Chapter 118
Viewers 18k

🤒အခန်း ၁၁၈




ယနေ့ ဧည့်ခံပွဲသို့တက်လာသော ရင်းနှီးမြုပ်နှံသူအများအပြားက ၎င်း၏ရည်ရွယ်ချက်ကိုမသိကြသလို ကျူးထုန်ကိုလည်း မမြင်ဖူးဘဲကြားဖူးနားဝသာရှိကြသည်။ ရှားဝေ့ယီက သူ့ကို နွေးနွေးထွေးထွေးနှုတ်ဆက်ချိန်တွင် တဖက်မှ စိတ်ပါလက်ပါမရှိဘဲပြန်လည်နှုတ်ဆက်လာသည်ကိုမြင်သည့်အခါ သူတို့ကစတင်ပြီး တီးတိုးပြောလာကြတော့သည်။


ရှားဝေ့ယီက ကျူးထုန်၏သဘောထားကိုဂရုမစိုက်ပေ။ ကျူးထုန်ကို ခဏခန့်ကြည့်နေပြီးနောက် ဘေးမှလူကိုလှည့်ကြည့်လာလေသည်။ 


"ဒါဘယ်သူများလဲ.."


ထိုသူက ရှောက်မင်ဘက်သို့ ရုတ်ချည်းလှည့်သွားသည့်အခါ ကျူးထုန်က အိန္ဒြေမရတော့ပေ။ မျက်မှောင်အသာကြုတ်ကာ ပြန်ဖြေလိုက်လေသည်။ 


"ကျွန်တော့်သူငယ်ချင်းပါ.."


"သူငယ်ချင်းလား.." 

ရှားဝေ့ယီက ထပ်မေးပြန်သည်။ 

"ဘယ်သူ့ကလေးပါလိမ့်.."


"...."


ကျူးထုန်မျက်ခုံးက ပို၍ပင်ကျုံ့ဝင်သွားလေသည်။


ရှားယန်က ရှောက်မင်အနောက်ကို ထပ်ကြပ်မကွာလိုက်ခဲ့သည်။ သူ့အဖေတားနေသည့်ကြားက ကုန်းရွှေစီရင်စုမှကျောင်းကိုသွားတက်ရသည်အထိ။


ရှားဝေ့ယီက ကောင်လေးတစ်ယောက်အတွက် ကျောင်းပြောင်းခဲ့သောရှားယန်ကို ဒေါသဖြစ်ခဲ့သည်။ ရှားယန် သဘောကျနေသူကို သိချင်စိတ်ဖြစ်ခဲ့မိသည်။


ထို့ကြောင့် ရှောက်မင်က မည်သူဖြစ်ကြောင်း သူသေချာသိထားနိုင်သည်။ ယခုလိုပွဲမျိုးတွင် ရှောက်မင်၏မိဘအသိုင်းအဝိုင်းကို ထုတ်မေးလာပြန်သည်။ 


ဒါက အငြိုးတကြီးနဲ့လှုပ်ရှားတာပဲမလား။


ကျူးထုန်က တိုးတိမ်ပြီး အလေးအနက်ထားနေသည့်မျက်နှာဖြင့်ပြန်ဖြေလိုက်သည်။ 


"ဦးလေးရှားက သူငယ်ချင်းမလုပ်ခင် အဲဒီလူအကြောင်းကိုစုံစမ်းဖို့လိုသေးတာလား.."


ရှားဝေ့ယီ: "....."


