Chapter 108
Viewers 18k

🤒အခန်း ၁၀၈




သူက ကူကယ်ရာမဲ့စွာပြုံးလိုက်ပြီး ငှားနေသောအိမ်တံခါးဝတွင် စက်ဘီးကိုရပ်လိုက်သည်။ ဖုန်းကိုထုတ်ကာ WeChat ကိုဖွင့်ကြည့်လိုက်၏။


ရည်ရွယ်သူ၏ဘေးမှ အနီရောင်အမှတ်လေးကိုတွေ့သည့်အခါ ရှောက်မင်၏နှုတ်ခမ်းလေးများက အသာကော့တက်သွားပြီး စကားပြောနေရာကိုဖွင့်ကြည့်လိုက်သည်။


<ကျူး> : ပြီးသွားပြီ။ ငါအိမ်ပြန်ရောက်နေပြီ။


ရှောက်မင်က ဆေးစစ်ချက်ရလဒ်အဖြေတို့ကိုမေးချင်နေခဲ့သော်လည်း သူရိုက်ထားသောစာကို တစ်လုံးချင်းစီပြန်ဖျက်လိုက်သည်။


ကျူးထုန်က သူနေမကောင်းသည့်အကြောင်းကို တစ်ခါမှအစပျိုးပြောလာခဲ့ဖူးခြင်းမရှိဘဲ မေးလိုက်တိုင်း ထိုသူ၏အဖြေတို့ကအပေါ်ယံသာဖြစ်ခဲ့သည်။


ထိုသူကပြောရန်ငြင်းဆန်နေခဲ့သောကြောင့် ရှောက်မင်လည်း ထိုသူနေရခက်စေမည့်ကိစ္စတို့ကိုမလုပ်ချင်တော့ပေ။


ရှောင်ရှားမရဖြစ်နေရုံလေးသာ။


ထို့နောက် Chat တွင် နောက်ထပ်စာတစ်စောင်တက်လာခဲ့သည်။


<ကျူး> : ငါရေချိုးနေလို့ စာပြန်တာနောက်ကျသွားတယ်။


ရှောက်မင်: '.....'


သူဒီလိုကိစ္စအသေးအဖွဲလေးတွေကို ရှင်းပြဖို့ တကယ်လိုအပ်လို့လား။


ချစ်ဖို့ကောင်းသားပဲ။


ရှောက်မင်က နှုတ်ခမ်းတို့ကိုအသာဖိလိုက်ရင်း စာပြန်ရိုက်လိုက်လေ၏။


 [မင်းဘာလုပ်နေတာလဲဆိုတာ သိရဲ့လား]


<ကျူး> : ဘာလုပ်နေတာမလို့လဲ။


<ရှောက်> : အဝေးရောက်ချစ်သူတွေပဲ လွန်ခဲ့တဲ့တစ်စက္ကန့်က သူတို့လုပ်ခဲ့တာတွေကို အချင်းချင်းပြောပြဖို့လိုတယ်လေ။


ကျူးထုန်က သူ့အိပ်ခန်းထဲတွင် ဆံပင်ကိုတဘက်ဖြင့် ခြောက်အောင်သုတ်နေခဲ့ခြင်းဖြစ်သည်။ သူ့ဖုန်းကို ကုတင်ဘေးမှစားပွဲပေါ်တွင်တင်ထားပြီး ၎င်းက နှစ်ကြိမ်ခန့် တုန်ခါလာခဲ့သည်။ မျက်နှာပြင်မပိတ်သွားမီ သူက အနီးကပ်ယူကြည့်လိုက်ရာ နှလုံးက ဒိတ်ခနဲခုန်သွားခဲ့၏။


'ရှောက်မင်ကတော့ ဘယ်... ဘယ်လိုအရူးချီးပန်းစကားတွေကို လျှောက်ပြောနေတာလဲ'


သူ A မြို့ကိုပြန်ရောက်ပြီးနောက်ပိုင်း ရှောက်မင်က သူနှင့်စကားပြောရာတွင် ထိန်းသိမ်းမှုလျော့နည်းသွားသလို ခံစားရသည်။


