Chapter 113
Viewers 18k

🤒အခန်း ၁၁၃




ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ပေးမှုမျိုးက တကယ်တမ်းတွင် သူ့အတွက် အသက်အန္တရာယ်ခြိမ်းခြောက်မှုမျိုး လည်း ဘယ်တော့မှဖြစ်လာမည်မဟုတ်ပေ။


အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် ကျူးထုန်က မည်သို့သောလူဖြစ်သည်ကို သိနေသောကြောင့်ပင်ဖြစ်သည်။ သူ့မိသားစုထံမှဖိအားပေးခံရလျှင်ပင် သူကညှိနှိုင်းမည်မဟုတ်ဘဲ မညှိနှိုင်းရန်သာရွေးချယ်ပေလိမ့်မည်။


လက်ထပ်ပွဲအကြောင်းက သတင်းအမှားဖြစ်ပြီး ရှားယန်၏ရည်ရွယ်ချက်ဖြင့် ချဲ့ကားထားမှုသာဖြစ်ခဲ့မည်ဆိုပါက ကျူးထုန်၏ ရောဂါကလည်း ထိုသူ၏အငြိုးတကြီးဖြင့်တွက်ချက်ထားမှုများဖြစ်လေမလား။


သူ့ထံတွင် မျှော်လင့်ချက်ရောင်ခြည်လေးက ရေးရေးမျှသန်းလာခဲ့သည်။


ထိုညက ထိုသူ၏ခန္ဓာကိုယ်လေးကို ခိုးကြောင်ခိုးဝှက်ဖြင့်ပွေ့ဖက်ထားခဲ့ချိန်က နွေးထွေးနေခဲ့သောကြောင့်ပင်ဖြစ်လေ၏။


ထိုခန္ဓာကိုယ်လေးက အေးစက်လာမည်ဟု သူစိတ်မကူးနိုင်ပေ။ လက်လည်းမခံနိုင်ပေ။


ရှောက်မင်မှာ ကျူးထုန်ကိုသာ တိုက်ရိုက်မေးလိုက်ချင်ခဲ့သည်။ သို့သော်လည်း အပေါ်ယံဆန်သောအဖြေကိုသာ ပြန်ရလာမည်ကိုစိုးရိမ်၍ သူအခြားနည်းလမ်းတစ်ခုကိုရွေးချယ်ခဲ့သည်။


သူ A မြို့မှ ထိုပုဂ္ဂိုလ်ကိုဆက်သွယ်ခဲ့သည်။ စိတ်အနှောင့်အယှက်ဖြစ်စရာတို့ကိုဖယ်ထုတ်ရန်နှင့် ထိုသူတို့၏ယုံကြည်ချက်ကိုရရန် သူအများအပြားကြိုးစားခဲ့ရပြီး အကြိမ်ပေါင်းများစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။


သူ့ဘက်မှ အလုံအလောက် "ပေးချေ" နေသရွေ့ သူလိုချင်သည့်အရာကိုရနိုင်လိမ့်မည်။


တဖက်လူမှ သူ့ကိုကူညီပြီးစုံစမ်းပေးရာတွင် သူထင်ထားသလောက်မမြန်ပေ။ စောင့်ဆိုင်းရသည့်အချိန်တို့က နာကျင်ရသည်။ ကျောင်းမှလူများဆူနေလျှင် သည်းခံနိုင်သော်လည်း ငှားနေသည့်အိမ်တွင်တစ်ယောက်တည်းနေရပြီး အထူးသဖြင့် ညဘက်ညဥ့်နက်ချိန်များတွင် သူ့စိတ်က အတွေးပေါင်းစုံဖြင့် ခြောက်လှန့်ခံရတော့သည်။


သူကနဦးတွေ့ချိန်တွင် သူ့ဘက်မှကျူးထုန်ကိုကူညီပေးခဲ့ပြီး ကျူးထုန်ကလည်းသူ့အား အမြဲကျေးဇူးတင်စကားပြောခဲ့သည်။ သူကိုယ်တိုင်နှင့်လောကကြီးအကြားတွင် ပြတ်ပြတ်သားသားစည်းခြားထားခဲ့လေ၏။


