Chapter 111
Viewers 18k

🤒အခန်း ၁၁၁




ဒါဆို သူက နောင်မှာ ဇာတ်လိုက်ကိုချစ်မိသွားတာနဲ့ ဦးနှောက်မရှိတော့တာမျိုးမဟုတ်ဘူးပေါ့။ သူ့ရဲ့"စည်းမျဥ်း" က ယောကျ်ားတွေကို အကြွင်းမဲ့ချစ်တာမျိုးလား။


သူမကအလွယ်တကူ လက်ခံလိုက်သည်ဟု သူ့ဘက်မှခံစားနေရလေသည်။


"ဒါပေမဲ့ အခြေအနေတစ်ခုတော့ရှိတယ်.."



ကျူးထုန်: "ဘယ်လိုအခြေအနေလဲ.."


ကျန်းဝမ်ကသူ့အားကြည့်ကာပြောလာခဲ့သည်။


 "မင်းနဲ့ချန်ချန့်က ဘယ်လိုပတ်သတ်တာလဲဆိုတာတော့ ငါ့ကိုပြောပြရမယ်.."


ကျူးထုန်မှာ အနည်းငယ်မျှ မှင်သက်သွားခဲ့လေ၏။


သူ့ရဲ့ဝမ်းကွဲအစ်ကိုလား။


ဒါနဲ့ သူ့ရဲ့ဝမ်းကွဲအစ်ကိုက ဘာဆိုင်လို့လဲ။


ကျူးထုန်က မျက်ခုံးတို့ကို မသိမသာကြုတ်လိုက်သော်လည်း သူမပြောရသေးခင် ကျန်းဝမ်ကဆက်ပြောလာခဲ့သည်။ 


"မင်းမပြောချင်ရင်လည်းရပါတယ်၊ ဒါပေမဲ့ မင်းမှတ်ထားရမယ်၊ ဒီကိစ္စအတွက် မင်းငါ့အပေါ်ကို အကူအညီတစ်ခုအကြွေးတင်သွားပြီ၊ သခင်လေးကျူး..."


သူ၏အံ့အားသင့်ပြီး တုံ့ဆိုင်းသွားမှုက မေးခွန်းအမြောက်အများကိုမေးရန် လုံလောက်သွားခဲ့သည်။


"......"


ကျူးထုန် သူဟာသူတွေးနေမိလေ၏။ 


'ကျန်းဝမ် လက်ထပ်ပွဲကို "ဖျက်သိမ်း" ရအောင် ငါ့ဘက်ကမှမလိုအပ်တာ၊ ငါကဘာလို့သူ့အပေါ်ကို အကူအညီတစ်ခုအကြွေးတင်နေရမှာလဲ'


သူငြင်းရန်ကြိုးစားလိုက်ချိန်တွင် ကျန်းဝမ်၏မျက်နှာထားက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။


သူမက မျက်လုံးထဲမှ ပရောပရည်အကြည့်ကိုထိန်းသိမ်းလိုက်ပြီး အလေးအနက်ထားကာပြောလာခဲ့၏။ 


"အပေးအယူကိုဖျက်သိမ်းလိုက်တဲ့အတွက် သူဌေးကျူးကို ဒီကိစ္စအကြောင်းပြောဖို့က မင်းရဲ့သဘောပဲ၊ ငါမင်းကိုအကူအညီဖြစ်စေမယ့်အကြံတစ်ခုတော့ပေးလိုက်မယ်၊ တခါတလေမှာ ကိစ္စတွေက ရှင်းထုတ်ပစ်လိုက်ဖို့လိုအပ်တယ်၊ ဒီလောကကြီးထဲက မိဘတွေအားလုံးက မျှော်လင့်ချက်နဲ့တန်ကြတာမဟုတ်ဘူး.."


"......"


ဒီမိန်းမက ဒီနေ့သူ့ကိုလာရှာရတာ ဘာအတွက်လဲ။


ကျန်းဝမ်က အစောပိုင်းတွင် ကော်ဖီစားပွဲပေါ်တင်ထားခဲ့သောဝိုင်ခွက်ကို ကိုင်မြှောက်လိုက်ကာ တဖြည်းဖြည်းချင်း အရသာခံသောက်နေလေ၏။


သူမက အလောတကြီးမထွက်သွားပေ။ စကားပြောပြီးသည်နှင့် ခဏမျှထိုင်နေပြီးမှ နားနေခန်းထဲမှထွက်သွားခဲ့လေသည်။


