Chapter 116
Viewers 18k

🤒အခန်း ၁၁၆




နောက်တစ်နေ့...

 A မြို့တွင်းမှ အိမ်တော်တစ်ခု၏အပြင်ဘက်တွင် ဧည့်ခံပွဲမစသေးသည့်တိုင် ဧည့်သည်များကမူ စောစီးစွာဖြင့်ရောက်ရှိနေကြလေသည်။


ဧည့်ခံပွဲကို အိမ်အပြင်ဘက်ခြံဝန်းထဲမှ မြက်ခင်းပြင်ပေါ်တွင်ကျင်းပခဲ့သည်။ ဈေးကြီးသော အပန်းဖြေစီးပွားရေးဥယျာဥ်တွင် ရှားပါးသောပန်းနှင့်သစ်ပင်များဖြင့် အပြည့်ခင်းကျင်းထားလေ၏။ ၎င်းတို့အနောက်တွင် ခမ်းနားသောအဝင်ဝကြီးရှိနေပြီး အဝေးမှတောင်စဥ်တောင်တန်းများနှင့် ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတို့ဖြင့် အကျယ်တဝင့်ဖန်တီးထားလေသည်။


မြက်ခင်းကျယ်ဘေးမှရေကူးကန်တွင် ကျန်းဝမ်ကအနီရင့်ရောင်ဂါဝန်ရှည်ဖြင့်ရပ်နေ၏။ ကန်ဘေးတွင် ချန်ချန့်အားတွေ့သည့်အခါ လာနှုတ်ဆက်ခဲ့သည်။


ချန်ချန့်မှာ သူမက ထုန်ထုန်ကိုလက်ထပ်တော့မည်အထိဖြစ်ခဲ့၍ အလွန်တရာမှဒေါသထွက်ခဲ့ရသည်။ သူမ၏ဖိတ်စာကိုပင် ဝမ်းမြောက်ဝမ်းသာဖြင့်လက်ခံပေးရန် ငြင်းဆန်ခဲ့၏။


ကျန်းဝမ်က ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။ 


"သူဌေးချန် ရှင်ဒီလောက်လည်း ရိုင်းနေစရာမလိုပါဘူး၊ ကျွန်မလည်းသူ့ကို မတိုက်ခိုက်ချင်ခဲ့ပါဘူး.."


ချန်ချန့်: "ငါမင်းကိုသတိပေးခဲ့တာကို ငါမှတ်မိတယ်.."


ကျန်းဝမ်က ကယ်ရာမဲ့စွာဖြင့်ဖြေလာလေသည်။ 


"ကျွန်မကို ဒီလိုပြောရမယ်လို့ ရှင့်ကိုဘယ်သူကပြောထားတာလဲ၊ ကျွန်မကိုယ်ကျွန်မတောင် ပြန်ကြည့်ရတဲ့အထိ သိချင်စိတ်ဖြစ်သွားခဲ့ရတယ်.."


ချန်ချန့်ကသူမကို ကျောချမ်းစရာအပြုံးမျိုး ပြုံးပြလိုက်သည်။


 "အာ ပြီးတော့ မမလေးကျန်းလည်း ရှာတွေ့တာကိုကျေနပ်တယ်မလား.."


ကျန်းဝမ်က သူမရောက်နေသောနေရာမှ သန်းချီတန်သော ကိုယ်ပိုင်အိမ်ကြီးကိုကြည့်ကာ ခေါင်းညိတ်ပြီး "မဆိုးပါဘူး" ဟုသာ ပြောလိုက်သည်။


"....."


ချန်ချန့်မှာ စိတ်တင်းထား၍မရတော့ဘဲ စိတ်ဆိုးဆိုးဖြင့်ရယ်လိုက်လေ၏။ 


"ဒီတော့ မင်းကလက်ထပ်ပွဲကိုအကြောင်းပြပြီး ဒုက္ခပေးတာက ကျူးထုန်အနောက်က အင်အားကိုသိချင်လို့ပေါ့ ဟုတ်လား.."


"ရှင် သူဌေးချန်က ကျွန်မကိုသတိပေးလိုက်တော့ ကြိုးစားကြည့်ဖို့မတန်ဘူးလား.." 

