Chapter 102
Viewers 18k

🤒အခန်း ၁၀၂




ရှောက်မင်ရောကျူးထုန်ပါ သူ့အတွက် A မြို့သို့ မဖြစ်မနေပြန်ရမည်ကို နှစ်ယောက်လုံးသိကြသည်။ ထို့အပြင် ၎င်းက ကျူးထုန်၏အိမ်လည်းဖြစ်နေ၏။


ကျူးထုန်မှာ သူ A မြို့သို့ပြန်ချင်သည်ဟုပြောစဥ်ကဘာကိုမှမခံစားရပေ။ သို့ရာတွင် ရှောက်မင်မှ အလေးအနက်ထားပြီးမေးလာသည့်အခါ သူ့နှလုံးသားကအနည်းငယ်နာကျင်သွားရသည်။ သူက ခေါင်းညိတ်ပြကာ "အင်း" ဟုသာ မရေမရာဖြေလိုက်၏။


"တကယ်လား.." 

ရှောက်မင်က လက်ထဲမှဖန်ခွက်ကိုညှစ်ကိုင်ထားမိပြီး ပုံမှန်လေသံဖြင့်ပြောလာပါသည်။ 

"ဘယ်အချိန်ပြန်မှာလဲ.."


ကျူးထုန်: "သီချင်းဆိုပြိုင်ပွဲပြီးရင်ပေါ့.."


ရက်နည်းနည်းပဲကျန်တော့တာကိုး။


ရှောက်မင်က နှုတ်ခမ်းတို့ဖိလိုက်ကာ မည်သည့်စကားမှဆက်မပြောတော့ချေ။


သူ ဆုံးရှုံးသွားသလိုခံစားနေရတာလား။ အဲဒီလိုမျိုးထင်တာပဲ။


သို့သော်လည်း သူ့မှာ A မြို့ကိုပြန်သည်ထက် ကျူးထုန်၏ကျန်းမာရေးကောင်းလာရန်ကိုသာ ပိုဂရုစိုက်နေမိလေသည်။


လတိုင်း ကျန်းမာရေးအခြေအနေကိုစစ်ဆေးရလောက်အထိ ဘယ်လိုရောဂါမျိုးဖြစ်နေတာလဲ။


၎င်းကသူ့အား စိုးရိမ်စေသော်လည်း ကျူးထုန် ဤနေရာကိုပြောင်းလာပြီးတည်းကဆိုလျှင် တစ်လထက်မနည်းရှိခဲ့ပြီဖြစ်သည်။


ရှောက်မင်ကထိုအတိုင်းတွေးနေစေကာမူ သူ့နှလုံးသားကမူ အခြားစကားတစ်မျိုးကိုပြောနေခဲ့၏။


မသိလိုက်မသိဘာသာဖြင့် သူ့လက်ထဲမှဖုန်ခွက်ကိုပွတ်သပ်မိသည်။ ထို့နောက် နှုတ်ခမ်းအနားသို့တေ့ကာ တစ်ငုံသောက်လိုက်လေ၏။


"မင်းတော့..." 

ကျူးထုန် အနည်းငယ်မျှ ကြောင်အသွားခဲ့သည်။ 

"ငါအခုလေးတင် အဲဒီရေသောက်ထားခဲ့တာ.."


ရှောက်မင် အသိစိတ်ပြန်ကပ်သွားခဲ့သည်။ လက်ထဲမှရေခွက်ကိုကြည့်ကာ ဘေးတွင်ထိုင်နေသူကိုကြည့်မိပြန်သည်။ အချိန်အနည်းငယ်မျှကြက်သေသေနေပြီးမှ သူတည်တည်ငြိမ်ငြိမ်ဖြင့်မေးလိုက်၏။ 


"ဟမ်၊ မင်းကဘယ်နေရာကသောက်ထားတာမလို့လဲ.."


ကျူးထုန်: "....."


ဦးလေးလျို ယူလာသည့်ခွက်တွင် ရုပ်ပုံလေးများပါသည်။ သူက မည်သည့်အခြမ်းဖြစ်ကြောင်း တမင်တကာမှတ်သားထားခြင်းမရှိခဲ့သော်လည်း ကျူးထုန်ကမူ လေးစားစရာကောင်းနေသည်။ သူက တိမ်ပုံစံကာတွန်းရုပ်လေးကိုလက်ညိုးထိုးပြကာ ပြောလိုက်လေ၏။ 


"ဒီဘက်..."


