Chapter 117
Viewers 18k

🤒အခန်း ၁၁၇




သေခြင်းတရားကို ကြောက်စရာကောင်းသောအရာဟု သူတစ်ခါမှမထင်ခဲ့ဖူးပေ။ သူအသက်ရှင်ချင်သော်လည်း တကယ်တမ်းတွင် သူ မသေချင်သည့်စိတ်က ပိုများနေခဲ့သည်။ သူ၏တိုတောင်းလှသောဘဝလေးက "ဗီလိန်၏အသွင်" ဖြင့် သောက်ရေးမပါသောအရာကြောင့်ဖြစ်မှန်းသိနေလျှင်ပင် သူပိုပြီးအသက်ရှင်ချင်သည်။


သို့သော် မနေ့ညက နှစ်သက်မှုရာခိုင်နှုန်းကျသွား၍ သူမူးလဲသွားခဲ့သည်။ သူ့နှလုံးရပ်သွားသည်ကိုခံစားမိသည့်အချိန်တွင် သူတကယ်လန့်သွားခဲ့ရသည်။


သူ သေခြင်းတရားကို စတင်ပြီးကြောက်ရွံ့မိလာခဲ့သည်။


ယခု ရှောက်မင်က သူ့အားသဘောကျနေသည့်အကြောင်းကို ရုတ်တရက်သိလိုက်ရသည်။ ကျူးထုန်မှာ စိတ်အေးသွားသည့်အတိုင်းသက်ပြင်းချလိုက်ပြီး ဝမ်းသာပီတိဖြစ်သွားမိသည်။


သို့သော် နှစ်သက်မှုရာခိုင်နှုန်းက ရုတ်တရက်ကျသွားရသည့်အကြောင်းအရင်းကို သူအဖြေရှာမတွေ့ခဲ့ပေ။


ကျူးထုန်မှာ ရှောက်မင်၏စကားကို မတုံ့ပြန်ရဲဘဲဖြစ်နေခဲ့သည်။


နှစ်သက်မှု ဆယ့်ငါးရာခိုင်နှုန်းကျသွားခြင်းက သူ့နှလုံးထဲ၌ဗုံးကွဲသွားသလိုပင်။ ဗုံးမကွဲခင်အထိ မည်သည့်အရာကအစပျိုးပေးလိုက်မှန်းမသိပေ။


သူစကားပြောရန် အကြိမ်ကြိမ်ကြိုးစားနေသော်လည်း သူလုပ်နိုင်သည်မှာ အသံမထွက်ဘဲ နှုတ်ခမ်းကို အကူအညီမဲ့စွာဖြင့် လှုပ်နေရုံသာဖြစ်လေသည်။


ရှောက်မင်မှာ ထပ်ပြီးမထိန်းချုပ်ထားနိုင်တော့ပြန်ပေ။ ကျူးထုန်၏ခေါင်းအနောက်မှလက်က အနည်းငယ်တင်းသွားပြီး အနည်းငယ်မျှ အရှေ့သို့ဆွဲခံလိုက်ရသည်။


ရင်းနှီးနေသောအငွေ့အသက်က နောက်တကြိမ်နီးကပ်လာပြန်သည့်အခါ ကျူးထုန်မှာအံ့ဩသွားရကာ ခေါင်းကိုလှည့်ပြီးပြောလိုက်တော့သည်။ 


"ခဏလေး..မ..မလုပ်..ဒီမှာမလုပ်နဲ့.."


ရှောက်မင်က တုံ့ခနဲရပ်သွားပြီး ထပ်ပြောလိုက်၏။ 


"ဒီမှာမလုပ်နဲ့.."


ကျူးထုန်: "....."


ဒီတော့ ဒီမှာမလုပ်ဘဲ တခြားနေရာမှာတော့လုပ်လို့ရတယ်ပေါ့။


သိပ်တော့မဖြစ်နိုင်ဘူး။


ဆိုတော့ သူကတကယ်ကြီး အဲဒီလိုပြောလိုက်တာလား။


ကျူးထုန်မှာ ပျာယာခတ်သွားလေ၏။ 


"ငါ..."


