Chapter 105
Viewers 18k

🤒အခန်း ၁၀၅





"ဒါနဲ့ ကော စားပြီးပြီလား.."


မိန်းကလေး၏ကြွပ်ဆတ်ဆတ်အသံက ဦးလေးလျို၏ရင်တွင်းဖြစ်အတွေးတို့ကိုကြားဖြတ်လိုက်သည်။


ကျူးထုန်ကပြန်ဖြေလာလေ၏။ 


"ငါမနက်စာစားခဲ့ပြီးပြီ.."


"မနက်စာ.." 

ကျူးရှင်းမျက်နှာကမှုန်ကုပ်သွားတော့၏။ 

"လေယာဥ်စီးလာတာ နှစ်နာရီတောင်ကြာတယ်လေ၊ အခုဆို နေ့လည်တစ်နာရီတောင်ရှိနေပြီ၊ နင်ဗိုက်ဆာနေရမှာကို၊ ဦးလေးလျို စားသောက်ဆိုင်တစ်ဆိုင်လောက်ရှာပေးလို့ရမလား.."


သူတို့ကို လေယာဥ်အဆင်းတွင်လာကြိုပေးခဲ့သောဒရိုင်ဘာက ကိုယ်တိုင်တက္ကစီငှားကာပြန်သွားခဲ့ပြီး ယခုတော့ ဦးလေးလျိုက ကိုယ်တိုင်မောင်းနေလေသည်။


ကျူးထုန်မှာ ဗိုက်မဆာဟုသာပြောခဲ့သော်လည်း အနည်းငယ်စားနိုင်သေးသည်။ ဦးလေးလျိုက အသေအချာပြင်ဆင်ပေးထားလောက်မှန်းသိနေသောကြောင့် စားသောက်ရမည့်နေရာအပေါ် ဂျီးများမနေတော့ပေ။


ကားက အနောက်တိုင်းစားသောက်ဆိုင်အပြင်ဘက်တွင် ထိုးရပ်သွားခဲ့သည်။


ကျူးရှင်းက စားသောက်ဆိုင်ကိုလာနေကျဖြစ်ဟန်တူသည်။ သူမက ဦးလေးလျိုကို စိတ်ချလက်ချဖြင့် ကားအား သွားရပ်ခိုင်းပြီး သူမအစ်ကိုကို စားသောက်ဆိုင်ထဲသို့ အရင်ခေါ်လာလိုက်သည်။


စားသောက်ဆိုင်ပတ်ဝန်းကျင်က ပြစ်ချက်မရှိသလို မီနူးပေါ်တွင်လည်း အမျိုးအစားစုံလင်လှသော အစားအသောက်များရှိနေသည့်တိုင် ကျူးထုန်မှာ စားချင်စိတ်မရှိပေ။


သူက မှာနေကျအတိုင်း နံရိုးပေါင်းတစ်ပွဲနှင့်အချိုပွဲကိုသာမှာလိုက်သည်။


ကျူးရှင်းက အံ့အားသင့်သွားပြီးပြောလာလေ၏။ 

"ကော နင်ကဒီလောက်ပဲစားတာလား.."


ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။ 


"အေးလေ ငါမှဗိုက်မဆာတာ.."


ကျူးရှင်း: "......"


"ဒါဆိုလည်း ဘာသောက်မလဲ၊ ဒီဆိုင်က အအေးတွေက အရမ်းကောင်းတာ.."


အအေးလား။


ကျူးထုန်က ရုတ်တရက် တစ်ခုခုကိုတွေးမိသွားကာ ဘေးတွင်စောင့်နေသောဝိတ်တာကိုလှည့်မေးလိုက်သည်။


 "ဒီမှာ နို့ပုလဲပူတင်းလက်ဖက်ရည်ရလား.."


ဝိတ်တာလေးက တခဏမျှကြောင်အသွားကာ ခေါင်းယမ်းပြလာလေသည်။ 


"တောင်းပန်ပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ဆိုင်ရဲ့မီနူးထဲမှာမရှိပါဘူး.."


ကျူးထုန်မှာ ကောက်ကာငင်ကာစိတ်ဓာတ်ကျသွားတော့သည်။ 


"အာ..ဒါဆို.."


