Chapter 119
Viewers 18k

🤒အခန်း ၁၁၉




'ဟက် ဒီကောင်စုတ်လေးက အခွင့်အရေးယူပြီး ချစ်ဖို့ကောင်းသလို လုပ်ပြနေပြန်ပြီ'


လျိုကျန်းဖေက ရှားဝေ့ယီကိုကြည့်လိုက်ပြန်သည်။ 


"သူဌေးရှားက ကျောက်စိုင်အနားမှာ ကလေးနှစ်ယောက်က ပျော်ပျော်ရွှင်ရွှင်စကားပြောနေတယ်လို့ကြားမိတယ်၊ အားလပ်ချိန်လေးမှာ ကျွန်တော့်ကလေးတွေနဲ့ ဘာတွေပြောနေကြတာလဲ.."


ဦးလေးလျို၏ စကားက ကမ္ဘာကြီးကိုလှုပ်ခါသွားစေခဲ့သည်။


သူ့ကလေးတွေတဲ့လား။ ဘယ်သူကလဲ။


ကျူးထုန်နဲ့ ဘေးကကောင်လေးလား။


ရှားဝေ့ယီက လျိုကျန်းဖေအသံကိုကြားရသည့်အခါ သူ့မျက်နှာက မှောင်မိုက်သွားခဲ့သည်။ သို့ရာတွင် သူပင်မပြောရသေးခင် ကျန်းဝမ်ကကြားဝင်ပြီး အခွင့်ကောင်းယူကာမွှေနှောက်လိုက်သည်။ 


"သူဌေးလျိုရေ၊ သူဌေးရှားက သခင်လေးကျူးကို ဘယ်လိုလူနဲ့သူငယ်ချင်းလုပ်သင့်တယ်ဆိုပြီး သင်ပေးနေတာရှင့်၊ နောက်ဆုံးတော့ သခင်လေးကျူးက သူငယ်ချင်းရလာတော့ သူဝမ်းသာနေတာ၊ သူက သခင်လေးကျူးကိုအရမ်းဂရုစိုက်တာပဲ.."


ရှားဝေ့ယီ: "....."


သူ ကျန်းဝမ်ကို အေးစက်စက်အကြည့်ပေးလိုက်သည်။


ကျန်းဝမ်က သူ့အားပြန်လည်ပြုံးပြလိုက်လေ၏။


ဦးလေးလျိုကမူ ရှားဝေ့ယီကိုသာကြည့်နေပြီး တည်ငြိမ်သည့်အသံဖြင့်ပြောလိုက်သည်။ 


"ကလေးတွေက သူငယ်ချင်းလုပ်တဲ့အခါ သူတို့စရိုက်ကကောင်းနေသရွေ့ အရေးမကြီးပါဘူး၊ သူဌေးရှားက ထုန်ထုန်ကိုဘာသင်ပေးတာလဲဆိုတာ ကျွန်တော်လည်းသိချင်ပါရဲ့.."


ရှားဝေ့ယီက သွားများကွဲထွက်တော့မည်အထိ အံကိုတင်းတင်းကြိတ်ထားသည့်တိုင် သူ့ကိုယ်သူထိန်းချုပ်ကာ ပြုံးပြလိုက်သည်။ 


"သူဌေးလျို၊ အထင်လွဲနေပြီ၊ ကျွန်တော်က ဒီကမိတ်ဆွေလေးအကြောင်းကိုသိချင်လို့ မေးခွန်းနည်းနည်းမေးကြည့်တာပါ၊ မမလေးကျန်းက နားလည်မှုလွဲသွားမယ်လို့မထင်ထားမိဘူး၊ ကျွန်တော့်ဘက်ကရိုင်းပျမိတာပါ၊ သူဌေးလျိုပဲ ဗွေမယူဖို့မျှော်လင့်ပါတယ်.."


"......"