နားနေခန်းတံခါး နောက်တကြိမ်ပိတ်သွားမှ ကျူးထုန်၏မျက်နှာမှာ ပကတိမှောင်မိုက်သွားတော့သည်။


လက်ထပ်ပွဲ။


သူ့အဖေ၏နှလုံးသားထဲတွင် သူကနောက်ဆုံးထွက်သက်အထိ လက်ထပ်ပွဲအတွက်ကိရိယာတစ်ခုအဖြစ်သာ တန်ဖိုးရှိတော့သည်။


သူက အဖေဖြစ်သူအတွက် ကောင်းသည့်အရာတစ်ခုမှမရှိခဲ့ပေ။


သို့ရာတွင် သူက "လုံးဝရှင်းထုတ်" ခံရမည့်အလုပ်မျိုးမလုပ်ခဲ့သည်မှာလည်း သေချာလေသည်။


၎င်းက မလွယ်ကူလှပေ။


-


နားနေခန်းအပြင်ဘက်တွင် ဧည့်ခံပွဲကို ဆက်လက်ကျင်းပနေလေသည်။


ကျန်းဝမ်က နောက်ဆုံးအချိန်အထိ နားနေခန်းထဲမှထွက်မလာခဲ့သောကြောင့် သူက နားနေခန်းမှဧည့်ခံပွဲသို့သာ တိုက်ရိုက်ပြန်လာခဲ့လိုက်သည်။ သူတွေ့လိုက်ရ၍ဖြစ်နိုင်သလို တလျှောက်လုံးကြည့်နေခဲ့ခြင်းလည်းဖြစ်နိုင်သည်။ မကြာခင်မှာပင် ကျန်းဝမ်ကထွက်သွားခဲ့ပြီး လူတစ်ယောက်ကဝင်လာခဲ့သည်။


ကျူးရှို့ရှန်းက နားနေခန်းထဲသို့လမ်းလျှောက်ဝင်လာပြီး ဆိုဖာပေါ်တွင်ခေါင်းငုံ့ထိုင်နေသောလူငယ်လေးအားကြည့်လိုက်သည်။ သူကလျှောက်သွားရင်းမေးလိုက်လေ၏။ 


"ထုန်ထုန် ဘာဖြစ်တာလဲ၊ နေမကောင်းတဲ့နေရာရှိလို့လား.."


ကျူးထုန်က ထိုသူ၏ဂရုစိုက်နေသောအသံကိုကြားလိုက်ရပြီး သူ့နှလုံးသားထဲ၌ ရှင်းပြရခက်သောမာကြောမှုက ပေါ်ပေါက်လာခဲ့သည်။


သူက မော့မကြည့်ဘဲ ခပ်တိုးတိုးပင်ပြောလိုက်လေ၏။ 


"နည်းနည်းပင်ပန်းနေလို့ပါ အဖေ၊ အိမ်ပြန်ကြရအောင်.."


"......."


ကျူးရှို့ရှန်းက မလာခင်တွင် ကျူးထုန်၏သဘောထားကိုတွေးနေခဲ့သည်။ ထိုသူက သူ့အားမေးခွန်းထုတ်လာနိုင်သလို ဒေါသထွက်လာနိုင်သည်။ ထိုသူကိုချော့မော့ရန် သူ့ဘက်မှအကြောင်းပြချက်ကို တွေးထားခဲ့သော်လည်း ကျူးထုန်ကဤမျှတည်ငြိမ်နေလိမ့်မည်ဟု ဘယ်သောအခါမှမတွေးထားခဲ့ပေ။


သူက များများစားစားမတွေးထားခဲ့သော်လည်း ကျူးထုန်က ပြဿနာရှာချင်လျှင်ပင် ဤနေရာမှလူကြားထဲတွင်ထက် အိမ်ပြန်လိုက်သည်ကပိုကောင်းလိမ့်မည်။


သူက နူးညံ့လှသည့်အသံဖြင့်ပြောလိုက်လေ၏။ 


"အေးပါ၊ အဖေ မင်းကို အိမ်ခေါ်သွားပေးမယ်.."


