Chapter 103
Viewers 18k

🤒အခန်း ၁၀၃




ရှောက်မင်မှာ ကျူးထုန် လုံးဝအိပ်ပျော်သွားသည်အထိ ခဏတဖြုတ်ငြိမ်နေလိုက်သည်။ ထို့နောက် ရဲတင်းစွာဖြင့်တဖက်လှည့်လိုက်သည်။ ဘေးမှပုဂ္ဂိုလ်လေး၏လည်ပင်းပေါ်သို့ လက်တင်လိုက်ပြီး သူ့ပုခုံး၏ဘေးဘက်သို့ချပေးလိုက်၏။ ထိုအခါမှသာ ကျူးထုန်အနေဖြင့် သူ့ဟာသူအေးဆေးသက်သာစွာ အိပ်စက်နိုင်လိမ့်မည်။


ကျူးထုန်ကငြိမ်းချမ်းစွာဖြင့် အိပ်ပျော်နေခဲ့သည်။ တဖက်သို့လှည့်သွားချိန်တွင် ခပ်တိုးတိုးမျှဟောက်လိုက်သေး၏။ မကြာမီမှာပင် နောက်တကြိမ်ငြိမ်သွားပြန်သည်။


နောက်ဆုံး၌ ရှောက်မင်မှာ လူငယ်လေးကိုနေရာချပေးလိုက်သည်။ နောက်ဆုံးတော့ သူ၏ခေါင်းကို ထိုသူ၏လည်ပင်းညှပ်ရိုးတွင် မြှုပ်ထားလိုက်ပြီး အထိအတွေ့လေးကိုခံစားလိုက်သည်။


လန်းဆန်းသောရှန်ပူအနံ့က နံဘေးတလျှောက်နှင့်သူ့နှာခေါင်းဝတွင် ငြိတွယ်နေခဲ့သည်။ ပိုးသတ်ဆေးအနံ့လိုပင်။ ထိုအနံ့က ကျူးထုန်မသုံးသည့်တိုင် သူ့ကိုယ်ပေါ်တွင်စွဲနေခဲ့သည်။


အနည်းငယ်ထူးဆန်းနေသော်လည်း ရှင်းပြရခက်စွာဖြင့် စွဲလန်းနေမိပြန်သည်။


ရှောက်မင်မှာ မသိစိတ်အလျောက် လက်တန့်ထုတ်လိုက်မိပြီး လက်ချောင်းထိပ်ဖျားလေးဖြင့် လိမ်ရစ်နေမိသည်။ သို့တစေ သူ့မျက်လုံးအတွင်းတွင်မူ ဆုံချက်မရှိပေ။


ကျူးထုန်၏ "တစ်နှစ်" ဆိုသောအဖြေကြောင့် သူ ကျူးထုန်နှင့်အကွာအဝေးတစ်ခုခြားထားရန်တွေးခဲ့ဖူးသည်။ 


အဘယ်ကြောင့်ဆိုသော် ယင်းက အဖြေမဟုတ်၍ပင်။


ကျူးထုန်သွားမည့်နေရာက သူဘယ်တော့မှမသွားချင်ခဲ့သည့်နေရာဖြစ်နေသည်။ ပတ်သက်မှုကို မြဲမြံစေခြင်းထက် အနာဂတ်တွင်အဆက်အသွယ်ဖြတ်ရန်ကြံရွယ်ထားခဲ့သည်။ အစတည်းက မပတ်သက်ခဲ့ပါက ပို၍ပင်ကောင်းလိမ့်မည်။


သို့ရာတွင် အခြေအနေတို့က ထပ်တလဲလဲ ထိန်းချုပ်ရခက်လာခဲ့သည်။ သူ့ဘက်မှထိုသူကိုချဥ်းကပ်နေမိပြီး ထိုသူကိုစိတ်ဝင်စားသွားကာ ချစ်မိသွားခဲ့သည်။ 


ကျူးထုန်သာ ဤနေရာတွင် တစ်နှစ်တည်းသာနေရန်စိတ်ပိုင်းဖြတ်ထားခဲ့သည်ဆိုပါက သူ...။


ရှောက်မင် ဆက်မတွေးတော့ပေ။ လူငယ်လေး၏ဆံပင်လေးများအပေါ်ကို နှာတံထိပ်လေးဖြင့်ပွတ်သပ်လိုက်သည်။ သူ့အသံကအပေါ်ယံဆန်သော်လည်း ညင်သာပျော့ပျောင်းနေခဲ့သည်။ 


"ကောင်းသောညပါ..." 