စာရိုက်ပြီးပြောနေလို့များလား။ ဒါကြောင့် အရင်ကထက်ပိုပြီး အရှက်မရှိဖြစ်နေတာများလား။


'ငါဒါကို အတည်မယူဘူး၊ ငါဒါကို အတည်မယူဘူး၊ ငါဒါကို အတည်မယူဘူး'


ကျူးထုန်မှာ သူ၏တဒိတ်ဒိတ်ခုန်နေသောနှလုံးသားလေး မတည်ငြိမ်သွားခင်အထိ ထိုစကားကိုအကြိမ်ပေါင်းများစွာရေရွတ်လိုက်ရသည်။


သူက အဓိပ္ပါယ်မရှိသည့်စကားတို့ကိုထပ်မပြောရဲတော့ဘဲ ချက်ချင်းစာပြန်ရိုက်လိုက်သည်။ 


[ငါအိပ်တော့မယ်]


ထပ်တွေးပြီးသည့်နောက် စကားလုံးနှစ်လုံးကိုထပ်ပို့လိုက်သည်။ 

[ကောင်းသောညပါ]


ရှောက်မင်က ဖုန်းမျက်နှာပြင်ပေါ်တွင်တက်လာသောစာနှစ်ကြောင်းကိုကြည့်ပြီး အပြုံးတစ်ပွင့်က နှုတ်ခမ်းပေါ်တွင်ပေါ်လာခဲ့သည်။


သူက အသံဖိုင်ဖြင့်စာပြန်လိုက်သည်။ 


"ကောင်းသောညပါ သခင်လေး.."


စာပြန်ပြီးသည့်အခါ သူလည်းဖုန်းကိုပိတ်ပြီး ခြံဝန်းထဲသို့စက်ဘီးကိုတွန်းသွားလိုက်သည်။


ငှားနေသောအိမ်အရှေ့မှ ခပ်မှိန်မှိန်မီးရောင်တို့မှာ သူ၏ပြုံးရောင်သန်းနေသောမျက်နှာပေါ်သို့ကျနေခဲ့၏။ သူ၏တောက်ပနေသောအပြုံးတို့က တဖက်ကမ်းကိုလွန်နေသည်ဟုပင် ဖော်ပြ၍ရနေ၏။


"ရှောက်မင်..."


လူတစ်ယောက်က အရှေ့ဘက်ရှိသစ်ပင်တစ်ပင်အကွယ်မှထွက်လာကာ သူ၏ပျော်ရွှင်နေသောစိတ်လေးကို နှောင့်ယှက်လိုက်သည်။


ရှားယန်က မနက်အစောပိုင်းတည်းက A မြို့ကိုပြန်သွားခဲ့ပြီး ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်ကိုလည်းမတက်ခဲ့ပေ။ ယခု ထိုသူက ကုန်းရွှေစီရင်စုကိုပြန်လာပြီး စိတ်လှုပ်ရှားမှုတို့ကိုမထိန်းထားနိုင်တော့ဘဲ ငှားနေသောအိမ်ကိုချက်ချင်းပြေးလာခဲ့သည်။


ရှောက်မင်ကစက်ဘီးကိုစီးလာပြီး ငှားနေသောအိမ်တံခါးဝတွင် ရပ်လိုက်ပုံနှင့် ထိုသူကဖုန်းထုတ်ကာ တစ်ယောက်ယောက်နှင့်စာရိုက်စကားပြောနေသည်ကို ကြည့်နေခဲ့သည်။ ထိုသူ၏မျက်နှာအမူအရာက သူမြင်ဖူးခဲ့သည့်အချိန်များကထက် ပိုမိုတောက်ပနေခဲ့၏။


အံ့ဩသွားပုံ၊ တုံ့ဆိုင်းနေပုံနှင့် စနောက်နေပုံ။


သူဘယ်သူနဲ့စကားပြောနေတာလဲ။ ကျူးထုန်လား။


ရှားယန်က သစ်ပင်အောက်မှလမ်းလျှောက်ထွက်လာကာ ရှောက်မင်က သူ့ကိုမြင်သည်နှင့်မျက်မှောင်ကြုတ်သွားတော့သည်။


သူက ချက်ချင်းပင်လှည့်ထွက်သွားလေတော့၏။


ရှားယန်က လက်သီးကိုကျစ်နေအောင်ဆုပ်ကာ အလိုလိုနေရင်း ရှေ့သို့တစ်လှမ်းတိုးလိုက်မိသည်။ 


"မင်းကျူးထုန်ကို သဘောကျနေတာလား.."