"ဒါပေမဲ့ ဧည့်သည်လိုချင်ရင်တော့ အခုလုပ်ပေးလို့ရပါတယ်.."


သခင်မလေးကျူးက ဆိုင်ကိုလာနေကျဖောက်သည်ဖြစ်သည်။ ယခုလိုအဆင့်မြင့်စားသောက်ဆိုင်မျိုးတွင် အလုပ်လုပ်နေသူအနေဖြင့် ဝိတ်တာလေးက အမြင်စူးရှသည်။ ဤလူချောလေးနှင့်ကျူးရှင်းတို့၏ အလွန်အမင်းရုပ်ချင်းဆင်မှုကိုမြင်တွေ့ပြီး သူတို့နှစ်ယောက်၏ဆက်နွယ်မှုကို ခန့်မှန်းရန်မခက်ခဲပေ။


ကျူးထုန်ကခေါင်းညိတ်ပြပြီးပြောလိုက်၏။ 


"ဒါဆို တစ်ခွက်လုပ်ပေးပါ.."


"ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးကြပါ.."


ဝိတ်တာလေးက အမှာရသည်နှင့်ထွက်သွားခဲ့ပြီး မကြာမီမှာပင် သောက်စရာတို့က အမြန်ရောက်လာခဲ့သည်။


ကျူးထုန်က၎င်းကို ဝိတ်တာထံမှယူလိုက်၏။


ကျူးရှင်းက သူခွက်ကို ဂရုတစိုက်ကိုင်နေသည့်ပုံစံအားတွေ့သွားပြီး သိချင်စိတ်ဖြင့်မေးလာလေသည်။ 


"ကော နင်အဲဒါကိုကြိုက်လို့လား.."


သူမက ၎င်းကိုတစ်ခါမှမသောက်ဖူးသော်လည်း ၎င်းက နို့လက်ဖက်ရည်ဆိုင်များတွင် အများဆုံးသောက်တတ်ကြသောလက်ဖက်ရည်ဖြစ်ကြောင်းကိုမူ သိထားခဲ့သည်။ ၎င်းတစ်ခွက်က အလွန်တရာမှဈေးသက်သာလေသည်။


ကျူးထုန်က အလိုအလျောက် "အင်း" ဟုဖြေလိုက်ပြီး ပိုက်ကိုကိုက်ကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် မျက်မှောင်အသာကြုတ်လိုက်လေ၏။


ကျူးရှင်း: "ဘာဖြစ်တာလဲ.."


ကျူးထုန်က တဒင်္ဂမျှတုံ့ဆိုင်းသွားပြီးမှ ခေါင်းယမ်းပြလိုက်သည်။ 


"ဘာမှမဖြစ်ပါဘူး..."


ရှောက်မင်ဖျော်ပေးသည့် လက်ဖက်ရည်လောက်မကောင်းပေ။ ၎င်းက အပိုအရသာအများအပြားရောထားပြီး မတရားချိုလွန်းနေသည်။


သူ့အနေဖြင့် ဤစားသောက်ဆိုင်ကို အရသာတထပ်တည်းကျအောင်လုပ်နိုင်မည်ဟု မမျှော်လင့်ထားခဲ့သော်လည်း အနည်းငယ်စိတ်ပျက်သွားမိသည်မှာ အသေအချာပင်။


သူက သူနှစ်သက်ရသည့်အရာများနှင့်ပတ်သတ်ပြီး မည်သူကိုမှမပြောပြခဲ့ဖူးပေ။ သို့သော်လည်း ရှောက်မင်ကသူစားရန်အတွက် ချက်ပေးသည့်အခါတိုင်း သူ့အကြိုက်နှင့်အမြဲကိုက်ညီခဲ့သည်။


သူဘယ်လိုလုပ်ပြီး အဲဒါတွေအကုန်လုံးကိုသိနေတာလဲ။


နှိုင်းယှဥ်ကြည့်ပြီးသည့်အခါ ကျူးထုန်မှာ အနောက်တိုင်းစားသောက်ဆိုင်မှ သူ့အတွက်အထူးပြင်ပေးထားသော အအေးကိုစိတ်ဝင်စားမှုမရှိတော့ချေ။


