပြီးနောက် နောက်ဆုံး၌ ကျူးရှင်းကစကားပြောလာလေသည်။ 


"ကော ငါပြန်ချင်ပြီ..."


ကျူးထုန်က အသာလေးမျက်မှောင်ကြုတ်လိုက်သည်။


ကျူးရှင်းက ရှင်းပြလာသည်။


 "ငါအိမ်မှာကျန်ခဲ့တာတွေရှိသေးတယ်၊ အမေက ငါတို့နှစ်ယောက်အတွက် ထားခဲ့တာတွေလေ၊ ငါပြန်သွားယူချင်တယ်.."


ကျူးထုန်က တွေဝေနေလေသည်။ 


"ရှောင်ရှင်း.."


"စိတ်မပူပါနဲ့ ကော၊ ငါကပစ္စည်းတွေပဲသွားယူမှာပါ၊ အဘိုးလူတွေကိုလည်း နောက်ကလိုက်လာခိုင်းလိုက်မယ်.."


ကျူးရှင်းကသူ့အား စိတ်ချပါဆိုသောအပြုံးမျိုးကိုပြုံးပြလိုက်သည်။


ကျူးထုန်က သူမကိုအတင်းမနေခိုင်းတော့ဘဲ ကျူးမိသားစုအိမ်ကိုသာပြန်သွားခိုင်းလိုက်သည်။


မြက်ခင်းပြင်တွင် ပွဲကိုဆက်လက်ကျင်းပနေဆဲဆိုသော်လည်း နောက်ပိုင်းကအရေးမကြီးတော့ပေ။ ကျူးထုန်က အိမ်၏လေသာဆောင်ကိုပြေးသွားလိုက်ပြီး အောက်ထပ်တွင် အဘိုး၏လူများက ရှောင်ရှင်းနှင့်ထွက်သွားကြပုံကို ကြည့်နေလိုက်သည်။


သူက အတွေးနက်နေရင်း ကော်ရစ်တာမှတဆင့် ဝိညာဥ်လွင့်နေသလိုပြန်လျှောက်လာပြီး စိတ်အတိုင်း တံခါးကိုတွန်းဖွင့်လိုက်သည်။ နွေးထွေးသောမီးအလင်းရောင်က တံခါးအဟကြားမှထွက်လာပြီး အာရုံပျံ့လွင့်နေခဲ့သောပုဂ္ဂိုလ်မှာ လက်တွေ့ဘဝသို့ပြန်ရောက်လာခဲ့သည်။


တချက်ကြည့်ရုံဖြင့်ပင် ကျူးထုန်က ဆိုဖာ၌ခြေချိတ်ထိုင်နေသည့် အမျိုးသားငယ်ကိုမြင်လိုက်ရသည်။


သူ့မျက်လုံးတို့ကတောက်ပသွားရကာ အခန်းထဲသို့ခုန်ပေါက်ရင်းဝင်သွားလိုက်သည်။ ဖြစ်ပျက်နေသမျှကိုသဘောပေါက်လိုက်သည်နှင့် တံခါးကိုသူကိုယ်တိုင်ပိတ်လိုက်ပြီးသားဖြစ်နေခဲ့သည်။


ရှောက်မင်ကသူ့အားကြည့်ကာ အသာလေး မျက်ခုံးပင့်ပြလေသည်။ 


"ပြီးသွားပြီလား.."


ကျူးထုန်က တွန့်ဆုတ်ဆုတ်ဖြင့် ခေါင်းညိတ်ပြသည်။


"အင်း.."


ဧည့်ခံပွဲပြီးသွားပြီဖြစ်သောကြောင့် "ငါတို့နောက်မှပြောကြမယ်" ဆိုပြီး ဘေးချိတ်ထားခဲ့သောကိစ္စကို ပြောရတော့မည်ဖြစ်သည်။


ဒါပေမဲ့ ဘာပြောရမလဲ။ 


သူက နှေးကွေးဖြင့်လျှောက်သွားလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။


ရှောက်မင်က ဘယ်ဘက်ခပ်လှမ်းလှမ်းတွင်ထိုင်နေပြီး သူက ညာဘက်ခပ်လှမ်းလှမ်းတွင်ထိုင်နေခဲ့သည်။


နှစ်ယောက်သားကြားမှ "အဆမတန်" ကွာဝေးမှုကိုကြည့်ပြီး ရှောက်မင်ကပြုံးကာ မေးလာခဲ့သည်။ 


"ကိုယ်က အဲဒီလောက်ကြောက်စရာကောင်းလို့လား.."