နောက်ပိုင်း သူတို့အချင်းချင်း ပိုပြီးရင်းနှီးလာကြသည်။ စကားနည်းသေးသည့်တိုင် ပိုပြောလာခဲ့သည်။


အိမ်တွင် ခေါက်ဆွဲတစ်ပန်းကန်အတွက် "ပိုက်ဆံပေးရန်" လိုမလိုအပေါ်ကိုပင် ထိုသူကတွေဝေနေခဲ့သည်။ သူ့အတွက်အဆာပြေမုန့်ဝယ်လာချိန်နှင့် စာသင်ပြပေးချိန်တွင်ပင် အခြားနည်းလမ်းဖြင့် သိမ်မွေ့စွာပြန်ဆပ်ခဲ့သည်။ အိပ်ပျော်သွားချိန်မှာပင် စာပြပေးသည့်ကုန်ကျစရိတ်ကို သူဟာသူတွက်ချက်နေခဲ့သေးသည်။


ထိုသူက "တစ်နှစ်ပဲ" ဟုလည်းပြောခဲ့သေးသည်။


တစ်နှစ်ပဲ။


ရှောက်မင်မှာ ရှားယန်၏စကားကိုမယုံကြည်ခဲ့ပေ။ ကျူးထုန်က သူ့တန်ဖိုးကိုသိရုံအတွက်နှင့် သူ့ထံကိုချဥ်းကပ်လာသည်ဟုလည်း မယုံကြည်ခဲ့ပေ။


သို့သော်လည်း သူရှားယန်ကိုယုံကြည်နေမိပြန်သည်။ ကျူးထုန်၏စိတ်ထဲတွင် သူတကယ်မရှိနိုင်လောက်ဟု ယုံကြည်နေမိသည်။


၎င်းအပြင် ကျူးထုန်သာ သူ့ကိုတကယ်ဂရုစိုက်ပါက ဘာကြောင့်များ အရေးကြီးသည့်ကိစ္စကို သူ့အားဖုံးကွယ်ထားပါမည်နည်း။


ထိုသူ၏စိတ်အခြေအနေက စိတ်ပါသလိုမပါသလိုအခြေအနေတွင်မူတည်နေပြီး ရိုးရိုးသားသားလျစ်လျူရှုထားသည်လား သို့မဟုတ် တကယ်လား သူလည်းမပြောနိုင်ပေ။


ထိုသူ A မြို့ကိုပြန်သွားပြီးနောက်ပိုင်း သူ့ဘက်မှတစ်ခါထက်ပိုပြီး စည်းကျော်ကာစနောက်ခဲ့မိသည်။ ထိုသူက သူ့ကို စနောက်နေသည်ဟု ရိုးရိုးတမ်းတမ်းယူဆသွားမည်လား သို့မဟုတ် အကြောင်းအရာတစ်ခုကို တမင်တကာရှောင်ရှားနေသည်လား။


ကျူးထုန်က သူ့ကို ဘယ်တော့မှမတုံ့ပြန်ခဲ့ပေ။


အစကတည်းက သူ့ကိုမတုံ့ပြန်ခဲ့ခြင်းပင်။


သူတွေးထားခဲ့တဲ့ အထူးဆက်ဆံမှုတွေအကုန်လုံးက သူ့ရဲ့စိတ်ကူးယဥ်မှုသက်သက်ပဲလား။


ကျူးထုန် သူ့အားပြသလာသောကြင်နာမှုတို့က သူ့ဘက်မှဂရုစိုက်ပြီးကူညီပေးခြင်းကြောင့် လောကဝတ်နှင့်တာဝန်အရ တုံ့ပြန်ခြင်းသက်သက်ပင်ဖြစ်နိုင်လေသည်။


ချိုးရှောက်ဖျင်ထံမှ ဓားဖြင့်ထိုးခံရသည့်အချိန် သူ့အားကာကွယ်ပေးခဲ့ခြင်းကလည်း "အပေးအယူကြီး" အတွက် ရိုးရှင်းသောတွက်ချက်မှုအရ ကိုယ့်စိတ်နှင့်ကိုယ် သူ့အသက်နှင့်လဲလိုက်ခြင်းပေလား။


အပေးအယူကြီး..