"ဘိ..ဘိ.."


အိတ်ကပ်ထဲမှ ကျူးထုန်၏ဖုန်းက မြည်လာလေသည်။


ကျူးထုန်က ဖုန်းအသံကြောင့် ကယ်တင်ခံလိုက်ရသည်။ သူက သူ့အားဖိကိုင်ထားဆဲရှောက်မင်ကို ခပ်မြန်မြန်တွန်းထုတ်လိုက်သည်။


 "ငါ..ငါဖုန်းကိုင်လိုက်ဦးမယ်.."


ရှောက်မင်က နည်းနည်းချင်းစီနောက်ဆုတ်သွားပြီး ပြုံးကာပြောလိုက်လေသည်။ 


"ကိုင်ပါ.."


"......"


သူ့ကိုကိုင်ထားသောလက်က အားမလျော့သေးပေ။ ဖုန်းကိုကိုင်ထားနိုင်ရုံလောက်သာ လွှတ်ထားပေးခဲ့သည်။


ကျူးထုန်မှာ ဖုန်းကိုခဲရာခဲဆစ်ကိုင်လိုက်ရပြီး ကြည့်ပင်မကြည့်ဘဲ ဖုန်းဖြေသည့်ခလုတ်ကိုနှိပ်ကာ ဖြေလိုက်သည်။ 


"ဟယ်လို.."


"ကော..နင်ဘယ်တွေရောက်နေတာလဲ၊ အဆင်ပြေရဲ့လား၊ "


ကျူးထုန်: "....."


အဆင်ပြေလား။ သူဟာသူတောင်မသိတော့ဘူး။


သူ ရှောက်မင်ကိုလှမ်းကြည့်လိုက်သည်။ ရှောက်မင်က ခေါင်းငုံ့ပြီး သူအခုလေးတင်နမ်းလိုက်သောလက်ကို ကစားနေလေ၏။


ရှောက်မင်က သူ၏လက်ချောင်းကြားထဲမှနေရာလေးများကို လက်ဖြင့်လိုက်တို့နေလေသည်။


ကျူးထုန်မှာ ရင်ခုန်သွားရကာ ရှောက်မင် သူ့အားလိုက်စနေသည်ကိုတားဆီးပြီး သူ့ကိုယ်သူအားပေးသည့်အနေဖြင့် လက်ချောင်းများကိုညှစ်ပေးလိုက်သည်။ သူက တည်ငြိမ်စွာဖြင့်ပင်ဖုန်းပြောနေလိုက်ပါသည်။ 


"ရပါတယ်၊မြက်ခင်းပြင် လူတွေအများကြီးပါပဲ၊ ငါအိမ်ပြန်တော့မှာပါ.."


ရုတ်တရက် သူတို့၏လက်ချောင်းလေးများက အတူတကွဆုပ်ကိုင်ခံလိုက်ရသည်။ ရှောက်မင်ကအေးခဲသွားရပြီး မော့ကြည့်လိုက်၏။


ကျူးထုန်က သူ့နှင့်ဝေးရာကိုကြည့်ပြီး မျက်လုံးချင်းမဆုံအောင်ရှောင်လိုက်သည်။


ဖုန်းထဲမှ ကျူးရှင်းကမူ ပြောနေလေ၏။ 


"ငါလည်းအိမ်ရောက်နေတာပဲ၊ နင်ကိုလိုက်ရှာနေတာပဲ၊ မတွေ့ဘူးလေ.."


ကျူးထုန်: "....."


"ငါနင့်ဆီကိုချက်ချင်းလာခဲ့မယ်.."