သူက ပူတင်းနို့ပုလဲလက်ဖက်ရည်ကို စားပွဲပေါ်ပြန်ချလိုက်ပြီး သူဟာသူတွေးနေမိသည်။ 


'မစ်ရှင်ပြီးလို့ ငါ A မြို့ကိုပြန်လာပြီးရင် ဘယ်လိုလုပ်ရမလဲ၊ ရှောက်မင်လောက်ငါ့ကို ကောင်းကောင်းဂရုစိုက်ပေးတဲ့သူကို တွေ့ရတော့မယ်မထင်ဘူး..'


ရှောက်မင်ဆိုကာမှ....


ရုတ်ချည်းပင် သူသတိရသွားမိသည်။ ကျူးထုန်က ဖုန်းကိုအိတ်ကပ်ထဲမှထုတ်လိုက်၏။ လေယာဥ်ပေါ်တွင် ဖုန်းကို airplane mode ဖွင့်ထားခဲ့ရသည်။ သူပြန်မပိတ်ရသေးပေ။ ရှောက်မင်ကို သူရောက်ပြီဆိုသည့်အကြောင်းကိုလည်း စာမပြန်ရသေးပေ။


သူက ဖုန်းကိုအလောတကြီးထုတ်လိုက်သည်ဖြစ်ရာ ကျူးရှင်းပင် သူ့အားမသင်္ကာသလိုကြည့်လာလေသည်။


ကျူးထုန်က airplane mode ပိတ်လိုက်ပြီးသည်နှင့် WeChat မှ မက်ဆေ့ချ်တစ်စောင် တက်လာလေသည်။


[A မြို့ကို ရောက်ပြီလား]


ပို့ထားသည့်အချိန်အရ လွန်ခဲ့သောနာရီဝက်၊ သူလေယာဥ်ပေါ်မှမဆင်းခင်အချိန်ဖြစ်ကြောင်း ဖော်ပြနေ၏။


ရှောက်မင်က လေယာဥ်ဆိုက်မယ့်အချိန်ကိုတောင် အတိအကျ မှတ်မိနေတာလား။


သူက အာရုံစိုက်ခံရသောကြောင့် စိတ်လှုပ်ရှားသွားသည့်ခံစားချက်ဖြင့် ကျူးထုန်နှုတ်ခမ်းပေါ်တွင် အပြုံးသေးသေးလေးတစ်ပွင့်က ပေါ်လာခဲ့သည်။


သူစာပြန်ရိုက်လိုက်၏။ 


[အင်း၊ ရောက်ပြီ၊ ငါရှောင်းရှင်းနဲ့ထမင်းစားနေတာ]


သူက စားပွဲထောင့်မှလက်ဖက်ရည်ခွက်ကိုတစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်တွေးလိုက်ကာ ဓာတ်ပုံရိုက်၍ ရှောက်မင်ကိုပို့ပေးလိုက်သည်။


ကျူးရှင်းက သူလုပ်နေသမျှကို တိတ်ဆိတ်စွာဖြင့်ကြည့်နေလေ၏။


ဓာတ်ပုံရိုက်ပြီး အပျော်မျှဝေခြင်းက သူမနှင့်လုပ်နေကျအရာများပင်ဖြစ်လေသည်။


သူမက သူမအစ်ကို ယခုမက်ဆေ့ချ်ပို့နေသူက မည်သူဖြစ်ကြောင်းမေးနေရန်မလိုအပ်တော့ပေ။


<ကျူး> : အနောက်တိုင်းစားသောက်ဆိုင်က နို့ပုလဲပူတင်းလက်ဖက်ရည်။


<ရှောက်> : ဘယ်လိုနေလဲ။


ကျူးထုန်၏ရိုးသားလှသောပြန်စာ: မင်းဖျော်ပေးတာလောက်မကောင်းဘူး။


<ရှောက်> : မင်းပြန်ရောက်ရင် ကိုယ်မင်းအတွက်ဖျော်ပေးမယ်။


မျှော်လင့်ထားပြီးသားပြန်စာပင်ဖြစ်သော်လည်း ကျူးထုန်ကမူ သူ့နှလုံးသားလေးက လှုပ်ခတ်သွားသလိုခံစားနေရဆဲ။


