Chapter 107
Viewers 18k

🤒အခန်း ၁၀၇





မကြာသေးခင်က A မြို့မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအကြား၌ ကောလဟလတစ်ခုပျံ့နေခဲ့သည်။


ဆယ်စုနှစ်တစ်ခုမျှ နိုင်ငံခြားရောက်နေခဲ့သော နာမည်ကျော်သူဌေး ပရော်ဖက်ဆာလျန်ယိုချင်မှာ သူမ၏မွေးနေ့ပွဲကျင်းပရန်အတွက် တရုတ်ပြည်သို့ ပြန်လာခဲ့သည်။ A မြို့၏ပိုက်ဆံရှိအသိုင်းအဝိုင်းမှ လူအများအပြားမှာ လျန်ယိုချင်၏ကျောင်းသားများဖြစ်ကြသည်။ ဖိတ်စာရပြီးသူတိုင်း မလွဲဧကန် ညစာစားပွဲသို့ရောက်လာကြ၏။


သူတို့အနေဖြင့် ပရော်ဖက်ဆာနှင့်တွေ့ခွင့်မရလျှင်ပင် အနည်းဆုံး စီးပွားရေးအတွက် မိတ်ဖွဲ့ရန် မဟာအခွင့်အရေးကြီးကို ရရှိပေလိမ့်မည်။


ရှားမိသားစု၏ပထမထပ်တွင် ဧည့်သည် ရောက်ရှိနေသည်။ အိမ်အကူက လက်ဖက်ရည်ယူလာပေးပြီးနောက် ရှားဝေ့ယီ၏အချက်ပြမှုအောက်တွင် အားလုံးကအခန်းထဲမှထွက်ခွာသွားခဲ့ကြသည်။


"အခြေအနေဘယ်လိုရှိလဲ.."


ရှားဝေ့ယီက ဧည့်သည်အတွက် လက်ဖက်ရည်ငှဲ့ပေးပြီးနောက် ကမ်းပေးလိုက်သည်။ 


ဧည့်သည်ကပြန်ဖြေလာပါ၏။


 "ကလေးတွေအကုန်လုံးက အကြွေးတွေနဲ့ချည်းပဲ၊ မင်းရန်မစသင့်တဲ့သူကိုသွားစမှတော့ ဘာတတ်နိုင်ဦးမှာလဲ.."


သူတို့၏စီးပွားရေးမှာ ဘက်ပေါင်းစုံမှပိတ်ဆို့ခံထားရသည်။ သူတို့၏ပိုက်ဆံများကြောင့်သာမဟုတ်ပါက တိုက်ရိုက်ပင် ဒေဝါလီခံသွားရလောက်လေ၏။


ရှားဝေ့ယီကမေးလိုက်ပြန်သည်။ 


"ရှောင်းရှောင်း မြင်းပြိုင်ကွင်းထဲမှာတွေ့ခဲ့တဲ့လူက တကယ်ကို လျိုကျန်းဖေလား.."


"သူကငါ့ကို ကိုယ်တိုင်ဖုန်းခေါ်ခဲ့တာလေ၊ အတုဖြစ်ပါ့မလား.."


ထိုဖုန်းအကြောင်းကိုတွေးလိုက်ရုံဖြင့် ဟယ့်ပိယိုမှာ ပြန်သွားပြီး သူ့သမီးကိုရိုက်ချင်စိတ်ဖြစ်လာပြန်သည်။


ရှားဝေ့ယီက မျက်မှောင်ကြုတ်ကာပြောလိုက်ပါ၏။ 


"လျိုကျန်းဖေက လွန်ခဲ့တဲ့နှစ်တွေက နိုင်ငံခြားမှာသွားနေတာမလား၊ ဘယ်အချိန်ကတည်းက ပြန်ရောက်လာတာလဲ.."