ထိုသို့ပြောလိုက်ပြီး သူက ကျူးထုန်မတ်တပ်ရပ်လာလျှင်ကူညီပေးရန် လက်ဆန့်ထုတ်လိုက်သော်လည်း ထိုသူကိုမထိရသေးခင် ကျူးထုန်ကသူ့ကိုရှောင်ဖယ်ကာ တံခါးရှိရာသို့ လျှောက်သွားလိုက်သည်။


ကျူးရှို့ရှန်းက မျက်မှောင်ကြုတ်လိုက်မိသည်။


သူတို့ ဧည့်ခံပွဲခန်းမမှထွက်လာပြီးသည့်အခါ အဒေါ်ချန်ထံသို့ ပြေးသွားလိုက်သည်။ သူမက ကျူးရှို့ရှန်းမြင်သည်နှင့် မျက်နှာကစူပုပ်သွားလေတော့၏။ ကျူးထုန်က ပင်ပန်းလာသည်ဟုကြားလိုက်ရသည်နှင့် သူ့ကိုခေါ်သွားပေးမည်ဟုပြောလိုက်သော်လည်း ကျူးထုန်က သူမစကားကိုယဥ်ယဥ်ကျေးကျေးပင်ပြောလိုက်လေသည်။


သူမက အလွန်တရာမှစိတ်ပျက်သွားရသော်လည်း ကျူးထုန်ကို သူမနှင့်အတူလိုက်ရန် အတင်းမခေါ်တော့ပေ။


အိမ်ပြန်လာသည့်လမ်း၌ ကျူးထုန်က ကားအနောက်ခုံမှ ပြတင်းပေါက်အနားတွင်ထိုင်ကာ ကျူးရှို့ရှန်းနှင့် အဝေးကြီးတွင်ထိုင်နေခဲ့သည်။


ကားပြတင်းအပြင်ဘက်မှ တရိပ်ရိပ်ပြေးနေသောညမြင်ကွင်းကိုကြည့်ရင်း သူ့အတွေးတို့က ရှောက်မင်ထံသို့ရောက်အောင် ဆက်လက်ပြီးဆွဲခေါ်ခံနေရလေသည်။


ထိုသူကို သူ့အနားတွင်ရှိနေစေချင်သည်။ ထိုသူနှင့်အတူ ပျော်ပါးပြီးအချိန်ကုန်ချင်သည်။ ကျောင်းပိတ်ရက်တွင်ရောဖွင့်ရက်တွင်ပါ စိတ်ဝင်စားစရာကောင်းသောနေ့စဥ်ဘဝကို အတူဖြတ်သန်းချင်သည်။


သူ ရုတ်တရက် ရှောက်မင်ကိုတွေ့ချင်လာမိသည်။ တွေ့လိုက်ရလျှင် သူ၏ ဖရိုဖရဲခံစားချက်တို့က ပြေပျောက်သွားလိမ့်မည်။


သို့သော်လည်း ထိုသူက စာမပြန်လာခဲ့ပေ။


ရှောက်မင် အခုဘာလုပ်နေလောက်လဲ။ ဘာလို့ သူ့ကိုစာမပြန်ရတာလဲ။


သူ အနည်းငယ် မကျေမနပ်ဖြစ်နေမိသည်။


ဒါပေမဲ့ ဘာလို့ အခုလိုခံစားနေရတာလဲ။


သူနှင့်ရှောက်မင်တို့က အချင်းချင်းစာပြန်ပို့ကြရာတွင် တတ်နိုင်သလောက် တားမြစ်ထားကြခြင်းမရှိပေ။ ပြီးတော့ ရှောက်မင်စာပြန်ပို့လာရာရင်ရော သူဘာပြောရမှာလဲ။


သူက သူသိတောင်မသိတဲ့မိန်းမတစ်ယောက်နဲ့ အတင်းအကျပ်ပေးစားခံနေရတယ်လို့ပြောရမှာလား။


ရှောက်မင်ကလည်း သူ့ဘက်မှကြိုတင်ပြင်ဆင်ထားပြီးပြီဟု တွေးကောင်းတွေးနေနိုင်သည်။


သူ ကျန်းဝမ်နဲ့သဘောတူထားတာကိုလက်ခံလိုက်ရင် သူ့အဖေက ဘယ်လိုတွေးလောက်လဲ။


သူက သူ့သားကိုတွေ့တိုင်း နောက်ကွယ်ကစောင့်ကြည့်နေရင် ဘယ်လိုတွေးမလဲ။


အပြတ်ပြောလိုက်တော့ ပိုမကောင်းဘူးလား။


ကားက ဗီလာအပြင်တွင်ရပ်သွားခဲ့သည်။ စကားတစ်လုံးပင်မပြောဘဲ ကျူးထုန်ကကားထဲမှထွက်ကာ ဗီလာအဝင်ဝသို့လျှောက်သွားလိုက်၏။