<ကျူး> : မင်းငါ့အတွက် အများကြီးလုပ်ပေးခဲ့ပြီးပါပြီ။


သူ့အတွက် ချက်ပြုတ်ပေးခဲ့သည်။ ဆေးလိမ်းပေးခဲ့သည်။ အတန်း၏မှတ်စုများကိုလည်းကူးပေးခဲ့သည်။ စာလည်းပြပေးပြီး ယခုလည်း သူနှစ်သက်သောသောက်စရာကိုဖျော်ပေးမည်ဟုကတိပေးနေပြန်သည်။


ဒီယောကျ်ားပျိုက ဘာလို့သူ့အပေါ်အရမ်းကောင်းပေးနေရတာလဲ။


သူရင်ခုန်နေစဥ်မှာပင် ဖုန်းကတုန်ခါလာပြန်သည်။ Chat တွင် နောက်ထပ်မက်ဆေ့ချ်တစ်စောင်ပေါ်လာပြန်၏။


[မင်းအတွက်သာဆိုရင် ကိုယ်ဘာဖြစ်ဖြစ်လုပ်နိုင်ပါတယ်]


ကျူးထုန်: "!"


လူငယ်လေး၏နှလုံးက တရကြမ်းခုန်လာခဲ့သည်။


သူ့ခမျာ စာပြန်ရန်ပင်မေ့သည်အထိ မက်ဆေ့ချ်ကိုအကြာကြီးစိုက်ကြည့်နေမိ၏။


မကြာမီ တဖက်မှ နောက်ထပ်မက်ဆေ့ချ်တစ်စောင်က ထပ်ဝင်လာလေသည်။


<ရှောက်>: မင်းစိတ်လှုပ်ရှားသွားလား။


<ရှောက်>: မင်းစိတ်လှုပ်ရှားသွားရင် ကိုယ့်ကိုကတိပေးထားတဲ့အတိုင်းလုပ်နော်။


ကျူးထုန်: "......"


ထပ်ပြောလာသည့်စကားက နောက်ပြောင်နေသောအသံမျိုးဖြစ်နေ၏။


ကျူးထုန်မှာ စိတ်လှုပ်ရှားသွားရုံမက အကြီးအကျယ်ရှော့ခ်ရသွားခဲ့သည်။ ထိုရယ်စရာစကားကိုပင် အမှန်ဆိုပြီး ယုံလိုက်မိတော့မည်အထိပင်။


သူ စိတ်ပျက်သွားသည်လား၊ စိတ်သက်သာသွားသည်လားပင်မပြောတတ်တော့ပေ။ သို့ရာတွင် သူ၏ကောင်းမွန်နေသေးသော စိတ်အခြေအနေပေါ်မသက်ရောက်ခဲ့ဘဲ သူ့နှုတ်ခမ်းများကမူ အပြုံးတစ်ပွင့်အဖြစ် ကော့တက်နေဆဲပင်ဖြစ်လေသည်။


ကျူးရှင်းက သူမအစ်ကိုကြိုက်၍မှာထားသော နို့ပုလဲပူတင်းလက်ဖက်ရည်ကိုကြည့်နေခဲ့သည်။ တစ်ငုံယူသောက်ကြည့်ပြီးနောက် သူက ထပ်မထိတော့ပေ။


ဦးလေးလျို သီးသန့်အခန်းထဲသို့ဝင်လာချိန်၌ ဝိတ်တာက ဟင်းပွဲများကိုလာချပေးနေလေသည်။


ဝိတ်တာက ကျူးထုန်အတွက် နံရိုးကိုယူလာပေးပြီး ဧည့်သည်ကိုစားရန်ပြောတော့မည့်အချိန် သူမက ထိုသူအား ခေါင်းခါပြပြီးတားလိုက်သည်။