အတော်လေးကို ကွေးလိုက်ဆန့်လိုက်ဖြစ်နေတာပဲ။


ယနေ့တွင် ဦးလေးလျို၌ အရေးတကြီးလုပ်စရာရှိနေသည်။ ထို့ကြောင့် ရှားဝေ့ယီနှင့်ပြိုင်ငြင်းမနေတော့ပေ။ ခပ်စူးစူးသာကြည့်လိုက်ပြီး အချိန်ကိုကြည့်ကာ ကလေးနှစ်ယောက်နှင့်အတူထွက်သွားလေတော့သည်။


မသွားခင် ရှောက်မင်နှင့်ရှားဝေ့ယီက တခဏမျှအချင်းချင်းကြည့်နေကြပြီး သူ့မျက်လုံးတို့ကအေးစက်သွားခဲ့သည်။


ရှားဝေ့ယီက ကျူးထုန်၏တမင်တကာဆွဲခေါ်ခံသွားရသောရှောက်မင်ကိုကြည့်နေပြီး မျက်လုံးထဲမှမုန်တိုင်းကခက်ထန်နေခဲ့ကာ နောင်တရသလိုခံစားလိုက်ရသည်။


သူသာ လွန်ခဲ့တဲ့ဆယ်နှစ်ကအမှားကိုမကျူးလွန်ခဲ့ရင် ဒီနေ့လိုအခြေအနေမျိုးမှာရောက်လာမှာမဟုတ်ဘူး။


ဒါပေမဲ့ သူခံလိုက်ရတော့ရော ဘာဖြစ်လဲ။ အချို့ကိစ္စတွေက ခွဲလိုက်ချင်တာနဲ့ပဲဆုံးဖြတ်လို့မရဘူးလေ။


တစ်ခါရှုံးသွားလည်း သူပိုင်တာဖြစ်နေသရွေ့ ကျိန်းသေပြန်ယူရမှာပဲ။


လျိုကျန်းဖေနှင့်ကျူးထုန် ထွက်သွားပြီးသည့်နောက် မြက်ခင်းပြင်တွင် စကားပြောနေသံများနှင့် ကျွတ်စီကျွတ်စီဖြစ်လာလေသည်။ အချို့က ကျန်းဝမ်အကြောင်းပြောနေသည်။ အခြားသူများက ရှားဝေ့ယီအကြောင်းပြောနေပြီး အချို့သူများကမူ စီးပွားရေးကိစ္စပြောနေသလိုဟန်ဆောင်ကြသည်။ သို့ရာတွင် အဓိကဆွေးနွေးနေကြသည်မှာ ကျူးထုန်အကြောင်းပင်ဖြစ်လေ၏။


"သခင်လေးကျူးနဲ့ သူဌေးလျိုတို့ကြားက ပတ်သတ်မှုက မရိုးရှင်းဘူးနော်၊ အရင်ကရော ကောလဟလတွေကြားခဲ့ရသေးလား.."


"လျိုကျန်းဖေက A မြို့နဲ့ဝေးကွာနေတာကြာပြီလေ၊ အဲဒီသခင်လေးက ကျူးမိသားစုက ချူချာတဲ့ကလေးမလား၊ သူက ပွဲတွေတက်တာရှားတယ်၊ ဘယ်သူကသိမှာလဲ.."


"ကျွန်တော်ကြားတာတော့ သူဌေးလျိုက သူ့ကို တလေးတစားနဲ့ခေါ်တယ်တဲ့၊ သူ့သားအရင်းလိုပဲ၊ တကယ် သူ့သားရောမဖြစ်နိုင်ဘူးလား.."


"ကျူးထုန်က သူဌေးကျူးရဲ့သားမဟုတ်ဘူးလား.."


"ဒီနေ့လိုပွဲမျိုးမှာ ဘာလို့ သူဌေးကျူးကိုမတွေ့တာလဲ.."