လွန်ခဲ့သောနှစ်အနည်းငယ်က A မြို့၏အခြေအနေမှာ လက်ရှိနှင့် ကွာခြားခဲ့သည်။


လျိုကျန်းဖေက မြင်းနက်ကြီးတစ်ကောင်ပမာ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ အစကမူ မည်သူကမှသူ့အား သတိမထားမိခဲ့ကြပေ။ သို့သော်လည်း နှစ်နှစ်အတွင်း အင်အားကြီးမားသောအနေအထားဖြင့်ပြန်ရောက်လာခဲ့သည်။ ရက်စက်လှသော လက်နက်အင်အားကိုအသုံးပြုသည့်နည်းလမ်းနှင့် အမည်မသိနောက်ခံအရှိန်အဝါကြောင့် A မြို့ကိုလက်တစ်ဖက်တည်းဖြင့်အုပ်စိုးနိုင်လုနီးပါးဖြစ်ခဲ့ကာ လူတို့ကိုကြောက်ရွံ့ပြီးလေးစားစေခဲ့သည်။


A မြို့တွင် နှစ်ပေါင်းများစွာနေထိုင်ပြီးသည့်နောက် လျိုကျန်းဖေက နိုင်ငံခြားသို့ပြောင်းရွှေ့ပြီးလှုပ်ရှားခဲ့သည်။ A မြို့မှလူတိုင်းကို အသက်ရှူပြီးနေထိုင်နိုင်ရန်အခွင့်အရေးပေးခဲ့သည်။


သို့သော်လည်း သူက A မြို့တွင်မရှိတော့သည့်တိုင် သူ၏လွှမ်းမိုးမှုက ကျန်ရစ်နေခဲ့သေးသည်။ သူမည်သည့်အချိန်တွင် ပြန်လည်ထကြွလာမည်မှန်း မည်သူကမှမသိခဲ့ကြပေ။


ဟယ့်ပိယို: "ငါလည်းမသိဘူး၊ ရှောင်းရှောင်းဆီကကြားရတာကတော့ မြင်းပြိုင်ကွင်းမှာ သူက ကျူးမိသားစုရဲ့ကလေးကို အတော်လေး အလေးထားပြီးဆက်ဆံတယ်တဲ့.."


"....."


အလေးထားပြီးဆက်ဆံတယ်။


လျိုကျန်းဖေလိုလူက ကလေးတစ်ယောက်ကို လေးစားတဲ့ပုံစံပြတယ်တဲ့လား။


ရှားဝေ့ယီက တခဏမျှအံ့အားသင့်သွားပြီး ပြောလိုက်လေ၏။ 


"လျိုကျန်းဖေကြောင့်ပဲ ကျူးမိသားစုက ဒီနှစ်တွေအတွင်း အဆင်ပြေနေခဲ့တာအံ့ဩစရာမဟုတ်တော့ဘူး.."


သို့တစေ ထိုနှစ်များက ကျူးမိသားစု၏ကလေးမှာ နေမကောင်းသောကြောင့်ဆေးရုံတက်နေရပြီး ကျူးရှို့ရှန်းကလည်းအလုပ်များနေခဲ့သည်။ မည်သူကမှ လျိုကျန်းဖေနှင့်အဆက်အသွယ်လုပ်နေသည့်အကြောင်းမပြောလာကြပေ။ ထိုအတိုင်းဆိုလျှင် လျိုကျန်းဖေက ရုတ်တရက် ကျူးထုန်အနားတွင် မည်သို့များပေါ်လာခဲ့ပါသနည်း။


ပြီးတော့ ကျန်းဝမ်ကရော...


"ဒီနေ့လည် ကျန်းဝမ်က ကျူးမိသားစုဗီလာထဲကို ကျူးရှို့ရှန်းနဲ့အတူလိုက်လာတယ်တဲ့၊ ကြည့်ရတာ ကျန်းမိသားစုလည်း ကောလဟလကိုကြားလို့နဲ့တူတယ်.."