ဝိတ်တာက အပြုံးလေးဖြင့်ခေါင်းညိတ်ပြကာ တိတ်တဆိတ်ပင်ထွက်သွားလေတော့၏။


ထိုအတောအတွင်း ကျူးထုန်၏မျက်လုံးတို့က ဖုန်းမျက်နှာပြင်မှမခွာခဲ့ပေ။


ဦးလေးလျိုက ပင်ကိုယ်အသိစိတ်ဖြင့် ကျူးထုန်ဘေးတွင်ရပ်နေလိုက်သည်။


သူဘာကြောင့် ကျူးထုန်ဘေးတွင်ရပ်နေရသလဲဟုမမေးပါနှင့်။ အကြောင်းမှာ သူကမျက်စိစပါးမွှေးစူးစရာဖြစ်လာမည်ဟု ခံစားမိသောကြောင့်ပင်ဖြစ်လေသည်။


ကျူးရှင်းက လှည့်ကာ ဦးလေးလျိုအားတီးတိုးမေးလိုက်၏။ 


"ဦးလေးလျို ကျွန်မအစ်ကိုက ဟိုမှာတုန်းကလည်း ဒီအတိုင်းပဲလား.."


အိပ်မပျော်တဲ့ညတွေမရောက်မချင်း Chatting ထိုင်နေတာမျိုး။


ဦးလေးလျိုကသူမအသံကြောင့် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ ၎င်းက လျို့ဝှက်ထားသည့်အရာမှန်း သူမ သေချာပေါက်နားလည်ထားခဲ့သည်။ ထို့နောက် သခင်ငယ်လေးကိုတစ်ချက်ကြည့်ကာ ခါးသီးစွာဖြင့်ဖြေလိုက်လေ၏။


 "မဟုတ်ပါဘူး အခုထက်တောင်ဆိုးပါသေးတယ်.."


ကျူးရှင်း: "...."


နောက်ဆုံး၌ နံရိုးများမအေးသွားမီစားရန် ကျူးရှင်းက သူမအစ်ကိုကို သတိပေးလိုက်ရသည်။


စားသောက်ပြီးသည့်အခါ သုံးယောက်လုံး အမြွှာတို့၏အဘိုးအိမ်သို့အတူပြန်လာခဲ့ကြသည်။


အဘိုးချန်က အမြဲတမ်း ကိစ္စအမျိုးစုံဖြင့်အလုပ်ရှုပ်နေခဲ့သည်။ နေ့လည်တွင်ပင် အိမ်၌မရှိသော်လည်း ဒေါက်တာဂျွန်ဆင်ကတော့ အသင့်စောင့်နေခဲ့သည်။


ကျူးထုန်က ထိုသူကို ဗီလာတွင်စောင့်ခိုင်းထားခြင်းဖြစ်လေ၏။


စစ်ဆေးမှုကို သူတို့ဆေးရုံတွင်သာလုပ်ရန်စီစဥ်ထားခဲ့သည်။ အားလုံးကိုပြင်ဆင်ထားပြီး ခန္ဓာကိုယ်ပိုင်းစစ်ဆေးရန်အတွက် အချိန်မရွေးစတင်နိုင်သည်။


"အခုသွားတော့မလို့လား၊ ဒီလောက်တောင် အလျင်လိုနေတာလား.."


ကျူးရှင်းက ကျူးထုန် ပြန်ရောက်သည်နှင့် ကျန်းမာရေးစစ်ဆေးရန်သွားမည်ဟုကြားထားသောကြောင့် စိုးရိမ်နေခဲ့သည်။


ဒေါက်တာဂျွန်ဆင်: "သခင်လေးထုန်ရဲ့ လစဥ်ကျန်းမာရေးကိုပြန်လည်စစ်ဆေးတာနဲ့ ခန္ဓာကိုယ်ပိုင်းစစ်ဆေးတာကို ရွှေ့ဆိုင်းထားခဲ့တာကြာပါပြီ၊ ဖြစ်နိုင်ရင် မြန်မြန်လေးစစ်ဆေးလိုက်တာအကောင်းဆုံးပါပဲ.."