အချိန်အတန်ကြာ အဝေးတွင်သွားနေခဲ့ရပြီးနောက် ရင်းနှီးနေသော ဧည့်ခန်းမကြီးပင် စိမ်းသက်နေသလိုပင်။ သူက ဆိုဖာပေါ်တွင်သာ တန်းပြီးထိုင်ချလိုက်တော့သည်။


ကျူးရှို့ရှန်းက တံခါးတွင်ရပ်နေပြီး ကုတ်အင်္ကျီကိုချွတ်ကာ အိမ်အကူကိုပေးလိုက်သည်။ ထို့နောက် ဧည့်ခန်းထဲသို့ နှေးတိနှေးကန်ဖြင့်လျှောက်သွားလိုက်၏။


သူက အိမ်အကူကိုကျူးထုန်အတွက် နွာနို့တစ်ခွက်နွေးပေးရန်ခိုင်းလိုက်ပြီး ကျူးထုန်ဘေးမှဆိုဖာတွင်ဝင်ထိုင်လိုက်သည်။


ကျူးထုန်၏သဘောထားက သူ့အတွက်ထူးဆန်းနေခဲ့သည်။


ယခင်ကလို အေးတိအေးစက်မဟုတ်တော့သလို သူထင်ထားခဲ့သလို စိတ်ဆိုးပြီးမခံမရပ်နိုင်ဖြစ်နေခြင်းမျိုးလည်းမရှိပေ။


ကျန်းဝမ် နားနေခန်းထဲမှထွက်လာချိန်တွင် သူမမျက်နှာပေါ်၌ ထုံးစံအတိုင်း ဖော်ရွေသောအပြုံးမျိုးရှိနေသေးသည်။ အလျင်လိုနေပုံလည်းမပေါ်သလို ပျာယာခတ်နေခြင်းမျိုးလည်းမရှိ၊ စကားတစ်လုံးပင်မပြောဘဲ အခန်းထဲမှထွက်သွားခဲ့သည်။ သူမနှင့်ကျူးထုန်က အခန်းထဲတွင်ပြောကြခဲ့သည့်စကားများကို ကျူးရှို့ရှန်းမသိက မသိရသေးပေ။


သူကိုယ်တိုင်လည်း လက်ထပ်ပွဲအကြောင်းကို ကျူးထုန်နှင့်စကားပြောရာတွင် မည်သို့ချဥ်းကပ်ရမှန်းမသိ။


အိမ်အကူက နွားနို့ကို ခပ်သုတ်သုတ်ယူလာပေးခဲ့သည်။ ကျူးရှို့ရှန်းက ယူလိုက်ပြီး ကျူးထုန်ကိုလှမ်းပေးကာပြောလိုက်လေ၏။ 


"မင်းကဒီလိုပွဲမျိုးတွေကိုတော်ရုံသွားတတ်တာမဟုတ်ဘူး၊ သေချာပေါက် နေရခက်နေခဲ့မှာမလား၊ အစားလည်းအများကြီးမစားထားသေးတော့ နွားနို့နွေးနွေးလေးတစ်ခွက်လောက်အရင်သောက်လိုက်.."


ကျူးထုန် မျက်နှာကမပြောင်းလဲသွားဘဲ လက်မြှောက်ကာလှမ်းယူလိုက်သည်။


ကျူးရှို့ရှန်းက စိတ်ပေါ့သွားသလိုသက်ပြင်းချကာ အသေအချာစဥ်းစားပြီးမှပြောလိုက်လေ၏။ 


"ဒီနေ့ နားနေခန်းမှာ ကျန်းဝမ်နဲ့တွေ့ခဲ့တယ်ဆို၊ မင်းတို့နှစ်ယောက် အချိန်ယူပြီးစကားပြောဖြစ်ခဲ့ကြမှာပေါ့.."


ကျူးထုန်က နွားနို့ခွက်ကိုကိုင်ထားပြီး မသောက်သေးပေ။ သူကလှည့်ကြည့်ပြီးပြောလိုက်လေသည်။ 


"အဖေကိုယ်တိုင် စီစဥ်ထားပြီးမှတော့ ကြားဖို့လိုသေးလို့လား.."


ကျူးရှို့ရှန်းမှာ ရုတ်ချည်းအေးခဲသွားရလေတော့၏။


ကျူးထုန်က မမြင်သလိုဟန်ဆောင်ကာဆက်ပြောလိုက်သည်။ 


"စေ့စပ်ပွဲကိုဖျက်လိုက်ပြီ၊ ကျွန်တော်တို့ နားနေခန်းထဲမှာအဲဒီအကြောင်းကိုပြောခဲ့ကြတာ.."