ကျန်းဝမ်၏ဂုဏ်သတင်းက အချစ်ရေးကိစ္စများနှင့်ရှုပ်ထွေးနေခဲ့သည်။ ထိုအချိန်မှ သူမက ကျူးရှို့ရှန်းကိုလာတွေ့ခဲ့သည်ဖြစ်ရာ ကျူးထုန်ကြောင့် ဖြစ်နိုင်လောက်သည်။


ဟယ့်ပိယိုက မျက်ခုံးအသာကြုတ်လိုက်သည်။ 


"လျိုကျန်းဖေရဲ့ကျူးရှို့ရှန်းအပေါ်သဘောထားက တစ်ကဏ္ဍပဲ လောင်ရှား၊ ကျူးမိသားစုနဲ့ကျန်းမိသားစုသာ လက်ထပ်ပြီးပေါင်းစည်းသွားလို့ကတော့ A မြို့မှာငါတို့အတွက် နေစရာကျန်တော့မှာမဟုတ်ဘူး.."


ရှားဝေ့ယီ: "....."


ဟယ့်ပိယို: "ပြီးတော့ ငါကြားခဲ့သေးတယ်၊ ကျူးမိသားစုက ကလေးက A မြို့ကို ဒီနေ့ပဲပြန်လာတယ်တဲ့၊ ပြီးတော့ သုံးရက်ကြာရင်လုပ်မယ့် မွေးနေ့ညစာစားပွဲကို တက်လိမ့်မယ်.."


လေထုက တခဏမျှငြိမ်သက်သွားခဲ့သည်။


နယ်မြို့လေးအပြင်ဘက်မှ မြင်းပြိုင်ကွင်းတွင်ရုတ်တရက်ပေါ်လာခဲ့သော လျိုကျန်းဖေ၊ ကျူးရှို့ရှန်းနှင့်အတူ ကျူးမိသားစုဗီလာကိုလိုက်လာသော ကျန်းဝမ်၊ မြို့ကို ရုတ်တရက်ပြန်လာသော ကျူးမိသားစုမှသခင်ငယ်လေး။


ခန်းမကြီးကငြိမ်သက်သွားခဲ့သည်။


ကြောင်လိမ်လှေကားတွင် ပိတ်ရက်ကိုပြန်လာသောရှားယန်က လှေကား၏အကွေ့လေးတွင်ရပ်နေပြီး "ကျူးမိသားစု" အကြောင်းကို ဧည့်ခန်း၏အတွင်းဘက်၌


ဆွေးနွေးနေသော လူနှစ်ယောက်စကားကိုကြားလိုက်ရသည်။ သူက ၎င်းစကားကိုကြားလိုက်ရသည်နှင့် သွားနေရာမှချက်ချင်းရပ်သွားတော့သည်။


သူဘာကြားလိုက်မိတာလဲ။


ကျန်းမိသားစုနဲ့ကျူးမိသားစု လက်ထပ်ပြီးပေါင်းစည်းမယ်တဲ့လား။


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။


ဒါပေမဲ့ တကယ်ဖြစ်နေရင်ရော။


ရှားယန်၏မျက်လုံးတို့က လက်ခနဲ။ သူအနည်းငယ် စိတ်လှုပ်ရှားလာမိသည်။


သူ့အဖေနှင့်ဦးလေးဟယ့်ပြောသည့်စကားသာအမှန်ဆိုပါက ရှောက်မင်နှင့်ကျူးထုန်လည်း....


ရှားယန်၏နှလုံးက တဒုတ်ဒုတ်ခုန်နေပြီး အသက်ကိုဝအောင်ရှူလိုက်ကာ လှေကားအောက်သို့ဆင်းသွားလိုက်သည်။


"အဖေ၊ ကျွန်တော် ကျောင်းကိုပြန်သွားတော့မယ်.."