သူ တိုးတိုးလေးသာရေရွတ်လိုက်လေသည်။


***


နှစ်ရက်ကြာပြီးနောက် ဒဏ်ရာမှသက်သာလာပြီးသည့်အခါ ကျူးထုန် ကျောင်းပြန်တက်ခဲ့သည်။ သူအတန်းထဲသို့ဝင်လိုက်သည်နှင့် စိတ်လှုပ်ရှားစရာ "မြေအောက်စစ်ဆင်ရေး" သံပြိုင်သီချင်းကို အနက်ဖွင့်နေသော တတန်းလုံး၏ နွေးထွေးပြီးဂရုစိုက်မှုများနှင့်ဝမ်းသာအယ်လဲ ဆီးကြိုနှုတ်ဆက်မှုကိုရလိုက်လေ၏။ 


သူ့အနေဖြင့် သူတို့နှင့်မတွေ့ခဲ့ရသည်မှာ နှစ်ရက်ပင်ရှိသေးသည်။ သူခွင့်မတင်မီက သူတို့အသံများမှာ နတ်ဆိုးများ၏ သံပြိုင်အော်ဟစ်နေသံများနှင့်ခပ်ဆင်ဆင်တူနေခဲ့သည်။ ယခုမူ အလွန်တရာမှညီညာပြီး စည်းချက်တကျနှင့် နားဝင်ပီယံရှိလှလေ၏။


"ဒါတွေအကုန်လုံး လောင်အာ့ကိုကျေးဇူးတင်ရမယ်၊ လောင်အာ့က စင်ပေါ်မှာ ရှေ့ဆုံးကရပ်ပြီး သူတို့တစ်ခါဆိုပြတာကိုနားထောင်နေတဲ့ပုံစံ မင်းမမြင်လိုက်ရလို့၊ ကျစ်၊ သူ့မအီမလည်ဖြစ်နေတဲ့မျက်နှာကြီးကို မင်းမြင်ကြည့်သင့်တယ်.."


"လောင်အာ့မကြိုက်ဆုံးအရာက နင်ဖြစ်နေတဲ့အချိန်မှာတောင် မင်းကပြောရဲသေးတယ်နော်၊ ငါပြောသားပဲ၊ နင်ကသီချင်းရဲ့ပထမဆုံးစာသားကိုတောင်သေချာမဆိုနိုင်ပါဘူးဆို၊ ပြီးတော့ နင်ကမှားပြီးရင်းမှားနေတာ၊ အသံကိုမြှင့်ဆိုရတဲ့အချိန်ကျရင်နင်က 'ဟေး' ဆိုပြီးအော်တာလေ ဟုတ်တယ်မလား..."


လော့ရှိုးမှာ ကြွားမိသည်နှင့် အတန်းခေါင်းဆောင်ထံမှ အဆူခံလိုက်ရသည်။


ထျန်နွမ်၏ စိတ်ဆိုးနေသောအမူအရာကို အကဲခတ်ကြည့်ရပါက လွန်ခဲ့သောနှစ်ရက်အတွင်း သူမနားများက အတော်လေးဖျက်ဆီးခံထားရမှန်းသိနိုင်သည်။


ယခုလိုအဆူခံလိုက်ရလည်း လော့ရှိုးမှာ ရှက်မသွားပေ။ သူက ယုံကြည်ချက်ရှိစွာဖြင့်ပြောလိုက်သည်။ 


"ဟမ်၊ ငါတို့ကငယ်သေးတယ်လေ၊ အမှားတော့လုပ်မိတာပေါ့၊ ငါနင့်ကိုကတိပေးတယ် အတန်းခေါင်းဆောင်၊ ပြိုင်ပွဲကျရင် ငါသေချာဆိုမှာပါ၊ ငါက ငါတို့အတန်းကို မျက်နှာပျက်ရအောင် ဘယ်တော့မှမလုပ်ပါဘူး.."