၎င်းက ရှောက်မင်သောက်လိုက်သည့်အခြမ်းနှင့်မျက်နှာချင်းဆိုင်တွင်ဖြစ်နေသည်။


'နှမြောလိုက်တာကွာ'


ရှောက်မင်ကငုံ့ကြည့်ကာပြုံးလိုက်သည်။ ထို့နောက် ခေါင်းမော့ကာပြန်ဖြေလိုက်လေ၏။ 


"ရပါတယ်၊ ဒါကသွယ်ဝိုက်အနမ်းတော့မဟုတ်ပါဘူး.."


"......"


သခင်လေးက အနည်းငယ်မှင်သက်သွားသည်ကိုကြည့်ပြီး ရှောက်မင်ကဆက်ပြောလိုက်လေသည်။ 


"မင်းက ကိုယ့်ကိုသဘောမကျလို့လား.."


ကျူးထုန်က ခေါင်းကိုခါယမ်းရင်း အလုပ်များသွားရှာသည်။


 "မဟုတ်ပါဘူး ငါက...မင်းစိတ်မသန့်ဖြစ်မှာစိုးလို့ပါ.."


ရှောက်မင်: "စိတ်မသန့်တာမျိုးမရှိဘူးဆိုရင်ရော၊ မင်းဘယ်လိုပြောချင်လဲ..."


ကျူးထုန်ကပြုံးလိုက်၏။ 


"မင်းကငါသုံးပြီးသားခွက်အပေါ် စိတ်မသန့်မဖြစ်ပေမဲ့ ငါ့စိတ်ထဲမှာရှိတာကိုကျတော့ မင်းကသိချင်တယ်ပေါ့.."


"ဒါပေမဲ့ ဒါကမင်းခွက်လေ.."


"......"


ကျူးထုန်က နောက်တစ်ခါ တံတွေးနင်သွားပြန်သည်။


သူက တုံ့ဆိုင်းနေသေး၏။ 


"သုံးထားတဲ့သူကမင်းဆိုရင်တော့ ရပါတယ်.."


ရှောက်မင်: "......"


သူ့နှလုံးက ဒိတ်ခနဲခုန်သွားသလိုပင်။


သေချာပေါက် တစ်လက်မခန့်ထပ်ရရန် လွယ်ကူနေသေးသည်။ သူ့မျက်လုံးတို့က နက်မှောင်သွားကာမေးလိုက်လေ၏။ 


"အခြားသူဆိုရင်ရော..."


ကျူးထုန်: "အခြားသူဆိုတာက ဘယ်သူတွေလဲ.."


ရှောက်မင်: "ကိုယ်ကလွဲလို့ဘယ်သူပဲဖြစ်ဖြစ်ရတယ်.."


ရှောက်မင်ကလွဲလို့ဘယ်သူပဲဖြစ်ဖြစ်လား။


ကျူးထုန်က စဥ်းစားနေလေသည်။


သူနှင့်ရင်းနှီးသူဟူ၍ ရှောင်ရှင်း၊ အဘိုး၊ အဒေါ်နှင့် သူမမိသားစုသာရှိသည်။ ယခုတော့ ဦးလေးလျိုလည်းရှိနေပြီ။ သို့ရာတွင် ထိုသူများက သူသုံးထားသောခွက်ကိုမထိနိုင်သူများသာဖြစ်လေ၏။ သူ့ဘေးမှအခြားသူများဆိုလျှင်...


"မသိဘူး၊ မင်းကလွဲပြီး ငါသုံးပြီးသားခွက်ကိုသုံးတဲ့လူမှမရှိတာ.."


ရှောက်မင်၏နှုတ်ခမ်းတို့က ပြုံးလိုက်သည့်နှယ် ယောင်ယောင်လေးကွေးသွားခဲ့လေသည်။ 


"ဒါဆို မင်းနဲ့တစ်ခွက်တည်းမျှတဲ့သူဆိုလို့ ကိုယ်ကပထမဆုံးပဲပေါ့.."


ကျူးထုန်က ပုံမှန်မဟုတ်မှန်း ချက်ချင်းခံစားမိလိုက်သည်။ သို့သော် အသေအချာတွေးကြည့်ပြီးသည့်နောက် မှားနေသည့်အချက်မရှိသလိုပင်။ သူက တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်လေ၏။ 


"အင်း..."