ထိုအတွေးပေါ်လာသည့်အခါ ရှောက်မင်က လန်းဆန်းသွားသလိုခံစားလိုက်ရသည်။


သူ့အတွေးက မမှန်ကြောင်း သူသိပါသည်။


ကျူးထုန်၏နှလုံးသားထဲတွင် သူရှိနေနိုင်သည်။ သို့မဟုတ် ကျူးထုန်က ရောဂါဖြစ်နေ၍ သူ့ကိုခပ်ခွာခွာနေပြီး အခြားသူများနှင့်လည်း စည်းတစ်ခုကို အထင်အရှားဆွဲထားခဲ့ခြင်းဖြစ်လိမ့်မည်။ သို့မှသာ အခြားသူများ၏ကူညီပေးမှုကိုအမြဲသတိရပြီး သူ့ထံတွင်အကြွေးမတင်နေတော့မည်ဖြစ်သည်။


'ဒါပေမဲ့ 'ဘာအကြွေးမှမတင်ဘူး' ဆိုတာ ဘာကိုပြောတာလဲ၊ ငါတို့က အခြားလူတွေကို တကယ်အကြွေးမတင်ဘဲနေလို့ရလို့လား'


သူ A မြို့ကိုရောက်ပြီးနောက် သင်္ချာပြိုင်ပွဲတွင်ဝင်ပြိုင်ခဲ့သည်။ ပြိုင်ပွဲကျင်းပရာ ခန်းမထဲမှထွက်လာသည့်အခါ ကျူးထုန်မှသူ့အားပို့ထားသောမက်ဆေ့ချ်ကိုတွေ့လိုက်ရသည်။ သူ့မှာ တဖက်လူထံမှပေးပို့လာသော ဆေးမှတ်တမ်းကိုရလာချိန်တွင် စာပြန်ရန်အချိန်မရခဲ့ပေ။


ကျူးထုန်၏ဆေးစစ်ချက်မှတ်တမ်း။


သူဘာလို့ဆေးရုံကိုသွားရတာလဲ။ ဘယ်လိုစမ်းသပ်မှုကိုလုပ်ခဲ့တာလဲ။ ဘယ်လိုဝေဒနာကိုသည်းခံခဲ့ရတာလဲ။ သူနေမကောင်းဖြစ်တိုင်း ICU မှာဘယ်လောက်ကြာအောင်နေခဲ့ရလဲ။ ဘယ်လိုနာကျင်မှုမျိုးကိုသည်းခံခဲ့ရလောက်လဲ။


သူ၏နောက်ဆုံးဆေးစာမှာ နှလုံးရပ်ခြင်းကြောင့်ဟုဖော်ပြထားခဲ့သည်။ သူဆေးရုံမှမဆင်းမီ ဆရာဝန်များက သုံးလထက်ပိုမနေရလောက်ဟု ခန့်မှန်းခဲ့ကြသည်။


တစ်နှစ်ပင်မဟုတ်ခဲ့ပေ။


ဆေးစစ်ချက်မှတ်တမ်းကိုမြင်လိုက်ရချိန်တွင် ရှောက်မင်မှာ မည်သည့်ခံစားချက်ဖြစ်သွားမှန်းပင်မသိတော့ပေ။


ယခင်နေ့များက စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခဲ့မှုကြောင့် သူမျှော်လင့်ထားခဲ့သလို နှလုံးသား၌တစစ်စစ်ကိုက်ခဲနေသောဝေဒနာအားမခံစားခဲ့ရပေ။


သူအနည်းငယ်မူးဝေနေရုံသာ။


အစက ကျူးထုန် A မြို့မှပြန်လာသည့်အခါ သူ့ဘက်မှ ချစ်နေရသောခံစားချက်တို့ကိုဖွင့်ပြောတော့မည်ဟု တွေးထားခဲ့သည်။


ငြင်းခံရသည်ဖြစ်စေ လက်ခံလိုက်သည်ဖြစ်စေ ထွက်လာနိုင်သောအဖြေတစ်မျိုးစီအတွက် သူ့ဘက်မှအစီအစဥ်တို့ကို အလိုက်သင့်ချထားခဲ့သည်။