ကျူးထုန်: "......."


သူက ကိုယ်တိုင်ပင် အခြားတဖက်သို့ခပ်မြန်မြန်ရွှေ့လိုက်မိလေသည်။


သူက တစ်လက်မချင်းစီရွှေ့နေခဲ့ပြီး ရှောက်မင်မှာ စောင့်မနေနိုင်တော့ပေ။ သူက ချက်ချင်းထရပ်ကာ သူ့ဘေးသို့လျှောက်လာပြီးအနားတွင် ထိုင်ချလိုက်လေတော့သည်။


ကျူးထုန်: "!"


သူ့မှာ အထိတ်တလန့်ဖြင့် တံခါးရှိရာသို့တစ်ချက်မျှလှမ်းကြည့်လိုက်ပြီး သူလှည့်လိုက်သည့်အခါ ရှောက်မင်ကသူ့ဘေးတွင်ထိုင်နေသည်ကိုတွေ့လိုက်ရလေ၏။


ထိုသူက တစ်ချက်ပင်မလှုပ်လာတော့ပေ။


ကျူးထုန်၏ တန်းလန်းဖြစ်နေသောနှလုံးက ရုတ်တရက်ကြီးပြုတ်ကျသွားပြီး ဗလာနတ္တိခံစားချက်သာကျန်ရစ်ခဲ့တော့သည်။


ရှောက်မင်က မျက်လုံးကိုထောင့်ကပ်ပြီး သူ့အားကြည့်လာလေသည်။


ကျူးထုန်ကလှည့်ပြီး ခိုးကြည့်လိုက်သည့်အခါ လူငယ်လေး၏ တောက်ပလှသောမျက်လုံးတစ်စုံဖြင့် တမဟုတ်ချင်းဆုံတွေ့သွားရပြီး ချက်ချင်းအကြည့်လွှဲလိုက်မိလေသည်။


ရှောက်မင်က ကောက်ကာငင်ကာပြောလာခဲ့သည်။ 


"မင်းဒီနေ့ ကြည့်ကောင်းနေတယ်.."


"....."


ကျူးထုန် အကြောင်းမရှိဘဲ မျက်တောင်လေးကို တဖျပ်ဖျပ်ခတ်လိုက်မိသည်။ ထိုသူက နေရင်းထိုင်ရင်း ထိုစကားကို အဘယ်ကြောင့်ပြောလာခဲ့မှန်း သူနားမလည်နိုင်တော့ပေ။


ဒါပေမဲ့ သူဒီနေ့ တကယ်ကြည့်ကောင်းနေခဲ့တာလား။


သူက ယနေ့ပွဲအတွက် ဝတ်စားလာခဲ့သည်။ ဦးလေးလျိုက သူ၏အပြင်အဆင်အတွက် စတိုင်လစ်တစ်ယောက်ကို အထူးစီစဥ်ပေးခဲ့၏။ သူ အရင်က ကြည့်ကောင်းသည်၊ ရုပ်ဆိုးသည်ကို သိပ်ပြီးဂရုမစိုက်ခဲ့ဘဲ အခြားသူများ၏ထင်မြင်ချက်ကိုလည်း မတွေးခဲ့ပေ။


ရှောက်မင်က ယနေ့ပွဲအခမ်းအနားကို ရောက်လာလိမ့်မည်ဟုလည်း သူမမျှော်လင့်ထားခဲ့ပေ။


ပြီးတော့ သူ့ကို ထူးဆန်းစွာဖြင့် "ချီးမွမ်း" နေသေး၏။


ပြောလာသူက ရှောက်မင်ဖြစ်နေသောကြောင့် ကျူးထုန်မှာ အာရုံစိုက်ထားမိသည်။


သူက အဝတ်အစားများကို တစ်ချက်ကြည့်ကာ ရှောက်မင်ကိုကြည့်လိုက်ပြန်သည်။


အဝတ်အစားကောင်းတစ်စုံက ၎င်း၏အရပ်ရှည်ပြီးသွယ်လျသောခန္ဓာကိုယ်ဖြင့် လူတစ်ယောက်၏ကျက်သရေကို ပြီးပြည့်စုံစွာပေါ်လွင်စေသည်။ နက်ကတိုင်နှင့်လည်းလိုက်ဖက်ညီပြီး ခန့်ညားပြီးရိုးရှင်းမှုကိုပါ ထင်ရှားလာစေခဲ့သည်။


