Chapter 110
Viewers 18k

🤒အခန်း ၁၁၀





"ကြည့်ရတာ သူဌေးကျူး ဒီနေ့သခင်လေးကျူးကိုဒီနေရာအထိ ဘာလို့ခေါ်လာတာလဲဆိုတာ မသိသေးဘူးထင်တယ်.."


ကျူးထုန် ရုတ်တရက်ရပ်သွားလေ၏။


သူဌေးကျူးဆိုတော့ သူ့အဖေပေါ့။


ဒီနေ့ဧည့်ခံပွဲကို သူ့အဖေက သူ့ကိုလာခိုင်းရတဲ့ရည်ရွယ်ချက်ကို ကျန်းဝမ်ကသိနေတာလား။


သူက ချင်ကျွင်းဟုန်နဲ့လာခဲ့တာမဟုတ်ဘူးလား။


ကျူးထုန် လှည့်ကြည့်လိုက်မိသည်။


ကျန်းဝမ်က ဝိုင်ခွက်ကိုလှည့်ကစားနေရင်း သူ့ကိုပြုံးပြနေလေ၏။ 


"ငါတို့စကားပြောလို့ရပြီလား.."


"....."


ကျူးထုန်အတွက် အဒေါ်လျန်စီစဥ်ပေးထားသော သီးသန့်နားနေခန်းထဲတွင် ထောင့်မှန်စတုဂံပုံစံကော်ဖီစားပွဲတစ်လုံးရှိပြီး တဖက်စီတွင်ဆိုဖာခုံလေးများကိုချထားလေသည်။ နှစ်ယောက်ကြားတွင် သင့်တင့်သောအကွာအဝေးဖြင့် ထိုင်ခုံကိုယ်စီတွင်နေရာယူလိုက်ကြသည်။


ကျန်းဝမ်က မျက်လုံးဖြင့်အရိပ်အမြွက်ပြကာ အံ့အားသင့်သွားဟန်ဖြင့်ပြောလိုက်သည်။ 


"သခင်လေးကျူး၊ ဒီလိုမျိုစကားပြောချင်တယ်ဆိုတာသေချာရဲ့လား..."


ကျူးထုန်က အေးအေးလူလူပင် ပြန်ပြောလိုက်သည်။


 "ဆောရီး ကျွန်တော်က အနံ့ပြင်းတဲ့ရေမွှေးတွေနဲ့ဓာတ်မတည့်လို့ပါ.."


ကျန်းဝမ်: "....."


သူမကို အခုလို ယတိပြတ်ငြင်းလိုက်သူမျိုးကို တစ်ခါမှမတွေ့ခဲ့ဖူးပေ။


သူမတိတ်ဆိတ်သွားသည့်အခါ ကျူးထုန်က အရင်ဆုံးလက်ဦးမှုအရယူပြီး ပြောလိုက်သည်။


 "ပြောပါဦး ကျွန်တော့်အဖေက ကျွန်တော့်ကို ဧည့်ခံပွဲလာစေချင်လောက်တဲ့အထိ ဘာကလုပ်လိုက်တာလဲ.."


ကျန်းဝမ်: "မင်းပုံစံက အဖြေကိုသိချင်နေတဲ့ပုံစံမပေါ်ဘူးနော်.."


ကျူးထုန်: "ကျွန်တော်က မသိချင်နေတာမျိုးလည်းမရှိပါဘူး.."


"......"


ကျန်းဝမ်ကပြုံးလိုက်သည်။ ဝိုင်ခွက်ကိုကော်ဖီစားပွဲပေါ်တင်ကာ မျက်လွှာပင့်ပြီးပြောလိုက်၏။


 "သခင်လေးကျူး မကြောက်ဘူးလား၊ သူဌေးကျူးက မင်းကိုဘာမှမလုပ်နိုင်ဘူးလို့ထင်ထားလို့လား.."