"....."


ရှောက်မင်ကလည်း ခြေလှမ်းတို့ကိုရပ်လိုက်တော့သည်။


သူ၏ နှေးကွေးသွားသောလှုပ်ရှားမှုက ရှားယန်၏စိတ်ကို ဆွဲကိုင်ပစ်ခဲ့သည်။ အခွင့်အရေးကိုအမိအရဖမ်းဆုပ်ကာ သူက သတိပေးသည့်အသံဖြင့်ပြောလိုက်ပါ၏။ 


"မင်းသူ့ကိုသဘောမကျဖို့ ငါအကြံပေးလိုက်မယ်.."


ရှောက်မင်၏အကြည့်က အနည်းငယ်အေးစက်သွားကာ လှည့်ပြောလိုက်၏။ 


"အာ ၊ သခင်လေးယန်က ကောင်းကင်နဲ့ကမ္ဘာမြေအတွက် တာဝန်ရှိနေတဲ့လူဆိုတာ ကျွန်တော်မသိခဲ့ဘူး၊ မင်းက တခြားသူရဲ့အချစ်ရေးကိုတောင်တာဝန်ယူပေးနေရတာလား.."


ရှားယန်၏နှလုံးသားက ထပ်ပြီးတင်းကျပ်သွားရပြန်သည်။


ရှောက်မင်က ဝန်ခံလိုက်တာလား။


သူ ကျူးထုန်ကိုကြိုက်နေတယ်ဆိုတာကို ဝန်ခံလိုက်တာလား။


ရှားယန်၏တင်းမာနေခဲ့သောအမူအရာက အနည်းငယ်ပျော့ပျောင်းသွားကာ မနာလိုမှုနှင့်ခါးသီးမှုတို့က သူ့နှလုံးသား၏အပေါ်ဘက်သို့ တဟုန်ထိုးတက်လာခဲ့သည်။ 


"ငါကမင်းကိုသတိပေးတာပါ၊ ကျူးထုန်က မင်းသဘောကျရလောက်အောင်မတန်..."


"တန်တာမတန်တာက မင်းအလုပ်မဟုတ်ဘူး.."


ရှားယန်မှာ ရှောက်မင်၏ ရုတ်ချည်းအေးစက်မာကြောလာသောမျက်နှာကြောင့် မှင်သက်သွားခဲ့သည်။ သူက ထိတ်လန့်သွားပြီး အနောက်သို့တစ်လှမ်းဆုတ်သွားခဲ့သော်လည်း လက်မလျှော့သေးပေ။


ရှောက်မင်က အမှန်ကိုမသိသေး၍သာ သူ့အားယခုလိုဆက်ဆံနေခြင်းပင်ဖြစ်လေသည်။ သူ့အနေဖြင့် ရှောက်မင်ကို ချော့မော့ပြောသင့်သည်။


ရှားယန်: "သူဒီတစ်ခေါက် A မြို့ကို ပြန်သွားတာဘာလို့လဲသိလား၊ သူ မိန်းကလေးတစ်ယောက်ကိုလက်ထပ်ဖို့လေ.."


"......"


"မင်းမယုံတာကိုငါသိပါတယ်၊ ဟုတ်တယ်၊ သူလက်ထပ်ဖို့တရားဝင်တဲ့အရွယ်မရောက်သေးဘူး၊ ဒါပေမဲ့ A မြို့မှာက အဲဒါမျိုးတွေအသုံးမဝင်ဘူး၊ မင်းနဲ့ကျူးထုန်က အစတည်းက မဖြစ်နိုင်ဘူးလေ၊ သူကမင်းကို ကြိုးရှည်ရှည်လှန်ထားတဲ့အချိန် သူက A မြို့ကိုပြန်ပြီးလက်ထပ်ဖို့ ဆွေးနွေးနေပြီ၊ သူ့စိတ်ထဲမှာ မင်းကလုံးဝရှိမနေဘူး၊ သူက မင်းကို ဒီအတိုင်းအပျော်ကြံခဲ့တာ၊ မင်းသူ့ကိုသဘောကျသွားပြီဆိုရင် မင်းကျိန်းသေပေါက်နောင်တရလိမ့်မယ်.."