ရှောက်မင်ဝတ်လာသောအဝတ်အစားအရ ၎င်းက သူ၏လှည့်ဖျားတတ်ပြီး အလေးအနက်မထားတတ်သောအကျင့်ကို ပျောက်ကွယ်သွားစေခဲ့သည်။ သိက္ခာရှိပြီး ဖြောင့်မတ်သူတစ်ယောက်အသွင်ကိုပင် ပေါ်လာစေခဲ့သည်။


ကျူးထုန်မှာ ပိုကြည့်မိလေ၊ မျက်နှာကပိုပြီးနီရဲလာလေပင်။ သူက အကြည့်လွှဲရင်းပြန်ပြောလိုက်လေသည်။


 "မင်းလည်း ဒီနေ့ အရမ်းချောနေပါတယ်.."


တကယ်ကြီး၊ တကယ်ကြီးကိုချောနေတာ။


မကြာသေးခင်က ကျောက်စိုင်အနောက်မှ ခပ်မှိန်မှိန်မီးရောင်အလယ်တွင်ဖြစ်နေ၍ ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ခက်ခဲခဲ့သည်။ ယခုမူ လင်းထိန်နေသောမီးရောင်အောက်တွင် ထိုင်နေရသည်ဖြစ်ရာ ထိုသူ၏ရင့်ကျက်တည်ငြိမ်သောခန့်ညားမှုက ငြင်းဆိုစရာမရှိအောင်ဖြစ်နေခဲ့သည်။ ခြေထောက်ကိုချိတ်ထားပုံက ဖော်ပြရခက်သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေလေ၏။


ရှောက်မင်သာ အစောပိုင်းကတည်းက ယခုလိုပုံစံဖြင့်ပေါ်လာခဲ့ပါမူ ကျူးထုန်မှာ ခေါင်းပင်မော့နိုင်မလားပင် မသေချာတော့ပေ။


ကို့ရို့ကားယားဖြစ်နေသည့်အလယ်တွင် သူသတိလွတ်သွားသည်နှင့် သူ့ဘေးမှလူကသူ့အား ရုတ်တရက်မှီလာပြီး ရှောက်မင်ကပြောလာခဲ့သည်။ 


"ကိုယ်ကဒီနေ့အရမ်းချောနေတယ်ဆိုတော့ အရင်နေ့တွေက မချောဘူးလား.."


ကျူးထုန်: "....."


ရင်းနှီးနေသောအငွေ့အသက်က ရုတ်တရက်အနားရောက်လာခဲ့ပြီး ကျူးထုန်မှာ တမဟုတ်ချင်း ရှောင်ချင်သွားခဲ့သည်။ သို့ရာတွင် သူလှည့်လိုက်သည်နှင့် ရှောက်မင်၏မျက်နှာက ဆိုဖာအားကိုင်ထားသောသူ့လက်အပေါ်ရောက်နေ၍ နေရာတွင်ပင် အေးခဲသွားလေတော့သည်။


ရှောက်မင်က ကျူးထုန်၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသူဖြစ်သောကြောင့် သူကြည့်နေသောနေရာကိုသဘောပေါက်သွားပြီး အံ့ဩသွားသလိုဟန်ဆောင်ကာပြောလိုက်လေသည်။ 


"ဒီတော့ မင်းက ကိုယ်ဒီလိုဝတ်ထားတာကိုသဘောကျတယ်ပေါ့.."


ကျူးထုန်က အလိုလိုငြင်းလိုက်မိသည်။ 


"မဟုတ်.."


"သဘောကျရင်.." 

