Chapter 104
Viewers 18k

🤒အခန်း ၁၀၄




ကျန်းဝမ်က တွေ့နေကျလူချမ်းသာတို့၏ဇနီးများနှင့် အတူတူပင်ဖြစ်သော ချင်မန်ဝမ်နှင့် ကွာခြားလှသည်။ သူမက ဆယ်ကျော်သက်အရွယ်တည်းက ယောကျ်ားများစွာနှင့် ပြောဆိုဆက်ဆံဖူးကြောင်းကို ကျူးရှို့ရှန်းအနောက်မှနေ၍ ကျူးမိသားစုဗီလာထဲသို့ လိုက်ဝင်လာပုံအား ကြည့်ခြင်းဖြင့် သိနိုင်လေသည်။ သူမတွင် သူမ၏ သခင်မလေးဟူသည့်ဂုဏ်ပုဒ်နှင့်လိုက်ဖက်ညီသော သိက္ခာနှင့် ယဥ်ကျေးသိမ်မွေ့မှုတို့လည်းပျောက်ဆုံးနေလေသည်။ သူမက လက်ထဲတွင် ဖိုင်ခေါက်တစ်ခုကိုကိုင်ထားရင်း ဆိုဖာပေါ်တွင်ခြေထောက်ချိတ်ကာဝင်ထိုင်လာလေ၏။


ကျူးရှို့ရှန်းက အစေခံကို ဧည့်သည်အတွက်လက်ဖက်ရည်ယူလာခိုင်းခဲ့ပြီး ကျန်းဝမ်ဘေးရှိဆိုဖာပေါ်တွင်ထိုင်ချလိုက်သည်။ သူမ၏ စီးပွားရေးဆန်သောအပြုအမူကိုမြင်ရသည့်အခါ သူကမျက်လုံးတို့ကိုအသာမှေးလိုက်ရင်း ဆိုလေသည်။ 


"ကျွန်တော်သိထားတဲ့အတိုင်းဆိုရင် မမလေးကျန်းက ဒီကို ကိုယ်ရေးကိုယ်တာအတွက် လာခဲ့တာပါ.."


ကျန်းဝမ်က သူမစကပ်ကိုသပ်ရပ်သွားအောင်ပြင်ကာ ဖွဖွလေးပြုံးပြလာလေသည်။ 


"သူဌေးကျူးကတော့နောက်နေပြန်ပါပြီ၊ ကျွန်မတို့လိုမိသားစုထဲမှာ ကိုယ်ရေးကိုယ်တာဆိုတာမျိုး ရှိလို့လား..."


"....."


ကျူးရှို့ရှန်းကြည့်နေစဥ်မှာပင် ဖိုင်အခေါက်လေးက သူထံသို့တိုက်ရိုက်ရောက်လာခဲ့သည်။


ကျန်းဝမ်: "ဒါက A မြို့တလျှောက်က ကုန်သွယ်ရေးပရောဂျက်ပါ၊ ကျွန်မဘက်ကစေတနာပါ၊ အရင်ဆုံးကြည့်လိုက်ပါဦး..."


ကျူးရှို့ရှန်းကလည်း တုံ့ဆိုင်းနေခြင်းမရှိပေ။


သူမက ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ကြောင်းပြောလာတည်းက သူ့ဘက်မှလည်း အလုပ်ကိစ္စပြောမည့်ပုံစံမျိုးကိုပြသသင့်သည်။


သူက စာရွက်စာတမ်းတို့ကိုလှန်နေစဥ်မှာပင် လူတစ်ယောက်က သူ့ဘေးနားသို့ လက်ဖက်ရည်ယူလာပေးလေသည်။


"မမလေး သုံးဆောင်ပါ..."


ကျန်းဝမ်က ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး လက်ဖက်ရည်ခွက်ယူတော့မည့်အချိန်၌ လက်ဖက်ရည်လာပေးသူကို မြင်လိုက်ရသည်။


သူမက တခဏမျှတုံ့ဆိုင်းသွားခဲ့ကာ ညင်သာစွာဖြင့်ပြုံးလိုက်လေ၏။


 "ဒါက...သခင်မကျူးများလား..."