ကျန်းဝမ်ကပြောလိုက်ပါ၏။ 


"ပြီးတော့ သူဌေးချန်၊ ရှင် ကျွန်မကိုကျေးဇူးတင်သင့်တယ်နော်၊ ကျူးမိသားစုက အဲဒီမိန်းမရဲ့သားက ကျွန်မကိုလာကပ်တာ၊ သူတောင်လာကပ်ရင် တခြားလူတွေလည်းနောက်ကလိုက်လာတော့မှာ၊ ကျွန်မက ကျူးရှို့ရှန်း တကိုယ်ကောင်းဆန်တာကိုဖော်ထုတ်လိုက်ပြီး သခင်လေးကို လွတ်အောင်ကူညီပေးလိုက်တာ၊ ကျွန်မကရှင့်ကို အနာဂတ်မှာ အခက်အခဲမတွေ့ရတော့အောင်ကူညီပေးထားတာနော်၊ ကောင်းတာပဲမဟုတ်ဘူးလား.."


ချန်ချန့်က ခပ်ဩဩအသံဖြင့်ပြောလိုက်လေ၏။ 


"မင်းတူးဆွလိုက်တာက မင်းတွက်ချက်ထားတာတွေနဲ့ တလွဲဖြစ်သွားမှာကိုမကြောက်ဘူးလား.."


"ကြွယ်ဝမှုနဲ့အောင်မြင်မှုကိုရှာတဲ့အခါ စွန့်စားရတာပဲလေ.." 


ကျန်းဝမ်က လေးနက်သောအသံဖြင့်ပြောလာခဲ့သည်။

 "မဟုတ်ရင် ကျွန်မက ကျန်းမိသားစုထဲမှာ ဒီလောက်နှစ်တွေအကြာကြီးရပ်တည်နိုင်ခဲ့မယ်ထင်လို့လား.."


ကျူးထုန်နှင့်လက်ထပ်ရန်တောင်းဆိုခဲ့မှုက အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ၊ အကျိုးရှိခဲ့သည်။ အောင်မြင်ခဲ့လျှင် လက်ထပ်ပွဲဖြင့်ပေါင်းစည်းလိုက်ခြင်းကြောင့် နှစ်ဖက်မိသားစု၏ဩဇာအာဏာက ပိုမိုတောင့်တင်းသွားလိမ့်မည်။ ကျရှုံးသွားခဲ့ပါမူ ကျူးထုန်၏နောက်ခံကိုဖော်ထုတ်နိုင်ပြီး ၎င်းကိုအသုံးချကာ သူ့နောက်ကွယ်မှအင်အားနှင့်ဆက်သွယ်နိုင်ပေမည်။


တကယ်တမ်း၌ ချန်ချန့်ထံမှသတိပေးခံလိုက်ရသည့်အခါ သူမ၏တွက်ချက်ထားခဲ့မှုက လွဲချော်သွားခဲ့နိုင်သော်လည်း တချိန်တည်းမှာပင် ပိုကောင်းသောအခွင့်အရေးတို့ကိုရလိုက်သည်ပင်မဟုတ်လား။


ကျန်းဝမ်က သူမ၏ဆုံးဖြတ်ချက်အပေါ် နောင်တမရမိပေ။


ချန်ချန့်က သူမကို မျက်နှာသေဖြင့်သာကြည့်နေလိုက်သည်။


ကျန်းဝမ်လုပ်သွားပုံကို သူ့အနေဖြင့်သဘောမတွေ့သော်လည်း ကျန်းဝမ်ကသူ့အားကူညီပေးခဲ့သည်ကိုမူ လက်ခံရပေမည်။


ကျူးထုန်က ကျူးမိသားစုတွင်မွေးပြီး ကြီးပြင်းလာခဲ့သည်။ အမြဲအပြုအစုခံကာနေလာရပြီး အခြားသူများထံမှ အကူအညီယူရမည့်အရေးကို ငြင်းပယ်ခဲ့သည်။သူအချိန်မရွေးသေရတော့မည်ဖြစ်ပြီး မည်သူကမှသူနှင့်ပတ်သက်စရာမလိုအပ်ဟုထင်မြင်နေခဲ့သည်။


ကျူးမိသားစုနေအိမ်မှထွက်ခွာလာရန်စိတ်ကိုအသင့်ပြင်နိုင်အောင် သူ့အတွက် အားကောင်းသောဆေးတစ်လက်ကို အမှန်တကယ်လိုအပ်နေခဲ့သည်။


ချန်ချန့်ကပြုံးကာထပ်ပြောလိုက်ပါ၏။ 


"မနေ့ညက ကျူးမိသားစုအိမ်မှာ ထုန်ထုန်မေ့လဲသွားတာကိုရောသိလား.."