ပြောပြီးသည်နှင့် သူ ဖုန်းကို လေးတိလေးကန်ဖြင့်ချလိုက်လေတော့သည်။


ကျူးရှင်း ဝင်နှောင့်ယှက်လိုက်မှ ကျူးထုန်ခမျာ အနည်းငယ်မျှချမ်းသာရာရသွားလေသည်။


သူက ရှောက်မင်၏လက်တို့နှင့် ယခုထိပူးကပ်နေသောလက်တို့ကိုကြည့်လိုက်သည်။ သူကမော့ကြည့်ကာ မေးလိုက်လေ၏။ 


"ဘယ်လိုလုပ်ရောက်လာတာလဲ..."


ရှောက်မင်က ကျူးထုန်၏လက်ချောင်းလေးများနှင့်ကစားနေရာမှ တုံ့ခနဲရပ်သွားလေသည်။ ထိုသူ၏မျက်လုံးတို့က နက်မှောင်လာခဲ့၏။


 "ပြဿနာလာရှာတာ.."


ကျူးထုန်: "......"


'သူက ဘာပြဿနာရှာမလို့လုပ်နေတာလဲ'


ရှောက်မင်က ပြန်မေးလိုက်သည်။ 


"ဘာလို့တစ်နေ့လုံးနဲ့တစ်ညလုံး ကိုယ့်ကိုစာမပြန်ရတာလဲ.."


ကျူးထုန်ကလည်း မသိစိတ်ထဲကအတိုင်းပြန်ဖြေလိုက်မိသည်။ 


"အခြားကိစ္စနဲ့မေ့သွား.."


"အခြားကိစ္စ ဟုတ်လား.."


"....."


ရှောက်မင်က ဘယ်တုန်းကဒီလောက်တောင် အမေးအမြန်းထူလာရတာလဲ။


ကျူးထုန်မှာလည်း အနည်းငယ်အံ့ဩသွားပြီး ထိတ်ပျာသွားခဲ့သည်။


တုံ့ဆိုင်းနေသည့်အခိုက်မှာပင် ဖုန်းကနောက်တကြိမ်ထပ်မြည်လာပြန်သည်။


ကျူးထုန်မှာ ယခုတော့ သူ့ဖုန်းလေးက သူ၏ကယ်တင်ရှင်ဟုခံစားနေရလေသည်။ ဖုန်းနှစ်ခုလုံးက အချိန်ကိုက်ဝင်လာခဲ့ကြ၏။ ဤတစ်ခါတွင် သူက ဖုန်းခေါ်လာသူ၏အမည်ကိုကြည့်လိုက်ပြီး အကူအညီမဲ့စွာဖြင့်ဖုန်းကိုင်လိုက်ရတော့သည်။ 


"ဟယ်လို ဦးလေးလျို.."


"သခင်လေး ဘယ်တွေသွားနေတာလဲ၊ တနေ့ကပဲမူးလဲသွားတယ် ပြီးတော့ မနေ့ညကပဲဆေးရုံကဆင်းလာတယ်၊ ဒီနေ့လည်း ဧည့်ခံပွဲမှာလူတွေအများကြီးပဲ၊ ဘာလို့ လျှောက်ပြေးနေတာလဲ.."


ကျူးထုန်: "....."


ရှောက်မင်: "....."


ကျူးထုန်က ဖုန်းကို ဂွက်ခနဲချပစ်လိုက်သည်။


သူ အရင်ကပြောခဲ့ဖူးသောစကားကိုသာ ဖော်ပြရတော့မည်။ ဦးလေးလျိုလည်း ကြံရာပါပဲ။


ရှောက်မင်က ဩရှရှအသံဖြင့်ပြောလာလေသည်။ 


"မူးလဲတယ် ဟုတ်လား.."


ရှောက်မင်၏အမေးကိုကြားလိုက်ရသည့်အခါ ကျူးထုန်မှာ ရှောက်မင်က အံကြိတ်မေးနေသည်ဟုခံစားမိလိုက်သည်။


သူက သူ့ကိုယ်သူ ခုခံကာကွယ်လိုက်၏။ 


"မဟုတ်ဘူး..ငါက..အခုနေကောင်းသွားပါပြီ..မလို..."