ချင်မန်ဝမ်မှာ ထိုသူကသူမကိုသိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက တဒင်္ဂမျှအံ့အားသင့်သွားခဲ့ပြီး သူမမျက်လုံးထဲမှ ထိန်းချုပ်ရခက်ခဲသောအံ့ဩမှုတို့က ဖျတ်ခနဲပေါ်လာခဲ့လေသည်။ သူမက တုံ့ပြန်ဖြေကြားလိုက်လေ၏။ 


"မမလေးကျန်းက ကျွန်မကိုသိတာလား..."


ကျန်းဝမ်ကလည်းပြန်မေးလေသည်။ 


"သခင်မကျူးကလည်း ကျွန်မကိုသိနေတာပဲမလား..."


"......"


သူမအသံက ဖော်ရွေပုံမရပေ။


ကျန်းဝမ်က ထက်မြက်သူဆိုသော်လည်း အောင်မြင်ကျော်ကြားမှုကိုလိုက်ရှာနေသူမဟုတ်သလို အကြွားသန်သူလည်းမဟုတ်ပေ။ ကျူးရှို့ရှန်းက ချင်မန်ဝမ်ကို မည်သည့် အရေးကြီးပွဲအခမ်းအနားများတွင်မှ ခေါ်လာတတ်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူ၏စိတ်ထဲတွင် သူမကဲ့သို့သောလူမျိုးက ဂုဏ်သရေရှိပွဲများနှင့်လိုက်ဖက်ညီမှုမရှိဟု ယုံကြည်ထားသောကြောင့်ပင်ဖြစ်လေသည်။


ချင်မန်ဝမ်က ကျန်းဝမ်ကိုဘယ်လိုသိတာလဲ။


ကျူးရှို့ရှန်းမှာ ကနဦးက ဂရုစိုက်ခြင်းမရှိခဲ့သော်လည်း ယခုတော့ ချင်မန်ဝမ်ကို ဆတ်ခနဲကြည့်လိုက်သည်။


ချင်မန်ဝမ်မှာ တခဏမျှအံ့ဩသွားရပါသော်လည်း မျက်နှာပေါ်မှ တည်ငြိမ်မှုက ဆက်လက်တည်ရှိနေရင်းပြန်ဖြေလိုက်လေ၏။ 


"ကျွန်မ မမလေးကျန်းကို သိနေတာက အံ့ဩစရာမဟုတ်ပါဘူး၊ သခင်မဟယ့်နဲ့အခြားသူတွေက နေ့လည်ခင်းလက်ဖက်ရည်သောက်ချိန်ဆိုရင် မမလေးအကြောင်းကိုထည့်ပြောနေကျလေ၊ မမလေးရဲ့ ငယ်ရွယ်မှုနဲ့အောင်မြင်မှုကို တော်တော်များများကအားကျနေကြတာ.."


ကျန်းဝမ်: "ကျွန်မလည်း သခင်မကျူးကိုသိနေတာကမဆန်းပါဘူး၊ ကျွန်မလည်း မကြာသေးခင်က ချင်ကျွင်းဟုန်နဲ့ ဘားမှာဆုံဖူးတယ်လေ..."


ချင်မန်ဝမ်မှာ ခဏတာမျှတောင့်တင်းသွားလေ၏။


ကျူးရှို့ရှန်းက ရုတ်ချည်းမျက်မှောင်ကြုတ်လိုက်ကာ သူ့စိတ်အခြေအနေကို ငြိမ်သက်သွားအောင်ထိန်းညှိလိုက်ရင်း မေးနေကျအတိုင်းသာမေးလိုက်သည်။ 


"တကယ်လား၊ ကံကြမ္မာပဲနော်၊ မမလေးကျန်းနဲ့ကျွင်းဟုန်က သူငယ်ချင်းတွေဖြစ်နေကြပြီလား.."


"သူငယ်ချင်းလုပ်ဖို့အကြောင်းပြောရင်တော့မဖြစ်နိုင်ပါဘူး..." 

ကျန်းဝမ်က ရှင်းပြလာလေသည်။ 

"ဒါပေမဲ့ ပြောရရင်တော့ ကျွန်မလည်း သခင်လေးကျူးကို သိခွင့်ရခဲ့တယ်လေ၊ အားလုံးသူ့ရဲ့ကျေးဇူးတွေပါပဲ..."


ကျူးရှို့ရှန်း: "....."


သူ့နှလုံးက အေးခဲသွားခဲ့ကာ ချင်မန်ဝမ်ကို တစ်ချက်ခန့်ကြည့်လိုက်ပြီးမှကျန်းဝမ်ဘက်သို့ပြန်လှည့်ကာ မေးလိုက်လေသည်။ 


"အဲဒီစကားကဘာကိုဆိုလိုတာလဲ မမလေးကျန်း.."