ကျန်းဝမ်: "....."


ထိုကိစ္စကို သူမလုံးဝမထင်ထားခဲ့သည်မှာအမှန်ပင်။


ကျူးထုန်ကအားနည်းမှန်း သူမသိသော်လည်း ယခုလောက်အားနည်းမည်ဟုမထင်ထားခဲ့ပေ။


ကျူးထုန်တွင် တစ်ခုခုဖြစ်လာခဲ့ပါက သူမတွင် ယနေ့အိမ်တော်ကို ခြေချရန် အခွင့်အရေးရလာမည်မဟုတ်ပေ။


ချန်ချန့်ကသူမကိုသတ်လိမ့်မည်။


ကျန်းဝမ်၏မျက်နှာက တခဏမျှတောင့်ခဲနေခဲ့ကာ ဆက်ပြောလိုက်လေသည်။ 


"ဒါကတော့ ကျွန်မသတိမထားမိလို့ပါ၊ ဒါပေမဲ့ ကျွန်မပြင်ဆင်လာပါတယ်၊ ဒီနေ့ ဒီနေရာကို ကျွန်မလူတစ်ယောက်ခေါ်လာခဲ့လိုက်တယ်.."


ချန်ချန့်: "ဘယ်သူလဲ..."


ကျန်းဝမ်: "အင်း..ကျူးထုန်ရဲ့ အချစ်လေး.."


"......."

__________


ကျူးထုန်က ကျောက်စိုင်ကြီးတစ်ခုအနားတွင် ရင်းနှီးနေသောမျက်နှာကိုမြင်လိုက်ရသည်။


ပထမက သူထင်ယောင်ထင်မှားမြင်လိုက်ခြင်းဖြစ်မည်ဟု ထင်လုနီးပါးဖြစ်ခဲ့၏။


ကျောက်စိုင်ကြီးအနား၌ ရှောက်မင်က အနက်ရောင်ဝတ်စုံကိုဝတ်ထားခဲ့သည်။ အရပ်ရှည်ရှည်နှင့် ဖြောင့်နေအောင်ရပ်နေခဲ့သည်။ ခေါင်းငုံ့ကာ မျက်နှာထက်တွင် ယဥ်ကျေးရည်မွန်သောအပြုံးဖြင့် လူတစ်ယောက်ကိုစကားပြောနေခဲ့သည်။


ထိုသူက ယနေ့တွင် ပိုပြီးပြင်ဆင်ထားသလိုပင်။ သူ့ကိုယ်သူပြင်ဆင်ခြယ်သနေတတ်သော်လည်း ယနေ့တွင် ပိုပြီးကြည့်ကောင်းနေခဲ့သည်။


ကျူးထုန်မှာ တခဏမျှ မည်သည့်စကားမျိုးကိုပြောရမည်မသိဖြစ်သွားခဲ့သည်။


သူ အမြင်မှားတာတော့မဟုတ်ပါဘူးနော်။


ရှောက်မင်က ဘာလို့ဒီနေရာကိုရောက်နေရတာလဲ။


'ရှောက်မင်က ငါ့ကိုမမြင်ဘူးထင်တယ်'


သူတွေးနေစဥ်မှာပင် ရှောက်မင်က သူ့အရှေ့မှလူကိုရုတ်တရက်ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိုင်ကြီးအနောက်သို့လှည့်ဝင်သွားတော့သည်။


ကျူးထုန်က မသိစိတ်အလျောက် အနောက်မှလိုက်သွားမိ၏။


ကျောက်စိုင်အနောက်တွင် မည်သူမှရှိမနေခဲ့ပေ။


ဒီတော့ သူတကယ်ပဲ အမြင်မှားတာပေါ့။


ကျူးထုန်က ထိုအတွေးဖြင့် အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့သည်။


သူပြန်လှည့်လိုက်ပြီး လူလုပ်တောင်ကုန်းနှစ်ခုအလယ်ကိုဖြတ်သွားလိုက်သည်။ ရုတ်တရက် လက်တစ်ဖက်ကသူ့အနောက်မှထွက်လာပြီး သူ့ခါးကိုလှမ်းဖက်လိုက်သည်။ သူ့အား အနောက်သို့ပြန်ဆွဲလိုက်ကာ တဖက်လှည့်စေပြီး မာကြောလှသော ကျောက်စိုင်၏မျက်နှာပြင်နှင့် တိုက်လိုက်သည်။ သူ့အနောက်မှလူက သူ့အားဖိပြီးချုပ်ထားခဲ့၏။