"မလိုတော့ဘူးလား.."


ကျူးထုန်မှာ အရင်ကအတိုင်း အမှားကိုအမှန်ဖြစ်အောင်ဆင်ခြေပေးလိုက်သည်။ 


"ငါကစိတ်မပူစေချင်လို့ပါ.."


ရှောက်မင်: "မင်းကကိုယ့်ကိုစိတ်မပူစေချင်ဘူး.."


ကျူးထုန် ထပ်ပြီးသည်းမခံနိုင်တော့၍ မော့ကြည့်ပြီးပြောလိုက်သည်။ 


"မင်းကငါ့နောက်ကနေပဲလိုက်ပြောတတ်တာလား ဘာလား.."


ရှောက်မင်: "....."


ရှောက်မင် အမေးရပ်သွားမှ ကျူးထုန်မှာ ရုတ်တရက်ကြီး ယုံကြည်မှုများပြည့်ဝလာလေသည်။ သူက အရပ်ရှည်ရှည်ဖြင့်လူငယ်လေးကိုတိုက်ရိုက်ကြည့်ကာမေးလိုက်သည်။ 


"မင်းကမှငါ့ကိုဖုံးကွယ်ထားတာရှိနေတဲ့လူမလား၊ မင်းသင်္ချာပြိုင်ပွဲဝင်ဖို့ A မြို့ကိုလာတယ်ဆိုတာ ဘာလို့ငါ့ကိုမပြောခဲ့တာလဲ.."


သူသာ လော့ရှိုးကိုဖုန်းမခေါ်ခဲ့ရင် ရှောက်မင် A မြို့ကိုရောက်နေတယ်ဆိုတာ သူအခုထိသိရမှာမဟုတ်ဘူး။


ရှောက်မင်က တခဏမျှမှင်သက်သွားခဲ့သည်။


 "ကိုယ်ကမင်းကို အံ့ဩသွားစေချင်လို့ပါ.."


အံ့ဩသွားစေချင်လို့တဲ့။ ပိုပြီးတောင် လန့်သွားသေးတယ်။


နှလုံးရပ်သွားတာထက်တောင် ပိုပြီးလန့်ရသေးတယ်။


ကျူးထုန်မှာ ပိုပြီးတွေးလေ၊ သူ့အတွေးတို့က ပိုပြီးအကျိုးအကြောင်းဆီလျော်လာသလိုခံစားရလေဖြစ်လာပြီး ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်လေသည်။ 


"မင်းက A မြို့ကို တစ်လုံးမှမပြောဘဲရောက်လာတယ်၊ ပြီးတော့ ပြိုင်ပွဲမှာဝင်ပြိုင်တယ်၊ မင်းမတွေးမိဘူးလား၊ ငါပြန်ရောက်ရင် မင်းကိုလွမ်း.."


သူ ပြောနေရာမှရပ်လိုက်ရသည်။


ဘာကိုလွမ်းတာလဲ။ စိတ်ဓာတ်ကျသွားမှာလား။ စိတ်ပျက်သွားမှာလား။


ဘာပဲဖြစ်ဖြစ် မဟုတ်သေးဘူး။


ဒါက သူရှောက်မင်ကိုကြိုက်နေပါတယ်ဆိုပြီး ဝန်ခံလိုက်တာနဲ့မတူသွားဘူးလား။


ကျူးထုန်၏မျက်နှာက ရဲပတောင်းခတ်သွားသည်။ အလိုလိုခေါင်းမော့လိုက်မိသည့်အခါ ကြယ်များထက်ပင်ပိုပြီးတောက်ပနေသော မျက်ဝန်းတစ်စုံဖြင့်ဝင်တိုက်မိသွားတော့သည်။


လူငယ်လေးနှစ်ယောက်ကြားမှအကွာအဝေးက နီးကပ်လွန်းနေသည်။ နီးကပ်လွန်းသောကြောင့် ရှောက်မင်၏ ကစဥ်ကလျားခုန်လှုပ်နေသော နှလုံးခုန်သံကိုပင်ကြားနေရသည်။


ကျူးထုန်မှာ ရှက်လာပြီးထွက်ပြေးချင်လာခဲ့သည်။ သူ လူငယ်လေးကို အဝေးသို့တွန်းတော့မည့်အချိန်၌ ရှောက်မင်ကရုတ်တရက်ကြီးပြောလာခဲ့သည်။ 


"ကိုယ်မှားသွားပါတယ်..."