ထျန်နွမ်က အလုံအလောက်သိမ်းသွင်းခံလိုက်ရကာ ဂုဏ်ယူနေသည့်မျက်နှာဖြင့်တုံ့ပြန်လိုက်၏။ 


"အဲဒီလိုမျိုးဖြစ်နေရမယ်.."


ပြောပြီးနောက် သူမက နောက်တခေါက်လှည့်ကြည့်လိုက်ပြန်သည်။ 


"ဒါနဲ့ ကျူးထုန်.."


သူမက စကားပြောမည်အပြုတွင် တစ်ခုခုမှားနေသည်ဟုခံစားလိုက်ရသည်။


သူမအနောက်မှကျူးထုန်မှာ မရှိတော့ပေ။


သူမက ရင်းနှီးနေသော စားပွဲခင်းကိုတစ်ချက်ကြည့်ကာ ထိုင်ခုံမှလူကိုပါကြည့်လိုက်သည်။ သူမက ဘေးမှခုံကိုလှည့်ကြည့်လိုက်ကာ အံ့ဩတကြီးပြောလာပါ၏။ 


"နင်တို့နှစ်ယောက်က ဘယ်အချိန်တည်းက ထိုင်ခုံပြောင်းလိုက်ကြတာလဲ.."


ယခုတော့ ကျူးထုန်က ပြတင်းပေါက်ဘေးတွင်ထိုင်နေလေသည်။


၎င်းအပြင် သူ့ခုံက ရှောက်မင်၏ခုံဖြစ်သွားခဲ့သည်။


ကျူးထုန်အတန်းထဲသို့ဝင်လာပြီးနောက်ပိုင်း သူ့ကိုလာနှုတ်ဆက်ကြသူများက သူ့အိမ်စာများကိုပေးကူးရန် ကြိုးစားပြီးခယလာခဲ့ကြသည်။ ကျူးထုန် ပြန်ရောက်လာသည့်အခါ သူတို့အဖေကိုတွေ့လိုက်ရသည့်အတိုင်း သူ့ခြေထောက်ကိုဖက်ထားကြကာ ငိုတော့မည့်အတိုင်းဖြစ်နေခဲ့ကြလေ၏။


ရှောက်မင်မှာ ၎င်း မိုးပေါ်မှကျလာသော "သားလေးများ" က ကျူးထုန်၏အိမ်စာကိုကူးရန်အတွက် မသိလုံးဝမသိတတ်သည့် ပြောစကားနားမထောင်သူများ ဖြစ်နေမည်ကို စိုးရိမ်သွားမိသည်။ ထိုသူတို့က ကျူးထုန်၏ ပတ်တီးအသစ်စည်းထားသောဒဏ်ရာကို မတော်တဆထိသွားကြနိုင်သည်။ သို့ဖြစ်၍ သူကထိုင်ခုံဖော်လေး၏ သက်တော်စောင့်ခွေးကြီးပမာ ထိုင်ခုံလဲထားရခြင်းဖြစ်လေ၏။


ထိုင်ခုံပြောင်းလိုက်မှ ပိုပြီးနားအေးသွားတော့သည်။


ရုတ်တရက် အတန်းခေါင်းဆောင်မေးလာ၍ ကျူးထုန်ကဖြေတော့မည့်အချိန် ရှောက်မင်ကကြိုပြီးဖြေပေးလာလေသည်။


 "အာ..ငါ့စိတ်ကူးပါ၊ လျှောက်လမ်းအနားကလေကို ရှူကြည့်ချင်လို့လေ..."


ထျန်နွမ်: "......"