ကျန်းဝမ်ကလက်ဖက်ရည်တစ်ငုံသောက်ကာ ပြုံးပြီးဖြေလာလေသည်။ 


"ဘာမှမဟုတ်ပါဘူး၊ သူကဘားမှာသောက်ရင်း ရုတ်တရက်ကြီး သူ့ညီလေးအကြောင်းကို ထုတ်ပြောလာတယ်လေ၊ သူ့ဓာတ်ပုံကိုလည်းပြတယ်၊ သခင်လေးကျူးက အရမ်းတော်တယ်ဆိုပြီးချီးကျူးနေတာ၊ ကြည့်ရတာ သူ့ညီလေးကိုတော့တကယ်သဘောကျပုံပါပဲ.."


"....."


သူမက ပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း သူမ၏စကား၏နောက်ကွယ်တွင် အချို့သောအရာများကိုသွယ်ဝိုက်ဖော်ပြထားမှန်း သိသာနေလေသည်။


ကျန်းဝမ်က A မြို့တွင် လူသိများသောပုံရိပ်ရှိပြီး သူမနှင့်ပတ်သက်သော ကောလဟလအချို့မှာလည်း အထက်တန်းအသိုင်းအဝိုင်းတွင် ပျံ့နှံ့နေခဲ့သည်။ လူတစ်ယောက်က သူမအရှေ့တွင် ကိုယ့်ညီပုံပြကာ ထိုသူနှင့်ပတ်သက်၍ ချီးကျူးသည်က ထိုသူ၏ရည်ရွယ်မှာ ပုံမှန်မဟုတ်ကြောင်းကို သိနိုင်သည်ပင်။


ကျူးရှို့ရှန်းမျက်နှာက အနည်းငယ်ရုပ်ဆိုးသွားခဲ့သည်။


ချင်မန်ဝမ်မှာ ပျာယာခတ်သွားရ၏။


သူမက ဤ ဒဏ္ဍာရီလာအမျိုးသမီးကိုချဥ်းကပ်ရန် သူမကိုယ်သူမနှိမ့်ချပြီး လက်ဖက်ရည်နှင့်ဧည့်ခံခဲ့ရသော်လည်း ဤပုဂ္ဂိုလ်၏သူမအပေါ်သဘောထားက ထူးဆန်းနေခဲ့သည်။ ခင်မင်သည့်ပုံစံပြထားပြီး သူမနှင့်သူမသားက နောက်ကွယ်တွင်အကြံအစည်ရှိနေသည်ဟု မသိမသာပြောနေသလိုပင်။


သူဘယ်တုန်းက ဒီမိန်းမကို ရန်စမိဖူးလို့လဲ။ မဟုတ်မှ ချင်ကျွင်းဟုန်ကပဲ လုပ်လိုက်တာများလား။


သူမပင်စကားမပြောရသေးခင် ကျူးရှို့ရှန်းက သူမဘက်သို့လှည့်ကာ အေးစက်စက်လေသံဖြင့်ပြောလိုက်လေ၏။ 


"မင်းကဒီမှာဘာလုပ်နေသေးတာလဲ၊ မင်းအခန်းကိုပြန်တော့လေ..."


"ကျွန်မ..."


ချင်မန်ဝမ်မှာ ရှင်းပြချင်သေးလင့်ကစား ရွှံ့ရေတို့ကိုမွှေနှောက်ပြီးသောကျန်းဝမ်က လက်ဖက်ရည်ကို အေးအေးလူလူသောက်နေသည့်ပုံစံအားကြည့်လိုက်ပြီး သူမနှလုံးသားကအေးစက်သွားလေ၏။ သူမက အံကြိတ်ပြီး လှည့်ထွက်လာလိုက်သည်။


ကျန်းဝမ်က အလျင်မလိုစွာဖြင့် လက်ဖက်ရည်ခွက်ကို ကော်ဖီစားပွဲပေါ်မှလင်ဗန်းအသေးလေးထဲသို့ ပြန်ထည့်လိုက်ပြီး မှတ်ချက်ပေးလိုက်ပြန်သည်။ 


"သခင်မကျူးက လက်ဖက်ရည်ဖျော်တာ အရမ်းကျွမ်းကျင်တာပဲ..."