ရုတ်တရက် တစ်ယောက်ကထုတ်မေးလာလေသည်။ စကားပြောနေသည့်လူအားလုံး အလိုက်အတန့်တစ်ခုမျှတိတ်ဆိတ်သွားကြကာ မြက်ခင်းပြင်တွင် ကျူးရှို့ရှန်းကိုစတင်ရှာဖွေကြတော့သည်။


ကျူးရှို့ရှန်းက ရေပန်းဘေးတွင်ရပ်နေလေ၏။


ယနေ့ ဧည့်ခံပွဲတွင် လျိုကျန်းဖေကလည်း သူ့အားဖိတ်စာပေးပို့ခဲ့သည်။


ယနေ့ဧည့်ခံပွဲက ဘာအတွက်မှန်းမသိရသော်လည်း ကျူးထုန်နှင့်ပတ်သက်နေ၍ ခပ်ရေးရေးမျှခန့်မှန်းရခက်စေခဲ့သည်။


ကျူးထုန်ကထိုနေ့တွင် မေ့လဲသွားပြီး ဆေးရုံတင်လိုက်ရသည့်နောက်ပိုင်း လူအိုကြီးကဘာမှမသိသည့်တိုင် သူ့အပေါ် ပုံမှန်မဟုတ်ဘဲ ပိုမိုအေးစက်လာသလိုထင်ရလေသည်။ ထိုသူကတဖက်သတ်ဆန်သောဆုံးဖြတ်ချက်အား ထုတ်ပြလာမည်ကို သူစိုးရိမ်နေမိသည်။ သို့တစေ နှစ်ရက်စောင့်နေသည့်တိုင် ထိုလူအိုကြီးကသူ့အား ခေါ်ပြီးမဆူတော့သလို သူ့ကိစ္စများတွင်လည်းဝင်မပါတော့ပေ။ ကုမ္ပဏီကလည်း ပုံမှန်အတိုင်းဆက်လက်လည်ပတ်နေခဲ့သည်။


အားလုံးက တည်ငြိမ်နေခဲ့သည်။ မုန်တိုင်းမလာခင် လေပြည်လာသည့်အတိုင်းပင်။


သူလုပ်ခဲ့သမျှကို ပြန်တွေးကြည့်မိသည်။ မှားခဲ့သည့်အရာမရှိဟု မထင်မိပေ။


သူ ကျူးထုန်အတွက် လက်ထပ်ပွဲကိုစီစဥ်ပေးခဲ့သည်မှာ ဘာမှမရှိသောဆင်းရဲသားကောင်လေးနှင့် ပတ်သက်သွားမည်ကိုစိုးရိမ်သောကြောင့်ပင်ဖြစ်လေသည်။


ကောင်လေးနှစ်ယောက်မှာ ဘယ်လိုစစ်မှန်တဲ့ခံစားချက်မျိုးရှိနိုင်မှာလဲ။ အကုန်လုံးအမှားတွေချည်းပဲ။


ကျူးထုန်နှင့်လက်ထပ်ရန်စီစဥ်ပေးလိုက်သောအမျိုးသမီးက လူကောင်းမဟုတ်နိုင်သော်လည်း ကျန်းဝမ်က အမည်ခံခင်ပွန်းကိုသာလိုအပ်နေခဲ့သည်။ ကျူးထုန်က ကလေးအရွယ်ကတည်းက သီးသန့်ဆန်သည်။ တစ်ယောက်တည်းသာနေတတ်ပြီး မည်သူကိုမှအနားအကပ်မခံပေ။ အခြားသူများထံမှအကူအညီလည်းမယူသလို ဒုက္ခလည်းမပေးပေ။ သန့်ရှင်းသောပတ်ဝန်းကျင်ဖြစ်နေသရွေ့ ဆေးရုံတွင်တစ်ယောက်တည်းနေရလျှင်ပင် ဘယ်တော့မှအထွန့်မတက်ပေ။


ကျန်းဝမ်နှင့်လက်ထပ်လိုက်လျှင် သန့်ရှင်းသောပတ်ဝန်းကျင်တွင်နေထိုင်ရပြီးသားဖြစ်သွားလိမ့်မည်။ ကျန်းမာရေးအတွက် ဂရုစိုက်ပြီးသားလည်းဖြစ်သွားလိမ့်မည်။ ကျန်းဝမ်က သူ့ဘဝနှင့်မဆက်နွယ်နိုင်လေရာ သူ့အတွက် မည်သည့်အရာမှပြောင်းလဲသွားမည်မဟုတ်ပေ။