'ငါ့စိတ်ထင်တော့နင်က ကျူးထုန်ရဲ့ခုံက လေကိုရှူချင်နေတာပါ'


ထျန်နွမ်က ကျူးထုန်ဘက်ကို ဖျတ်ခနဲကြည့်လိုက်သည်။ သူက ပြန်၍တည်ငြိမ်မသွားသေးသည်ကို မြင်တွေ့ရသည့်အခါ သူမဘက်မှထပ်မမေးတော့ပေ။ တိုက်ရိုက်သာပြောလိုက်လေသည်။ 


"နင့်ရဲ့အလွတ်ကျက်စွမ်းရည်ကဘယ်လိုလဲ၊ ငါတို့နဲ့တစ်ခါလောက်လိုက်ပြီးလေ့ကျင့်ပါလား.."


"မလိုဘူး၊ ငါတို့က..."


ရှောက်မင်မှာ ကျူးထုန်အနေဖြင့် ယခုချက်ချင်းအလွတ်ဆိုရန်မသင့်တော်သလို ထင်မြင်မိပြီး ငြင်းရန်လုပ်လိုက်သည်။ သို့သော်လည်း ကျူးထုန်ဘေးတွင်ချထားသောသူ့လက်က ရုတ်တရက်အဆွဲခံလိုက်ရပြီး လူငယ်လေးကသူ့စကားကိုကြားဖြတ်ပြောလိုက်သည်။ 


"ရတာပေါ့ အတန်းခေါင်းဆောင်..."


သူအတန်းပျက်ထားမှုက စာလေ့လာမှုကိုနှောင့်နှေးစေခဲ့သည်။ အလွတ်ရွတ်ပြခြင်းနှင့် သံပြိုင်သီချင်းသီဆိုခြင်းက သပ်သပ်စီဖြစ်ပြီး နှစ်ခုလုံးက သူလေ့ကျင့်ရမည့်အရာများဖြစ်နေသေးသည်။


ရှောက်မင်က အကိုင်ခံထားရသောလက်ကိုငုံ့ကြည့်လိုက်သည်။ သူက ၎င်းကို မျက်တောင်မခတ်ဘဲစိုက်ကြည့်နေခဲ့သည်။


ကျူးထုန်: "!"


သူကလည်းငုံ့ကြည့်ပြီး အလိုအလျောက် ရုန်းလိုက်မိ၏။


ရှောက်မင်က လက်ချောင်းများကိုယှက်ထားပြီး သူရှောင်ထွက်မသွားနိုင်အောင် တားဆီးလိုက်သည်။


ထျန်နွမ်မှာ သူတို့၏ တစ်ယောက်တစ်မျိုးအဖြေများကို စတင်ပြီးနှိုင်းယှဥ်လေ့လာနေလေသည်။ သူမက ရှောက်မင်ကိုကြည့်ကာပြောလိုက်၏။ 


"နင်လည်း နင့်ရဲ့လိမ္မာရေးခြားရှိတဲ့ ယောကျ်ားလေးအတန်းဖော်ဆီကသင်ပြီး အတန်းကိုဂုဏ်ဆောင်ပေးပါလား.."


ရှောက်မင်က ကျူးထုန်၏လက်ကိုညှစ်ကာ ပျော်ပျော်ကြီးခေါင်းညိတ်ပြလိုက်သည်။ 


"ဒါပေါ့ နောက်တစ်ခါကျရင် ရှေ့ဆုံးကနေ ငါအမှန်အတိုင်းဆိုပြမယ်.."


ထျန်နွမ်က သူ့အား မျက်လုံးလှိမ့်ပြလိုက်လေ၏။


သူက ဒီလူအကြောင်းကိုမသိလို့လား။ အမှားကိုဝန်ခံရဲပြီး စိတ်မပြောင်းဖို့ဆုံးဖြတ်ထားရင်ကိုရပြီ။


နှိုင်းယှဥ်ကြည့်ရပါက ကျူးထုန်ကသာ ကောင်းကင်ဘုံမှ အပို့ခံလိုက်ရသူဖြစ်လေ၏။


သို့သော်လည်း အနည်းဆုံးတော့ ကျူးထုန်မှာ ရှောက်မင်၏စိတ်အားထက်သန်မှုကို ဤမျှမြန်မြန် စုစည်းပေးနိုင်နေသေးသည်။ ယခင်ကဆိုလျှင် ရှောက်မင်မှာ မည်သည့်ကျောင်းတွင်းလှုပ်ရှားမှုမျိုးကိုမှပါဝင်ခဲ့သူမဟုတ်ပေ။