ဂျွန်ဆင်က အမေရိကားတွင်မွေးလာခဲ့ပြီး ရွှေရောင်ဆံပင်နှင့်မျက်လုံးပြာရှိသော ဥရောပသား အိန္ဒိယနွယ်ဖွားဖြစ်လေ၏။ အသက်သုံးဆယ်ထဲတွင်ဖြစ်ပြီး ဘောင်မပါသောမျက်မှန်ဝတ်ထားသည်။ သူ၏အလုပ်အကိုင်ကိုပြသရန် မည်သည့်အချိန် မည်သည့်နေရာတွင်ဖြစ်စေ နောက်ထပ်လူတစ်ယောက်ရှိနေသရွေ့ အဖြူရောင်ဆရာဝန်ကုတ်ကို သူ့ကိုယ်ပေါ်မှလုံးဝမချွတ်ပေ။


သူက ရုတ်တရက် ပြောလာပြီး ဗီလာထဲရှိသုံးယောက်ထဲမှ တစ်ယောက်မှ သူ့အားစကားမပြန်လာခဲ့ပေ။ သူတို့မျက်နှာပေါ်မှအမူအရာတို့က ဖော်ပြရခက်ခဲလောက်အောင် တစ်ပုံစံတည်းဖြစ်နေခဲ့ကြသည်။


သူ့စကားများက စာမေးပွဲအဖြေလွှာပေါ်မှစာကြောင်းတစ်ကြောင်း၏အဓိပ္ပါယ်ကို ဖော်ရသလို အကြောင်းအရာနှင့်စပ်ဆက်ပြီး နားလည်နိုင်ရန်နှင့် ဝေါဟာရကိုသဘောပေါက်ရန်စဥ်းစားရသည်မှာ နေ့စဥ်လုပ်နေကျအလုပ်တစ်ခုလိုပင်ဖြစ်နေသည်။


လူအိုကြီးချန်ကဲ့သို့သော တည်ငြိမ်သည့်လူမျိုးကသာ ဒေါက်တာဂျွန်ဆင်နှင့်စကားပြောသည့်အချိန် မျက်နှာကိုတည်ငြိမ်အောင်ထားနိုင်လိမ့်မည်။


သူကဲ့သို့သောလူမျိုးအတွက်မူ လုံးဝသတိထားမိမည်မဟုတ်ပေ။


ကျူးထုန်က တိတ်ဆိတ်မှုကိုဖြိုခွဲရန်အတွက် ကူရာမဲ့စွာဖြင့်ပြောလိုက်ရတော့၏။ 


"ဒေါက်တာဂျွန်ဆင် သွားရအောင်..."


"ဟုတ်ကဲ့ပါ သခင်လေးထုန်.."


ကျူးထုန်: "....."


တကယ်တော့ "ဟုတ်ကဲ့ပါ" ဆိုသည့် ရိုးရိုးရှင်းရှင်းစကားလုံးကပင် ကျေနပ်စရာဖြစ်နေပြီ။


ကျူးရှင်းက ကျန်းမာရေးစစ်ဆေးရန်အတွက် ဆေးရုံသို့သွားရာတွင် သူကိုအဖော်မလုပ်ပေးနိုင်ပေ။ သူမတွင် နေ့လည်ခင်း၌ ပန်းချီအတန်းချိန်များရှိနေပြီး ညနေခင်းမှသာပြန်လာနိုင်ပေမည်။


ဦးလေးလျိုက ဆေးရုံ၏ကော်ရစ်တာတွင်စောင့်နေခဲ့ကာ ဂျွန်ဆင်က လုပ်ငန်းစဥ်အတိုင်းလုပ်ဆောင်ရန် ကျူးထုန်ကိုခေါ်သွားခဲ့သည်။


ကျူးထုန်မှာ ဆိုးရွားပြီးရင်းဆိုးရွားသောရလဒ်များက မပြောင်းလဲတမ်းထွက်လာတတ်သောကြောင့် ၎င်းကျန်းမာရေးစစ်ဆေးရသည့်အလုပ်ကို မုန်းတီးခဲ့သည်။


သို့သော်လည်း ဤတစ်ကြိမ်တွင် မတူတော့ပေ။


သူ ကျန်းမာရေးစစ်ဆေးခြင်းကို အမြန်လုပ်ဆောင်နေရသည်မှာ စောစောပြန်နိုင်ပြီး အဘိုးနှင့်အခြားသူများကိုစိတ်ချသွားစေရန်အတွက်ဖြစ်လေသည်။