ကျူးထုန်က မည်သည့်အတွက်ကြောင့် လက်ထပ်ပွဲကိုငြင်းဆန်နေမှန်း သူနားမလည်နိုင်ဖြစ်နေခဲ့သည်။


ကျူးရှို့ရှန်းကတွေးလိုက်လေ၏။ 

'ငါက ကျူးထုန်ရဲ့အဖေ၊ ကျူးထုန်ကိုစောင့်ရှောက်လာတာ၊ ငါက ကျူးထုန်ကို အချိန်နည်းနည်းလေးမှာ မှီခိုစေချင်ရုံပဲ၊ ကျူးထုန်မှာ အမည်ခံဇနီးရှိနေပေမဲ့ သူ့ဘက်ကဆုံးရှုံးစရာမရှိဘူးလေ၊ ဘာလို့လက်မခံရတာလဲ'


ပြီးတော့ ချန်မိသားစုရောပဲ။


ထိုနေ့က ခွဲစိတ်ခန်းအပြင်ဘက်တွင် သူတို့အားလုံး ကော်ရစ်တာတွင်ရပ်ရင်း ကျူးထုန်ကိုအတူစောင့်နေခဲ့ကြသည်။ ယခင်ကလည်း အလားတူအတိုင်း အများအပြားဖြစ်ပျက်ခဲ့သည်။


ဖြစ်လိုက်တိုင်း ကျူးရှို့ရှန်းသာ အပြောခံခဲ့ရသည်။


သူတို့အချင်းချင်း အပြန်အလှန်နှစ်သိမ့်ကြသည်။ အပြန်အလှန်ဂရုစိုက်ကြသည်။ သို့ရာတွင် သူကမူ အပြစ်တင်ခံရသည်။ ကျူးထုန်ကို ဂရုမစိုက်သည့်အတွက် သူ့အား တဖက်သတ်အပြစ်ပြောကြသည်။ သူတို့ကမှ ကြီးမြတ်သူများ၊ တကယ့်မိသားစုကြီးနှယ်ဟန်ပြပြီး သူတို့မျက်လုံးထဲတွင် သူကသာ ကျူးထုန်ကို အလေးအနက်ထားပြီးဂရုမစိုက်သလိုလုပ်ပြကြသည်။


သူတို့က သူ့အား နှိမ်ကြပြီး ဖြောင့်မတ်သလိုဖြင့် သူ့အားပြောဆိုကြတော့သည်။


သူတို့က သူဂရုစိုက်ပေးတာကို ဘာလို့ကြားကနေအခွင့်ကောင်းယူကြတာလဲ။ ဒီလောက်နှစ်တွေအကြာကြီး သူတို့က ကျူးထုန်အတွက် ဘာများလုပ်ပေးခဲ့လဲ။


ကလေးနှစ်ယောက် ကျူးမိသားစုကနေ ထွက်သွားပြီးနောက်ပိုင်း သူတို့အဖေ သူဆိုတဲ့ကျူးရှို့ရှန်း လုပ်ပေးသမျှတိုင်းကို အခြားသူတွေကဝင်စွက်ဖက်ဖို့ ဘာအခွင့်အရေးရှိလို့လဲ။


မြက်ခင်းပြင်က ရုတ်တရက် ပွက်လောရိုက်လာ၍ ယခုလေးတင်ခံစားနေရသော နှလုံးသားထဲမှခံရခက်မှုက ကြီးထွားလာခဲ့သည်။


လျိုကျန်းဖေက မြက်ခင်းအလယ်မှ ယာယီစင်အနိမ့်လေးပေါ်တွင် ကလေးနှစ်ယောက်နှင့်အတူရပ်နေခဲ့သည်။ ကျူးထုန်နှင့်ကျူးရှင်း။