သူက စကားဆုံးအောင်မပြောရသေးမီ သူ့ပုခုံးတို့ကအဖိခံလိုက်ရသည်။


ပုခုံးထက်မှဖိအားက ကျူးထုန်အတွက် ရင်းနှီးနေပြီ။ သူ့ခန္ဓာကိုယ်က ယိုင်မသွားဘဲတည်ငြိမ်နေခဲ့၏။ သို့သော် ယခင်ကနှင့်မတူဘဲ ဤတစ်ကြိမ်တွင် ရှောက်မင်က သူ့ပုခုံးကိုကိုင်ထားသည့်အပြင် သူ့ခေါင်းကိုပါ ပိုနီးကပ်သည်အထိဆွဲခေါ်လိုက်ပြီး သူတို့၏ခေါင်းကိုအတူဖိထားလိုက်ကာ ကျူးထုန်၏နားရွက်နားရောက်သည်အထိလှည့်လိုက်သည်။


"....."


နည်းနည်းလေးတယ်။


ကျူးထုန်က ခေါင်းလှည့်ချင်နေချိန်မှာပင် ရှောက်မင်ပြောလာသည့်စကားကိုကြားလိုက်ရသည်။ 


"မင်းပြန်တဲ့အခါကျရင် ကိုယ့်ကိုပြော၊ မင်းပြန်တာကိုကြည့်ပေးမယ်..."


ကျူးထုန်: "မဟုတ်ဘူး၊ ငါအပြီးပြန်သွားတာမဟုတ်ပါဘူး၊ ငါက ကျန်းမာရေးစစ်ဆေးဖို့ ခဏလေးပဲပြန်မှာလေ.."


"ဒါဆိုရင် ကိုယ်မင်းကိုလွှတ်ပေးလိုက်ဖို့ တွေဝေနေမိလိမ့်မယ်..."


"......"


ကျူးထုန်၏နှလုံးက တခဏမျှ အပြင်းအထန်ခုန်လှုပ်သွားခဲ့သည်။


သူ့ကိုလွှတ်ပေးဖို့တွေဝေနေမယ်...။ရှောက်မင်က အဲဒီလိုခံစားနေရတာလား။


တွေဝေနေတာသူတစ်ယောက်တည်းမဟုတ်ဘူးပဲ။


မကြာခင်ကခံစားနေရသော ခေါင်းကိုက်ဝေဒနာပင် ကြက်ပျောက်ငှက်ပျောက်သွားခဲ့သည်။ အပြုံးတစ်ပွင့်က ကျူးထုန်၏နှုတ်ခမ်းထက်တွင် အလိုအလျောက်ပေါ်လာခဲ့၏။


ရှောက်မင် သူ့ဘက်သို့ကိုင်းလာသောကြောင့် တစ်ခုခုမှားနေသလို ရုတ်တရက်ခံစားလိုက်ရသည်။ သူ့ဘေးမှလူက အနည်းငယ်တုန်ယင်နေသလိုပင်။ သူမော့ကြည့်လိုက်ရာ ကျူးထုန်တစ်ယောက် ကျိတ်ရယ်နေသည်ကိုတွေ့လိုက်ရသည်။


"မင်း..."


ရှောက်မင်က မနေနိုင်တော့၍ သူ့ပါးကိုညှစ်ပစ်လိုက်သည်။


ကျူးထုန်မှာ ကြောင်သွားရသည်။ 


"ဘာလဲ.."


ရှောက်မင်က သူဟာသူတွေးလိုက်သည်။

'ကြည့်ရတာ ငါတစ်ယောက်တည်းကပဲ ပြဇာတ်ကနေမိတာထင်တယ်၊ ဒီသခင်လေးက သူတစ်ယောက်တည်းတောင် ပျော်နေပုံရတယ်'


ပြီးတော့ အိမ်ပြန်ရတာကိုလည်းမကြိုက်ဘူးမလား။


အကယ်၍ ကျောင်းအုပ်ကသာ မနက်ဖြန် ကျောင်းပိတ်သည်ဟုအော်ပြောလိုက်ပါက လူတိုင်းက ပျော်ရွှင်စွာဖြင့်အော်ကြပြီး သူတို့ကိုယ်တိုင်အော်ရယ်မိကြကာ ကျောင်းအုပ်ကိုကောင်းချီးပေးကြမည်မှာ အပိုလုပ်ပြောနေစရာမလိုပေ။


သူ့ခမျာ အကူအညီမဲ့စွာသက်ပြင်းချလိုက်ရပြီး လက်ထဲမှဖန်ခွက်တစ်ခွက်ဖြင့်မတ်တပ်ရပ်လိုက်သည်။ 


"ဟုတ်ပြီ၊ ကိုယ်ရေချိုးလိုက်ဦးမယ်.."