သူတကယ်လုပ်ချင်သော်လည်း ပါးစပ်မှထုတ်ပြောရန် ကြားကောင်းသည့်စကားမဟုတ်ပေ။


ထိုအခိုက် လူအုပ်ထဲမှတစ်ယောက်က ခပ်တိုးတိုးရယ်လိုက်၍ ရှားဝေ့ယီ၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သို့တစေ သူက အမြန်ပြုံးပြီးပြောလိုက်လေ၏။ 


"ဘာတွေပြောနေတာလဲ၊ ဦးလေးက မေးကြည့်ရုံပါ၊ မင်းအဖေက ပြောဖူးတယ်၊ မင်းက အိမ်မှာပိတ်လှောင်နေပြီး ပွဲတွေလည်းမတက်ဘူးတဲ့၊ မင်းအရွယ်ကလေးတွေနဲ့လည်းမတွေ့ဘူးတဲ့၊ မင်းနဲ့သူငယ်ချင်းဖြစ်နေတဲ့လူက တွေ့ရရှားတယ်လေ၊ ဦးလေးကမင်းအတွက်ဝမ်းသာလို့ပါ.."


ကျူးထုန်က အေးစက်စက်ပင် တုံ့ပြန်လိုက်သည်။ 


"ကျေးဇူးတင်ပါတယ်၊ ဦးလေးရှား.."


"....."


သူနားမလည်နိုင်သေးပေ။ ပုံမှန်တွင် လူတစ်ယောက်ကပါးနပ်နေလျှင် စကားမရှည်တတ်ပေ။ သို့သော်လည်း ရှားဝေ့ယီက ရှောက်မင်အကြောင်းကို ထပ်မံတူးထုတ်နေပြီးဆက်ပြောလာသည်။ 


"စဥ်းစားကြည့်လေ၊ အခုလေးတင် အိမ်ထဲဝင်လာတုန်းက မင်းသူငယ်ချင်းကိုတွေ့လိုက်သလိုပဲ၊ သူက...ကျန်းမိသားစုကားပေါ်ကနေဆင်းလာတာ၊ ဘာသဘောလဲ၊ မမလေးကျန်းနဲ့မိတ်ဆွေတွေလား.."


ကျူးထုန်ပါ ကြောင်အသွားခဲ့သည်။


ရှောက်မင်က ကျန်းဝမ်နဲ့လာတာလား။


သူက ကျန်းဝမ်နဲ့လက်ထပ်တော့မယ့်အထိဖြစ်ခဲ့တယ်ဆိုတာရော သိထားသေးလား။


ပြီးတော့ သူက ဘာလို့ရုတ်တရက်ကြီး အပြစ်ရှိသလိုခံစားလာရတာလဲ။


ကျူးထုန်က ရှောက်မင်ကိုလှည့်ကြည့်မိပြီး ရှောက်မင်ကလည်း သူ့ကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်။


ရှားဝေ့ယီက ရုတ်တရက်ကြီး ရှောက်မင်ကကျန်းဝမ်ကားပေါ်ကဆင်းလာတဲ့အကြောင်းကို ဘာလို့ထုတ်ပြောလာတာလဲ။


ကျန်းဝမ်ရဲ့ဂုဏ်သတင်းအရဆိုရင် ငယ်ရွယ်ချောမောတဲ့ကောင်လေးက ကျန်းဝမ်ရဲ့ကားပေါ်ကနေဆင်းလာတယ်...။ဒါက ကြီးမားတဲ့ပတ်သက်မှုရှိနေတာကိုပြတာပဲလေ။


ရှားဝေ့ယီက ရှောက်မင်ကို ပစ်မှတ်ထားနေတာလား။


သူ့ဦးနှောက်ကိုခွေးစားသွားပြီလား။


ကျူးထုန်ခမျာ ရှောက်မင်ကကျန်းဝမ်နှင့်အတူလာရသည့်အကြောင်းကို ဆက်တိုက်တွေးနေမိပြီး ရှောက်မင်အရှေ့မှပိတ်ရပ်ကာ ပြောလိုက်လေသည်။ 


"ဆိုတော့ ဦးလေးရှားက ကျွန်တော့်သူငယ်ချင်းကိုစိတ်ဝင်စားနေတာလား၊ အစီအရင်ခံဖို့ အသေးစိတ်ရေးပေးစရာလိုသေးလားဗျ.."