ကျူးရှို့ရှန်းက ချက်ချင်း ပျာယာခတ်သွားတော့သည်။


လျိုကျန်းဖေ ဘာလုပ်မလို့လဲ။


မည်သူကမှ သူ့ထင်မြင်ချက်ကိုမမေးသလို၊ မည်သူကမှလည်း သူ့အားကြိုမပြောကြပေ။


လျိုကျန်းဖေက အလင်းရောင်အောက်တွင် ကလေးနှစ်ယောက်ကို ပွေ့ဖက်ထားခဲ့ပြီး ကျေနပ်အားရနေသောမျက်နှာဖြင့် ဧည့်သည်များအားစကားပြောနေသည်ကိုတွေ့လိုက်ရသည်။ 


"ကျွန်တော်၊ လျိုကျန်းဖေဘဝမှာ လက်မထပ်ခဲ့သလို ဆွေမျိုးသားချင်းတွေလည်းမရှိခဲ့ပါဘူး၊ ဒီနေ့တော့ အားလုံးကို ဖိတ်ကြားလိုက်ရတာက ကျူးမိသားစုက ကလေးနှစ်ယောက်၊ ကျူးထုန်နဲ့ကျူးရှင်းတို့က ကျွန်တော့်မွေးစားကလေးတွေပါ၊ ကျွန်တော် သူတို့ကို ကျွန်တော့်ရဲ့ကလေးတွေလိုမျိုး စောင့်ရှောက်သွားပါ့မယ်.."


ကျူးရှို့ရှန်းမှာ အဝေးမှရပ်ကာနားထောင်နေရင်း ခေါင်းထဲတွင်တဝီဝီလည်ကာ နေရာမှာပင်ကြောင်ရပ်နေမိလေတော့၏။


လျိုကျန်းဖေက ဧည့်ခံပွဲ၏ရည်ရွယ်ချက်ကို ရုတ်တရက်ကြေညာလာပြီး ကျူးရှို့ရှန်းအတွက်မူ သူပြောလိုက်သည့်စကားက နွေခေါင်ခေါင်တွင်ပစ်ချလိုက်သော မိုးကြိုးလိုပင်။


သူ့သားနဲ့သမီးကို သူ့ကလေးတွေလိုမျိုးခေါ်သွားရအောင် သူကဘာမလို့လဲ။


သို့သော်လည်း ကျူးရှို့ရှန်းမှာ ဒေါသထွက်ရမည်ထက် ပိုပြီးကြောက်ရွံ့လာလေသည်။


ဘာလို့ လျိုကျန်းဖေက ဒီလိုမျိုးလုပ်ရတာလဲ။ အဘိုးကြီးက လုပ်ဖို့ပြောထားတာလား။ သူဘာလုပ်မလို့ကြိုးစားနေတာလဲ။


ကျူးရှို့ရှန်းအပြင် ယနေ့ဧည့်ခံပွဲသို့တက်လာကြသူများပါ ထပ်တူထပ်မျှ အံ့ဩသွားခဲ့ကြသည်။


ကျူးထုန်က ဤအကြောင်းကိုကြိုသိထားခဲ့၍ အလွန်အမင်းမတုံ့ပြန်မိပေ။ သူအံ့အားသင့်နေမိသည်က ရှောင်ရှင်း တည်ငြိမ်အောင်ထိန်းထားနိုင်သည့်ပုံစံပင်ဖြစ်လေသည်။ သူမမျက်နှာတွင် ရှော့ခ်ရသွားသည့်ပုံစံက အနည်းငယ်မျှပေါ်လာခဲ့ပြီး ယခင်ကတည်းကရှိနေခဲ့သော သိမ်မွေ့တည်ငြိမ်မှုတို့ထံပြန်ရောက်သွားခဲ့သည်။


ယခုလိုအခြေအနေမျိုးနှင့်ပတ်သတ်လာလျှင် ရှောင်ရှင်းက သူမအစ်ကိုထက်ပိုပြီးအတွေ့အကြုံရှိလေသည်။