ရှားယန်အသံက မဲဆွယ်နေသည့်အတိုင်း မရင့်ကျက်မှုနှင့်ခံပြင်းမှုတို့ဖြင့်ပြည့်နေခဲ့သည်။ အိမ်အပြင်ဘက်တွင် ပဲ့တင်သံရိုက်ခတ်နေပြီး အေးစက်နေသောလေထဲတွင်နစ်မြုပ်သွားခဲ့သည်။


ရှောက်မင်ကနှာရှုံ့ကာတုံ့ပြန်လိုက်သည်။ 


"ဒါဆိုရင်တော့ ငါ့ကိုသတိပေးတဲ့အတွက် မင်းကိုကျေးဇူးတင်ရမှာပေါ့.."


ရှားယန်က ကြက်သေသေသွားလေသည်။ 


"မင်းကငါ့ကိုမယုံတာလား.."


ရှောက်မင်က ငှားနေသောအိမ်ထဲသို့ စက်ဘီးကိုတွန်းသွားလိုက်သည်။


ရှားယန်ကပိုပြီး အလောတကြီးဖြစ်လာခဲ့သည်။ 


"ငါအမှန်အတိုင်းပြောနေတာ၊ ကျူးထုန်က ကလေးအရွယ်တည်းက အားနည်းတယ်၊ အသုံးမဝင်ဘဲနဲ့ကိုမွေးလာခဲ့တာ၊ ကျူးမိသားစုအတွက် သူ့ကိုလက်ထပ်ပေးတာကလွဲရင် အသုံးဝင်တာမရှိဘူး၊ သူက..."


သူစကားကိုဆုံးသည်အထိမပြောရသေးခင် ရှားယန်၏မျက်လုံးတို့က ရုတ်ချည်းအေးစက်သွားတော့သည်။


ချွန်ထက်သည့်အရာတစ်ခုက သူ့ထံသို့ လျှပ်တပြက်ဦးတည်လာပြီး သူ့အားထိတ်လန့်စိတ်ဖြင့် နောက်ဆုတ်သွားစေခဲ့သည်။ သူ့ကျောက ခြံဝန်း၏တံခါးဘောင်ဖြင့်ဆောင့်မိပြီး ဖော်ပြရခက်သောနာကျင်မှုက သူ့ကျောကိုဖြတ်ကာပျံ့နှံ့လာခဲ့သည်။


သူက ရပ်နေဆဲလူငယ်လေးကို မယုံနိုင်သောမျက်လုံးများဖြင့်ကြည့်နေမိလေသည်။


ရှောက်မင်က ယခုလေးတင်ခြံအဝင်ဝရှိပန်းအိုးကြီးထဲမှအပင်၏အကိုင်းတစ်ကိုင်းကို လက်ထဲတွင် ကိုင်ထားခဲ့သည်။ ချိုးထားသောအစွန်းက ထက်မြပြီး ချိန်ရွယ်ထား၏။ သူသာယခုလေးတင် မရှောင်လိုက်ပါက သူ့မျက်လုံး...


ရှောက်မင်လက်ထဲမှသစ်ကိုင်းထက် ရှားယန်ကိုပိုပြီးထိတ်လန့်စေခဲ့သည်မှာ ရှောက်မင်၏မျက်နှာပင်။


ထိုသူက သူ့အား စူးရှအေးစက်သောမျက်လုံးတို့ဖြင့် တည့်တည့်စိုက်ကြည့်နေခဲ့၏။


ရှောက်မင်က ရှားယန်၏တုံ့ပြန်ပုံကိုကျေနပ်သွားပုံရပြီး သူ့အသံက စကားပြောလိုက်တိုင်း အေးစက်မှုတို့စိမ့်ထွက်နေခဲ့သည်။ 


"မင်းကြောက်တယ်ဆိုရင် ပါးစပ်ပိတ်ထားလိုက်တော့၊ သွေးမမြင်ချင်ရင်တော့ ငါ့ရှေ့မှာထပ်ပေါ်မလာတာအကောင်းဆုံးပဲ.."