သူပြောလိုက်ပြီးနောက် လှည့်မေးလိုက်၏။ 


"မင်းရောဆေးကြောပြီးပြီလား.."


လွန်ခဲ့သောရက်အနည်းငယ်က ဒဏ်ရာရသွားပြီးနောက်ပိုင်း အသန့်ကြိုက်သောသခင်ငယ်လေးမှာကိုယ်တိုင်မဆေးကြောနိုင်ဘဲ ရေပတ်သာတိုက်နိုင်သောအခြေအနေသို့ပြန်ရောက်သွားခဲ့သည်။


ကျူးထုန်မှာ ပေါင်တွင်ဒဏ်ရာရခဲ့စဥ်က ရှက်ရွံ့ဖွယ်ရာအခြေအနေကိုပြန်သတိရမိသွားခဲ့သည်။ သူ့မျက်နှာက အနည်းငယ်ရဲသွားကာ ခေါင်းငုံ့ကာပြောလိုက်လေ၏။ 


"ငါဆေးကြောပြီးပြီ.."


ဦးလေးလျိုက သူ့ကျောကိုသုတ်ပေးပြီး ကျန်သည့်အပိုင်းများကိုမူ သူကိုယ်တိုင်သာလုပ်ခဲ့သည်။


ရှောက်မင်က အခွင့်အရေးကိုလွတ်သွားပြီဟုသာ စိတ်ထဲမှတွေးနေမိလေ၏။ 


ယနေ့ နေ့လည်ခင်းအတန်းကို သူမသွားခဲ့သင့်ပေ။


သူချောင်းဟန့်လိုက်သည်။ 


"ဒါဆို ကိုယ်ရေသွားချိုးလိုက်ဦးမယ်.."


ကျူးထုန်က ခေါင်းသာညိတ်ပြသည်။


ရှောက်မင်က ရေချိုးပြီးသည့်နောက် ကျူးထုန်၏အခန်းသိူ့တန်းသွားလိုက်သည်။ 


အိပ်နေကျအချိန်ကိုမရောက်သေး၍ သူမအိပ်နိုင်သေးပေ။ အတန်း၏မှတ်စုများနှင့်အိမ်စာတို့ကိုကျေညက်အောင် လုပ်ပြီးနောက် ကျူးထုန်က အိပ်ရာပေါ်နှေးကွေးစွာဖြင့်မတက်ခင် စာဖတ်ရင်းအချိန်ကုန်နေလိုက်သည်။


ယနေ့သူ့အိပ်ရာပေါ်၌ နောက်ထပ်လူတစ်ယောက်က လာအိပ်မည်ဆိုသည့်အတွေးက သူ့အားစိတ်လှုပ်ရှားနေစေ၏။


ရှောက်မင်အတွက်လည်းမထူးမခြားနားသာ။ ရေချိုးပြီးသည့်နောက် သူက အိပ်ရာခေါင်းရင်းတွင်ထိုင်နေရင်း တည်ငြိမ်သလိုဟန်ဆောင်နေရသည်။


ကျူးထုန်အိပ်ရာပေါ်တက်သည့်အခါ လှုပ်ရှားမှုက ဒဏ်ရာအားထိမိမည်ကိုစိုးရိမ်ပြီး ထိုသူကိုဖမ်းရန် အလိုအလျောက်လက်လှမ်းမိလိုက်သည်။


ကျူးထုန်မှာလည်း နောက်တစ်ကြိမ် သူ့အသားကိုထိလိုက်သည့်ခံစားချက်ရလိုက်သောကြောင့် မှင်သက်သွားခဲ့သည်။ 


"မင်းလက်တွေကဘာလို့အေးနေတာလဲ.."


ရှောက်မင်က ခဏမျှအေးခဲသွားပြီး စိတ်ထဲရှိသည့်အတိုင်းထုတ်ပြောလိုက်သည်။


 "ရေပူပေးစက်ကထပ်ပျက်သွားပြန်ပြီ၊ ဒီမှာ ရေအပူမရတော့ဘူး.."


ကျူးထုန်: "......"


ပြင်ပြီးပြီလို့ အရင်တစ်ခါကပြောခဲ့တယ်မဟုတ်လား။


ပြီးတော့ သူတို့ရေပူကို ဒီလောက်ရက်တွေကြာအောင် တစ်ခါမှမသုံးဖူးသေးဘူးလေ။[အရင်က ခဏခဏပျက်လို့ ဒီရက်တွေမှာတော့ မပျက်သေးျဲ့သဘောပါ]


အခု ထပ်ပျက်သွားပြန်ပြီလား။


"ဒီလိုဆိုတိုင်းလည်း မင်းရေအေးတော့မချိုးသင့်ဘူးလေ၊ အအေးမိရင်ဘယ်လိုလုပ်မလဲ.."