ရုတ်တရက် ဖိအားတစ်ခုကသူ့အပေါ်ကိုရောက်လာခဲ့သည်။ ကျူးထုန် မော့ကြည့်လိုက်သည့်အခါ မရင်းနှီးသောအမူအရာဖြင့် ရင်းနှီးနေသောလူငယ်လေးတစ်ယောက်နှင့်ဆုံတွေ့သွားလေသည်။


ရှောက်မင်က သူ့အားတည့်တည့်ကြည့်နေခဲ့သည်။ ယခင်ကကဲ့သို့ ပရောပရည်အမူအရာမျိုးမရှိနေပေ။ သူစကားပြောလိုက်ချိန်တွင် အံကြိတ်ထားသံကို တစွန်းတစကြားနိုင်လေသည်။


 "ကိုယ့်ကိုရှာနေတာလား.."


အသံကိုမှတ်မိလိုက်သည်နှင့် ကျူးထုန်မှာ သူ၏ "အထင်အမြင်မှားယွင်းမှု" က အစစ်အမှန်ဖြစ်နေကြောင်း ယောင်ဝါးဝါးသိလိုက်ရသည်။


သူကအရှေ့မှလူငယ်လေးကို အူတိအူကြောင်ဖြင့်စိုက်ကြည့်နေမိ၏။


ရှောက်မင်က သူ၏အရှေ့ဆံပင်တို့ကို သပ်တင်ထားပြီး ချောမွေ့သောနဖူးပြင်ကိုဖော်ထုတ်ထားခဲ့သည်။ သူ၏အရပ်အမြင့်ကြောင့် မူလ ငယ်ရွယ်သောရုပ်သွင်မှာ ပိုကြည့်ကောင်းသွားပြီး ဆွဲဆောင်မှုရှိနေဆဲပင်ဖြစ်လေ၏။


သူက မျက်နှာကို မဆိုသလောက်လေးနှိမ့်လိုက်ကာ ပတ်ဝန်းကျင်မှလေဖိအားကို ပိုပြီးနိမ့်ကျသွားစေခဲ့သည်။


'သူက ဘာလို့စူပုပ်နေရတာလဲ'


'မဟုတ်သေးပါဘူး၊ ရှောက်မင်က ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေရတာလဲ'


'ပြီးတော့ ဒီပုံစံကဘာလဲဟ'


မျက်နှာက လက်တကမ်းအကွာတွင်ရှိနေပြီး ခန္ဓာကိုယ်ကလည်းတထပ်တည်းနီးကပ်နေလေသည်။ ကျူးထုန်၏မျက်နှာက တမဟုတ်ချင်းနီမြန်းသွားရကာ နောက်ကျောလေးကိုကျုံ့လိုက်မိသည်။ သူ့ခြေဖနောင့်ကလည်း ကျောက်စိုင်၏အခြေကိုဖိထားပြီးသားဖြစ်နေလေသည်။ နောက်ပြန်ဆုတ်ရန်လမ်းမရှိတော့ပေ။


"မင်း..."


သူပါးစပ်ဟလိုက်စဥ်မှာပင် မျက်လုံးတို့ကပြူးကျယ်သွားခဲ့သည်။


ဘာလို့ ရှောက်မင်ကသူနဲ့ ပိုပိုကပ်လာတယ်လို့ခံစားနေရတာလဲ။


တကယ်ကြီး ကပ်လာတာဟ။


အသက်ရှူသံတို့က ပိုမိုပြတ်သားလာပြီး ၎င်းနှင့်အတူ မူးဝေဖွယ်အပူရှိန်ကကပ်ပါလာခဲ့သည်။ သူတို့မျက်နှာများက လက်မအနည်းငယ်မျှသာကွာဝေးတော့၏။


ကျူးထုန်က အလိုလိုနေရင်း လက်ခုံဖြင့်သူ့ပါးစပ်သူအုပ်လိုက်မိသည်။


သို့ဆိုလျှင်ပင် ရှောက်မင်ကမရပ်သွားခဲ့ပေ။ သူကခဏရပ်သွားခဲ့ပြီး သူ့ခေါင်းကိုကျူးထုန်၏လက်အပေါ်သို့ လုံးဝတင်လိုက်သည်။ ထိုသူ၏နူးညံ့သောနှုတ်ခမ်းတို့က ကျူးထုန်၏လက်ဖဝါးပေါ်တွင်ရှိနေခဲ့ပြီး နီရဲရဲအမှတ်ရာတစ်ခုကိုထင်ကျန်စေခဲ့သည်။