စနစ်၏ဆုလဒ်တွင်အမှားအယွင်းမရှိလျှင် သူကသာမန်လူများထက်အားနည်းသည့်အချက်မှလွဲပြီး မည်သည့် ခန္ဓာကိုယ်ပိုင်းပြဿနာမျှရှိနေမည်မဟုတ်ပေ။


သူက ဆေးစစ်ချက်အဖြေကိုပင်လှမ်းကြည့်လိုက်သေးသည်။


"အံ့အားသင့်စရာပဲ.."


MRI စစ်ဆေးရန်အတွက် ပြင်ဆင်နေစဥ် ဒေါက်တာဂျွန်ဆင်မှာ ကျူးထုန် ကနဦးကစမ်းသပ်ထားခဲ့သော သွေးပျစ်ခဲမှုစမ်းသပ်ချက်ရလဒ်ကိုရလာခဲ့သည်။ ၎င်းကိုကြည့်ပြီးနောက် သူလုံးဝမယုံနိုင်အောင်ဖြစ်သွားခဲ့ရ၏။


"သခင်လေးထုန်၊ မင်းရဲ့သွေးပျစ်ခဲမှုရလဒ်၊ အားလုံးက ပုံမှန်အခြေအနေပါပဲလို့ဖော်ပြနေတယ်၊ မင်းဘယ်လိုလုပ်လိုက်တာလဲ၊ ဒါက ဒီအတိုင်း...ဆေးပညာရပ်ရဲ့ အံ့ဩလောက်စရာဖြစ်ရပ်ပဲ.."(သွေးကျဲလို့လည်းပြောထားတယ်🥹)


ကျူးထုန်: "....."


သူက မျက်နှာထားမပြောင်းဘဲ နားရွက်ကိုသာပွတ်သပ်နေလေသည်။


သူ့မှာ ဆရာဝန်အခုလေးတင်ပြောလိုက်သည့် ရှုပ်ထွေးလှသော စကားလုံးတို့ကို ရှင်းပြချင်သော်လည်း ထိုသူ၏စိတ်လှုပ်ရှားသွားမှုကို သူနားလည်ပေးနိုင်ပါသည်။


ဆေးပညာရပ်တွင် ရှင်းပြရခက်သောအရာအားလုံးကို ဆေးပညာရပ်၏အံ့ဩဖွယ်ရာဖြစ်ရပ်များဟုသာ ခေါ်ဆိုကြလေ၏။


၎င်းက ရိုးရှင်းလှသောသွေးပျစ်ခဲမှုစမ်းသပ်ချက်လေးပင်ဆိုသော်လည်း အံ့ဩသွားရရန်လုံလောက်ပြီး ယခင်ကမြင်ခဲ့ရသမျှနှင့်ယှဥ်ကြည့်လျှင် ကျန်းမာရေးစစ်ဆေးချက်များက အောက်ဆုံးအမှတ်ကိုရောက်နေခဲ့သည်။


ကျူးထုန်က ဆရာဝန်ခမျာ သူ့အဘိုးထံ စစ်ဆေးချက်အဆင့်ဆင့်ကို အကဲပိုနေသောမျက်နှာနှင့် တရုတ်နှင့်အင်္ဂလိပ်ရောနေသောစကားလုံးများဖြင့် တင်ပြနေသည်ကိုကြည့်နေခဲ့သည်။ သူ့မျက်နှာထက်မှတည်ငြိမ်မှုကိုထိန်းထားသည်မှလွဲကာ ကျူးထုန်၏နှလုံးသားကမူ စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေခဲ့သည်။


ဒါပေမဲ့ ဒေါက်တာဂျွန်ဆင်ရဲ့ စကားအသုံးအနှုန်းက အရမ်းရှုပ်ထွေးတာပဲ။


ကျူးထုန်၏မျှဝေလိုသော ဆန္ဒတို့မှာ သူ့အားနောက်တကြိမ်ခြောက်လှန့်လာပြန်၏။ သူက ဖုန်းကိုခိုးပြီးထုတ်လိုက်ကာ ရှောက်မင်အတွက် အသံဖမ်းထားရန်စီစဥ်ထားလိုက်သည်။


ရလဒ်မှာ သူ WeChat ကိုဖွင့်လိုက်သည်နှင့် ဒေါက်တာဂျွန်ဆင်က အဘိုးနှင့်ဖုန်းပြော၍ပြီးသွားခဲ့သည်။


"....."