ကျူးထုန်က မျက်တောင်ကြုတ်လိုက်သည်။


သူဘာကိုပြောချင်နေတာလဲ။


"ခင်ဗျားဘာပြောချင်နေတာလဲ.."


ကျန်းဝမ်က သူ့အား တခဏမျှတိတ်ဆိတ်စွာဖြင့်ကြည့်နေခဲ့သည်။ မျက်လုံးတို့ကိုမှေးထားရင်း ပြောလာခဲ့လေ၏။ 


"ကြည့်ရတာ မင်းကဘာမှမသိထားသေးဘူးထင်တယ်.."


မသိဘူးလည်းဆိုသေးတယ်။ ဘာလို့ အခုလေးတင်သူ့ကို လေအေးပေးစက်ကြီးလိုဆက်ဆံနေရတာလဲ။


ကျူးထုန်၏တုံ့ပြန်ပုံကိုကြည့်ပါက သူ့ဘက်မှသူမကိုသိနေပြီး သူမကိုငြင်းဆန်နေသည်မှာ သိသာနေလေ၏။


သူမ၏ဂုဏ်သတင်းက မကြီးကျယ်သော်လည်း သူမ၏နာမည်က ငြင်းစရာမရှိပေ။ အချို့လူများက စိတ်ထဲမှသာသူမကိုမနှစ်သက်ကြသော်လည်း တတ်နိုင်သမျှ လေးစားမှုထားပြီးဆက်ဆံကြသည်။


A မြို့တွင် ကျူးထုန်လိုမျိုး သူမကိုရွံရှာသလိုလုပ်ပြရဲသူ တစ်ယောက်မှမရှိပေ။


ကျူးရှို့ရှန်းနှင့်သဘောတူထားသောကိစ္စကြောင့်သာမဟုတ်ပါက သူမအနေဖြင့် တကယ်ပင် တလေးတစားဆက်ဆံနေမည်မဟုတ်ပေ။


ကျန်းဝမ်၏မျက်လုံးတို့က စိတ်လှုပ်ရှားမှုတို့ဖြင့်တောက်ပသွားကာ ပြုံးပြီးပြောလိုက်လေ၏။ 


"သူဌေးကျူးရဲ့စွမ်းရည်က တကယ်ကိုမှတ်သားလောက်စရာပဲ၊ ဒါပေမဲ့ သခင်လေးကျူးရဲ့ဘဝအရေးနဲ့ပတ်သက်လာတော့ သူဌေးကျူးကမင်းကို နည်းနည်းပဲပြောပြတယ်လို့ ငါထင်မိတယ်.."


ကျန်းဝမ်က သူ့အား လေသာဆောင်တွင်ရပ်နေစဥ် စကားလာပြောတည်းက သူခပ်ရေးရေးမျှခန့်မှန်းထားမိပြီးသားပင်ဖြစ်လေ၏။


ကျန်းဝမ်ကဘယ်သူလဲ။ သူက ချဥ်းကပ်လာတော့ရော ဘာကောင်းတာဖြစ်လာမှာလဲ။ အထူးသဖြင့် သူ့ထက်အသက်နည်နည်းပဲကြီးတဲ့ ချစ်သူတွေအများကြီးရှိခဲ့တဲ့သတင်းတွေပဲလေ။


သို့ရာတွင် သူမက "ဘဝအရေး" ဟုပြောလာသည့်အခါ ကျူးထုန်က စိတ်ထဲတွင် အေးစိမ့်သွားသလိုခံစားလိုက်ရသည်။ သူက ၎င်းနှင့်ပတ်သက်လာလျှင် ထုံသော်လည်း ယခုတော့ အပ်တစ်ချောင်းဖြင့် ဆတ်ခနဲထိုးခံလိုက်ရသလို နာကျင်သွားမိသည်။


အဲဒါကရော ဘာစကားလဲ။


ကျန်းဝမ်၏စကားတို့က သူ့နှလုံးသားထဲမှ နောက်ဆုံးမျှော်လင့်ချက်လေးကိုရိုက်ချိုးသွားခဲ့သည်။ 


"လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ငါတို့မိသားစုနဲ့သူဌေးကျူးတို့ကြားမှာ လက်ထပ်ပွဲကျင်းပပြီး ပေါင်းစည်းဖို့တောင်းဆိုထားတယ်၊ သူကလက်ခံလိုက်တယ်လေ.."