ကျူးရှို့ရှန်း၏အသက်ရှူနှုန်းက သိသာစွာဖြင့် အခိုက်အတန့်တစ်ခုစာခန့် မြန်ဆန်သွားခဲ့သည်။


လက်ထပ်ပွဲကိုဖျက်လိုက်ပြီ။ ဘယ်လိုဖြစ်တာလဲ။


လက်ထပ်ပွဲကို ကျန်းဝမ်ဘက်က လုပ်မယ်လို့ပြောခဲ့တာလေ။ ဘယ်လိုလုပ်ပြီး ဖျက်မယ်လို့သဘောတူလိုက်ရတာလဲ။


ယနေ့ဧည့်ခံပွဲကို ကျူးထုန်သွားရန်အတွက်သူစီစဥ်ပေးခဲ့မှာ သူတို့နှစ်ယောက်ကို အရင်ဆုံး ရင်းနှီးသွားစေချင်ရုံသာရှိခဲ့သည်။ ကျူးထုန်က ဘယ်လိုလုပ်ပြီးလက်ထပ်ပွဲအကြောင်းကိုသိသွားရတာလဲ။


ကျူးရှို့ရှန်းက တွန့်ဆုတ်ဆုတ်ဖြင့်ဖြေလိုက်လေ၏။ 


"ထုန်ထုန်၊ ဘာတွေပြောနေတာလဲ၊ အဖေကဘာလို့..."


ကျူးထုန်က ဖြတ်ပြောလိုက်သည်။


 "ကျန်းဝမ်ကိုယ်တိုင်ပြောတာ..."


"......"


ကျူးရှို့ရှန်း ရပ်သွားခဲ့ပြီး သူ့မျက်ခုံးတို့က ဖြည်းဖြည်းချင်းကျုံ့ဝင်သွားတော့သည်။


ကျူးထုန်က ကြည့်ပြီးပြောလိုက်၏။ 


"အဖေ၊ ကျန်းမိသားစုနဲ့လက်ထပ်ဖို့ကျွန်တော့်ကိုမေးခဲ့လား၊ ကျွန်တော့်ထင်မြင်ချက်ကိုရောမေးခဲ့လား..."


နောက်ဆုံး၌ ကျူးရှို့ရှန်းက အပြစ်ရှိစိတ်ဝင်သွားခဲ့ပြီး ကျူးထုန်နှင့်မျက်လုံးချင်းမဆုံနိုင်တော့ပေ။ သူက ဆိုဖာပေါ်တွင်ကျောဆန့်ထိုင်ကာမေးလာခဲ့လေ၏။ 


"အဖေက အချိန်နည်းနည်းယူပြီးရင် မင်းကိုပြောဖို့စီစဥ်ထားခဲ့တာပါ၊ မင်းသိသွားပြီဆိုတော့လည်း အဖေမင်းကိုဖုံးကွယ်မထားတော့ပါဘူး၊ ကျန်းဝမ်ကဗြုန်းစားကြီး လက်ထပ်ဖို့အကြောင်းကိုပြောလာခဲ့တာ...တကယ်လည်းလိုအပ်နေတယ်လေ..."


ကျူးထုန်က အေးတိအေးစက်မျက်နှာဖြင့်သာနားထောင်နေခဲ့သည်။


ကျူးရှို့ရှန်းက ဆက်လက်ဖျောင်းဖျလာခဲ့လေ၏။ 


"ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အဖေမင်းကို ဖိအားမပေးပါဘူး၊ မင်းကိုသူနဲ့အရင်ဆုံးစကားပြောကြည့်စေချင်ခဲ့တာ၊ မင်းလက်မထပ်ချင်ရင်လည်း အဖေ..."


"ကျွန်တော်လက်မထပ်ချင်ဘူး.."


ကျူးရှို့ရှန်းမှာ သူ့စကားကြောင့် အသက်ရှူကျပ်သွားရသည်။သူ ခေါင်းပင်ကိုက်ခဲလာရသယောင်ပင်။ သူ့ခေါင်းကို အသာအယာဖိကိုင်ထားလိုက်မိသည်။ ထို့နောက် သူလှည့်ပြီးပြောလိုက်လေ၏။ 


"မင်းအခုငြင်းနေတာက မင်းကျန်းဝမ်အကြောင်းကိုမသိသေးလို့ပါ၊ သူလက်ထပ်ပွဲကိုတောင်းဆိုရတဲ့အကြောင်းအရင်းက လိုအပ်လို့ပါ၊ သူက ကျန်းမိသားစုကိုထိန်းချုပ်ဖို့အတွက် အမည်ခံခင်ပွန်းတစ်ယောက်ပဲလိုတာပါ၊ မင်းတို့နှစ်ယောက်လက်ထပ်လိုက်ရင်တောင် အမည်ခံပဲရှိတာပါ၊ သူကမင်းကိုပဲလေးစားပြီး..."