သူငယ်ချင်းကို မကြောက်မရွံ့ကာကွယ်ပေးနေပုံက ရှားဝေ့ယီမှာ စပ်စုတတ်ပြီး သူများကိစ္စဝင်ပါနေသူဖြစ်ကာ သူ့အလုပ်မဟုတ်ကြောင်း ပြောလိုက်သည်နှင့်အတူတူပင်ဖြစ်သွားခဲ့သည်။


ရှားဝေ့ယီက ကျူးထုန်မှာ သူ၏ "သူငယ်ချင်း" အတွက် ဤမျှ ပြတ်ပြတ်သားသားပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ကလေးနှစ်ယောက်ကို ပိုပြီးစေ့စပ်စွာဖြင့် အကဲခတ်လာခဲ့သည်။


ထိုအချိန် ရှောက်မင်က ရုတ်တရက် အရှေ့ကိုတိုးလာကာ ကျူးထုန်၏ပုခုံးပေါ်ကို ပုံမှန်အတိုင်းလက်တင်လိုက်ရင်း ပြုံးပြီးပြောလိုက်လေသည်။ 


"ချရေးတာက အလုပ်ရှုပ်တယ်၊ ကျွန်တော်ကထပ်ပြောပြပေးရမှာပေါ့..ဦးလေးရှားရဲ့.."


ကျူးထုန်: "....."


ရှောက်မင်ထံမှ ထိုစကားမျိုးထွက်လာသည့်အခါ အနည်းငယ် မကောင်းသလိုခံစားရသည်။


ရှားဝေ့ယီက ရှားယန်ကြောင့် ရှောက်မင်ကို ပြဿနာလာရှာနေတာလား။


သူက အနောက်မှ လျှောက်လာသောလူနှစ်ယောက်ကိုပြောတော့မည့်အချိန် တစ်ယောက်ကပြောလာခဲ့သည်။ 


"သူဌေးရှားက ကျွန်မထက်အရင် ဆယ်မိနစ်စောရောက်နေတာကိုး၊ ကျွန်မကို အရမ်းအလေးထားပေးတာ အံ့ဩစရာပဲ၊ ကျွန်မတကယ်ကို ဝမ်းသာသွားပြီ.."


ဝိုင်နီရောင်ဂါဝန်ဖြင့်ကျန်းဝမ်က ကျော့ကျော့လေးလျှောက်လာသည်။


သူမဘေးမှလူကိုမြင်သည့်အခါ ကျူးထုန်အံ့ဩသွားသည်။ သူ့ပါးစပ်မှ "ဝမ်းကွဲအစ်ကို" ဆိုသောအခေါ်အဝေါ်ကို ပြန်လည်မြိုချလိုက်ရသည်။


နှစ်ယောက်သား ခေါင်းညိတ်ပြီးသာ နှုတ်ဆက်လိုက်ကြသည်။


ကျန်းဝမ်က ရှားဝေ့ယီအရှေ့မှလူကို ချက်ချင်းတွေ့သွားလေ၏။


သူမက ရှောက်မင်ကို တချက်သာကြည့်ပြီး ဖျော့ဖျော့လေးပြုံးပြလိုက်သည်။ 


"သူဌေးရှားက ဒီကောင်လေးကိုသိချင်လို့လား၊ ကျွန်မကပဲမိတ်ဆက်ပေးရမှာပေါ့၊ တိုက်ဆိုင်လိုက်တာ၊ ကျွန်မကသူ့ကိုသိလာတာ နှစ်ဝက်တောင်ရှိပြီ၊ ဒီနေ့မှလူကိုယ်တိုင်တွေ့ရတော့တယ်၊ သခင်လေးကျူးရဲ့သူငယ်ချင်းဖြစ်နေမယ်လို့မထင်ထားမိဘူး.."