ဤမျှဖြင့်ပင် သူမစိတ်အေးရပါသည်။


စိတ်ခံစားချက်များစွာဖြင့် အတန်းခေါင်းဆောင်ထျန်က ခေါင်းကိုခါယမ်းပြီး ပြန်လှည့်သွားလေတော့သည်။


သူမ "လှည့်" သွားသည်နှင့် ကျူးထုန်ကချက်ချင်း သူတို့၏တွယ်ယှက်နေသောလက်တို့အပေါ် အာရုံရောက်သွားလေတော့သည်။ 


"မင်းက ဘာကိစ္စနဲ့ငါ့ကိုကိုင်ထားတာလဲ.."


ရှောက်မင်က ယခုနကပုံစံအတိုင်း မျက်နှာထားမပြောင်းပေ။ 


"မင်းကမှကိုယ့်ကိုအရင်လာဆွဲတာမဟုတ်ဘူးလား.."


ကျူးထုန်: "....."


သူကရှောက်မင်စကားကို ဖြတ်ပြောဖို့လုပ်ခဲ့တာလေ။


ဒါပေမဲ့ မလွှတ်ပေးတာကရှောက်မင်ပဲကို။


သူစိတ်ရှုပ်ထွေးလာရစဥ် ဘေးမှ "ဂျွတ်" ဆိုသောအသံကိုကြားလိုက်ရသည်။ အာလူးကြော်ပြားလေးက လော့ရှိုးပါးစပ်ထဲတွင် ကွဲသွားခဲ့ခြင်းဖြစ်ပါ၏။


လော့ရှိုးမှာ မည်သည့်နေရာမှ အာလူးကြော်ထုပ်ကိုဆွဲထုတ်လာမှန်းမသိပေ။ ထိုသူက ပုံမှန်အတိုင်းပင် ပါးစပ်ထဲမှအာလူးကြော်ကိုဝါးနေရင်း သူတို့နှစ်ယောက်၏ရောထွေးနေသောလက်ကို ကြည့်နေလေသည်။


ကျူးထုန်က သူကြည့်နေသည့်တလျှောက်ကို ငုံ့ကြည့်လိုက်သော်ငြား ရှောက်မင်၏လက်ကိုခါမထုတ်နိုင်ပေ။ သူက အလန့်တကြားဖြင့်ရှင်းပြလိုက်ရသည်။ 


"ငါတို့က..."


လော့ရှိုးက အေးအေးဆေးဆေးပင်ပြောလာခဲ့သည်။ 


"အော်၊ မင်းတို့ဆက်လုပ်ကြပါ၊ ငါမင်းတို့နှစ်ယောက်ကြားက ဆက်ဆံရေးအကြောင်းကိုသိပြီးသား၊ ငါ့ကိုအားနာမနေကြနဲ့.."


သူက သွားကောင်းနေသည်ဖြစ်ရာ ခွေးစာကိုလည်းမမှုပေ။


ကျူးထုန်မှာ ယခုလိုအဖြေမျိုးကိုပြန်ရလာလိမ့်မည်ဟုမထင်ထားခဲ့ပေ။ 


"ငါတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိလို့လဲ.."


သူတို့က ဒီအတိုင်း သာမန်အတန်းဖော်တွေပါ။


လော့ရှိုးလည်းမှင်သက်သွားလေသည်။ သူက ခပ်တည်တည်ဖြစ်နေဆဲ ရှောက်မင်ကိုကြည့်လိုက်ပြီး အသံကိုနှိမ့်ကာ ယဥ်ယဥ်ကျေးကျေးပင်ပြောလိုက်လေသည်။ 


"တစ်အိပ်ရာတည်းမှာအတူအိပ်ကြတဲ့ဆက်ဆံရေးလေ၊ ရပါတယ်၊ မင်ကောကငါ့ကိုပြောပြထားပြီးသား.."