ရှောက်မင်က သိပ်မတွေးဘဲပြောလိုက်သည်။ 


"ရပါတယ်၊ ကိုယ်ကကျန်းမာရေးကောင်းပါတယ်.."


"....."


ကျူးထုန်က သူ့အားစိုးရိမ်နေသောပုံစံဖြင့်ကြည့်နေလေသည်။


ရှောက်မင်က မျက်ခုံးကိုအသာပင့်လေ၏။


 "မဟုတ်လည်း မင်းကိုယ့်ကိုနွေးအောင်လုပ်ပေးချင်လား.."


ကျူးထုန်ဘက်မှ ချက်ချင်းမငြင်းလာပေ။ သူကအိပ်ရာပေါ်မှစောင်ကို တစ်ချက်ကြည့်လိုက်သည်။ ရှောက်မင်က မည်သည့်ပစ္စည်းမှမယူလာကြောင်း သိလိုက်ရ၏။


သူက မျက်တောင်လေးခတ်ကာ ပြောလိုက်သည်။ 


"ငါတို့..စောင်တစ်ထည်တည်းကိုပဲအတူခြုံကြမလား.."


ရှောက်မင်၏လည်ချောင်းက အနည်းငယ်တင်းကျပ်သွားခဲ့သည်။ 


"မင်းရော အဆင်ပြေနိုင်ရဲ့လား.."


ထိုသူအဆင်မပြေပါက သူစောင်ကိုသွားယူလိုက်မည်ဟုပြောချင်လင့်ကစား ကျူးထုန်က ခေါင်းကိုအသာယမ်းပြပြီးပြောလာသည်ကိုတွေ့လိုက်ရသည်။ 


"ငါကရပါတယ်.."


ရှောက်မင်: "......"


တစ်ခါတရံ ရှောက်မင်မှာ ကျူးထုန်သတ်မှတ်ထားသောစည်းကိုအကြိမ်ကြိမ်ကျော်မိပြီး ထိုလူက သူ့ကြောင့် နောက်ဆုံးစည်းအထိနှိမ့်ပေးနေခြင်းပေလားဟု သိချင်လာမိတတ်သည်။


သူက လက်သီးကိုကျစ်နေအောင်ဆုပ်ကာ အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် တတ်နိုင်သမျှတည်ငြိမ်နေသောအသံဖြင့်ပြောလိုက်လေ၏။ 


"အခုတော့ အိပ်ရအောင်.."


ကျူးထုန်ကခေါင်းညိတ်ပြလိုက်သည်။ 


"အင်း..."


ရှောက်မင်မှာ တကယ်ကြီးကျူးထုန်ကို သူ့ကိုယ်ပေါ်၌ထားပြီးမအိပ်ခိုင်းရဲပေ။ တကယ်သာအိပ်ခိုင်းလိုက်ပါက ပြဿနာအကြီးကြီးတက်သွားနိုင်သည်။


ကျူးထုန်ကမူ အစပိုင်းတွင်စိတ်လှုပ်ရှားနေခဲ့ပြီး အသက်ကို မျှင်းမျှင်းလေးသာရှူနေခဲ့သည်။ သူ့ကိုယ်သူစောင်နှင့်ထွေးလိုက်ပြီးနောက် ရှောက်မင်ကိုကျောပေးအိပ်ရန်ကြံရွယ်ထားခဲ့၏။ သို့သော်လည်း သက်သောင့်သက်သာဖြစ်စေမည့် အိပ်စက်ပုံကိုမချိန်ညှိရသေးခင် အေးစက်သောလေတသုတ်တိုက်ခတ်လာသည်ကို စောင်အတွင်းထဲမှခံစားမိလိုက်သည်။


၎င်းကရှောက်မင်ထံမှရောက်လာခြင်းပင်ဖြစ်လေ၏။


သူက တခဏမျှတုံ့ဆိုင်းနေပြီးစောင်အပေါ်မှကြည့်ကာ ပြောလာပြန်သည်။ 


"ငါမင်းနဲ့ခေါင်းအုံးတစ်လုံးတည်းသုံးလို့ရလား.."


ရှောက်မင်: "....."