ကျန်းဝမ်ပေါ်လာသည်နှင့် ရှားဝေ့ယီမျက်နှာက မည်းခနဲဖြစ်သွားတော့သည်။


ရှားမိသားစုနှင့်ကျန်းမိသားစုတို့က A မြို့တွင် အစေးမကပ်ကြပေ။ လွန်ခဲ့သောခြောက်လက ကျန်းမိသားစုနှင့် ရင်းနှီးမြုပ်နှံမှုတွင် ရှားမိသားစုက အကြိမ်ရေမနည်း ဆုံးရှုံးနစ်နာခဲ့ရသည်။ နောက်ဆုံးတော့ ထိုနှစ်ယောက်တွေ့လိုက်တိုင်း လောကဝတ်သဘောက အပေါ်ယံမျှပင်မရှိတော့ပါချေ။


ကျန်းဝမ်က ရှားဝေ့ယီ၏မျက်နှာ ကောင်းမကောင်းကိုအရေးမစိုက်ပေ။ တိုက်ရိုက်သာပြောလိုက်လေ၏။ 


"သူဌေးရှား ကျွန်မရဲ့မိတ်ဆွေလေးကို အထင်မသေးနဲ့နော်၊ မကြာခင်တုန်းက ရှင့်ဆီကနေ ဆယ်သန်းတန်တဲ့ပရောဂျက်ကိုယူနိုင်ခဲ့တာလေ၊ ဒီကမိတ်ဆွေလေးရဲ့ကျေးဇူးကြောင့်ပေါ့.."


ကျန်းဝမ် ထိုစကားတို့အား ပြောနေချိန်၌ အသံမှာ တိုးသက်မနေခဲ့ပေ။ တိတ်တဆိတ် ပွဲကြည့်နေကြသည့် လူအုပ်ကြီးမှာ သိသိသာသာ တိတ်ဆိတ်သွားခဲ့၏။


ဆယ်သန်းတန်ပရောဂျက်တစ်ခု။ ပြီးတော့ မိတ်ဆွေလေးဆီကနေ အကူအညီရလိုက်တယ်တဲ့လား။


မကြာသေးခင်က ရှားမိသားစု ပရောဂျက်၌ဆုံးရှုံးမှုကိုကြုံလိုက်ရသည့်အချိန်၌ လူတိုင်းနီးပါးက ထိုသတင်းကိုကြားခဲ့ကြသည်။ သို့တစေ ရှားမိသားစုနှင့်ကျန်းမိသားစုတို့ အပြန်အလှန်တိုက်ခိုက်နေကြသည်ဖြစ်ရာ ပရောဂျက်တစ်ခုတွင်ဆုံးရှုံးလိုက်ရသည်က သာမန်ကိစ္စလေးမျှသာဖြစ်၏။ အတိတ်တွင် ကျန်းမိသားစုက ထိခိုက်ဆုံးရှုံးမှုတို့ကိုကြုံတွေ့ခဲ့ရဖူးပြီး မိသားစုနှစ်စုက အတက်အကျတိုင်းကိုမျှဝေခံစားခဲ့ကြပြီး ကြမ်းတမ်းလှသောပြိုင်ဆိုင်မှုများနှင့် မအားလပ်ဘဲရှိခဲ့ကြလေသည်။


ယခု ကျန်းဝမ်က သူမ "လုယက်" လာခဲ့သောပရောဂျက်က "မိတ်ဆွေလေး" ထံမှအကူအညီကြောင့်ဟု ထုတ်ပြောလာခဲ့သည်။ သူကဘာအတွက် ရေးကြီးခွင်ကျယ်လုပ်ပြီးပြောရတာလဲ။ ရှားဝေ့ယီမနာလိုဖြစ်အောင် တမင်လုပ်နေတာလား။


အဲဒီလိုပဲနေမှာ။


ယနေ့၌ ရှောက်မင်က လူအများ၏အာရုံစိုက်ရာဖြစ်နေသည်ဟုထင်ရသော်လည်း သူ့ပုံစံကို မည်မျှပင်အရွယ်ရောက်သူဖြစ်အောင်ပြင်ဆင်ထားသည့်တိုင် သူ့အသက်က နှစ်ဆယ်မကျော်သေးပေ။ ဆယ်သန်းတန်းပရောဂျက်ကို ဘယ်လိုနည်းနဲ့ရအောင်ယူလာတာလဲ။