ကျူးထုန်မှာ အသက်ကိုပုံမှန်ရှူရန်ပင်မေ့သွားခဲ့သည်။


သူ့မျက်လုံးတို့က တောင်ရောက်မြောက်ရောက်ဖြစ်နေပြီး ဘယ်ကိုကြည့်ရမှန်းပင်မသိတော့ပေ။ သူ့ဦးနှောက်ကလည်း တစစီဖြစ်နေလေသည်။


တချိန်တည်းမှာပင် ကျောက်စိုင်အနောက်တွင်ချောင်းကြည့်နေသူတစ်ယောက်က အကြောက်လွန်ကာ အလင်းရောင်ကြောင့်ထင်နေသော ကြမ်းပြင်ပေါ်မှသူတို့၏အရိပ်ကြောင့် အသာလေးအနောက်ဆုတ်သွားခဲ့သည်။


ရှောက်မင်က သူ့ကိုယ်ကို ကျူးထုန်မျက်နှာနှင့်ကပ်ထားလိုက်ပြီး မျက်လုံးထောင့်မှတဆင့် ကျောက်စိုင်အနောက်ကိုလှမ်းကြည့်လိုက်သည်။


စက္ကန့်အနည်းငယ်အတွင်း ရှည်လျားလှသောအရိပ်က ပျောက်ကွယ်သွားလေ၏။


ရှောက်မင်က အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး လူငယ်လေးကို ဆုပ်ကိုင်ထားရာမှလွှတ်ပေးတော့မည့်အချိန်၌ သူ့လက်မောင်းကြားမှလူက တောင့်တင်းနေသည်ကိုခံစားလိုက်မိသည်။ ထိုသူ၏ကိုယ်လေးက ကျောက်တုံးတစ်တုံးနှယ်တောင့်တင်းနေခဲ့ခြင်းပင်ဖြစ်လေ၏။


သူ့ပါးစပ်ကိုအုပ်ထားသောလက်မှာ အနည်းငယ်တုန်ယင်နေခဲ့သည်။ လက်ဖဝါးတွင် ပိုးသတ်ဆေးအနံ့ဖျော့ဖျော့လေးက စွဲကျန်နေလေ၏။


ဤနေရာမှအလင်းရောင်ကမှိန်ဖျော့လွန်းသည်။ တဖက်လူ၏မျက်လုံးထဲမှရောထွေးနေသောခံစားချက်ကိုမြင်နိုင်ရန် မစွမ်းသာပေ။


သို့သော်လည်း ကျူးထုန်၏လက်ရှိမျက်နှာက ရှော့ခ်ရနေပြီး ဖြူဖျော့နေပြီမှန်း ရှောက်မင်က မကြည့်ဘဲနှင့်ပင်သိနိုင်လေသည်။


သူ ကောက်ကာငင်ကာရယ်လိုက်မိသည်။


သူ့နှုတ်ခမ်းတို့ကကော့တက်သွားခဲ့သည်။ ကောင်လေး၏လက်ဖဝါးမှ သွေးကြောလေးများက စတင်ပြီး ထိရှလွယ်လာခဲ့သည်။ ကျူးထုန်မှာ နေရင်းထိုင်ရင်း ဗို့အားပြင်းသော လျှပ်စီးကြောင်းက သူ့ကိုယ်ထဲသို့ဝင်လာပြီး သူ့ဦးနှောက်ကိုလှုပ်ခါသွားကာ တဝီဝီမြည်လာသလိုခံစားလိုက်ရသည်။ ခဏတွင်းချင်းပင် သူ့အသိစိတ်က အစစ်အမှန်လောကကိုပြန်ရောက်လာခဲ့ပြီး သူအရင်ဆုံးလုပ်မိသည်က တွန်းထုတ်လိုက်ရန်သာဖြစ်လေသည်။


သို့တစေ သူ့ခါးက တင်းကျပ်စွာဖြင့်ဖက်တွယ်ခံထားရသည်။ သူ့ခန္ဓာကိုယ်ကလည်း ပြားနေအောင် အဖိခံထားရသည်။ ရှောက်မင်နမ်းလိုက်သောလက်ကို ဘယ်လိုဆွဲထုတ်ရမှန်းပင်မသိတော့ပေ။