ကျူးရှို့ရှန်း: "......"


အသိုင်းအဝိုင်းကြီးတဲ့မိသားစုနဲ့လက်ထပ်ထားတဲ့ စည်းစိမ်ရှိအမျိုးသမီးက လက်ဖက်ရည်ဖျော်တဲ့အသေးအဖွဲကိစ္စလေးတွေတောင် ကိုယ်တိုင်လုပ်ပေးသတဲ့လား။ ချင်မန်ဝမ်ကနောက်ကွယ်မှာ အကြံအစည်တစ်ခုရှိနေတာလား။ ဒါမှမဟုတ် သူက သူ့မိန်းမကို နှိမ်ထားတယ်လို့ပြောချင်တာလား။


ကျူးရှို့ရှန်းမှာ ရုတ်တရက်ကြီး ထိုသူ၏ရည်ရွယ်ချက်ကို နားမလည်နိုင်အောင်ဖြစ်သွားခဲ့သည်။


လက်ဖက်ရည်ခွက်ကိုချလိုက်ပြီးသည့်နောက် ကျန်းဝမ်ကပြောလိုက်၏။ 


"ဘယ်လိုထင်လဲ သူဌေးကျူး၊ ကျွန်မအစီအစဥ်က နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့်အကြံပဲမလား၊ ဒီကုန်သွယ်မှုမှာ ရှင့်ဘက်ကနစ်နာစရာမရှိပါဘူး၊ ပြီးတော့ သခင်လေးလင်းရောပဲပေါ့.."


ကျူးရှို့ရှန်းက စဥ်းစားရခက်နေသည့်နှယ် မျက်မှောင်အသာကျုံ့ထားလေသည်။


ကျန်းဝမ်က မလောနေပေ။ 


"သူဌေးကျူး ဖြည်းဖြည်းချင်းစဥ်းစားပါ၊ ပြီးတော့ သခင်လေးကျူးကလည်း ပြန်မလာသေးဘူးမလား..."


သူမက မည်သည့်သဘောမှမပါသည့်အတိုင်း ဗီလာကိုလျှောက်ကြည့်နေလေသည်။


ကျူးထုန်ကပြန်မလာသေးသလို သူ့အမြွှာညီမကလည်း ပြန်မလာသေးပေ။


သူမကလက်ဖက်ရည်ခွက်ကို နောက်တကြိမ် မြှောက်လိုက်ပြန်ကာ သူမမျက်လုံးထဲမှ ထေ့ငေါ့ချင်နေမှုဝိုးတဝါးတို့ကို ဖယ်ထုတ်ပစ်လိုက်လေသည်။


'သူ့ကလေးနှစ်ယောက်လုံးကအိမ်ပြန်မလာသေးဘူး၊ ပြီးတော့ ဖခင်ဖြစ်တဲ့ကျူးရှို့ရှန်း လုပ်လိုက်တာက... ကျရှုံးသွားတာပဲ'


ကျူးရှို့ရှန်းက စာရွက်စာတမ်းများကိုကြည့်ပြီး တွေးတောနေစဥ်မှာပင် ဖုန်းကရုတ်တရက်အသံမြည်လာ၍ ထုတ်ကြည့်လိုက်လေသည်။


[သူဌေးကျူး၊ သခင်လေးထုန်က လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲ A မြို့ကိုပြန်တဲ့လေယာဥ်ပေါ်ကိုတက်သွားပါပြီ]


ကျူးရှို့ရှန်း: "......"


__________


လေယာဥ်မထွက်ခွာခင် ကျူးထုန်က ရှောက်မင်ထံစာပို့လိုက်သည်။


ရှောက်မင်က လေဆိပ်ထဲမှာပဲရှိသေးတာများလား။


မဟုတ်လောက်ပါဘူး။ ကားစီးပြီးပြန်လောက်ပါပြီ။


မမျှော်လင့်ဘဲ ဤတစ်ကြိမ်သူလေယာဥ်ပေါ်တက်လာချိန်တွင် သူ့အဘိုးလွှတ်လိုက်သောလူအပြင် သူ့အားလိုက်ပို့ပေးကြသော အခြားသူများလည်းရှိနေခဲ့သည်။