သို့သော် ရှားဝေ့ယီကိုအနိုင်ရရန်အတွက် ကျန်းဝမ်ကသူ့အား ပွဲထုတ်လာခဲ့သည်ဖြစ်ရာ လူငယ်လေးကသာမန်မဟုတ်ကြောင်းပြသဖို့ရာ လုံလောက်နေပြီဖြစ်လေသည်။


သူက ကျူးမိသားစုမှသခင်လေးနှင့်လည်း သခင်ချင်းဖြစ်နေသေးသည်။ ဤပုဂ္ဂိုလ်လေးက ရင်းနှီးမြှုပ်နှံရန် ထိုက်တန်သူဟုထင်ရလေသည်။


ညစာစားပွဲသို့တက်ရောက်လာသူများက ကိုယ်ပိုင်အတွေးနှင့်တိုက်ချက်မှုကိုယ်စီဖြင့် ရှိနေကြလေ၏။


ကျူးထုန်တစ်ယောက်တည်းသာ ရှောက်မင်ကို ငေးကြည့်နေခဲ့သည်။


ရှောက်မင်က နောင်တွင် ရှားမိသားစုကိုဆွဲချတော့မည်ကို သူသိသည်။ ထို့ကြောင့် ကျန်းဝမ်စကားအပေါ် သူသံသယမဝင်ပေ။


ရှောက်မင်က ကျန်းဝမ် ရှားမိသားစုရဲ့ပရောဂျက်ကိုလုတဲ့နေရာမှာ ကူညီပေးလိုက်တယ်ပေါ့။


ရှောက်မင်က ဒီအရွယ်လေးတည်းက ရှားမိသားစုကိုပစ်မှတ်ထားနေပြီလား။


ရှောက်မင်မျက်နှာက ကျူးထုန်အရှေ့တွင်ဖြစ်နေ၍ တည်ငြိမ်နေသည့်တိုင် လက်တွေ့၌ သူထိတ်လန့်နေမိသည်။


ထို့နောက် သူ့ဘေးမှလူက ရုတ်တရက် ခေါင်းလေးကိုတိုးကပ်လာရင်းမေးခွန်းထုတ်လာခဲ့သည်။ 


"ဘယ်လိုလုပ်လိုက်တာလဲ.."


ရှောက်မင်: "....."


ဆိုတော့ သခင်လေးက ဒီစကားကိုလည်းယုံတာပဲပေါ့။


သံသယတောင်မဝင်ဘူးလား။


ရှောက်မင်၏နှုတ်ခမ်းထောင့်လေးများက အသာအယာကော့တက်သွားလေသည်။ သူက နားအနီးတိုးကပ်ပြီး ပြန်ဖြေလိုက်၏။ 


"မှန်းကြည့်လေ.."


ကျူးထုန်: "......"


သူသာမှန်းနိုင်ရင် မေးနေတော့မလား။


ဒါပေမဲ့ဒီအရွယ်လေးမှာတင် ကျန်းဝမ်ကို ဒီလောက်ပြီးတန်တဲ့ပရောဂျက်တစ်ခုရအောင် ကူညီပေးလိုက်တာလေ။ ရှောက်မင်က တကယ်ကို အမိုက်စားပဲ။


နှိုင်းယှဥ်ကြည့်ရရန်လည်း သူ့ထံတွင် နှိုင်းယှဥ်၍ရမည့်အချက် တစ်ချက်ပင်မရှိပေ။


သူက ရုတ်တရက်တိတ်ဆိတ်သွားလေရာ ရှောက်မင်ကထပ်ဖြည့်ပြောလိုက်သည်။ 


"နောက်ပြီးကျရင်ပြောပြမယ်.."