ငြင်းလို့ရလို့လား။


အကြောင်းပြချက်က သူ့အား ငြင်းဆန်ရန်ပြောနေခဲ့သည်။ သို့ရာတွင် သူအသိစိတ်ပြန်ဝင်လာသည့်အခါ သူတို့နှစ်ယောက်ကိုခြားထားသောစောင်က ထိုသူ၏မြှောက်တင်ခြင်းကိုခံလိုက်ရတော့သည်။


ကျူးထုန်က အအေးဒဏ်ကြောင့်တုန်သွားပြီး ဂရုတစိုက်ဖြင့် သူ့ကိုယ်သူရွှေ့လိုက်သည်။


'အား..အေးတယ်'


ယခုနှစ်၏ရာသီဥတုက ရှည်လျားသောနွေရာသီနှင့် တိုတောင်းသောဆောင်းဦးတို့ဖြင့် ထူးဆန်းသည်။ လက်တိုအင်္ကျီဝတ်နေရာမှ ဆောင်းတွင်းဝတ်ကုတ်အင်္ကျီကို ချက်ချင်းဝတ်ရတော့မယောင်ဖြစ်နေခဲ့၏။


ယခုလိုအေးစက်သောရာသီဥတုထဲမှာပင် ရှောက်မင်က ရေအေးဖြင့်ရေချိုးရဲလေသည်။ ကျူးထုန်မှာ မည်သို့တွေးရမှန်းပင်မသိတော့ပေ။


သူက သူ့ကိုယ်သူအအေးမိသွားမည့်အဖြစ်အားကြောက်သော်လည်း ယခု သူ့ခန္ဓာကိုယ်ပေါ်ကိုလေအေးတိုက်သွားသည့်အခါ မသိစိတ်အလျောက် သူ့ခန္ဓာကိုယ်ကိုကွေးလိုက်မိသည်။


ကွေးလိုက်ပြီးသည့်အခါ လှဲနေရာတွင် သူ့ခေါင်းကအခြားသူအပေါ်တွင်ဖြစ်နေ၍ သက်သောင့်သက်သာရှိနေသည်ကို မထင်မှတ်ဘဲသိရှိလိုက်ရသည်။


၎င်းက ဒဏ်ရာကိုဆွဲဆန့်လိုက်ခြင်းမရှိသလို အေးစိမ့်နေခြင်းမျိုးလည်းမရှိပေ။


အိပ်ချင်စိတ်ပင်စတင်ဖြစ်လာခဲ့သည်။


ရှောက်မင်၏ခန္ဓာကိုယ်ကအေးနေသော်လည်း နွေးထွေးပြီးလုံခြုံမှုရှိသည်။


သူ၏အသိစိတ်က စတင်ပြီးဖြည်းဖြည်းချင်း ဖရိုဖရဲဖြစ်လာခဲ့သည်။


ရှောက်မင်ကမူ ကျူးထုန်လောက်စိတ်ချလက်ချမဖြစ်နေပေ။


သူက အေးနေ၍ လက်ကို ကျူးထုန်ကိုယ်ပေါ်သို့မတင်ဖြစ်ပေ။ လူငယ်လေး၏နွေးထွေးသောခန္ဓာကိုယ်လေး အနားကပ်လာသည်နှင့် သူ့တကိုယ်လုံးတောင့်တင်းသွားရသည်။


ကျူးထုန်ကို သူ၏ခန္ဓာကိုယ်ပေါ်သို့မှီထားစေလိုက်ပြီး ပြတင်းပေါက်ဘက်သို့လှည့်ကြည့်ကာ ကောင်းကင်ပေါ်မှကြယ်များကို ရေတွက်ရန်ကြံစည်လိုက်သည်။


ပြတင်းပေါက်အပြင်ဘက်၌ လရောင်က ကောင်းကင်ယံ၌ချိတ်ဆွဲနေခဲ့သည်။ သို့သော် ကျယ်ပြောလှသော အမှောင်ထုဘေးတွင်မူ မည်သည့်ကြယ်ကိုမှမတွေ့နိုင်ပေ။


ရှောက်မင်: "......."


ထိုအခိုက် လူငယ်လေးက သူ့ဘေးဘက်သို့တိုးကပ်လာပြီး သူ့အားချက်ချင်းသတိချပ်သွားစေခဲ့သည်။ သူလှည့်ကြည့်လိုက်သည့်အခါ ထိုပုဂ္ဂိုလ်က နှစ်ယောက်ကြား၌ညပ်နေသောလက်ကို ဆွဲထုတ်နေလေသည်။


ကျူးထုန်က သူလှည့်လာသည်ကိုသတိထားမိပုံရပြီး အူကြောင်ကြောင်ဖြင့်မေးလာခဲ့သည်။ 


"မင်းအခုထိမအိပ်သေးဘူးလား..."