မင်ကော အချစ်မှာပျော်ဝင်သွားကြောင်း သိရသည့် ပထမဆုံးနှင့်တစ်ဦးတည်းသောသူက သူတစ်ယောက်တည်းသာရှိသည်။ သူက တကယ်ကို မင်ကော၏အချစ်ဆုံးသူငယ်ချင်းပင်ဖြစ်လေ၏။


လော့ရှိုးက မသိမသာလေးကျေနပ်နေမိသည်။


ကျူးထုန်ကမူ စိတ်ရှုပ်ထွေးနေ၏။ ရှောက်မင်က သူတို့အတူအိပ်ခဲ့ကြသည့်အကြောင်းကို အခြားလူထံပြောပြလိမ့်မည်ဟုမထင်ထားခဲ့ပေ။ သူကပြောလိုက်သည်။


"တစ်အိပ်ရာတည်းအတူအိပ်ခဲ့ရတာငါ့ကြောင့်ပါ၊ ငါကနေမကောင်းတော့ သူကငါ့ကိုဂရုစိုက်ပေးချင်တယ်တဲ့.."


"ငါသိပါတယ်.." 

လော့ရှိုးက ခပ်ပေါ့ပေါ့သာတုံ့ပြန်လေသည်။

 "ငါနားလည်တယ်.."


ဒဏ်ရာရထားပြီး လှုပ်ရှားရန်မသင့်တော်ပေ။ ကျူးထုန်မှာ နေ့စဥ်ဘဝအတွက် စောင့်ရှောက်ပေးရန် လူတစ်ယောက်လိုအပ်နေသည်။ လော့ရှိုးမှာလည်း ငယ်ရွယ်သေးသောစုံတွဲများ မကြာခဏလုပ်ဆောင်သင့်သောအရာများကိုသိထားလေ၏။


ကျူးထုန်: "......"


ကောင်းရော။ လော့ရှိုးက သူ့ဒဏ်ရာအကြောင်းကိုတောင်သိတယ်။


သို့တစေ လော့ရှိုးနားလည်ထားသည့်အရာက သူအခြားသူများကိုနားလည်စေချင်သည့်အရာနှင့်ကွဲလွဲနေသည်ဟု အမြဲခံစားရသည်။


သူမရှင်းပြရသေးခင် လော့ရှိုးမှာ ရှောက်မင်ထံမှကန်ထုတ်ခံလိုက်ရသည်။ 


"မင်းကအကြောင်းစုံတောင်သိနေပြီးမှတော့ ဒီကနေသွားတော့လေ.."


လော့ရှိုးက တောက်ခေါက်လိုက်ပြန်သည်။ 


"သူငယ်ချင်းကိုမေ့ပြီပေါ့၊ ကောင်..."


သူစကားပင်ဆုံးအောင်မပြောရသေးခင် ရှောက်မင်က နောက်တစ်ကြိမ် ခြေထောက်မြှောက်လိုက်၍ ထွက်ပြေးသွားလေတော့၏။


ကျူးထုန်မှာ ခေါင်းရှုပ်နေဆဲဖြစ်လေသည်။ လော့ရှိုး သူ့ခုံရှိရာသို့ပြန်သွားချိန်တွင် ရှောက်မင်ကိုထပ်ကြည့်လိုက်သည်။


ရှောက်မင်က ချောင်းဟန့်ကာပြောလိုက်၏။


 "သူလေနဲ့လွင့်သွားတာပါ၊ အာရုံထားမနေနဲ့ မင်းကျောကဘယ်လိုနေသေးလဲ.."


ကျူးထုန်က တမဟုတ်ချင်း အာရုံပြောင်းသွားခဲ့သည်။ သူကခေါင်းယမ်းပြကာတုံ့ပြန်လိုက်၏။ 


"ရပါတယ်၊ သက်သာခါနီးနေပါပြီ.."


ရှောက်မင်ကမေးလိုက်ပြန်၏။ 


"စကားပြောလို့ရောအဆင်ပြေလား.."