ကျူးထုန်: "......."


ထိုအခိုက်အတန့်လေးမှာပင် ကျူးထုန်၏စိတ်ထဲ၌ အတွေးတစ်စသာဝင်လာခဲ့တော့သည်။ 


'အဖေ ရူးသွားပြီလား..'


သူက အခုမှ ဆယ့်ခုနစ်နှစ်ပဲရှိသေးတာကို။


သူက ဖြည်းဖြည်းချင်းလက်သီးဆုပ်လိုက်မိပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသောအမျိုးသမီးအား ကြည့်လိုက်မိသည်။


ကျန်းဝမ်ကခြေထောက်တို့ကိုချိတ်ထိုင်ထားရင်း သူ့ကိုပြုံးပြနေခဲ့သည်။ သူမတွင် ခင်မင်ရင်းနှီးသောအမူအရာမျိုးရှိနေ၏။


ကျူးထုန်မှာ ကျူးရှို့ရှန်းအပေါ် သူ၏စိတ်ပျက်မှုနောက်ဆုံးအတိုင်းအတာကို ကျော်လွန်သွားခဲ့သည်အား ရုတ်တရက်သဘောပေါက်လိုက်သည်။ သူ၏ အဖေဆိုသောလူက ဤမျှအဆင့်အတန်းနိမ့်လိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။


သူ့ကိုတောင်ဒီလိုသဘောထားရင် ရှောင်းရှင်းကိုဘယ်လိုလုပ်မလဲ။


သူတို့အဖေအတွက် သူနဲ့ရှောင်းရှင်းကဘာလဲ။


သူက တဒင်္ဂမျှတိတ်ဆိတ်သွားခဲ့ကာ အေးစက်လှသည့်အသံဖြင့် မေးလိုက်တော့သည်။ 


"ခင်ဗျား ကျွန်တော့်ကိုဘယ်လိုသိတာလဲ.."


ကျန်းဝမ်က သူ့ကို အကြောင်းမရှိဘဲပစ်မှတ်ထားနေသည်ဟု သူမယုံကြည်ပေ။


လူတစ်ယောက်က သူ့စိတ်ထဲတွင် ဖျတ်ခနဲပေါ်လာခဲ့သည်။ ကျူးထုန်အသံက ပိုပြီးပင်အေးစက်လာခဲ့၏။ 


"ချင်ကျွင်းဟုန်ကတဆင့် သိတာမဟုတ်လား.."


ကျန်းဝမ်က အနည်းငယ်အံ့အားသင့်သွားခဲ့သည်။


သူ့စိတ်တို့က အလွန်တရာမြန်ဆန်စွာဖြင့် ချာချာလည်သွားခဲ့၏။


"သခင်လေးကျူးက ငါထင်ထားတာထက် ပိုပြီးထက်မြက်သားပဲ.."


"....."


ဝန်ခံလိုက်တာပဲ။


ချင်ကျွင်းဟုန်မှန်းသိလိုက်ရသည့်အခါ ကျူးထုန်က တည်ငြိမ်လာလေသည်။ သူက ကျန်းဝမ်ကိုကြည့်ကာပြောလိုက်လေ၏။ 


"ကျွန်တော်ကတော့ သဘောတူထားတဲ့အတိုင်း လက်ထပ်မှာမဟုတ်ဘူး၊ မမလေးကျန်းလည်း ကျွန်တော့်ကိုသဘောကျလို့ လက်ထပ်တာမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံကြည်တယ်.."