ရှောက်မင်: "အင်း..."


ယခုလိုအခြေအနေ၌ သူအိပ်ပျော်သွားခဲ့သည်ဆိုပါက ထူးဆန်းနေလောက်သည်။


ကျူးထုန်ကလည်း သူအိပ်မပျော်ရသည့်အကြောင်းအရင်းကိုမမေးလာခဲ့ပေ။ အိပ်ချင်မူးတူးအခြေအနေ၌ ရုတ်တရက်တွေးမိသွားသည့်အချက်ကြောင့် ရှောက်မင်၏ပုခုံးနှင့်သူ့ခေါင်းကိုပွတ်ကာ မျက်နှာရှေ့မှအုပ်နေသည့်ဆံပင်တို့ကိုဖယ်လိုက်သည်။ 


"ငါမေးစရာရှိတယ်..."


ရှောက်မင်ခမျာ လည်ချောင်းယားနေပြီ။ သူက ဖွဖွလေးအံကြိတ်ထားရင်းပြန်မေးလိုက်သည်။ 


"ပြဿနာတစ်ခုခုရှိလို့လား..."


ကျူးထုန်: "ငါဆေးစစ်ဖို့ပြန်သွားရင် အတန်းတွေကိုဘယ်လိုလုပ်ရမလဲ.."


ယခင်က သူ့အတွက် အတန်းပျက်သည်ဆိုသည်မှာ ပုံမှန်ကိစ္စတစ်ခုပင်ဖြစ်သည်။ ယခုတော့ သူစာလေ့လာရာတွင် တိုးတက်လာပြီဖြစ်ရာ နောက်ကောက်ကျပြီးမကျန်နေခဲ့ပေ။


ရှောက်မင်က ယခုလိုအချိန်ကြီးမှာပင် ထိုသူက စာအကြောင်းစဥ်းစားနိုင်ဦးမည်ဟုမမျှော်လင့်ထားခဲ့ပေ။


ဒီကောင်လေး အရင်ဘဝက စာသင်သားများဖြစ်ခဲ့တာလား။


သူ မရယ်ဘဲမနေနိုင်တော့ပေ။ သူ၏ ကသောင်းကနင်းဖြစ်နေသောစိတ်ပင် "စာ" ဆိုသည့်စကားကြောင့် ဆေးကြောခံလိုက်ရလေ၏။ သူတုံ့ပြန်လိုက်သည်။ 


"ကိုယ်မင်းအတွက် မှတ်စုတွေရေးပေးထားပါ့မယ်၊ မင်းပြန်လာတော့ ပြန်ကြည့်ပေါ့..."


ကျူးထုန်က မျက်လုံးပိတ်ထားရင်း မျက်မှောင်ကြုတ်လိုက်၏။ 


"ဒါပေမဲ့ မတူဘူးလေ၊ မှတ်စုဆိုပေမဲ့ အတန်းတွေကတက်စရာတွေကျန်သေးတယ်.."


သူစာမလိုက်နိုင်တော့မည်ကို စိုးရိမ်နေဆဲပင်။


ရှောက်မင်က ချော့မော့ကာပြောလိုက်၏။ 


"ဒါဆို မင်းပြန်လာရင် ကိုယ်မင်းကို သင်ပေးမယ်.."


အိပ်ချင်နေသောကြောင့် ကျူးထုန်၏စိတ်က လက်ရှိအကြောင်းကိူ ဆက်ပြောရန်ပျင်းရိနေလေသည်။ သူက အဆင်ပြေမည့်နည်းကိုရှာတွေ့သွားပုံရပြီး ပြုံးလိုက်လေသည်။ 


"ဒါဆိုငါမင်းကို စာသင်ပြခဘယ်လောက်တောင်ပေးရမှာလဲ..."


သူ့အသံတိုးလွန်းနေ၍ အခန်းက တိတ်ဆိတ်နေလျှင်ပင် သူ့စကားကိုမကြားမိရန်မှာ မဖြစ်နိုင်လုနီးပါးပင်။


ရှောက်မင်ထိုသူ၏ လရောင်ထဲတွင်မသိမသာလေး ပက်လက်ဖြစ်နေသောလူအားကြည့်လိုက်သည်။ ထိုသူ၏ဖျော့တော့သောအသားအရေက အေးစက်တောက်ပသောလရောင်အောက်တွင်အလင်းပြန်နေခဲ့သည်။ ရှောက်မင်က ထိုမျက်နှာလေးအနောက်တွင် မည်သည့်အရာရှိနေသောအရာကိုသိသည်။ ၎င်းတွင် နွေးထွေးမှုရှိနေ၏။


သူက အသံကိုနှိမ့်ကာ ခပ်တိုးတိုးလေးသာပြောလိုက်သည်။


"ကိုယ်စာပြခ မလိုချင်ဘူး.."