"......"


ရှောက်မင်က ပါးစပ်ထောင့်များကော့တက်လာသည်ကို မထိန်းထားနိုင်တော့ဘဲ ဆက်ပြောလိုက်လေသည်။ 


"ကိုယ် A မြို့ကိုရောက်နေတဲ့အကြောင်း မင်းကိုမပြောခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်.."


ကျူးထုန်: "......"


သူကအမှားကိုဝန်ခံတာတောင် ဘာလို့တည်ငြိမ်နေရတာလဲ။ အဲဒါက သူ့ကိုအရမ်းသနားစရာကောင်းသွားစေတယ်။


မဟုတ်ဘူး။ အခုက အရေးမကြီးသေးဘူး။


သူအခုလေးတင်ပြောလိုက်တဲ့စကားကို ဘယ်လိုရှင်းပြရမလဲ။


သူ့ဘက်က ရှောက်မင်ကိုအရင်မပြောစေချင်ဘူး။ ဒါပေမဲ့ စွန့်စားမှုကကြီးတော့ အလောတကြီး လက်ခံလိုက်လို့လည်းမရပြန်ဘူး။


ထိုအချိန်မှာပင် လူတစ်ယောက်က ကျောက်စိုင်ကိုကျော်သွားပြီး ခဏရပ်သွားကာ ကျောက်စိုင်အလယ်တွင် ပူးကပ်နေသောလူငယ်လေးနှစ်ယောက်ကို လှည့်ကြည့်လာသည်။


ကျူးထုန်၏ကိုယ်လေးက တောင့်တင်းသွားလေသည်။


 "ဒီအကြောင်းကို နောက်မှပြောရအောင်၊ အရင်ဆုံးအပြင်ထွက်ကြမယ်၊ ဒီနေ့ အခြားလုပ်စရာတွေရှိသေးတယ်၊ ငါ.."


"ဒါဆို အရင်ဆုံး ကိုယ့်ကိုဖက်ထားပေး.."


"....."


ကျူးထုန် ခေါင်းညိတ်ပြသည်ကိုမစောင့်တော့ဘဲ ရှောက်မင်က သူ့အားကျောက်နံရံမှဝေးရာကိုဆွဲခေါ်သွားပြီး ခပ်တင်းတင်းဖက်ထားလိုက်လေတော့သည်။


ကျူးထုန်က တဒင်္ဂမျှအေးခဲသွားပြီး ခပ်မြန်မြန်ပင်စိတ်ပေါ့ပါးသွားခဲ့သည်။ အပြန်အလှန်သဘောဖြင့် ရှောက်မင်၏ကျောပေါ်ကို တွန့်ဆုတ်ဆုတ်ဖြင့် လက်တင်လိုက်ရလေ၏။


ရှောက်မင်က ၎င်းကိုခံစားမိသွားခဲ့သည်။ သူဖက်ထားသည်က ပိုပြီးပင်တင်းကျပ်သွားလေ၏။


ချိုးရှောက်ဖျင်နှင့် အကြီးအကျယ်ငြင်းခုံခဲ့ပြီးနောက်ပိုင်း သူတို့မျက်နှာချင်းဆိုင်ပွေ့ဖက်ကြသည်မှာ ဤတစ်ကြိမ်ကပထမဆုံးပင်ဖြစ်လေသည်။