မိသားစုအရေးကိစ္စများကြောင့်သာဆိုပါက ကျန်းဝမ်တွင် ပိုကောင်းမည့်ရွေးချယ်မှုမျိုး ရှိနေနိုင်သည်။ သူမသာ သဘောတူညီချက်အတိုင်းလက်ထပ်ချင်ပါက သူမ၏နှစ်များစွာကြာ "ပရောပရည်လုပ်တတ်သောအကျင့်" အရ နာမည်မကြီးဘဲနေမည်မဟုတ်ပေ။


ကျန်းဝမ်: "အစကတော့မဟုတ်ဘူး၊ အခုကတော့ဟုတ်သွားပြီ.."


သူမစုံစမ်းထားချက်များအရ သခင်ငယ်လေးကျူးက နှစ်များစွာဆေးရုံတက်ခဲ့ရပြီး အားလုံးအပေါ်ကို အေးစက်စွာဖြင့်ဆက်ဆံတတ်သည်။


လက်ထပ်ပွဲအကြောင်းထုတ်ပြောလာသည့်အခါ ထိုသူက ငြင်းဆန်သည့်ပုံစံကို မြင်သာအောင်ထုတ်ဖော်လာခဲ့သော်လည်း စိတ်ခံစားချက်တို့ကို အမြန်ထိန်းညှိလိုက်ပြီး သူမကိုမည်သို့ငြင်းပယ်ရမည်ကို သဘောပေါက်နားလည်သွားခဲ့သည်။


အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။


ကျူးထုန်က တည်ငြိမ်စွာဖြင့်ပြောလာခဲ့သည်။ 


"ခင်ဗျားကဘာလို့ ကျွန်တော့်ကိုလက်ထပ်ချင်ရတာလဲ.."


ကျန်းဝမ်ကလည်း အမှန်အတိုင်းရှင်းပြလာခဲ့သည်။ 


"ဒါရိုက်တာတွေရဲ့သဘောထားအရ၊ ငါလက်မထပ်ရင် ငါ့ကိုမိသားစုခေါင်းဆောင်နေရာက ဖြုတ်ချကြလိမ့်မယ်.."


ကျူးထုန်: "ဒါဆိုဘာလို့ ကျွန်တော့်ကိုမှရွေးရတာလဲ.."


ကျန်းဝမ်က မရေမရာမျက်နှာဖြင့်ပြန်ဖြေလာလေ၏။ 


"မင်းက ကြည့်ကောင်းလို့နေမှာပေါ့.."


ကျူးထုန်: "အပိုတွေ၊ ကျွန်တော်ကသေတော့မှာမလို့လေ.."


"........"


ကျန်းဝမ်က အသာလေးမျက်ခုံးပင့်လိုက်မိသည်။


ကျူးထုန်: "မမလေးကျန်း၊ ခင်ဗျားလည်း လက်ထပ်ဖို့တောင်းဆိုထားမှတော့ စုံစမ်းထားပြီးသားဖြစ်လောက်မှာပါ၊ ကျွန်တော်က တရှောင်ရှောင်ဖြစ်နေတာ ပြီးတော့ ICU အခန်းကိုပုံမှန်သွားလည်နေကျဧည့်သည်လေ၊ ဆရာဝန်တွေက ကျွန်တော့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေကိုကြည့်ပြီး အချိန်မရွေးသေမှာလို့ ပြောနေကျ၊ ကျွန်တော့်ကိုရွေးလိုက်တော့ အနာဂတ်မှာ ဒါရိုက်တာတွေရဲ့စကားကိုနားထောင်စရာမလိုတော့ဘူး၊ အချိန်လည်းမကျန်တော့ဘူးဆိုတော့ ကျွန်တော်သေသွားတာနဲ့ ခင်ဗျားလည်းလွတ်လပ်သွားပြီး မိသားစုကရတဲ့အကျိုးအမြတ်တွေကို ထိုင်စားနေရုံပဲ.."