ဘာတွေဖြစ်နေတာလဲဟ။


သူအခုလေးတင်ပါးစပ်ကိုမပိတ်လိုက်ရင် ရှောက်မင်ကဘာလုပ်တော့မှာလဲ။


ယခုတော့ သူတို့နှာခေါင်းများက ထိလုနီးပါးဖြစ်နေပြီ။ သူတို့၏အသက်ရှူသံများကလည်း တွယ်ဆက်နေခဲ့သည်။ အတူတကွပူလောင်ပြင်းပြကာ ပရမ်းပတာဖြစ်နေခဲ့သည်။


ကျောက်စိုင်အပြင်ဘက်၌မူ စကားပြောသံများဖြင့်ဆူညံနေခဲ့သည်။ အတွင်းတွင်တော့ လူငယ်လေးနှစ်ယောက်ကြားမှ ဒရမ်တီးနေသလိုရင်ခုန်သံများမှာ အပြန်အလှန်ကြားနိုင်လောက်သည်အထိ သဟဇာတဖြစ်နေခဲ့သည်။


တိတ်ဆိတ်မှုက အဆုံးမရှိ ဆွဲဆန့်ခံလိုက်ရသည်။


ရှောက်မင်က ဘယ်ဘက်လက်ဖြင့် ကျူးထုန်၏ခေါင်းအနောက်ကိုကာထားပေးပြီး ညာဘက်လက်ဖြင့်ကျူးထုန်၏ခါးကိုဖက်ထားလိုက်သည်။ ရုတ်တရက်ပင် သူစိတ်မထိန်းထားနိုင်တော့ဘဲ ခါးမှလက်ကိုလွှတ်လိုက်ပြီး ကျူးထုန်နှင့်သူ့နှုတ်ခမ်းတို့အားခြားထားခဲ့သောလက်ကို ဆွဲခွာလိုက်သည်။


ထို့နောက် သူလက်ကိုလွှတ်လိုက်သည်နှင့် ကျူးထုန်က ခပ်မြန်မြန်ပင် မျက်တောင်ခတ်လိုက်သည်။ သူချက်ချင်း အသိစိတ်ပြန်ဝင်လာခဲ့သည်။ သူကခေါင်းငုံ့ကာ ရှောက်မင်ကိုတွန်းထားရင်းပြောလိုက်ရလေ၏။ 


" နေဦး...နေဦး...မင်း..အခုလေးတင်.."


ရှောက်မင်က တိုးတိုးလေးပြန်မေးလာသည်။ 


"အခုလေးတင်.."


ကျူးထုန်က သူ၏တွေးခေါ်နိုင်စွမ်းကို လုံးဝဆုံးရှုံးလိုက်ရသည်။ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့်သာပြောလိုက်ရသည်။


"မင်း..အခု..အခုလေးတင်..ဘာ...ဘာလုပ်လိုက်တာလဲ.."


"....."


ရှောက်မင်မှာဤပုဂ္ဂိုလ်လေးက ယခုလိုကိစ္စမျိုးကို ထုတ်မေးလာနိုင်ဦးမည်ဟု မထင်ထားခဲ့ပေ။


သူက ရုတ်တရက်ပြုံးလိုက်ပြီး ငုံ့ကိုင်းရင်းမေးလိုက်လေသည်။ 


"မင်းကအခုလေးတင် ကိုယ်တောင်မနမ်းရသေးခင် တားလိုက်တာဆိုရင် ပိုပြီးနားလည်တယ်မလား.."


ကျူးထုန်: "....."


အထင်လွဲတာမဟုတ်ဘူး။


ဒါဆို...သူတကယ်ကြီး သူ့ကိုနမ်းမလို့ပေါ့။


ဘာလို့လဲ။


ကျူးထုန်မှာ တဖက်လူထံမှ အသားလွတ်စိုက်ကြည့်ခံနေရလေရာ အသက်ရှူမြန်လာလေသည်။ သူ့လက်ကောက်ဝတ်က ရှောက်မင်၏လက်ထဲတွင် တင်းကျပ်စွာဖြင့်ဆုပ်ကိုင်ခံထားရဆဲဖြစ်ပြီး သူ့လက်ဖဝါးပြင်တွင် ရှောက်မင်၏နှုတ်ခမ်းမှအနွေးဓာတ်ကိုခံစားနေရသည်။ သူ့ခမျာ လွှတ်လိုက်ရမလား၊ အတူဆုပ်ကိုင်ရမလားပင်မသိတော့ပေ။