သူနှင့်ကျူးထုန်ကြားမှကွာဟချက်ကို သူသိထားခဲ့သည်။ ထိုအချိန်က သူပုံမှန်အတိုင်းပြောခဲ့သည့်စကားတို့မှာ ထိုသူအား ချော့ချင်ရုံတစ်ချက်တည်းကြောင့်မဟုတ်ခဲ့ပေ။


သူ ကျူးထုန်နှင့်ထိုက်တန်လာရန်အတွက် သူ့ကိုယ်သူသာ မှီခိုအားထားရလိမ့်မည်။


သူ၏နောက်ခံအတွက်လည်း သိမ်ငယ်သလိုမခံစားခဲ့ရပေ။ သူသဘောကျနေသည့်ကောင်လေးနှင့် ပုခုံးချင်းယှဥ်နိုင်သည်အထိ ကြီးပြင်းလာလိမ့်မည်ဟုသူသိထားခဲ့သည်။


သူ့အတွက် အချိန်လေးသာ လိုအပ်နေခဲ့သည်။


ဆယ်ကျော်သက်အရွယ်မှ အရွယ်ရောက်သည့် အကူးအပြောင်းကာလမှာ သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်ရန်အတွက် ကျော်လွှားရန်လိုအပ်သော အတားအဆီးများသာဖြစ်လေသည်။


ယခုတော့ လက်ရှိအကြောင်းအရင်းများက သူ့တွင်အချိန်မရှိတော့ကြောင်းဖော်ပြနေခဲ့သည်။


လုံးဝကိုအချိန်မရှိတော့ချေ။


သူက ရုန်းကန်ရန်ရှိသေးသည်။ သူ၏မွေးအဖေထံမှလွတ်အောင်ပြေးရဦးမည်။ သူ့အားစွန့်ပစ်ခဲ့သူကို သူတစ်ခါကမျှော်လင့်ထားခဲ့သည့်အတိုင်း ပြန်ပေးဆပ်ခိုင်းရဦးမည်။သူ့အားပျိုးထောင်ပေးခဲ့သောအမေဖြစ်သူနှင့် တစ်ခါကထွက်ခွာလာသည့်နေရာမှထွက်ခွာပြီး ဘယ်တော့မှပြန်မလာတော့ပေ။


သို့သော်လည်း လူငယ်လေးတစ်ယောက်က သူ့ဘဝထဲသို့ဝင်လာခဲ့သည်။ ရှောက်မင်၏ဘဝနှင့်ရစ်ထွေးသွားပြီး သူ့ကိုပါနစ်မြုပ်သွားစေခဲ့သည်။ ရှောက်မင်မှ ထိုသူနှင့်အတူ အနာဂတ်ကိုအတူတည်ဆောက်ကြရန် စီစဥ်ခဲ့သည်အထိ။


ထို့နောက် တကယ်တမ်း ထိုလူငယ်လေးက အနာဂတ်တွင် သူ့ဘေး၌၊ ထိုနေရာ၌ ထပ်မရှိလာနိုင်တော့ပေ။


ရှောက်မင်က ဤလောကကြီးတွင် သူ့ထက်ပိုပြီးတကိုယ်ကောင်းဆန်သည့်သူ ထပ်မရှိတော့ဟုထင်ထားခဲ့သည်။

သို့သော် ယခုမူ သူက ထိုသူ(သူ့ထက်နှလုံးသားမဲ့သူ)နှင့်ဆုံလိုက်ရပြီ။


ကျူးထုန်က သူ့ထက်ပိုပြီး တကိုယ်ကောင်းဆန်သည့်အပြင် နှလုံးသားမဲ့ခဲ့သည်။


ထိုသူက ကုန်းရွှေစီရင်စုကို ရုတ်တရက်ပြောင်းရွှေ့လာခဲ့ပြီး သူစာလေ့လာရာတွင် ထိုင်ခုံဖက်ဖြစ်ပေးရန်တောင်းဆိုခဲ့သည်။ နှုတ်ပင်မဆက်ဘဲ ဗြုန်းစားကြီးဝင်လာပြီး နှုတ်မဆက်ဘဲ တိတ်တိတ်လေးပြန်ထွက်သွားချင်နေခဲ့သည်။ မည်သူမှမတွေ့နိုင်မည့်နေရာသို့ ထွက်ပြေးသွားခဲ့သည်။