ကျန်းဝမ်ကမငြင်းလာခဲ့ပေ။ ညင်သာစွာဖြင့်ပြုံးလိုက်လေသည်။ 


"မင်းပြောတာမှန်တယ်၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ငါ့ရဲ့အကျိုးအမြတ်မဟုတ်ဘူး၊ ငါတို့ရဲ့ အကျိုးအမြတ်ပဲ.."


"......."


ကျန်းဝမ်: "မင်းကိုငါနဲ့မိတ်ဆက်ပေးလိုက်တဲ့လူက ချင်ကျွင်းဟုန်ဆိုတာ မင်းမှန်းမိသွားပြီဆိုတော့ မင်းရဲ့အစ်ကိုကဘယ်လိုလူလဲဆိုတာ မင်းသိလောက်ပြီးသားဖြစ်မှာပါ၊ သူကငါ့ရှေ့မှာဆိုရင် မင်းကိုသိပ်ပြီးအမွှန်းတင်တာ၊ ငါဘယ်သူလဲဆိုတာကိုသိပြီး ငါသဘောကျတဲ့ယောကျ်ားမျိုးကိုလည်း သိထားတယ်၊ ပြီးတော့ သူဌေးကျူး၊ မင်းရဲ့အဖေ၊ ငါကသူ့ကို သင်္ဘောကုန်သွယ်ရေးပိုင်းမိတ်ဆက်ပေးလိုက်ပြီးတော့ သူကငါတောင်းဆိုတာကို ချက်ချင်းလက်ခံပေးတော့မယ့်အထိဖြစ်သွားတာ၊ ကျူးမိသားစုရဲ့လက်ရှိအခြေအနေကို တွက်ဆကြည့်ပြီး သူဌေးကျူးက အန္တရာယ်ထဲကျနေပြီလို့ပြောရင် မလွန်တာတော့မဟုတ်ဘူးမလား.."


ကျူးထုန်က ချင်ကျွင်းဟုန်၏ "အကွက်ကျသောရည်ရွယ်ချက်" ကိုကြားလိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့သည်။ မတိုင်ခင်က ချင်ကျွင်းဟုန်က သူမကိုမွေးနေ့ဧည့်ခံပွဲသို့ခေါ်လာခဲ့ပြီး သူတို့၏ပတ်သက်မှုက အလွန်တရာမှရင်းနှီးကြသည့်ပုံစံပင်မဟုတ်ပါလား။


သူက အပေးအယူလုပ်ထားတာအကုန်လုံးကိုပြောပြတယ်လား။


ကုန်စည်ပို့ဆောင်ရေးပရောဂျက်။ပရောဂျက်လေးတစ်ခုအတွက်တဲ့လား။


ရုတ်တရက် သူနည်းနည်းရယ်ချင်လာမိသည်။


ကျန်းဝမ်ကမူ ဆက်ပြောနေလေ၏။ 


"မင်းလက်ထပ်ပွဲကိုသဘောတူတယ်ဆိုရင် မင်းကိုကျူးမိသားစုကနေထွက်သွားလို့ရအောင်ကူညီပေးမယ်၊ ချင်ကျွင်းဟုန်ပြန်ပေးဆပ်ရအောင်လည်းလုပ်ပေးမယ်၊ ကျူးမိသားစုတစ်ခုလုံးဆိုရင်တောင် မင်းလိုချင်တာ အကုန်ရအောင်ကူညီပေးမယ်.."


"ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မလိုတော့ပါဘူး.."


ကျူးထုန်က သူမ၏ညင်သာလှသောစကားကိုဖြတ်ပြောလိုက်သည်။


 "ကျွန်တော် ခင်ဗျားကိုလက်ထပ်မှာမဟုတ်ဘူး.."


ကျန်းဝမ်: "ဘာကြောင့်လဲ.."