'မင်းကိုလိုချင်တာ'


သူမနေနိုင်တော့ဘဲ ကျူးထုန်မျက်လုံးအရှေ့၌ကျနေသောဆံပင်တို့ကို လိမ်နေလိုက်မိသည်။ ထိုသူ၏ပုခုံးလေးကိုလည်းပုတ်ပေးနေသည့်တိုင် ကျူးထုန်မျက်လုံးအရှေ့မှဆံပင်တို့ကိုလည်းလိမ်နေမိ၏။


ကျူးထုန်ကမူ သူပြောလိုက်သောစကားကိုလုံးဝမကြားလိုက်ဘဲ ရှုပ်ထွေးနေသောစိတ်ဖြင့် ဖြည်းဖြည်းချင်းတွက်ချက်နေခဲ့သည်။


တစ်ရက်၊ တစ်ပတ်နဲ့ တစ်နှစ်လုံးဆိုရင် ကျူရှင်ခကဘယ်လောက်တောင်ဖြစ်သွားမလဲ။


အိပ်ချင်စိတ်မှလွဲပြီး စိတ်ထဲမှတွက်ချက်မှုက အံ့ဩဖွယ်ကောင်းလောက်သည်အထိ အလုပ်လုပ်နေခဲ့သည်။


တစ်နှစ်ကျော်သွားသည်နှင့် သူထပ်ပြီး တွက်ချက်နေစရာမလိုတော့ပေ။


သူ ဗလုံးဗထွေးဖြင့်ရေရွတ်လိုက်သည်။ 


"တစ်နှစ်..."


ထိုသူက "တစ်နှစ်" ဟု အထပ်ထပ်ပြောနေသည်ကိုနားထောင်နေပြီး ရှောက်မင်မှာ ကျူးထုန်ကိုဆေးရုံခေါ်သွားစဥ်ကနှင့် ဖုန်းပြောနေခဲ့စဥ်က နားစွန်နားဖျားကြားခဲ့ရသည့်စကားကို ရုတ်တရက်သတိရသွားမိသည်။


ဖုန်းထဲမှလူက သူနှင့်ပတ်သတ်နေသူဖြစ်ပြီး သူ့အား ကျောင်းအနီးအနားတွင် အိမ်တစ်လုံးဝယ်ရန် တိုက်တွန်းနေခဲ့သည်။ ကျူးထုန်က အနည်းဆုံးတစ်နှစ်နေပြီးလျှင်ပြန်လာမည်ဟုပြောခဲ့၏။


တစ်နှစ်ကအလွန်ဆုံးပဲ။


အဲဒါဘာအဓိပ္ပါယ်လဲ။


သူ ကျူးထုန်၏ဆံပင်လေးများကိုသပ်ပေးလိုက်ပြီး လက်ချောင်းလေးများဖြင့်လိမ်ရစ်နေမိသည်။ သူက သိချင်စိတ်ပြင်းပြလာရကာ မေးလိုက်မိလေ၏။ 


"ဘာလို့တစ်နှစ်ပဲနေရတာလဲ.."


တိုးဖွပြီး တောင်းပန်နေသံက မည်သူမှ တင်းထားနိုင်မည်မဟုတ်ပေ။


ကျူးထုန်က လုံးဝသတိလွတ်နေခဲ့သည်။ သူ ရေရွတ်လိုက်၏။ 


"ဘာလို့လဲဆိုတော့ တစ်နှစ်ပဲမလို့ပေါ့.."


"......"


တစ်နှစ်ပဲဆိုတာက ဘာကိုဆိုလိုချင်တာလဲ။


ရှောက်မင်က မျက်မှောင်တင်းတင်းကြုတ်လိုက်၏။ သူထပ်မေးချင်သော်လည်း ဘေးမှလူငယ်လေးက ဖြည်းဖြည်းမှန်မှန် အသက်ရှူနေနှင့်ပြီ။(အိပ်ပျော်)


"ကျူးထုန်..."


သူက တိုးလျညင်သာစွာခေါ်လိုက်သော်လည်း ပြန်ထူးသံမကြားရတော့ပေ။



🤒