ရှောက်မင်မှာ လုံးဝပေါက်ကွဲထွက်သွားသလိုခံစားနေရသည်။


မဆုံတွေ့ခင်တွင် သူကျူးထုန်ကို နောက်တကြိမ်တွေ့ရသည့်အခါ သူ့ဘက်မှအေးတိအေးစက်မျက်နှာဖြင့် စိတ်ဆိုးနေမှုကိုဖော်ပြထားပြီး ထိုသူ၏ "ပြစ်မှု" အတွက် တာဝန်ယူခိုင်းမည်ဟုတွေးထားခဲ့သည်။


သို့သော်လည်း ကျူးထုန်ကိုမြင်တွေ့ရပြီး တုံ့ပြန်မှုလေးကို အနည်းငယ်မျှရလိုက်သည်နှင့် တဖက်မှစကားတစ်လုံးမှမပြောလျှင်ပင် သူစိတ်ဆိုးနေသမျှအားလုံးတို့က ပျောက်ကွယ်သွားရန်လုံလောက်နေခဲ့သည်။ ထိုသူကို ထပ်ပြီးအပြစ်မတင်နိုင်တော့ပေ။


ထိုလူငယ်လေးကို သူ့လက်မောင်းထဲတွင်ထွေးပွေ့ထားလိုက်သည်နှင့်၊ တဖက်၏ခန္ဓာကိုယ်ကနွေးထွေးမှုလေးကိုရလိုက်သည်နှင့် သူကျေနပ်သွားခဲ့သည်။


ရှောက်မင်၏ပုခုံးတို့က ကျယ်ပြန့်သည်။ ကျူးထုန်ကို လုံခြုံမှုနှင့်နွေးထွေးမှုတို့ အပြည့်အဝပေးနေလေ၏။


ကျူးထုန်က ခဏမျှတိတ်ဆိတ်နေပြီးမှ ထိုသူ၏နားအနီးသို့ကပ်ပြောလိုက်လေသည်။


 "မင်းအခုလေးတင်ပြောလိုက်တဲ့စကားကိုငါစဥ်းစားကြည့်လိုက်ပါ့မယ်.."


"....."


ရှောက်မင်ကို အသက်ကိုခပ်ပြင်းပြင်းရှူကာ တဖက်လူအား နမ်းချင်စိတ်ပြင်းပြနေမှုကို သည်းခံထားရင်း ထုံပေပေဖြင့်ပြန်ဖြေလိုက်သည်။


သူက ခေါင်းကိုလှည့်ကာ ကျူးထုန်၏နားထင်ကိုနမ်းလိုက်ပြီး လွှတ်ပေးလိုက်လေသည်။ 


"သွားရအောင်.."


နှစ်ယောက်သား ကျောက်စိုင်၏အနောက်မှထွက်လာခဲ့ပြသည်။ ကျူးထုန်မှာ အပြင်ဘက်မှ အားကောင်းသောမီးရောင်ကိုအသားမကျသေးသောကြောင့် မျက်လုံးကိုလက်ဖြင့်ကာလိုက်ရသည်။


အလင်းရောင်က ရှောက်မင်ထံမှ မွှေနှောက်ခံလိုက်ရပြီး စိတ်ရှုပ်ထွေးခဲ့ရမှုတို့ကို အလင်းပေးလိုက်ပုံရသည်။ သူ့စိတ်ကတဖြည်းဖြည်းချင်းကြည်လင်လာပြီး လှည့်မေးလိုက်လေ၏။


 "ဒါနဲ့ မင်းဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ.."


အိမ်တော်အပြင်ဘက်တွင် စောင့်ကြပ်နေကြသူ အများအပြားရှိသည်။ ဖိတ်စာမပါဘဲနှင့် အထဲဝင်နိုင်မည်မဟုတ်ပေ။


ရှောက်မင်က ပွင့်ပွင့်လင်းလင်းပင်ဖြေလိုက်သည်။ 


"အရင်က နှစ်ခါလောက်ကူညီပေးဖူးတဲ့သူငယ်ချင်းရှိတယ်လေ၊ အဲဒီသူငယ်ချင်းက ဒီကိုခေါ်လာပေးတာ.."