ရှားယန်က တတ်နိုင်သလောက် တည်ငြိမ်သည့်ပုံစံဖြင့်ပြောလိုက်သည်။


ရှားဝေ့ယီကသူ့အားကြည့်လာခဲ့သည်။ သူ့မျက်လုံးတို့က အနည်းငယ်နက်မှောင်နေခဲ့၏။


သူ့သားအကြောင်းကို သူသာသိလေသည်။ ရှားယန်၏မျက်လုံးအောက်မှ အဆောတလျင်ဖြစ်နေမှုတို့ကို သူမြင်နိုင်၏။ ရှားယန်ကသူတို့ပြောနေသည့်စကားတို့ကို ခိုးနားထောင်ခဲ့မှန်း သူသဘောပေါက်လိုက်သည်။ သို့သော်လည်း သူထုတ်မပြောလိုက်ပေ။


သူက လက်ဖက်ရည်ကိုယူကာ အေးဆေးစွာဖြင့် "အင်း" ဟုသာတုံ့ပြန်လိုက်သည်။


ရှားယန်က ဟယ့်ပိယိုကိုထပ်နှုတ်ဆက်လိုက်ပြီး လှည့်ထွက်သွားတော့၏။


ပုံရိပ်က တံခါးတွင်ပျောက်သွားမှ ရှားဝေ့ယီကခေါင်းငုံ့ကာ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း သူ့မျက်လုံးအောက်ခြေမှ ဖျတ်ခနဲပေါ်လာသောအလင်းရောင်ကို ဖုံးကွယ်လိုက်လေ၏။


_________


ကုန်းရွှေအမှတ် ၁ အလယ်တန်းကျောင်းတွင် ပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်သည့်ရက်များ၌ အလွန်တရာမှဆူညံနေတတ်၏။ ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်တွင် တန်းခွဲသုံးတစ်ခုလုံး လှုပ်ယွနေလေသည်။


"မင်ကော မင်းသင်္ချာပြိုင်ပွဲကိုသွားမယ်ဆိုတာ တကယ်ကြီးလား.."


ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်အစတွင် ရှစ်ဝမ်ရှူက သူတို့အတန်းမှ A မြို့တွင်ကျင်းပမည့်သင်္ချာပြိုင်ပွဲသို့ သွားရောက်မည့်ကျောင်းသားစာရင်းကို ပြုံးပြုံးရွှင်ရွှင်ဖြင့်ထုတ်ပေးခဲ့သည်။


ကျောင်းအသီးသီးမှထိပ်တန်းကျောင်းသားများ တိုးတက်လာစေရန်အတွက်နှင့် ကျောင်းသားများ၏ လှုပ်ရှားတက်ကြွမှုကိုအားပေးရန်အတွက် မြို့ကြီးမှဌာနများက ပြိုင်ပွဲအမျိုးမျိုးကိုကျင်းပပေးလေ့ရှိကြသည်။


သင်္ချာပြိုင်ပွဲအလှည့်တွင် ကုန်းရွှေအမှတ် ၁ အလယ်တန်းကျောင်းမှတာဝန်ရှိသူများက ထုံးစံအတိုင်း ရှောက်မင်အပေါ်ကို မျှော်လင့်ချက်ကြီးထားခဲ့သည်။ သို့ရာတွင် သူတို့အတန်းမှထိပ်ဆုံးကျောင်းသားက လူထူးဆန်းဖြစ်နေခဲ့သည်။ ထိုသူက ဌာနဆိုင်ရာနှင့်မြို့နယ်ကကျင်းပသောပြိုင်ပွဲများတွင် အမြဲအနိုင်ရခဲ့သည်။ သို့ရာတွင် ၎င်းကိုကျော်လွန်ပြီး ထိုသို့မြင့်မားသည့်ပြိုင်ပွဲမျိုးများဆိုလျှင် "ဝေးလွန်းသည်" ဟူသောအကြောင်းပြချက်ဖြင့်ဝင်မပြိုင်တော့ပေ။ 


ပြိုင်ပွဲကိုသွားဖို့က လမ်းလျှောက်စရာတောင်မလိုတာကို။ အကွာအဝေးကအရေးကြီးလား။


တာဝန်ရှိသူများက သူ့အား မည်မျှပင်စည်းရုံးပြောဆိုခဲ့ပါစေ၊ ရှောက်မင်က ငြင်းဆန်ခဲ့သည်။ နောက်ဆုံး၌ တာဝန်ရှိသုများက ရွေးချယ်စရာမရှိတော့သော်လည်း ဒုတိယမြောက်ရွေးချယ်စရာအဖြစ် သူတို့၏မျှော်လင့်ချက်တို့ကို ပြိုင်ပွဲများတွင်ဆုကြေးငွေအတွက်ပါဝင်ခဲသော လုကျစ်ယွီအပေါ် ပုံအပ်ထားလိုက်ကြတော့သည်။