ကျူးထုန်က ဆရာဝန်ကိုကြည့်ကာပြောလိုက်ပါ၏။ 


"ဆရာ ထပ်ပြောပေးလို့ရမလား.."


ဂျွန်ဆင်၏မျက်နှာထက်မှစိတ်လှုပ်ရှားမှုတို့က လုံးဝပျောက်မသွားသေးပေ။ လူငယ်လေး၏တောင်းဆိုချက်ကိုကြားလိုက်ရသည့်အခါ သူအံ့ဩသွားခဲ့ရသည်။


 "မင်းကငါ့ကိုဘာထပ်ပြီးပြောစေချင်သေးလို့လဲ.."


"ဘာပဲဖြစ်ဖြစ်ရပါတယ်.." 

ကျူးထုန်ကထပ်ပြောလိုက်သည်။ 

"ကျွန်တော်က ဆရာ့ရဲ့ နားထောင်ကောင်းတဲ့တရုတ်စကားကို သူငယ်ချင်းဆီမှာဖွင့်ပြချင်လို့ပါ.."


ပြောပြောဆိုဆိုဖြင့် သူက အသံဖမ်းသည့်ခလုတ်လေးကိုဖိလိုက်သည်။


ဂျွန်ဆင်က သဘောပေါက်သွားခဲ့သည်။ တစ်ချက်တည်းဖြင့် နားလည်သွားသည့်အတိုင်း နောက်ပြောင်လေတော့၏။ 


"သခင်လေးထုန် မင်းကအချစ်မှာတောင်ပျော်ဝင်နေပြီလား၊ မင်းကဒါကို မင်းရဲ့ အချစ်ပါတနာဆီပို့ပေးတော့မယ်ပေါ့ ဟုတ်လား..."


"အချစ်မှာပျော်ဝင်နေပြီဆိုတာဘာစကားကြီးလဲ၊ စကားလုံးအမှန်က အချစ်ပါတနာမဟုတ်ဘူး၊ အဲဒါက..."


ကျူးထုန်မှာ ဆရာဝန်၏မှားယွင်းနေသောဝေါဟာရကို မရည်ရွယ်ဘဲအမှန်ပြင်ပေးလိုသော်လည်း တစ်ခုခုကိုနားလည်သွားသည်နှင့် သူလည်းနှုတ်ဆိတ်သွားတော့သည်။


ဘာ...သူဘာကိုထပ်ပြောလိုက်မိတာလဲ။


အချစ်ပါတနာတဲ့လား။


ဘယ်သူလဲ။


သူရှောက်မင်ဆီကိုဘာကြီးပို့လိုက်တာလဲ။


သူက ဖုန်းမျက်နှာပြင်ပေါ်မှ အောင်မြင်စွာပို့လိုက်ပြီးသောအသံဖိုင်ကိုဖွင့်ကြည့်လိုက်ပြီး အမြန်လေးပြန်ဖျက်ချင်ခဲ့သည်။ ရုတ်ချည်းပင် မျက်နှာပြင်ကပြောင်းသွားကာ ဖုန်းခေါ်နေမှုကဝင်လာလေ၏။


ကျူးထုန်၏ထိတ်လန့်သွားမှုနှင့် ပျာယာခတ်သွားမှုတို့က တမဟုတ်ချင်း အနည်းငယ်မျှငြိမ်သက်သွားခဲ့သည်။ ကျောက်တုံးက ၎င်းအပေါ်ကိုဖိချလိုက်သလိုပင်။


သူမျက်လွှာချကာ ဖုန်းကိုင်လိုက်ရသည်။ 


"ဟယ်လို အဖေ.."



🤒