အမြွှာနှစ်ယောက်က တည်ငြိမ်နေသလောက် ဧည့်သည်တို့ကမူ မဟုတ်ပေ။


သူတို့၏လက်ရှိအတွေးအပေါ် အခြေခံရပါက လျိုကျန်းဖေက ရုတ်တရက်ကြီး ကျူးမိသားစုမှကလေးများကို သူ့ကလေးများအဖြစ်သတ်မှတ်လိုက်သည်။ ကျူးရှို့ရှန်းရဲ့သဘောထားကရော။


လူတိုင်းနီးပါးက ရေပန်းဘေးမှလူကိုလှည့်မိကြသည်။


ကျူးရှို့ရှန်းက ရေပန်းဘေးတွင် ဝိုင်ခွက်ကိုကိုင်ထားပြီး အပြုံးဖျော့ဖျော့ဖြင့် စင်အမြင့်မှလူများကိုကြည့်နေလေသည်။ ကျေနပ်နေသည်လည်းမဟုတ်သလို အံ့ဩနေခြင်းလည်းမဟုတ်၍ ထိုသူ၏စိတ်ကိုနားလည်ရန်မှာခက်ခဲလှသည်။


ဒီကိစ္စကို သူတို့နှစ်ယောက်က အစောကြီးတည်းက ပြောပြီးသားလား။


ကျူးမိသားစုကလည်း A မြို့၏ ထိပ်ဆုံးလုပ်ငန်းစုများအနက်မှ တစ်ခုဟုယူဆရသည်။ ကျူးရှို့ရှန်းက လျိုကျန်းဖေကျေနပ်စေရန် သူ့ကလေးများကိုထိုးကျွေးလိုက်မည်ဟု သူတို့လုံးဝမယုံကြည်နိုင်ကြပေ။ လျိုကျန်းဖေကလက်ရှိတွင် ဩဇာရှိနေလျှင်ပင် ယခုလိုတရားလွန်လုပ်ရပ်မျိုးဖြင့် ခယလောက်သည်အထိ အကြောက်တရားကိုမသွင်းထားရသေးပေ။


တစ်ခုတည်းသောဖြစ်နိုင်ချေက နှစ်ဖက်ပူးပေါင်းလိုက်ခြင်းပင်ဖြစ်လိမ့်မည်။


ယခုကိစ္စတွင် ကျူးမိသားစုက ရှားမိသားစုကိုကျော်သွားပြီး မကြာမီအချိန်တွင် ကျန်းမိသားစုကိုလည်းကျော်သွားလိမ့်မည်။ "A မြို့၏အကောင်းဆုံးများအနက်တစ်ခု" မှ "တစ်ခုတည်းသောအကောင်းဆုံးအရာ" အဖြစ် ပြောင်းလဲသွားလိမ့်မည််။


ဒါပေမဲ့ လျိုကျန်းဖေက ဘာလို့ ကျူးမိသားစုကိုမှရွေးရတာလဲ။


"ငါထင်တာမမှားရင် လျိုကျန်းဖေက ကျူးရှို့ရှန်းရဲ့အရင်ဇနီးနဲ့ ပတ်သက်ခဲ့ဖူးတယ်မလား.."


ကျောက်စိုင်အနားတွင် ကျန်းဝမ်နှင့် ချန်ချန့်တို့က နေရာတွင်ရပ်ရင်း လူအုပ်ကြီး၏အကြည့်ခံနေရသော အဝေးမှ နာမည်ကြီးပုံရိပ်တို့ကိုကြည့်နေလေသည်။


ချန်ချန့်က သူမ၏ခန့်မှန်းချက်ကိုမငြင်းခဲ့ပေ။


မဒမ်လန်၏ နောက်ခံမိသားစုက A မြို့တွင် အမြဲပဟေဠိတစ်ခုဖြစ်နေခဲ့သည်။ ကျူးရှို့ရှန်း၏ယခင်ဇနီးက မည်သို့သောလူမှန်း မည်သူကမှမသိကြပေ။ အခြေအနေတစ်ခုကို အပေါ်ယံအချက်တစ်ခုတည်းဖြင့် ရှင်းပြရန်မဖြစ်နိုင်တော့သည့်အချိန်၌ လူများက ပိုပြီးတွေးတောလာခဲ့ကြသည်။ ကျန်းဝမ်ပင် ယခုလိုတွေးပါက မကြာမီ အခြားသူများကပါ ထိုအတိုင်းလိုက်တွေးလာကြတော့မည်။