ကျူးထုန် ဒေါသထွက်လာပြီးပြောလိုက်လေတော့သည်။ "ကျွန်တော်က ဆယ့်ခုနစ်နှစ်ပဲရှိသေးတာဗျ.."


"အဖေလည်း မင်းကဆယ့်ခုနစ်နှစ်ပဲရှိသေးတယ်ဆိုတာကိုသိပါတယ်၊ ပြီးတော့ မင်းကိုလည်း အခုအချိန်မှာလက်မထပ်ခိုင်းသေးဘူး၊ မင်းတို့နှစ်ယောက်က မင်းပြီးမှလက်ထပ်..."


ကျူးရှို့ရှန်းက ပြောနေရင်း ရုတ်ချည်းရပ်သွားခဲ့သည်။


ကျူးထုန်က သူ့အား ခံစားချက်ကင်းမဲ့စွာဖြင့်ကြည့်နေခဲ့သည်။


အစကမူ ထိုသူက ဖိအားမပေးပါဟုပြောခဲ့သည်။ အခုကျ "လက်ထပ်ပွဲကိစ္စကိုအရင်ဖြေရှင်းရအောင်" ဟုပြောနေပြန်သည်။


ထိုသူ၏စိတ်ထဲတွင် ကျူးထုန်မှ "ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ" ဂရုမစိုက်ပါချေ။


သူက သူ၏ရည်ရွယ်ချက်အစစ်အမှန်ကိုထုတ်ပြောမိပြီမှန်း သိလိုက်သည်နှင့် ကျူးရှို့ရှန်း၏မျက်နှာက ရှုံ့တွသွားတော့သည်။


သူက ချော့မော့ပြောဆိုရန်ကြိုစားနေရလေ၏။


 "မင်းရဲ့ကျန်းမာရေးကလည်းကောင်းတာမဟုတ်ဘူး၊ မင်းကိုဂရုစိုက်ဖို့လိုအပ်လာရင် အဖော်ရှိနေတာက ကောင်းတာပဲမဟုတ်လား၊ အဖေကနေ့တိုင်းအလုပ်များနေတာ၊ ရှောင်ရှင်းကလည်းစာလေ့လာနေရတယ်၊ မင်းလက်ထပ်လိုက်ရင် မင်းရောမင်းရဲ့ညီမရော ပိုပြီးအဆင်ပြေသွားမှာပေါ့ ဟုတ်တယ်မလား.."


ကျူးထုန်က နှလုံးသားထဲမှအေးစက်နေမှုကိုခံစားရသည်။ လက်ထဲမှ ခပ်နွေးနွေးဖြစ်နေသောနွားနို့ခွက်ပင် အနွေးဓာတ်ကပြယ်လွင့်လာသလိုခံစားနေရလေ၏။


ကျူးရှို့ရှန်းက ကျန်းဝမ်ကို ခေါ်လာတာ ချင်ကျွင်းဟုန်ဆိုတာကိုသိနေခဲ့လား။ သူက ဂရုမစိုက်နေခြင်းလည်းဖြစ်နိုင်သည်။ ကျန်းမိသားစု၏နောက်ခံနှင့် ရလာမည့်အမြတ်အစွန်းများကိုသာစိတ်ဝင်စားနေခဲ့သည်။ 


ကျူးထုန်က ရုတ်တရက်ပြုံးကာပြောလိုက်ပါ၏။ "ချင်မန်ဝမ်က အဖေ့အတွက်စိတ်မချရတော့ဘူးလို့ထင်လို့မလား.."


ကျူးရှို့ရှန်းမျက်နှာက တမဟုတ်ချင်းပြောင်းလဲသွားခဲ့သည်။ "ဘာပြောတယ်.."