ကျူးထုန်ကလည်း ယခုအချိန်တွင် ပွဲခင်းထဲမှာရှိနေသေးသည်ကို နားလည်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။


ရှားဝေ့ယီမှာ ကျန်းဝမ်ကသူ့အား လှောင်နေသည့်အချိန်က ပြန်မပြောသည့်အပြင် ဘာမှမဖြစ်သည့်အတိုင်း အခြားတစ်ယောက်နှင့်စကားပြောနေသေးသည်ကို သတိထားမိလိုက်သည်။ ယင်းကြောင့် သူ့မျက်နှာက ပို၍ပင်မသာမယာဖြစ်လာလေတော့၏။


သူက ပြုံး၍ပင်ပြောလိုက်လေသည်။ 


"သူဌေးကျန်းက အမြင်ကောင်းရှိတာပဲ၊ ဘေးမှာ အရည်အချင်းရှိတဲ့အမျိုးသားတွေ ဝိုင်းဝိုင်းလည်နေတာ၊ ကျွန်တော်ဖြင့် ယှဥ်ကြည့်တာတောင်ရှက်မိပါတယ်ဗျာ.."


သူက ကျန်းဝမ်မှာ အမျိုးသမီးတစ်ယောက်သာဖြစ်ပြီး အခြား လုပ်ငန်းရှင်ကြီးများနှင့်ယှဥ်ပြိုင်ချင်လျှင် သူမအနေဖြင့် အမျိုးသားများကိုမှီခိုရဦးမည်ဟု သွယ်ဝိုက်ရှုံ့ချလိုက်ခြင်းပင်ဖြစ်လေသည်။


ရှိသမျှအမျိုးသားအားလုံး။


သို့ရာတွင် ကျန်းဝမ်ကလည်း စိတ်မဆိုးဘဲ ပြန်ပက်လိုက်လေသည်။ 


"သူဌေးရှားကတော့ ကျွန်မကို မြှောက်နေပြန်ပါပြီ၊ သူဌေးရှားရဲ့ယုံကြည်မှုနဲ့ အမြင်ကျယ်မှုကို ကျွန်မကမလိုက်နိုင်ပါဘူး၊ သူဌေးရှားက လေးစားဖို့ကောင်းပါတယ်၊ ရှင်က ပုလဲကိုဖုန်အတက်ခံပြီးချောင်ထိုးထားမှတော့ ကျွန်မကကောက်ပြီး အမြတ်ရှာလိုက်ရတာပေါ့.."


"....."


ယခုရလိုက်သည့်သတင်းက ပိုပြီးကြီးမားသွားခဲ့သည်။


ရှားဝေ့ယီမျက်နှာထားက ချက်ချင်းပြောင်းသွားလေတော့၏။


အခြားသူများကလည်း အချင်းချင်းကြည့်လိုက်ကြသည်။


သူဌေးရှားက 'ပုလဲကိုဖုန်အတက်ခံတယ်'ဆိုတာဘာစကားလဲ။ သူဘာကိုပြောချင်နေတာလဲ။


ရှားဝေ့ယီနဲ့ပတ်သတ်နေတဲ့ဒီကောင်လေးက ကျန်းဝမ်ကိုဦးစားပေးပြီးကူညီလိုက်တာလား။ ရှားဝေ့ယီက ဒီကောင်လေးကိုနှိမ်ထားခဲ့တော့ သူ့ရဲ့ရန်လိုမှုအတွက် ကြီးကြီးမားမားပြန်ပေးဆပ်လိုက်ရတာလား။


ဘေးလူများက ရှားဝေ့ယီကို ရယ်စရာအဖြစ်နှင့်ကိုယ်ချင်းစာသလိုကြည့်နေကြလေသည်။


စီးပွားရေးလောကထဲတွင် ရှားဝေ့ယီ၏မောက်မာသောပုံရိပ်က အမြစ်တွယ်နေခဲ့သည်။ သူက အခြားသူများကိုနှိမ်တတ်သော်လည်း သူ့ကိုယှဥ်နိုင်ခြင်းမရှိသောကြောင့် လူများကသူနှင့်ဆက်လက်ပြီး အဆက်အဆံလုပ်နေခဲ့ရသည်။