သူက အားလုံးကို ရှင်းရှင်းလင်းလင်းနားလည်သွားပြီဟုထင်ခဲ့သည်။ မပြောရသေးသောစကားများလည်း မကျန်လောက်တော့ဟု ယုံကြည်ထားခဲ့သည်။ ထို့ကြောင့် သူတစ်ခါမှမရောက်ဖူးခဲ့သော ဝေးလံလှသည့် ကုန်းရွှေစီရင်စီကိုရောက်လာခဲ့သည်။ တစ်ခါမှမနေဖူးသောဘဝမျိုးတွင်နေပြီး ချက်ချင်းထွက်သွားတော့မည်။


သူရန်ထောင်ခဲ့သည့်လူများ၊ သူချန်ခဲ့သောခြေရာများ၊ တဖက်သူ၏နှလုံးသားထဲတွင် ခတ်နှိပ်ထားခဲ့သောလက်ဗွေရာ၊ အခြားသူ၏ဘဝများအတွင်း ပါဝင်ပတ်သတ်ခဲ့မှု ၎င်းတို့က သူတွေးထားခဲ့သောအဝိုင်းထဲတွင် မပါဝင်ခဲ့ပေ။


သူ A မြို့ကိုဆေးစစ်ရန်ပြန်သွားပြီး ရလဒ်ကိုမေးသည့်အချိန်အထိ ကျူးထုန်က ရှောင်ကွင်းနေဆဲပင်။


သူ့ကိုယ်သူဂရုစိုက်နေသည်ဟု ထိုသူကပြောခဲ့သည်။ သူ့ခန္ဓာကိုယ်ကလည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး ကျန်းမာရေးစစ်ဆေးချက်အဖြေတွင်လည်း ပြဿနာမရှိခဲ့ကြောင်းပြောခဲ့သည်။


၎င်းက ဆေးစစ်ချက်ရလဒ်က ပြောသည့်အချက်နှင့် အလွန်ကွာဟနေခဲ့သည်။


သူ့ခန္ဓာကိုယ်အခြေအနေတိုးတက်လာလျှင်ပင် နှစ်လတည်းနှင့် မည်သို့များပြန်ကောင်းနိုင်ပါမည်နည်း။


'ငါကသူ့အတွက်ဘာလဲ'


ရှောက်မင် နောက်ထပ် ဝိုင်တစ်ခွက်ကိုငှဲ့လိုက်သည်။ မော့ချလိုက်ပြီး သူ့လည်ချောင်းတလျှောက်ကို လောင်ကျွမ်းသွားစေလိုက်၏။


သူက ဖြည်းဖြည်းချင်း အကြည့်ကိုရုတ်သိမ်းကာ ဘေးတွင်စိတ်ရှည်လက်ရှည်ဖြင့်ထိုင်နေသော လုကျစ်ယွီကိုလှမ်းကြည့်လိုက်သည်။ ထို့နောက် ရှင်းလင်းပြတ်သားသည့်အသံဖြင့်ခေါ်လိုက်လေ၏။ 


"လောင်အာ့.."


လုကျစ်ယွီကသူ့အားကြည့်လာလေသည်။


ရှောက်မင်ကမေးကြည့်လိုက်သည်။ 


"မင်းနဲ့ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့လူတစ်ယောက်ကိုသဘောကျမိသွားရင် မင်းဘယ်လိုလုပ်မလဲ.."


လုကျစ်ယွီက တုံ့ဆိုင်းသွားပြီး ခံစားချက်မဲ့စွာဖြင့်ပြောလိုက်သည်။ 


"လက်လျှော့လိုက်မှာ.."


"......"