ကျူးထုန်၏ကျောပေါ်မှဒဏ်ရာက အဆုတ်နားတွင်ဖြစ်နေခဲ့သည်။ သူအသက်ပြင်းပြင်းရှူလိုက်တိုင်း ဒဏ်ရာထားသောကျောပေါ်မှကြွက်သားများက နာကျင်လာတတ်၏။


သူစိတ်ပူနေသည်ကိုသိသောကြောင့် ကျူးထုန်ကပြုံးပြရှာသည်။ 


"တကယ်ပိုကောင်းလာပါပြီ၊ ဆရာဝန်ကလည်း အဆင်ပြေသွားပြီလို့ပြောသွားတာပဲကို.."


အနာကျက်သွားပြီဖြစ်၍ မည်သည့်ဆေးမှမလိုအပ်တော့ပေ။


ရှောက်မင်ကမူ စိုးရိမ်နေဆဲဖြစ်လေသည်။ သို့ရာတွင် ထိုသူက ညှိနှိုင်းသေးသည်။


 "ဒါဆိုလည်းပြီးတာပဲ၊ နေ့ခင်းကျရင် သူတို့နဲ့ နှစ်ခါလေ့ကျင့်ခွင့်ပေးမယ်.."


ကျူးထုန်က မနေနိုင်တော့ဘဲ ပြုံးလိုက်လေ၏။ သူတို့က မည်သည့်ပတ်သတ်မှုမျိုးရှိနေပြီး သူကဘာကြောင့် ရှောက်မင်၏ခွင့်ပြုချက်ကိုလိုနေကြောင်း၊ လော့ရှိုး အခုလေးတင်ပြောလိုက်သောစကားကို ဖြည်းဖြည်းချင်းတွေးမိပြီး မေးကြည့်ချင်လာသည်။ ရုတ်တရက်ပင် သူ့နားကအနည်းငယ်ပူလာကာ ဘာကိုမှမပြောနိုင်တော့ပေ။


သူက တောင့်တောင့်ကြီးထိုင်နေမိသည်။ 


"လက်..လွှတ်လိုက်တော့၊ ငါစာမေးပွဲအစမ်းမေးခွန်းတွေ ဖြေကြည့်ရဦးမယ်.."


"......"


ရှောက်မင်ကခေါင်းငုံ့ပြီး သူတို့၏တွယ်ချိတ်နေဆဲလက်တို့ကိုငုံ့ကြည့်လိုက်သည်။ သူက လက်မြှောက်လိုက်ကာ လက်ချောင်းတို့ကိုမဖြည်ပေးခင် နောက်ဆုံးတကြိမ်ညှစ်လိုက်သေးသည်။


လက်မှလွတ်သွားသည်နှင့် ကျူးထုန်မှာ ချက်ချင်းလက်ပြန်ရုတ်လိုက်သည်။ ရှောက်မင်ဆွဲလိုက်သောနေရာမှ ပြင်းပြသည့်ပူလောင်မှုကိုသာခံစားနေရလေသည်။


နေ့လည်ခင်း သီချင်းတိုက်သည့်အချိန်တွင် သံပြိုင်သီဆိုကြသည့်အခါ ချောမွေ့သွားခဲ့သည်။


လွန်ခဲ့သောရက်အနည်းငယ်က ကျောင်း၏ အသံလေ့ကျင့်ရာဌာနတွင် သီချင်းတိုက်ခဲ့ကြသည်။


တန်းခွဲသုံးမှကျောင်းသားများက အတန်းယူနီဖောင်းကိုဝတ်ထားကြပြီး သူတို့လိုချင်သည့်ပုံစံအတိုင်း အညီအညာရပ်နေကြလေ၏။


သံပြိုင်သီဆိုကြသည့်အခါ ထျန်နွမ်မျှော်လင့်ထားသည့်အတိုင်း အတိအကျပင်။ "တန်းခွဲသုံးအုပ်စု" မှ ဆရာကြီးနှစ်ယောက်ဝင်လာသည်နှင့် ပရိသတ်ကို မွှေနှောက်ပစ်လိုက်ကြသည်။