ကျန်းဝမ်လိုလူမျိုးကသာ ရှားဝေ့ယီကို ယခုလိုအရှက်မရှိသည့်ပုံစံဖြင့် ယှဥ်ပြောရဲခြင်းဖြစ်လေသည်။


ဤအချိန်အခါတွင် လူအုပ်ကြီး၏အတွေးက ယခုလိုဖြစ်နေနိုင်သည်။ ဒီဘုရင်နဲ့ဘုရင်မ အချင်းချင်းကိုက်ကြပါစေ၊ ကြည့်ရတာတန်တယ်။


ရှားဝေ့ယီမှာ ဒေါသထွက်၍ မျက်နှာကနီရဲနေသော်လည်း ကျန်းဝမ်၏စကားကိုမငြင်းနိုင်တော့ပေ။


ကျူးထုန်က ရှားဝေ့ယီ ကြောင်အသွားသည်ကို အထင်အရှားမြင်လိုက်ရသည်။ ကျန်းဝမ်ယခုလေးတင်ပြောလိုက်သောစကားကိုတွေးမိပြီး သူမအံ့ဩမိဘဲ မနေနိုင်တော့ချေ။


ရှားဝေ့ယီနှင့်ရှောက်မင်တို့အကြားမှ ဝိရောဓိဖြစ်နေမှုက ရှားယန်ထက်ပင်ပိုဆိုးနေသလိုပင်။


သူတို့ အငြင်းပွားတာမျိုးဖြစ်ထားကြသေးလား။


"စကားကောင်းနေကြတယ်ထင်တယ်.."


ရှေ့တိုးမရနောက်ဆုတ်မရဖြစ်နေချိန် အသံတစ်သံက သူတို့နှစ်ယောက်ကြားထဲသို့ ဖျက်ပြီးဝင်လာခဲ့သည်။


ထိုပုဂ္ဂိုလ်ပေါ်လာသည်နှင့် ဘေးပတ်လည်မှ စကားပြောနေသံနှင့် ငြင်းခုန်နေသံ၊ ရယ်မောနေသံတို့က တိတ်ကျသွားပြီး စိုးရိမ်နေသောမျက်နှာများဖြစ်လာကြသည်။


ကျူးထုန်က ဦးလေးလျိုမှာ အလိုအလျောက်အသံဖျက်စက်ကြီးနှယ် လမ်းလျှောက်ဝင်လာပုံကိုကြည့်ရင်း အံ့အားသင့်နေလေသည်။


ဦးလေးလျိုဝင်လာသည်ကိုမြင်သည့်အခါ မြက်ခင်းပြင်မှလူများက စုဝေးသွားကြပြီး ခဏမျှတိတ်ဆိတ်နေကြကာ ယဥ်ကျေးသည့်အမူအရာဖြင့်နှုတ်ခွန်းဆက်လာကြသည်။


အချို့သူများက သူ့အား "သူဌေးလျို" ဟုခေါ်ကြသည်။ အချို့ကမူ "လူကြီးမင်းလျို" ဟုခေါ်ကြသည်။ အချို့ကမူ ရည်ရွယ်ချက်ဖြင့်အနားကပ်လာကြပြီး "လောင်လျို" ဟုတိုက်ရိုက်ခေါ်လာကြသည်။


ကျူးထုန်က A မြို့စီးပွားရေးလောက၌ ဦးလေးလျို၏လွှမ်းမိုးနိုင်မှုနှင့် ချက်ချင်းကိုင်တွယ်နိုင်မှုတို့ကို ပထမဆုံးအကြိမ်အဖြစ်မြင်တွေ့လိုက်ရသည်။


ကျူးထုန်က ရှောက်မင်ကို ဦးလေးလျို၏ "လူမှုအသိုင်းအဝိုင်း" မှ တိတ်တဆိတ်ဆွဲထုတ်လိုက်ကာ ပြောလိုက်လေ၏။ 


"အရင်သွားကြမလား.."