"မဟုတ်ဘူးလား.." ကျူးထုန်က သူ့ကိုစေ့စေ့ကြည့်ကာပြောလိုက်၏။


 "အဖေ ချင်မန်ဝမ်ကိုလက်ထပ်ခဲ့တာက ကျွန်တော်နဲ့ ရှောင်ရှင်းကိုဂရုစိက်ပေးဖို့အတွက် လူတစ်ယောက်လိုချင်လို့လေ၊ ဒီတော့ အဖေကိုယ်တိုင် ကျွန်တော်တို့ကိုဂရုစိုက်နေစရာမလိုတော့ဘူး..."


"မင်း...."


"အခု ရှောင်ရှင်းလည်းအရွယ်ရောက်လာပါပြီ၊ သူ့ကိုဂရုစိုက်ပေးဖို့ကမလိုတော့ဘူး၊ ချင်ကျွင်းဟုန်က အဖေ့နောက်ကွယ်မှာ ပိုင်ဆိုင်ထားတာတွေကြောင့် အဖေ သူ့ကို ကျူးမိသားစုကနေမောင်းထုတ်လိုက်တယ်၊ ချင်မန်ဝမ်ကိုလည်းမယုံတော့ဘူး၊ ကျွန်တော့်ကိုဂရုစိုက်ပေးဖို့ အသစ်တစ်ယောက်လိုလာတယ်၊ ကျွန်တော့်လိုဝန်ထုပ်ဝန်ပိုးကြီးကို လူတစ်ယောက်ကိုပေးထားလိုက်ပြီး အဖေနဲ့ကျန်းမိသားစုရဲ့ဆက်ဆံရေးကို တိုးတက်လာအောင်လုပ်မယ်၊ ပြီးတော့ သင်္ဘောနဲ့ကုန်စည်ပို့ဆောင်ရေးပရောဂျက်လည်းရှိနေပြီ၊ သူဌေးကျူး စီးပွားရေးသမားလို့ခေါ်ထိုက်ပါပေတယ်.."


ကျူးရှို့ရှန်းမျက်နှာပေါ်တွင် ဒေါသထွက်နေသောအမူအရာတို့ပေါ်လာခဲ့သည်။


သူ၏ပြောစကားနားထောင်ပြီး သိတတ်သောသားလေးက ယနေ့မှ သူ့ကိုတိုက်ရိုက်စော်ကားလာလိမ့်မည်ဟု မထင်ထားခဲ့သလို သူ၏ "အဆွေတော်" ကျန်းဝမ်ကပါ သူ့အား အပြီးသတ်ရောင်းစားသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။


သူက ကျူးထုန်ကို သင်္ဘောကုန်စည်ပို့ဆောင်ရေးပရောဂျက်အကြောင်းကိုပင်ပြောခဲ့သေးသည်။ ချန်ချင်စုန့်သိသွားပြီလား။


ဒေါသထွက်နေစဥ်မှာပင် နှလုံးခုန်နှုန်းကလည်းမြန်လာခဲ့သည်။


သို့သော် ကျူးထုန်က နွားနို့ခွက်ကိုချကာမတ်တပ်ရပ်လိုက်သည်။


 "ကျွန်တော်ကတော့ လက်ထပ်ပွဲကိုသဘောမတူဘူး၊ အဲဒါပြောမလို့ ကျွန်တော်အဖေနဲ့ပြန်လိုက်လာခဲ့တာ.."


သူဤနေရာကိုပြန်လာခဲ့သည်က အခန်းထဲတွင်ကျန်နေခဲ့သောပစ္စည်းအချို့ကို ပြန်လာယူရန်ဖြစ်လေ၏။


"ထုန်ထုန်ပြန်လာပြီလား၊ ခွဲနေရတာအကြာကြီးဖြစ်နေပြီကို ဘာလို့စကားများနေကြတာလဲ၊ ဘာတွေဖြစ်နေကြတာလဲ..."


အသံတစ်သံက လှေကားပေါ်မှထွက်လာလေသည်။ ချင်မန်ဝမ်က စိုးရိမ်နေပုံရပြီး ဧည့်ခန်းထဲသို့အပြေးလေးရောက်လာလေ၏။


ကျူးထုန်ကမော့ကြည့်ပြီး အာရုံထဲပင်ထည့်ချင်စိတ်မရှိပေ။


သူ့အဖေကသူ့အား "အဝေး" သို့ပို့လိုက်ကတည်းက ချင်မန်ဝမ်ကလည်းသူ့အတွက် တန်ဖိုးမရှိတော့ပေ။