ရှောက်မင်ကသူ့အား လေသံတိုးတိုးဖြင့်ဖြတ်ပြောလာခဲ့သည်။ 

"ကိုယ်နေ့တိုင်း ဒီလိုဝတ်ထားရလည်း ကိစ္စမရှိဘူးနော်.."


"....."


ကျူးထုန်က ပြုံးရုံသာပြုံးကာ ပြန်ဖြေလိုက်သည်။ 


"ကျောင်းမှာ ဒီလိုမျိုးဝတ်လို့ရလို့လား.."


သူတို့ကကျောင်းသားတွေပဲရှိသေးတယ်ဆိုတာကို ဒီကောင်မေ့သွားတာလား။


ရှောက်မင်က အေးစက်စက်ဖြင့် တုံ့ပြန်လိုက်သည်။ 


"ဘာဖြစ်လို့လဲ.."


ကျူးထုန်: "ဆရာယန်က မင်းအနောက်ကို လိုက်လာလိမ့်မယ်.."


သူတို့၏အတန်းပိုင်ဆရာယန်ချန်က အခြားဆရာများအပေါ်တွင်သာမက ကျောင်းသားများ၏စည်းကမ်းရှိရေးအတွက်လည်း တာဝန်ယူထားရသည်။


ရှောက်မင်က ပေါ့ပေါ့လေးသာပြန်ဖြေလာပြန်သည်။ 


"သူ ကိုယ့်ကို အမီမလိုက်နိုင်ပါဘူး.."


"......"


"ကိုယ့်ကိုလည်းမရိုက်နိုင်ပါဘူး.."


ကျူးထုန်: "......"


'ဒါဆိုလည်း မင်းက အရမ်းတော်နေလို့ပဲ'


ရှောက်မင်၏ ပရောပရည်လုပ်တတ်သည့်အကျင့်က ကျူးထုန်အပေါ်ကိုသက်ရောက်လာပုံရသည်။ ပြန်လည်စနောက်ရာတွင်ပင် စိတ်လက်ပေါ့ပါးနေသည်ကို သူ့ကိုယ်သူသတိထားမိလိုက်၏။


ရှောက်မင်ကလည်း သူ၏နေရခက်မှုက ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူ့အား စနောက်နေသည်ကိုရပ်လိုက်ပြီး အသံတိုးတိုးဖြင့်မေးလာ၏။ 


"အပြင်မှာ မင်းကိုပြဿနာလာရှာတဲ့သူတွေနဲ့ တွေ့ခဲ့ရသေးလား.."


ကျူးထုန်မှာ အနည်းငယ်မျှ တောင့်တင်းသွားရတော့သည်။


ရုတ်တရက်ပင် သူကိစ္စတစ်ခုကို သဘောပေါက်သွားခဲ့သည်။


ယခုလေးတင် ဦးလေးလျိုကသူတို့အား စင်ပေါ်သို့ခေါ်သွားသည့်အချိန် သူက လူတစ်ယောက်ကို ရှောက်မင်အားအပေါ်ထပ်ခေါ်သွားပေးရန်ပြောခဲ့သည်။ သူ့အတွက်စီစဥ်ပေးထားသောအခန်းက လေသာဆောင်ဘေးတွင်ရှိပြီး ကော်ရစ်တာမှကြည့်လျှင် ခြံဝန်းတစ်ခုလုံးကို ကောင်းကောင်းမြင်နိုင်သည်။ ရှောက်မင်လည်း အောက်ထပ်တွင်ဖြစ်ခဲ့သောကိစ္စကို ကောင်းကောင်းသတိပြုမိလောက်သည်။


သူနှင့်ရှောင်ရှင်းတို့က ဦးလေးလျိုကို သူတို့၏မွေးစားဖခင်အဖြစ် ရုတ်တရက်ကြီးသတ်မှတ်လိုက်ကြသည်။ ရှောက်မင်ကလည်း ၎င်းကို အံ့ဩနေပုံမရပေ။


သူက သိချင်ရုံပဲလား။ ဒါမှမဟုတ် သိထားပြီးသားကိစ္စတစ်ခုခုများရှိနေလား။


ကျူးထုန်က ခဏရပ်လိုက်ပြီး အသံတိမ်တိမ်ဖြင့်မေးလိုက်သည်။ 


"မင်းငါ့ကို မေးချင်နေတာရှိလား.."