ကိစ္စတစ်ခုကိုတွေးသည်က တစ်ခုပင်ဆိုသော်လည်း အခြားကိစ္စတစ်ခုလုံးကိုပါ ရှာတွေ့သွားနိုင်သည်။ ၎င်းက တစ်ဦးချင်းစီ၏စွမ်းရည်အပေါ်တွင်သာမူတည်လေ၏။


ချန်ချန့်: "သူဌေးကျန်းက ဒီလောက်အများကြီးသိချင်နေတော့ ကိုယ်တိုင်ပဲသူ့ကိုသွားမေးကြည့်ပါလား.."


"....."


စိတ်ကောက်နေတုန်းပဲကိုး။


ကျန်းဝမ်က မနေနိုင်တော့ဘဲ သူနှင့်ကျူးထုန်တို့ကြားမှပတ်သက်မှုကို ပိုပြီးသိချင်လာမိသည်။


ဒါပေမဲ့ အခုတော့ သိုသိုသိပ်သိပ်လေးပဲနေရအောင်။


ကျန်းဝမ်က ခပ်တိုးတိုးရယ်ကာပြောလိုက်သည်။ 


"ကျွန်မသိပါတယ်၊ ကျွန်မ သခင်လေးကျူးကို ထပ်ပြီးကပ်လို့မရတော့ပါဘူး၊ ဒီမတော်တဆမှုလေးအတွက် ကျွန်မကပဲတောင်းပန်ပါတယ်.."


ချန်ချန့်၏မျက်နှာက အနည်းငယ်မျှပြေလျော့သွားလေသည်။ 


"အဲဒါဆို နောက်ပိုင်းကျ ဘယ်လိုလုပ်မှာလဲ.."


ကျန်းဝမ်က ပြန်မေးလာခဲ့သည်။ 


"ဘာလဲ.."


ချန်ချန့်: "မင်းရဲ့လက်ထပ်ပွဲကပျက်စီးသွားပြီ၊ ကျန်းမိသားစုက အဲဒီသက်ကြားအိုကြီးတွေကလည်း အလွယ်လေးတော့ လွှတ်မပေးလောက်ဘူးမလား.."


တုံ့ပြန်သည့်အနေဖြင့် ကျန်းဝမ်က အကြောက်အလန့်မရှိပြန်ပြောလိုက်သည်။ 


"သူတို့သာ ကျန်းမိသားစု ဒေဝါလီခံသွားရမှာကိုမကြောက်ရင် ကျွန်မကိုမောင်းထုတ်လို့ရတာပဲလေ.."


နောက်ဆုံး သူမအောင်မြင်သွားခဲ့ပါက သူမ၏ကြိုးစားမှုက ထိပ်ဆုံးရောက်သွားလိမ့်မည်။ သူမကျရှုံးသွားလျှင်လည်း ဘုတ်အဖွဲ့ဝင်များကို ထိန်းချုပ်နိုင်မည့်နည်းလမ်းရှိသည်။


ချန်ချန့်က တဒင်္ဂခန့်ရပ်သွားပြီးမှ မေးလာခဲ့သည်။ 


"မင်းက ဒီအတိုင်းဆက်နေသွားဖို့ တကယ်ကိုစီစဥ်ထားတာလား.."


ကျန်းဝမ်: "သခင်လေးချန် ပြောချင်တဲ့စကားက ဘာအဓိပ္ပါယ်လဲ.."


ချန်ချန့်က ခပ်ပြတ်ပြတ်သာပြန်ဖြေ၏။ 


"မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေလေ.."


ကျန်းဝမ်က အထအနကောက်လိုက်သည်။


 "ဒီတော့ သခင်လေးချန်က ကျွန်မကိုကူညီဖို့ ရှင့်ကိုယ်ရှင်စတေးမလို့လား.."



🤒