ကျူးရှို့ရှန်းကချင်မန်ဝမ်ကို သဘောကျ၍လက်ထပ်ထားခြင်းမျိုးမဟုတ်ပေ။ သူမကအသုံးမဝင်တော့ဖယ်ထုတ်ခံရတော့မည့် "နယ်ရုပ်" လေးတစ်ရုပ်သာဖြစ်ကြောင်းသိသွားပါက သူမအနေဖြင့် မည်သို့များခံစားရပါမည်နည်း။


ကျူးထုန်မှာ သိရရန်စိတ်မဝင်စားတော့ပေ။


သူက ချင်မန်ဝမ်၏ဘေးမှဖြတ်ကျော်ကာ အပေါ်ထပ်သို့တက်သွားလေတော့သည်။


ဧည့်ခန်းထဲတွင်မူ ကျူးရှို့ရှန်းက ရုတ်ချည်းမတ်တပ်ရပ်လိုက်ကာ ပြောလာလေ၏။ 


"အဲဒီဆင်းရဲသားကောင်လေးနာမည်က ရှောက်မင်မဟုတ်လား.."


ကျူးထုန်၏ခြေထောက်တို့ကရပ်တန့်သွားခဲ့ကာ ဖြည်းဖြည်းချင်းလှည့်ကြည့်လာလေသည်။


ကျူးရှို့ရှန်းက ရှောက်မင်ကိုဘယ်လိုသိတာလဲ။ ကုန်းရွှေစီရင်စုကိုလူလွှတ်ပြီး သူ့ကိုစောင့်ကြည့်ခိုင်းထားတာလား။ အခြားတစ်ခုခုလား။


သူ၏တိတ်ဆိတ်နေမှုက တဖက်သူအတွက်လက်ခံသလိုဖြစ်သွားခဲ့သည်။ ကျူးရှို့ရှန်း၏အသားအရေအရောင်ကပြောင်းလဲသွားပြီး စိတ်အခြေအနေမှာလည်း ညင်သာမှုမရှိတော့ပေ။ သူက ကျူးထုန်ကိုမျက်မှောင်ကြုတ်ကြည့်ကာ ပြောလာလေ၏။


 "အဲဒီကောင်လေးမှာ ဘာများကောင်းတာရှိလို့လဲ၊ သူကမင်းကိုရည်ရွယ်ချက်နဲ့ချဥ်းကပ်ခဲ့တာ၊ မင်းရဲ့ပုံစံကြောင့်ပဲ၊ သူကမင်းနဲ့အတူအပေါ်တက်ချင်နေတဲ့ ရွှံ့ထဲကပိုးမွှားသာသာလောက်ပဲ၊ သူလိုလူက နောင်အနာဂတ်မှာ ဘာအကူအညီမျိုးမှရမှာမဟုတ်ဘူး၊ မင်းကသူ့ကြောင့်နဲ့ ငါကိုအာခံရဲတယ်ပေါ့လေ၊ မင်းကဒီလိုပုံစံမျိုးဖြစ်သွားလိမ့်မယ်လို့ ငါသိထားခဲ့ရင် အစကတည်းက အဲဒီအမှိုက်သရိုက်လိုနေရာမျိုးကိုလွှတ်မှာမဟုတ်ဘူးကွ.."


ကျူးရှို့ရှန်းက တစ်ခုခုကိုအထင်လွဲနေမှန်းသိသာနေသော်လည်း ကျူးထုန်ကလည်း ရှင်းပြချင်စိတ်မရှိပေ။


မည်သူကသူ့အဖေရှေ့တွင် သူနှင့်ရှောက်မင်တို့၏ပတ်သက်မှုကို အထင်လွဲစရာဖြစ်အောင်ပြောထားသလဲမသိပေ။


ထို့ကြောင့် သူနှင့်ရှောက်မင်က တွဲမိသွားမည်ကိုစိုးရိမ်ပြီး ကျူးရှို့ရှန်းက လက်ထပ်ပွဲကိုစီစဥ်ရန် စိတ်မရှည်တော့ဘဲဖြစ်သွားခဲ့သည်။ ထိုအခါမှ မည်သူကမှမကူညီနိုင်တော့မည့်ထိုကောင်လေးကို သူပြန်ခေါ်နိုင်လိမ့်မည်။


ကျူးထုန်၏နှလုံးသား တဖြည်းဖြည်းနစ်မြုပ်သွားရပြီး အေးစက်စက်ဖြင့်ပြန်ပြောလိုက်မိသည်။


 "ခင်ဗျားကရော.."


ကျူးရှို့ရှန်း ဆွံ့အသွားခဲ့လေသည်။




🤒