သူလေယာဥ်ပေါ်မတက်မီအထိ အလွန်ပျော်နေခဲ့၏။


ဒါပေမဲ့ သူလေယာဥ်ပေါ်မတက်မီ ရှောက်မင်ပြောလိုက်တဲ့လျို့ဝှက်ချက်က ဘာလဲ။

ဘယ်လိုလျို့ဝှက်ချက်မလို့ သူပြန်လာတဲ့အထိစောင့်ခိုင်းတာလဲ။


ကျူးထုန်မှာ လေယာဥ်မထွက်ခွာရရသေးခင်မှာပင် ပြန်ဆင်းချင်စိတ်ဖြစ်လာခဲ့သည်။


သူသက်ပြင်းချလိုက်သည်။ ထိုအခိုက်မှာပင် သူ့ဖုန်းက ရုတ်ချည်းတုန်ခါလာခဲ့သည်။ အားလုံးက ရှောက်မင်ပို့လာသော မက်ဆေ့ချ်အတွဲလိုက်ကြီးပင်ဖြစ်လေ၏။


[ကိုယ်လေဆိပ်အပြင်ကနေ မင်းစီးသွားတဲ့လေယာဥ်တက်သွားတာကိုကြည့်နေမယ်]


[ရောက်ရင်စာပို့လိုက်နော်]


[မင်းပြန်လာတာကိုစောင့်နေမယ်]


'မင်းပြန်လာတာကိုစောင့်နေမယ်....'


ကျူးထုန်မှာ နွေးထွေးသွားသောနှလုံးသားဖြင့် ထိုစကားလုံးတို့တမြုံ့မြုံ့ခံစားနေလိုက်သည်။


"သခင်လေး၊ ဖုန်းပိတ်သင့်ပါပြီ.."


ကျူးထုန်မှာ "အိုကေ" ဟု အမြန်လေးစာရိုက်လိုက်ချင်သည့်တိုင် သူ့လက်က အလျင်လိုနေသောကြောင့် တုန်သွားခဲ့သည်။


လေဆိပ်အပြင်မှ ရှောက်မင်မှာ တကယ်မပြန်ရသေးပေ။ သူက အဝင်ဝတွင်ရပ်နေရင်း ကျူးထုန်ထံမှစာပြန်ရောက်လာခဲ့သည်။


[o] ဆိုသောစာလုံးလေးတစ်လုံးတည်းသာ။


တဖက်လူက အချိန်ကုန်သွားပြီကို သူသဘောပေါက်လိုက်သည်။ မဟုတ်ပါက ကျူးထုန်လိုသတိထားတတ်သူမှာ ယခုလို တိုပြတ်ပြတ်ပြန်ဖြေလာမည်မဟုတ်ပေ။


သူက လေထဲသို့ နောက်တကြိမ်မော့ကြည့်လိုက်သည်။ အပြောကျယ်သောကောင်းကင်ပြင်တွင် လေယာဥ်တစ်စင်းထွက်ခွာသွားသည်ကိုမြင်လိုက်လေ၏။


သူက A မြို့သို့ပျံသန်းသွားသောလေယာဥ်ကိုကြည့်နေရင်း တွေးနေမိသည်။ 


'သူပြန်လာရင် ငါဘာကိုရင်ဆိုင်ရမှာလဲ'


'ငြင်းခံရမှာများလား'


ပထမဆုံးအနေဖြင့် ရှောင်မင်မှာ သူတစ်ကြိမ်မှ မစတင်ခဲ့ဖူးသောအစီအစဥ်အတွက် ကြိုတင်ပြင်ဆင်ထားနေမိသည်။ မည်သည့်ရလဒ်ထွက်လာမည်ကို သူလည်းမသိပေ။


ကောင်းပြီ။ သူသာ ကျရှုံးသွားရင် ပိုပြီးကြိုးစားရမှာပေါ့။


________



ကျူးထုန်က သူ့ကိုလာကြိုဖို့ရာ မည်သူကိုမှအသိမပေးဘဲ A မြို့သို့ပြန်ရောက်လာခဲ့သည်။ သို့ရာတွင် သူလေယာဥ်ပေါ်မှဆင်းလိုက်သည်နှင့် လေဆိပ်တွင် သူ့အားလာကြိုနေသူတစ်ယောက်ရှိနေသည်ကိုမြင်လိုက်ရ၏။


ကျူးရှင်းက ဂိတ်ဝမှထွက်လာသူက သူမစောင့်နေသူ၏မျက်နှာဖြစ်ကြောင်းသေချာသွားသည်နှင့် လှမ်းအော်လိုက်သည်။


 "ကော.."