ရှောက်မင်ကလည်းပြန်မေးလာခဲ့သည်။ 


"မင်းရောကိုယ့်ကိုမေးစရာမရှိဘူးလား.."


ကျူးထုန်: "......"


သေချာပေါက် ရှိတာပေါ့။


ဥပမာ ရှောက်မင်နဲ့ကျန်းဝမ်ကြားက ပတ်သက်မှုက ဘာလဲတို့။


ရှားဝေ့ယီနဲ့သူနဲ့ ဘာတွေစကားများထားလဲတို့။


သူတို့စတွေ့တဲ့အချိန်မှာ ရှောက်မင်ကဘာလို့အံကြိတ်ထားတာလဲတို့။


သို့သော်လည်း ရိုးသားမှုဆိုသည်မှာ အသွားအပြန်ရှိလေ၏။


ခဏမျှတိတ်ဆိတ်နေပြီးမှ ကျူးထုန်က အရင်ပြောရန် ဆုံးဖြတ်လိုက်သည်။ 


"အကယ်၍..မင်းမှာ အပူအပင်ကင်းပြီး အေးချမ်းတဲ့ဘဝကိုဖြတ်သန်းနေတဲ့ ညီမလေးတစ်ယောက်ရှိမယ်၊ သူ့မိသားစုကလည်း သူ့ကိုကောင်းကောင်းဆက်ဆံမယ်၊ သူတို့ကြားမှာ သံယောဇဥ်လည်းရှိမယ်၊ ဒါပေမဲ့ အဲဒါတွေအကုန်လုံးက အတုအယောင်ဖြစ်နေမယ်၊ သူ့မိသားစုက သူ့ကိုအသုံးချချင်နေတယ်၊ ပြီးတော့ သူတို့ကြင်နာမှုကလည်း စစ်မှန်မှုမရှိဘူး၊ ပြီးတော့ အဲဒါကို မင်းကလည်းသိနေတယ်၊ မင်းက သူ့(ညီမလေး)ကိုပြောပြချင်တယ်၊ ဒါပေမဲ့ သူကမင်းကိုမယုံမှာကိုရော သူ့ရဲ့လက်ရှိဘဝလေးပျက်စီးသွားမှာကိုပါ ကြောက်နေမိတယ်၊ အဲဒီလိုအခြေအနေမှာ မင်းဘာလုပ်မလဲ.."


ရုတ်တရက် ပွင့်လင်းလာမှုက ရှောက်မင် မမျှော်လင့်ထားသောမေးခွန်းတစ်ခုဖြစ်နေခဲ့သည်။


သူ့မျက်လုံးအတွင်းမှ လက်လွှတ်မနိုင်ခံမှုတို့က ရှောက်မင်ကို တဒင်္ဂမျှရင်ခုန်သွားစေခဲ့သည်။


ရှောက်မင်က နှလုံးသားထဲမှစိတ်လှုပ်ရှားမှုကိုဖိနှိပ်ထားရင်း တည်တည်ငြိမ်ငြိမ်ဖြင့်မေးလိုက်သည်။ 


"မင်းသူ့ကို ဒီအကြောင်းတွေအကုန်လုံးကို ပြောပြလိုက်ပြီလား.."


ကျူးထုန်က ခေါင်းကို အသာယမ်းပြသည်။


သူ ရှောင်ရှင်းကို တစ်ခါမှမပြောပြခဲ့ပေ။ ဘယ်လိုပြောရမှန်းလည်းမသိပေ။ ရှောင်ရှင်း သူ့ကို အထိတ်တလန့်ဖြင့်ပြန်မေးလာသည့်အခါ သူဘယ်လို ရှင်းပြရမှန်းမသိပေ။


ယခင်က သူ့အဖေအနေဖြင့် ချင်သားအမိနှစ်ယောက်၏ အကြံအစည်များကို မြင်နိုင်ပါစေဟု မျှော်လင့်နေခဲ့သေးသည်။ ၎င်းကမှ သူ့အနေဖြင့်ထိုကိစ္စကို ဝင်ပြီးဖြေရှင်းနိုင်လိမ့်မည်။