ပြောပြီးသည်နှင့် သူ့လက်ထဲမှသစ်ကိုင်းကိုလွှင့်ပစ်လိုက်ပြီး ဂရုမစိုက်တော့ဘဲ တဖက်သို့လှည့်သွားလေတော့သည်။


ရှားယန်ကမူ တုန်လှုပ်နေလေပြီ။


ရှောက်မင်က သူ့ကိုမယုံတာတင်မဟုတ်ဘဲ ခြိမ်းခြောက်နေတယ်။


ဘာလို့သူ့ကိုမယုံရတာလဲ။


ကျူးထုန်ကသူ့ကိုဖျားယောင်းထားတာလား။ ဒါမှမဟုတ် သိလာတာကြာပြီဆိုတော့ ဂရုမစိုက်တော့တာလား။


ရှားယန် မနာလိုဖြစ်သွားရသည်။


ဘာလို့ကျူးထုန်ကျတော့ ရှောက်မင်ရဲ့အဆုံးမရှိတဲ့စိတ်ရှည်သည်းခံမှုတွေကိုရနေတာလဲ။


သူကျတော့ ဘာလို့ ရှောက်မင်ဆီက အမုန်းနဲ့ငြင်းတာကိုပဲ ခံရနေတာလဲ။


သူနဲ့ရှောက်မင်ကအရင်တွေ့တာလေ။ သေချာပေါက် သူကပဲ ရှောက်မင်ကိုအရင်ကြိုက်ခဲ့တာပါ။


ဘာလို့ရှောက်မင်ကသူ့ကို ဒီလိုမျိုးဆက်ဆံရတာလဲ။


တလျှောက်လုံး သူက တမင်တကာလျစ်လျူရှုခံရပြီး ငြင်းပယ်ခံခဲ့ရသည်။ ရှောက်မင်ကြောင့် သူအားလုံးရှေ့တွင် သိက္ခာကျခဲ့ရသည်။ သူ့တွင်ရှိနေသော တန်ဖိုးများအားလုံးကိုအဆုံးရှုံးခံခဲ့သည်။ ဇိမ်ရှိသောဘဝကိုလည်းစွန့်လွှတ်ခဲ့သည်။ နောက်ဆုံးအထိ သူ ရှောက်မင်ထံမှ မည်သည့်အရာမှပြန်မရလာခဲ့ပေ။


အစမှအဆုံးအထိ သူ့ဘက်ကသာစိတ်ကူးယဥ်နေခဲ့သည်။ နောက်ဆုံးတော့ သူကသာရယ်စရာဖြစ်ခဲ့သည်။


သူ၏ ခံပြင်းမှုအားလုံးကို ပုံချစရာမရှိတော့သည့်အခါ ရှားယန်က တုံ့ဆိုင်းနေခြင်းပင်မရှိဘဲထွက်သွားခဲ့သူကိုကြည့်နေလိုက်မိသည်။


ဒီလူကဒီလောက်တောင်အသည်းမာနိုင်ရင် သူကဘာလို့ သူ့ကိုအေးချမ်းပျော်ရွှင်တဲ့ဘဝမှာပေးနေရမှာလဲ။


ရှားယန်ကထုတ်ပြောလိုက်သည်။ 


"ကျူးထုန်က သေတော့မယ်ဆိုတာကို

ရော သိလား..."


ရှောက်မင်က သွားနေရာမှရုတ်တရက်ရပ်လိုက်သည်။ ထို့နောက် လှည့်ပြောလိုက်၏။ 


"မင်းဘာပြောလိုက်တာလဲ.."


******

စာရေးသူမှာ ပြောစရာရှိပါတယ်။


"လျှောက်မပြောနဲ့ သူငယ်ချင်း"



🤒