ကျူးထုန်က တိတ်ဆိတ်နေပြီးနောက် ပြန်ဖြေလိုက်သည်။


 "ကျွန်တော် သဘောကျနေရတဲ့လူရှိတယ်.."


ကျန်းဝမ်က "ရိုမန့်တစ်" ဆန်တတ်သူမဟုတ်သည့်တိုင် သင့်တင့်သောစည်းဘောင်မျိုးကိုထားရှိတတ်သည််။ သူက တဖက်လူကိုအတင်းမတိုက်တွန်းတတ်ပေ။


သူမ ဆက်ဆံနေရသူက မည်သူဖြစ်နေပါစေ ဂရုမစိုက်ပေ။ သူမက တည်မြဲသောခွင့်ပြုချက်ကိုသာ ပြောဆိုတတ်သည်။


ကျူးထုန်ထံမှ ယခုလိုတုံ့ပြန်မှုမျိုးရလိမ့်မည်ဟု မထင်ထားခဲ့သည့်အတိုင်း ကျန်းဝမ်က တခဏမျှတွေဝေသွားခဲ့ပြီးမှပြန်ဖြေလိုက်သည်။ 


"အာ သခင်ငယ်လေးကျူးရဲ့မျက်လုံးထဲကို ဘယ်လိုလူမျိုးကဝင်သွားခဲ့တာလဲဆိုတာ သိချင်ပါရဲ့..."


အစပိုင်းတွင် ကျူးထုန်က ပုံမှန်အတိုင်းပြောလိုက်ခြင်းဆိုသော်လည်း ကျန်းဝမ်မေးလာသည့်အခိုက်အတန့်၌ သူ့စိတ်ထဲတွင် လူတစ်ယောက်က ကွက်ကွက်ကွင်းကွင်းပေါ်လာခဲ့သည်။


သူ့နှလုံးက ဒိတ်ခနဲဆောင့်ခုန်သွားရကာ နားရွက်တို့က အနည်းငယ်နီမြန်းလာခဲ့၏။ သူ့ခမျာ တည်ငြိမ်နေသောပုံစံကို ကြိုးစားပြီးထိန်းသိမ်းထားရင်း ပြောလိုက်ရလေသည်။ 


"ဒါက မမလေးကျန်းနဲ့မဆိုင်ပါဘူး..."


ကျန်းဝမ်က သူ၏တုံ့ပြန်မှုကိုအာရုံစိုက်နေပြီး မနေနိုင်တော့ဘဲ အနည်းငယ်အံ့အားသင့်သွားခဲ့ရသည်။


သူအမှန်အတိုင်းပြောနေတာလား။


ရုတ်တရက်ပင် ထိုနေ့ကဘား၌ သူနှင့်အတူရောက်လာခဲ့သော ကောင်လေးတစ်ယောက်ကို တွေးမိသွားခဲ့သည်။


ကျူးထုန်ကို တခဏမျှစေ့စေ့စပ်စပ်ကြည့်နေပြီးနောက် ကျန်းဝမ်၏အပြုံးကပိုပြီးကျယ်ပြန့်လာခဲ့ကာ ရုတ်တရက်ပြောလာခဲ့လေသည်။ 


"ကောင်းပြီလေ၊ မိသားစုနှစ်စုလက်ထပ်ပွဲကို ငါလက်လျှော့လိုက်မယ်.."


ကျူးထုန်: "....."


သူ အနည်းငယ်ခန့်အံ့ဩသွားမိသည်။


ဒါက ကျန်းဝမ်ရဲ့စည်းမျဥ်းဖြစ်နေတာလား။


ဒါဆို သူက နောင်မှာ ဇာတ်လိုက်ကိုချစ်မိသွားတာနဲ့ ဦးနှောက်မရှိတော့တာမျိုးမဟုတ်ဘူးပေါ့။ သူ့ရဲ့"စည်းမျဥ်း" က ယောကျ်ားတွေကို အကြွင်းမဲ့ချစ်တာမျိုးလား။





🤒