သို့သော်လည်း အကဲဖြတ်အမှတ်ပေးသော ဆရာများက မျက်နှာချောချောလေးများကြောင့်နှင့် ရင်ခုန်စိတ်လှုပ်ရှားသွားခြင်းမျိုးမရှိကြပေ။ နောက်ဆုံးတော့ သူတို့သီချင်းဆိုရာတွင် တတိယနေရာရအောင်လုပ်နိုင်ခဲ့ကြသည်။


ကျူးထုန်ကစီစဥ်ထားသည့်အတိုင်း ပိတ်ရက်တွင်ပြန်သည့်အခါ ရှောက်မင်ကသူ့အား E မြို့လေဆိပ်သို့လိုက်ပို့ပေးခဲ့သည်။


လေယာဥ်ပေါ်မတက်ခင် ရှောက်မင်ကသူ့ကိုပြောလိုက်၏။ 


"မင်းပြန်လာတဲ့အခါ ကိုယ်မင်းကိုလျှို့ဝှက်ချက်တစ်ခုပြောပြမယ်.."


ကျူးထုန်က သိချင်စိတ်ဖြင့်ပြန်မေးလိုက်သည်။ 


"ဘာလျှို့ဝှက်ချက်လဲ၊ အခုပြောပြ..."


ရှောက်မင်က မျက်ခုံးပင့်ကာပြန်ဖြေလိုက်၏။ 


"အလုပ်ဖြစ်မှာမဟုတ်ဘူးနော်၊ သိချင်ရင် စောစောပြန်လာခဲ့..."


ကျူးထုန်: "....."


သူက ဆေးစစ်ဖို့ပြန်တာလေ။ မကြာပါဘူး။


သူပြောချင်သည့်စကားရှိနေသေးသည်။ သို့သော် ဦးလေးလျိုက လက်မှတ်ကောင်တာကိုသွားရန် တိုက်တွန်းနေလေ၏။


ကျူးထုန်က ကယ်ရာမဲ့သွားလေရာ သိချင်စိတ်တို့ကိုထိန်းသိမ်းထားပြီး နှုတ်ဆက်လိုက်ရတော့သည်။


ရှောက်မင်ကမူ တစ်ဖက်လူပြန်လှည့်လာကာသူ့အားပြုံးပြပြီးမှ ဂိတ်ထဲဝင်ကာပျောက်ကွယ်သွားသည်ကိုကြည့်နေခဲ့သည်။


သခင်လေးပြန်မလာမီ တစ်ခုခုကိုပြင်ဆင်ထားရတော့မည်။


__________



A မြို့၊ ကျူးမိသားစုဗီလာတွင်ဖြစ်သည်။


အချိန်အတန်ကြာအိမ်ပြန်မလာခဲ့သော ကျူးရှို့ရှန်းက ယနေ့တော့အိမ်ပြန်လာခဲ့သည်။ ချင်မန်ဝမ်မှာ အံ့အားသင့်ပြီး ဝမ်းမသာရသေးမီ ကျူးရှို့ရှန်းနှင့်အတူ တံခါးဝကိုဖြတ်ပြီးဝင်လာသော ငယ်ရွယ်လှပသည့်အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရလေသည်။


အမျိုးသမီးက လက်ပြတ်ဒူးဖုံးဂါဝန်ကိုဝတ်ထားပြီး ရိုးရှင်းသောလက်ဆွဲအိတ်လေးတစ်လုံးကိုကိုင်ထားကာ ကျူးမိသားစုဗီလာထဲသို့ ကြော့ကြော့လေးဝင်လာလေ၏။


ချင်မန်ဝမ် သူမကိုသိသည်။ 


ကျန်းမိသားစု၏ အသက်အငယ်ဆုံးဦးစီးသူ ကျန်းဝမ်ပင်။


သူက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ။

__________


စာရေးသူမှာ ပြောစရာရှိပါတယ်။


ငတုံးများနှင့် စတင်ဆွေးနွေးခြင်း။


လစ်ဟာမှုက နှလုံးသားထဲကချစ်စိတ်ကိုတိုးပွားလာစေတယ်။ ကျူးထုန်တော့မကြာခင် အမြင်မှန်ရတော့မယ်။



🤒