ရှောက်မင်က နှုတ်ခမ်းတို့ကိုဖိကာပြောလိုက်လေ၏။ 


"အိုကေ.."


ပြောပြီးနောက် သူတဖက်ကို တန်းပြီးလှည့်လိုက်သည်။


"သခင်...ထုန်ထုန်..."


ဦးလေးလျိုက ရုတ်တရက် သူ့အားကြင်ကြင်နာနာဖြင့်ကြည့်လာလေသည်။


ကျူးထုန်: "......"


သူက အသာလေးရှောင်ထွက်သွားချင်သော်လည်း ရှောက်မင်၏လက်ကောက်ဝတ်ကို အလန့်တကြားဖြင့်ညှစ်လိုက်မိသည်။ 


"ဦးလေးလျို.."


သူ့ပုခုံးပေါ်မှရှောက်မင်၏လက်က ဖယ်သွားပြီဖြစ်ပြီး ယခုတော့ ကျူးထုန်ဘက်မှအရင် ရှောက်မင်၏လက်ကောက်ဝတ်ကို ဆွဲထားလိုက်သည်။


ဦးလေးလျိုက သခင်လေးတစ်ယောက် သူငယ်ချင်းဖြစ်သူကိုခေါ်လာသည်ဟုကြားလိုက်ရ၍ စပ်စုလိုစိတ်ဖြင့်လာကြည့်ခြင်း။ အနည်းငယ်ခန့်မှန်းမိခဲ့သော်လည်း သူအံ့အားသင့်သွားရပြီး မေးခွန်းအချို့ရှိလာခဲ့သည်။ သို့သော်လည်း လူအများနှင့် ကိုယ်ရေးကိုယ်တာကိစ္စများကြားမှ ဘောင်ကိုရှင်းရှင်းလင်းလင်းသိထားပြီး ယခုလိုအချိန်တွင် ရှောက်မင်ကို ဘယ်လိုရောက်လာတာလဲဟု မမေးခဲ့ပေ။


သူမလာမီ ရှားဝေ့ယီက သခင်လေးကိုတားပြီး ထူးဆန်းသည့်စကားများပြောနေသည်ဟု ကြားခဲ့ရသည်။


သူက သခင်လေး၏ "အကာအကွယ်ခံ" လူကိုကြည့်လိုက်ပြီး ယဥ်ကျေးသောအသံဖြင့်မေးလိုက်လေသည်။ 


"ရှောင်ရှောက်လည်း ဒီကိုရောက်လာတာကိုး.."


ရှောက်မင်: "......"


ကျူးထုန်: "......"


ဦးလေးလျိုက ရှောက်မင်ကို ဘယ်တုန်းက ဒီလိုလေသံနဲ့ စပြောနေတာလဲ။


ကျူးထုန်က ကြောင်နေသော်လည်း ရှောက်မင်က တုံ့ပြန်လိုက်သည်။ 


"ဦးလေးလျို ကျွန်တော်က မဖိတ်ထားတာကိုလာမိပါတယ်၊ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်.."


ဦးလေးလျို: "ဘယ်က နှောင့်ယှက်တာဖြစ်ရမလဲ၊ ထုန်ထုန်ရဲ့သူငယ်ချင်းပဲကို၊ ငါကမင်းကို အစောပိုင်းကတည်းက ကြိုဆိုနေသင့်တ

ာ.."


"....."


ဦးလေးလျိုက စိတ်ရင်းအမှန်ဖြင့် ထိုစကားမျိုးပြောလာသည်ဆိုပါက ကျူးထုန် သူ့နာမည်ကိုပြောင်းပြန်ရေးပစ်လိုက်မည်။


ရှောက်မင်: "ကျေးဇူးတင်ပါတယ် ဦးလေးလျို.."


ဦးလေးလျို: "....."


'ဟက် ဒီကောင်စုတ်လေးက အခွင့်အရေးယူပြီး ချစ်ဖို့ကောင်းသလို လုပ်ပြနေပြန်ပြီ'



🤒