ကျူးထုန်က လှမ်းကြည့်လိုက်ပြီး လူတစ်ယောက်ကသူ့အားလက်ယမ်းပြနေသည်ကိုမြင်လိုက်ရသည်။ သူက တခဏမျှင်မှင်သေသွားပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ခပ်သုတ်သုတ်လျှောက်သွားလိုက်၏။


"နင်ကဘာလို့လာရတာလဲ..."


"နင့်ကိုလာကြိုတာပေါ့ဟ.." 

ကျူးရှင်းက သူ့ကိုမြင်သည်နှင့် ယခင်အတိုင်း သွက်လက်တက်ကြွစွာဖြင့် စောကဒတက်လာလေ၏။ 

"ကော နင်ကအရမ်းလွန်တာပဲ၊ A မြို့ကိုပြန်လာမယ်ဆိုတဲ့အကြောင်း ငါ့ကိုတောင်မပြောဘူး၊ နင်ဒီနေ့ပြန်လာမယ်ဆိုတာ ငါသိတောင်မသိခဲ့ဘူး.."


ကျူးထုန်မှာတောင်းပန်လိုက်ရသည်။ 


"ငါပြန်လာတာနဲ့နင့်ကိုပြောဖို့စီစဥ်ထားခဲ့ပါတယ်.."


သူက အခြားသူများကို အနှောင့်အယှက်မပေးတတ်ပေ။ အခြားသူများကို စောင့်နေပေးရန်ပြောမည့်အစား သူပြန်ရောက်လာမှအသိပေးတတ်သည်။


ကျူးရှင်းက သူ့အကြောင်းကိုသိနေ၍ အပြစ်မတင်တော့ပေ။


ယင်းအပြင် ယခုသူမက သူမအစ်ကိုကိုတွေ့လိုက်ရပြီဖြစ်၍ ပျော်နေခဲ့သည်။ ထို့ကြောင့် သူ့ကိုအပြစ်မတင်ပေ။


သူမက ကျူးထုန်၏လက်မောင်းကိုဖက်ထားပြီး ဦးလေးလျိုကိုတွေ့သည့်အခါ လှည့်ပြီးနှုတ်ဆက်လိုက်သည်။


 "ဟယ်လို၊ ဦးလေးလျို..."


ဦးလေးလျိုက စိတ်အေးသွားသည့်ပုံဖြင့် ပြန်ဖြေ၏။ 


"ဟယ်လို မမလေး.."


သူက ဆယ်ကျော်သက်လေးနှစ်ယောက်ကို အရှေ့မှဦးဆောင်သွားစေလိုက်ပြီး ကျူးထုန်၏အိတ်ကိုသယ်ကာ အနောက်မှလိုက်လာရင်း လူငယ်လေးနှစ်ယောက် ဘေးချင်းယှဥ်ရပ်လျှောက်နေသည်ကိုကြည့်နေခဲ့သည်။


သူတို့က အမြွှာများဆိုသော်လည်း အကျင့်စရိုက်မူ လုံးဝကွာခြားလေသည်။


နှိုင်းယှဥ်ပြောရပါက မိန်းကလေးမှာ တက်ကြွကာပျော်ပျော်နေတတ်ပြီး ယောကျ်ားလေးကတည်ငြိမ်ပြီး ခန့်ညားလေသည်။


သခင်လေးသာကျန်းမာရေးကောင်းနေခဲ့ပါက မမလေး၏ယခုလိုပုံစံအတိုင်း တက်ကြွရွှင်လန်းနေလောက်သည်။


'နှမြောဖို့ကောင်းလိုက်တာ'


'ကျန်းမာရေးစစ်ဆေးချက်က ရလဒ်ကောင်းထွက်လာဖို့တော့မျှော်လင့်ပါတယ်'


ကုန်းရွှေစီရင်စုတွင် နေထိုင်ခဲ့ရသည့်အတောအတွင်

း သခင်လေး၏ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အနည်းငယ်ပြောင်းလဲလာပုံကို သူစောင့်ကြည့်နေခဲ့သည်။ အချိန်များကသာခွင့်ပြုပေးခဲ့မည်ဆိုလျှင် သခင်လေးက သေချာပေါက် အလွန်တရာမှကောင်းမွန်သောလူတစ်ယောက်အဖြစ် ရှင်သန်နိုင်ပေလိမ့်မည်။




🤒