အရမ်းပြတ်သားတာပဲ။


ရှောက်မင်ကသူ့ကိုစိုက်ကြည့်နေလိုက်သည်။


သူနှင့်လုကျစ်ယွီက အလွန်တရာမှဆင်တူသည်ဟု အမြဲခံစားရသည်။ သူတို့နှစ်ယောက်လုံးက ဒုက္ခရောက်မည်ကိုလည်းကြောက်ကြပြီး ဒုက္ခများကလည်း အမြဲ သူတို့ထံသို့တံခါးလာခေါက်တတ်သည်။


သူလည်း လုကျစ်ယွီကဲ့သို့ပင် တွေးခဲ့ဖူးသည်။ သူက ဂြိုလ်ဆိုးတစ်ကောင်ဖြစ်လျှင်ပင် တတ်နိုင်သလောက် အမြန်လက်လျှော့လိုက်ခြင်းကပင် ပိုကောင်းမည်မှန်းသူသိနေခဲ့သည်။


ရှောက်မင်က သူ့စိတ်အလိုအတိုင်းဆုံးဖြတ်ပြီး သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့သည့်အခါ နောက်ပိုင်း၌ သူသာနောင်တရလိမ့်မည်ဟူသောဖြစ်နိုင်ချေကိုတွေးထားခဲ့သည်။


သို့တစေ "နောင်တ" က မကြာခင်အချိန်အတွင်းမှာပင် ရောက်လာမည်ဟု မထင်ထားခဲ့ပေ။


သူက ရှေ့ဆက်လျှောက်ရမည့်လမ်းတွင် ကြုံရမည့်အတားအဆီးများကိုတွေးမိသေးသော်လည်း ၎င်းတို့က သူတို့ဟာသူတို့ လာကြခြင်းမဟုတ်ဟု သူ မယူဆခဲ့ဖူးချေ။


ရှောက်မင်မှာ မည်မျှပင် သူ့ကိုယ်သူယုံကြည်ချက်ရှိနေပါစေ၊ ဆေးပညာရပ်ဆိုင်ရာအမှားတော့ မလုပ်နိုင်ပေ။


ကျူးထုန်သာ တကယ်ပဲသူ့ဘေးမှာမနေဘူးဆိုရင် သူဘာလုပ်ရမလဲ။


လက်လျှော့လိုက်ရမလား။


လက်လျှော့လိုက်တာက အကောင်းဆုံးနဲ့အလွယ်ဆုံးရွေးချယ်မှုပဲ။


ကျူးထုန်နဲ့ဘယ်တော့မှမတွေ့ခဲ့ရင် ကောင်းမယ်။


ကျူးထုန်ကိုသဘောမကျခဲ့မိရင်လည်း ကောင်းမှာပဲ။


အားလုံးကအိပ်မက်ဖြစ်နေခဲ့ရင်လည်း...


ရှောက်မင်မှာ တဖြည်းဖြည်းချင်း အတွေးထဲ၌နစ်မြောသွားခဲ့သည်။


'အိပ်မက်လို့ပဲသဘောထားလိုက်'


ဤသို့တွေးကြည့်မိလိုက်ရာ သူ့နှလုံးသားကဆုပ်ညှစ်ခံလိုက်ရပြီး လေးလံကာနာကျင်မှုတစ်မျိုးကိုခံစားလိုက်ရသည်။


ထိုပုဂ္ဂိုလ်၏အမည်က သူ့စိတ်ထဲတွင် ပေါ်လာနေဆဲပင်။


ကျူးထုန်။


ဒုက္ခအိုးလေး။


ဖန်ထက်ပင်ကွဲကြေလွယ်ပြီး ကျောက်တုံးထက်ပင်မာသေးသည်။


မသန့်ရှင်းသည့်အရာတစ်ခုကိုတွေ့လိုက်ရလျှင် ပြဿနာရှာတတ်ပုံလေး၊ အစမ်းမေးခွန်းများကိုဖြေရချိန်တွင်ပင် ဂရုတစိုက်ဖြေရှင်းတတ်ပုံလေး၊ အသစ်အဆန်းတွေ့ရချိန်တွင် တက်ကြွပြီးစပ်စုတတ်ပုံလေး၊ တဖက်သားကို စိတ်ရင်းဖြင့်နှစ်သိမ့်ပေးနေချိန် လေးစားဖွယ်ရာပုံစံလေး စသဖြင့်..ရှောက်မင်အရှေ့တွင် ရှက်သွေးဖြာသွားပုံလေး။