"သူငယ်ချင်းလား.."


ရှောက်မင်က ခေါင်းညိတ်ပြလိုက်သည်။ 


ကျူးထုန်က ပြိုင်ပွဲတွင် သူငယ်ချင်းရခဲ့ပုံရသောကြောင့် သိပ်ပြီးအာရုံစိုက်မနေတော့ပေ။


ကျောက်စိုင်အနောက်တွင် အကျဥ်းချုပ် "ဖြေရှင်း" ပြီးနောက် ရင်ပြင်ထဲတွင်လည်း လူများနေခဲ့သည်။ ကျူးထုန်က ယခုလိုပွဲမျိုးကိုမနှစ်သက်သော်လည်း ယခု ရှောက်မင်ကသူ့ဘေးတွင်ရှိနေသည့်အခါ သူ၏အခက်အခဲနှင့်စိတ်ပူနေမှုတို့က ပျောက်ဆုံးသွားခဲ့လေသည်။


သူ ရုတ်တရက်လှည့်လိုက်သည်။ 


"မင်း.."


ရှောက်မင်ကလည်း တပြိုင်တည်းမှာပင်လှည့်ကြည့်လာခဲ့သည်။ သူတို့အချင်းချင်း မျက်လုံးချင်းဆုံတွေ့သွားစေခဲ့၏။ နှစ်ယောက်လုံး တဒင်္ဂမျှ မှင်သက်သွားခဲ့ကြသည်။


ရှောက်မင်က ပြုံးပြလာလေ၏။ 


"ကိုယ်မင်းကို ဦးလေးလျိုနဲ့တွေ့လို့ရအောင် ခေါ်သွားပေးမယ်.."


ကျူးထုန်ကအမြန်ပြောလိုက်သည်။ 


"ငါ ဦးလေးလျိုကိုရှာနေတာမဟုတ်ဘူး၊ ငါမင်းနဲ့လိုက်ခဲ့လို့ရလား.."


ရှောက်မင်: "....."


သူက ခဏမျှရပ်သွားပြီးမှပြောလိုက်လေသည်။ 


"ကိုယ်ခန့်မှန်းတာမှန်ရင် ဦးလေးလျိုကလည်း မင်းကြောင့် ဒီနေ့ဧည့်ခံပွဲကိုလိုက်လာတယ်မလား.."


ကျူးထုန်ခေါင်းညိတ်ပြလိုက်သည်။


အခြားသူများရှေ့တွင် သူက ကျူးမိသားစုနှင့် အဆက်ပြတ်နေခဲ့သည်။


ရှောက်မင်၏အကြည့်တို့က ရှုပ်ထွေးလာခဲ့သည်။


သူ A မြို့သို့ရောက်လာပြီး ရက်အနည်းငယ်အကြာ၌ ဖိတ်စာတစ်စောင်ရခဲ့သည်။ ရှောက်မင်ကလည်း သာမန်ထက်ထူးကဲနေသောဦးလေးလျို၏ နောက်ခံကို သဘောပေါက်ထားခဲ့၏။ ဖိတ်စာလာပေးသူပင် ဦးလေးလျိုအကြောင်းပြောသည့်အခါ ရိုသေလေးစားမှုကိုပြသနေခဲ့သည်။ ယခုလိုကျော်ကြားသည့်ပုံရိပ်ဖြင့်သာဆိုပါက ရှောက်မင်နှင့်ဦးလေးလျိုတို့အကြားရှိ ပတ်သတ်မှုကို အခြားသူများသိသွားလျှင် ကျူးထုန်က အခြားသူများမျက်လုံးထဲ၌ ယာယီအသုံးအဆောင်တစ်ခုလိုဖြစ်သွားလိမ့်မည်။ သူ့ဘေးတွင်ရပ်နေရုံဖြင့် အမြတ်ရပြီးသားဖြစ်သွားနိုင်၏။