ဤတစ်ကြိမ်တွင် ရှောက်မင်က သူကိုယ်တိုင်ပြိုင်ပွဲတွင်ဝင်ပါချင်နေ၍ ကျောင်းမှလူကြီးများအားလုံး အံ့ဩသွားကြသည်။


၎င်းက လော့ရှိုးကိုလည်း အတော်လေးအံ့အားသင့်သွားစေခဲ့သည်။ 


ရှောက်မင်က အေးအေးဆေးဆေးပင်ပြောလာလေသည်။ 


"ဘာလဲ၊ ငါကကျောင်းအတွက်သွားပြီး ဂုဏ်ဆောင်ပေးလို့မရဘူးလား.."


လော့ရှိုး: "....."


မင်းဆိုတဲ့ အတန်းသန့်ရှင်းရေးတောင် "ရွေးနေတတ်တဲ့" ကောင်က ဒီလိုစိတ်မျိုးရှိလို့လား။


သူသိထားတဲ့အတိုင်းဆိုရင် ကျူးထုန်က ဒီမနက်ကပဲထွက်သွားတာမဟုတ်လား။


လေဆိပ်ကိုလိုက်ပို့တာနဲ့တင်အားမရသေးလို့ နောက်တစ်မြို့ကိုပါလိုက်တော့မလို့မလား။


ဘာအတွက်လဲ။


တကိုယ်တည်းရပ်တည်ရန်မွေးဖွားလာခဲ့သော ဆိုရှယ်လစ်ရဲဘော်လော့မှာ လုံးဝနားမလည်နိုင်တော့သောပုံစံကိုထုတ်ပြလာခဲ့သည်။


ထိုသူကို နဖူးစည်းစာသားအားလွှဲယမ်းပြီး ဂုဏ်ပြုပေးလိုက်ရုံသာရှိတော့၏။


သင်္ချာပြိုင်ပွဲကို ယနေ့မှစတင်ပြီးသုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင်ဝင်ပြိုင်ကြမည့်ကျောင်းသားတိုင်း နှစ်ရက်ခန့်ကြိုတင်ထွက်ခွာပြီး ပြင်ဆင်ထားရန်လိုအပ်သည်။


ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်အပြီး စာသင်ဆောင်အောက်ထပ်ကိုမဆင်းမီ ရှောက်မင်က ကျူးထုန်ထံ WeChat မက်ဆေ့ချ်ပို့လိုက်သည်။


[စစ်ဆေးတာပြီးသွားပြီလား]


စာပို့ပြီးခဏကြာသည်အထိစောင့်နေခဲ့သည့်တိုင် ပြန်စာမရောက်လာခဲ့ပေ။ သူကလှည့်ကာအောက်ထပ်သို့ဆင်းသွားလိုက်သည်။ တစ်ယောက်တည်းစက်ဘီးနင်းကာ ငှားနေသောအိမ်သို့ပြန်လာခဲ့လိုက်၏။ လမ်းတလျှောက်လုံးပေါ့ပါးနေခဲ့သည်။ အကြောင်းမှာ အနောက်ခုံ၌ လူတစ်ယောက်လွတ်နေသောကြောင့်ပင်။


စက်ဘီးနင်းနေရင်း လမ်းခရီးတဝက်တွင် ရှောက်မင်မှာယခင်ကအတိုင်း ခေါင်းလှည့်ပြီး အနောက်တွင်ထိုင်နေသူကိုစကားလှည့်ပြောချင်စိတ်ဖြစ်ခဲ့သေးရသည်။


အကျင့်ဟူသည်မှာ အမှန်တကယ် ကြောက်စရာကောင်းလှသောအရာပင်ဖြစ်လေသည်။



🤒