သူဘယ်လိုလုပ်ပြီးများ ကျူးထုန်ကိုမေ့နိုင်ပါ့မလဲ။


ဘယ်လိုအိပ်မက်မျိုးက အစစ်အမှန်ထက် ပိုပြီးနာကျင်ရလို့လဲ။


ရှောက်မင်က သူ့နှလုံးသားထဲမှ ပြင်းပြသောမလိုလားမှုကို ခံစားလိုက်ရသည်။


သူဘာလို့ လက်လျှော့ဖို့ကိုရွေးချယ်ရမှာလဲ။ ကျူးထုန်က သူ့ဘဝထဲကိုပထမဆုံးဝင်လာတဲ့သူလေ။


ဘာလို့ဒီလောက် အလောတကြီးနဲ့နောက်ဆုတ်လိုက်ရမှာလဲ။ သူငယ်ငယ်လေးကတည်းက သွားနဲ့ကိုက် လက်သည်းနဲ့ကုတ်ခြစ်ပြီးတိုက်ခိုက်ဖို့ထက် နောက်မဆုတ်ဖို့ပဲသင်ခဲ့ရတာ။ ခါးသက်တဲ့အဆုံးသတ်ရောက်တဲ့အထိပေါ့။


သူကျူးထုန်ကို ဤမျှအလွယ်လေးလွှတ်မပေးနိုင်ပေ။ သူထွက်သွားရမည်ဆိုလျှင်ပင် ကျူးထုန် အေးအေးချမ်းချမ်းမထွက်သွားရမည်ကို သူအာမ မခံနိုင်ပေ။


အချိန်အများကြီးမကျန်တော့လျှင်ပင် သူ့လက်ထဲတွင် တိတိပပဆုပ်ကိုင်ထားသောအချိန်တစ်ခုကျန်နေသေးသည်။


ကျူးထုန်က သူ့အပိုင်။


သူ ဝိုင်ခွက်ကို ရုတ်တရက်ချလိုက်ပြီး ဖုန်းကိုထုတ်ကာ ကျူးထုန်နံပါတ်ကိုတိုက်ရိုက်နှိပ်လိုက်သည်။


ယခုက ကျူးထုန် A မြို့ကိုပြန်သွားပြီးနောက်ပိုင်း သူ့ဘက်မှကျူးထုန်ကို ပထမဆုံးဖုန်းခေါ်ခြင်းပင်ဖြစ်သည်။


သူ ကျူးထုန်နှင့်စကားမပြောရဲပေ။ သူ့အားမေးခွန်းထုတ်မိမည်ကို စိုးရိမ်နေမိသည်။ လူငယ်လေးအား တိုက်ရိုက် ကြောက်ရွံ့သွားစေမည်ကို စိုးထိတ်မိပြီး ကွေ့ဝိုက်မနေဘဲ သူ့အားတည့်တည့်ပင် ငြင်းပယ်လိုက်မည်ကိုစိတ်ပူမိသည်။


သူ့မှာ ယခုစိတ်အခြေအနေဖြင့် စာမရိုက်ရဲလေရာ ကျူးထုန်ကို WeChat မှသာ ဆက်သွယ်ရဲလေသည်။


သို့သော်လည်း သူ့ဘက်မှစိတ်ကိုပြင်ဆင်ပြီး ဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်နေပြီး အလိုအလျောက်ဖုန်းကျသွားသည်အထိ မည်သူကမှဖုန်းမဖြေလာပေ။


တချိန်တည်းမှာပင် လုကျစ်ယွီ၏ဖုန်းထဲသို့ မက်ဆေ့ချ်တစ်စောင်ဝင်လာခဲ့သည်။


ရင်းနှီးနေသည့် ဖုန်းနံပါတ်အတွဲလိုက်ကိုမြင်သည့်အခါ သူလည်းကြောင်အသွားခဲ့သည်။ အကြိမ်ပေါင်းမနည်း တွေဝေနေပြီးသည့်နောက် သူနှိပ်လိုက်တော့၏။


မျက်မှောင်ကြုတ်ထားရင်း သူရှောက်မင်ကိုကြည့်ပြီးပြောလိုက်သည်။ 


"ကျူးထုန်ကမေ့လဲသွားလို့ ဆေးရုံကိုပို့ထားရတယ်တဲ့.."


"......"


_________


စာရေးသူမှာပြောစရာရှိပါတယ်။



ငါလည်း လူငယ်အတွဲလေးကို အမြန်ဆုံးတွေ့စေချင်နေပါပြီ။


🤒