သို့ရာတွင် ရုတ်တရက်ပေါ်လာသော လက်ထပ်ပွဲက ကျူးထုန်ကို မျှော်လင့်ချက်ထားရန် မဖြစ်နိုင်တော့ကြောင်း ညွှန်ပြလာခဲ့သည်။


သူ့အနေဖြင့် သူနှင့်ညီမဖြစ်သူကို ကျူးမိသားစုနှင့်ဖြတ်တောက်ရန် အတင်းအကျပ်လုပ်ရုံသာရှိတော့၏။


ယနေ့ပွဲအတွက် ရှောင်ရှင်းကသူ့အား အပြစ်တင်စကားမပြောခဲ့သလို ဒေါသထွက်ခြင်းလည်းမရှိခဲ့ပေ။ သူမအတွေးတို့ကို မည်သူကများသိနိုင်ပါမည်နည်း။ သူမအစ်ကိုက အများအပြားဝင်ပါခဲ့ပြီး မကြာခဏကြားဝင်စွက်ဖက်ခဲ့သည်ဟု ထင်နေလေမလား။


ရှောက်မင်က ရုတ်တရက်ပြုံးလာခဲ့သည်။ 


"မင်းဘက်ကသူ့ကိုမပြောပြဘဲနဲ့ မင်းစကားကိုသူမယုံဘူးဆိုတာ ဘယ်သူသိမှာလဲ.."


ကျူးထုန် တောင့်တင်းသွားလေသည်။


ရှောက်မင်ကဆက်ပြောနေခဲ့၏။ 


"မင်းနဲ့မင်းညီမကြားမှာ ကလေးအရွယ်ကနေအခုအထိ ဘယ်သူကအိမ်မှာပိုနေခဲ့ရလဲ.."


ကျူးထုန်ကလည်း အမြန်ပင်ပြန်ဖြေလိုက်သည်။ 


"သူလေ.."


"ဒီတော့ မင်းတောင်သိနေတာကို သူကမသိစရာလား.."


"ဘာလို့လဲဆိုတော့.."


သူက စနစ်ကြောင့်သာ သိခဲ့ရခြင်းဖြစ်လေသည်။ ရှောင်ရှင်းက သူ့အတိုင်းတုံ့ပြန်မည်မဟုတ်ဘဲ ချင်မန်ဝမ်ကလည်း ရှောင်ရှင်းအရှေ့တွင် ကောင်းကောင်းဟန်ဆောင်နိုင်ခဲ့သည်။ သူ့ရှေ့တွင်ထက်ပင် ပိုပြီးဟန်ဆောင်ကောင်းသေး၏။ အကြောင်းမှာ ၎င်း၏ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်လေသည်။ သူမ၏ ရှောင်ရှင်းအပေါ်ပြသခဲ့သောကြင်နာမှုတို့က စစ်မှန်ပြီးနှစ်နှစ်ကာကာရှိခဲ့သည်။


ကျူးထုန်: "ရှောင်ရှင်း...သူကငါနဲ့တူတာမဟုတ်ဘူး.."


"....."


ရှောက်မင်က မတူရသည့်အကြောင်းကို မမေးပေ။ ခဏမျှတိတ်ဆိတ်နေပြီးမှ သူမေးကြည့်လိုက်သည်။ 


"မင်း ကုန်းရွှေစီရင်စုကိုပြောင်းလာတော့ ရှောင်ရှင်းကဘယ်မှာနေတာလဲ.."


ကျူးထုန်: "ငါ့အဘိုးအိမ်ကိုပို့ထားခဲ့တာ.."


သူက စကားပြောနေရာမှ ရုတ်တရက်ရပ်လိုက်မိ၏။


ရှောက်မင်: "သူကရော သဘောတူခဲ့လား.."


ကျူးထုန်က ခေါင်းညိတ်ပြလိုက်သည်။


"သူ သဘောတူတုန်းက ဘာလို့လဲဆိုပြီး မမေးဘူးလား.."


"....."


ကျူးထုန်က ရုတ်တရက်နားလည်သွားပြီး ရှောက်မင်ကိုဆတ်ခနဲလှမ်းကြည့်လိုက်မိလေသည်။




🤒