သူ လွှတ်မပေးနိုင်သော်လည်း ရှောက်မင်ကသူ့လက်ဖဝါးကိုနမ်းရှိုက်နေသလိုမျိုး ခပ်တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။


ကျူးထုန်မှာ လုံးဝရူးသွားလေတော့၏။


ဒီလိုအခြေအနေကြီးမှာ ဘယ်လိုသောက်ရေးမပါတာတွေကိုလုပ်နေရတာလဲ။


ရှောက်မင်ကသူ့ကိုကြည့်ရင်း တွေးနေလေသည်။ 


'သူတကယ်စိတ်ဆိုးသွားပြီပဲ'


လူတစ်ယောက်က ဘာလို့သူ့ကိုလာကြည့်နေတာလဲ။ ဧည့်ခံပွဲကိုလာတက်တဲ့ရည်ရွယ်ချက်ကိုသိချင်လို့ပဲလား။


သူက ဟိုနေရာသည်နေရာမှစောင့်ကြည့်ခံနေခဲ့ရပြီး သူနှင့်ကျူးထုန်၏ပတ်သတ်မှုကြောင့် သတိထားခံရမှုမှမလွတ်မြောက်နိုင်ပေ။ လူတစ်ယောက်ကို သူ့အနောက်သို့လိုက်ရန်လွှတ်လိုက်ခြင်းကသာ သူနှင့်ကျူးထုန်၏ပတ်သက်မှုကို အတည်ပြုနိုင်မည့်နည်းလမ်းပင်ဖြစ်လေ၏။


ကျောက်စိုင်အဝင်ဝတွင် လူတစ်ယောက်ကိုသတိထားမိသည့်အခါ ရှောက်မင်က သူ၏သံသယနှင့် သူ့အားစောင့်ကြည့်နေသူကို "နောက်ဆုတ်" သွားပြီး ခပ်မြန်မြန် "သတင်းပို့" လိုက်ရန် ရိုးရိုးရှင်းရှင်းနည်းလမ်းကိုသုံးချင်ခဲ့သည်။


သူ ကျူးထုန်ကို ထိတ်လန့်မသွားစေချင်ခဲ့သလို ယခုလိုနေရာမျိုးတွင်လည်း တကယ်မနမ်းချင်ခဲ့ပေ။


သူထိန်းချုပ်ထားခဲ့သည်။


သို့သော်လည်း ကျူးထုန်က တစ်ခုခုကိုအထင်လွဲသွားခဲ့ပုံရသည်။ ရုတ်တရက် သူ့ပါးစပ်ကို လက်ဖြင့်အုပ်ထားခဲ့၏။ သူအိပ်ပျော်နေချိန် ရှောက်မင်ကို ဖက်လုံးလိုဖက်ထားပြီး နောက်ပြန်ဆုတ်ခြင်း၊ တွေဝေနေခြင်းမရှိဘဲ နမ်းခွင့်ပြုထားသည့်အတိုင်း။


"နမ်း" ပြီးသွားတော့ အခုဘာလုပ်ရမလဲ။


စောင့်ကြည့်နေသူထွက်သွားသည်နှင့် ရှောက်မင်က လွှတ်ပေးလိုက်ချင်သော်လည်း တောင်က အတက်ထက်အဆင်းခက်သည်။ သူကိုယ်တိုင်က လွှတ်မပေးချင်တော့ပေ။


သူတွေးကြည့်ခဲ့ဖူးပါသည်။


ဆွဲခေါ်သွားပြီး သူကိုယ်တိုင်ရှင်းပြနိုင်လိမ့်မည်။


ကျူးထုန်သာ သူ့ကြောင့်ထိတ်လန့်သွားမည်ဆိုပါက သူ ဟာသလုပ်လိုက်သလို ဟန်ဆောင်လိုက်မည်။


ကျူးထုန် စိတ်ဆိုးသွားလျှင်တော့ ချက်ချင်းတောင်းပန်လိုက်မည်။


သို့သော် ကျူးထုန်၏တုံ့ပြန်မှုက နှစ်မျိုးဖြစ်နေခဲ့သည်။ သူ့ခမျာ သူ့ကိုယ်သူသာပြန်မေးကြည့်လိုက်၏။


 'ငါအခုလေးတင် ဘာလုပ်လိုက်မိတာလဲ'