သို့တစေ ကျူးထုန်ကယခုလိုပွဲမျိုးတွင် သူ့အားဘေး၌ထားကာရပ်နေသည့်တိုင် ရှက်ရွံ့နေခြင်းမရှိပေ။ သူ ရှောက်မင်ဆီကအသုံးချခံရမှာကိုမကြောက်ဘူးလား။


'မင်းက ကိုယ့်ကိုတော့အရမ်းယုံကြည်တယ်၊ ဒါပေမဲ့ ကိုယ့်ကိုသဘောကျနေတယ်လို့ပြောဖို့တော့ ငြင်းနေခဲ့တယ်'


"ထုန်ထုန် မတွေ့ရတာကြာပြီနော်.."


လူတစ်ယောက်က အနားရောက်လာပြီး သူ့အား ယဥ်ကျေးမှုအရနှုတ်ဆက်လာခဲ့သည်။


အသံကြားသည်နှင့် ရှောက်မင်၏မျက်လုံးတို့က နက်မှောင်သွားလေ၏။


ကျူးထုန်ကလှည့်ကြည့်ပြီး သူ၏အမူအရာက ခဏတွင်းချင်းအေးခဲသွားခဲ့သည်။ သို့ရာတွင် ယဥ်ကျေးစွာဖြင့် ခေါင်းညိတ်ပြပြီး ပြန်လည်နှုတ်ဆက်လိုက်၏။


"ဦးလေးရှား.."


ရောက်လာသူမှာ ရှားအုပ်စုကို ဦးဆောင်သူ ရှားဝေ့ယီပင်ဖြစ်လေသည်။


ထိုသူက ရှားယန်၏အဖေ။ သူတို့၏ "နှုတ်ဆက်ပုံနည်းလမ်း" က တထပ်တည်းပင်ဖြစ်လေ၏။


သူတို့တွေ့ဆုံရသည့်အခေါက်ရေက လက်ချိုးရေ၍ရသော်လည်း ထိုသားအဖက ကျူးထုန်နှင့်ရင်းနှီးသလို အမြဲဟန်ဆောင်တတ်ကြသည်။


မြင်းပြိုင်ကွင်းမှမတော်တဆမှုက ရှားဝေ့ယီ၏နားထဲသို့ ရောက်သွားခဲ့ပုံရသည်။ ဦးလေးလျိုနှင့်ဆက်ဆံရေးခိုင်မာစေရန် ကျူးထုန်ထံ ချက်ချင်းဆိုသလို ချဥ်းကပ်လာခဲ့လေ၏။


ရှားဝေ့ယီက သူပြန်လည်နှုတ်ဆက်လာသည်ကိုမြင်သည့်အခါ ပိုပြီးစိတ်အားထက်သန်စွာဖြင့်ပြုံးပြလာလေသည်။ 


"အတော်လေးကြာခဲ့ပြီးပဲ၊ အခုဆို ထုန်ထုန်က ပိုပြီးတောင် အားပြည့်လာပြီ.."


ကျူးထုန်မှာ "ထုန်ထုန်" ဟု ဆက်တိုက်အခေါ်ခံနေရ၍ စိတ်အနှောင့်အယှက်ဖြစ်လာခဲ့သည်။ သူက မကြည်မလင်မျက်နှာဖြင့် ပြန်ပြောလိုက်လေ၏။ 


"ကိုယ်ကျန်းမာလာတော့ စိတ်လည်းပျော်လာတာပေါ့၊ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးရှား.."


ရှားဝေ့ယီကလည်း A မြို့တွင် အမည်ရှိသည်။ သို့ဖြစ်၍ ကလေးတစ်ယောက်ထံ ရုတ်တရက်လာပြီးစကားပြောသည့်အခါ ကျူးထုန်ကိုမသိသူများပင် မသိမသာလေးအာရုံစိုက်လာကြလေသည်။



🤒