ထိုသူက ဒေါသထွက်လာပြီး မသိသလိုဟန်ဆောင်သည့်နေရာတွင် ကျင့်သားနေရပြီထင်သည်။


လက်ရှိအရွယ်က လူကြီးသူမများအပေါ် ပုန်ကန်စိတ်ကြီးမားနေ၍လည်းဖြစ်နိုင်သည်။


ယခင်က ကြိုးစားအားထုတ်ခဲ့ရမှုတို့က ကျူးထုန်၏ယခုလိုနည်းလမ်းဖြင့် "လှည့်စား" ခံခဲ့ရသည်ထင်၏။


ကျူးထုန်က နောက်တကြိမ် မသိသလိုဟန်ဆောင်နေခြင်းဟုတ်မဟုတ် သူလည်းမသိတော့ပေ။ သို့သော်လည်း သရုပ်ဆောင်နေခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူက "ပုန်ကန်တတ်" ပြီး ရှင်းလင်းသွားအောင်လုပ်ချင်နေလေသည်။


ရှောက်မင်က ကျူးထုန်ကိုကြည့်ပြီးပြောလိုက်သည်။ 


"ကိုယ်မင်းကိုနမ်းချင်တယ်၊ တကယ်ကိုနမ်းချင်တာ၊ ကိုယ်ပြောချင်တာကိုနားလည်လား..."


ကျူးထုန်: "....."


ကျူးထုန်မှာ လုံးဝမှင်သက်သွားရပြီး စိတ်ထဲမှပြောလိုက်မိလေသည်။ 


'သူဘာပြောလိုက်တာလဲ'


စနစ်က ဂုဏ်ဆာနေသည့်အသံဖြင့်ပြန်ဖြေလာသည်။ 

'သူမင်းကိုသဘောကျနေတာ'


ကျူးထုန်: 'သူပြောတာအဲဒီလိုမဟုတ်ဘူးနော်'


စနစ်: 'သူပြောတာ အဲဒီအတိုင်းပဲ'


ကျူးထုန်: "......."


ရှောက်မင်က သူ့ကိုသဘောကျတယ်တဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။


သူက နေမကောင်းတဲ့လူလေ။ ဘယ်နေရာကကြိုက်စရာရှိလို့လဲ။


ပြီးတော့ သူ့ရဲ့နှစ်သက်မှုရာခိုင်နှုန်းက ခုနစ်ဆယ်ပဲရှိသေးတာ။


ရှောက်မင်က ဘယ်လိုလုပ်ပြီး သူ့အပေါ်ကိုခံစားချက်ရှိဦးမှာလဲ။


ကျူးထုန်မှာ သူ့ဘက်မှရှောက်မင်ကို သဘောကျနေမှန်းသိသွားသည့်အခါ သူ့စိတ်ထဲတွင်အံ့အားသင့်မှု၊ ပျော်ရွှင်မှုနှင့် တုံ့ဆိုင်းမှုတို့ဖြင့် ရှုပ်ထွေးနေခဲ့သည်။ သူ့မှာ ရှောက်မင်ကိုပြောပြလိုက်ရန်တွေဝေနေခဲ့ပြီး အငြင်းခံရမည်ကိုလည်းကြောက်နေမိသည်။


အငြင်းခံရမည့်အပြင် နှစ်သက်မှုရာခိုင်နှုန်းက ရုတ်တရက်ကျသွားမည့်အရေးကိုလည်းကြောက်နေရသေးသည်။


ယခင်က ကျူးထုန်မှာ ချင်ကျွင်းဟုန်နှင့် ကိစ္စရှင်းရန်အားအင်ကျန်နေသေးပြီး နှစ်သက်မှုရာခိုင်နှုန်းကို ဂရုစိုက်ရန်လည်း အချိန်ရှိသေးသည်။ စနစ်၏ တစ်နှစ်ဆိုသောအချိန်ကန့်သတ်ချက်ဖြင့် နှစ်သက်မှုရာခိုင်နှုန်းအဆင့်ကို တိုးမြင့်စေခဲ့သည်။ သူအသက်ရှင်ချင်သော်လည်း မစ်ရှင်မအောင်မြင်လျှင်ပင် အနည်းဆုံး နောက်ထပ်တစ်နှစ်ထပ်နေရပြီး နောင်တမရနိုင်လောက်ပါဟုတွေးထားခဲ့သည်။



🤒