Chapter 101
Viewers 18k

🤒အခန်း ၁၀၁




အလွန်တရာနီးကပ်နေသောအနေအထားက ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်၍ဖြစ်လိမ့်မည်။ ကျူးထုန်မှာ ရှောက်မင်ကသူ့အားပွေ့ဖက်ပြီး ချီသွားပေးနေမှုများကြောင့် အသားချင်းထိတွေ့မှုကိုအသားကျနေပြီဖြစ်လေရာ တဖက်လူ၏ပွေ့ဖက်ထားမှုအတွင်း လှဲအိပ်နေသည်က မသင့်လျော်သည့်အရာဖြစ်ကြောင်း နားမလည်ပေ။


သို့ရာတွင် လက်ရှိမြင်ကွင်းက ဦးလေးလျိုအတွက်မူ ကွဲပြားနေလေသည်။


တံခါးဝတွင်ရပ်နေသည့်ဦးလေးလျို၏ရှုထောင့်အရ ပုံစံရောအနေအထားကြောင့်ပါ သူမြင်တွေ့နေရသည်က အိပ်ရာပေါ်တွင် သူ၏သခင်လေးက လူတစ်ယောက်ကိုအသေဖိထားနေသည်။


တဖက်လူဖိထားရုံတင်မက မျက်နှာကိုပါလက်နှစ်ဖက်ဖြင့်အုပ်ထားလိုက်သေးသည်။


ရှောက်မင်မှာ ကျူးထုန်၏လက်ကောက်ဝတ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး လွှတ်ပေးချင်သည်လား၊ တွန်းထုတ်ချင်နေသည်လားပင် မပြောတတ်တော့ပေ။


ဤပုံစံမှာ သူ၏သခင်လေးက တဖက်လူကို အကြင်နာပေးရန်တောင်းဆိုနေသည့်ပုံစံနှင့်ဆင်တူနေလေသည်။


အနမ်းပေးဖို့ဟုတ်လား။


သခင်လေးက ဒဏ်ရာရထားကို သူဟာသူသတိရသေးရဲ့လား။


ကျောပေါ်မှာဒဏ်ရာနဲ့မလို့ လှုပ်လို့မရဘူးဆိုတာမှတ်မိသေးရဲ့လား။


အဲဒီ အတန်းမတက်ဘဲ ကလိမ်ကကျစ်ကျတဲ့ ကောင်လေးကလည်း တကယ်ကြီး သူ့သခင်လေးနဲ့ကစားနေရလား။ ဒဏ်ရာတွေပြန်ပွင့်သွားရင်ဘယ်လိုလုပ်မလဲ။


သူက တကယ်ကို ပြဿနာရှာတဲ့ကောင်လေးပဲ။ မျက်နှာများတဲ့ ဒုက္ခအိုး။


ဒါပေမဲ့ သူအခုဘာလုပ်သင့်လဲ။ အခန်းအပြင်ကိုဆွဲထုတ်ပြီးသေသွားတဲ့အထိရိုက်နှက်လိုက်ရမလား။ သခင်လေးပါသူ့နောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေမှာတော့မဟုတ်ဘူးမလား။


သူတို့ကိုလူခွဲလိုက်သင့်လား။ ဘယ်သူ့ကိုအရင်ဆွဲထုတ်ရမှာလဲ။


ကျူးထုန်က ဦးလေးလျိုအသံကြား၍လှည့်ကြည့်လိုက်သည့်အခါ ဦးလေးလျို၏ မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် ရှော့ခ်ရနေသောမျက်နှာကိုသာမြင်လိုက်ရလေသည်။


ထိုသူက ရိုးရိုးသားသားပင်မေးလာခဲ့သည်။


 "ဦးလေးလျို၊ ဘာဖြစ်နေတာလဲ..."


ဦးလေးလျို: "....."


သူမျက်စိကန်းသွားတာ။


လုံးဝကိုကန်းသွားတာ။


သူ့ခမျာ ကျူးထုန်ကို အပြစ်မတင်ချင်သလို အပြစ်လည်းမတင်ရဲလေရာ သခင်လေးအား ဖြားယောင်းလိုက်သူကိုသာ "ခပ်စူးစူး" ကြည့်လိုက်ရသည်။


စိတ်ကူးယဥ်ဆန်ပြီး စိတ်လှုပ်ရှားစရာကောင်းသောအခြေအနေအောက်မှ ရှောက်မင်၏ခန္ဓာကိုယ်လေးမှာ ဦးလေးလျိုကြောင့် ရေအေးတစ်ပုံးဖြင့်လောင်းချခံလိုက်ရသလိုပင်။ သူ၏အသိစိတ်က ခဏတွင်းချင်းပြန်ဝင်လာခဲ့သည်။ သူ ကျူးထုန်၏လက်ကိုလွှတ်ပေးလိုက်၏။ ထို့နောက် တိုးဖွဖွဖြင့်လည်ချောင်းရှင်းလိုက်ကာ ထိုသူကိုပုခုံးမှကိုင်ပြီး ထိုင်ရန်ကူညီပေးလိုက်သည်။


သူကမူ တဖက်လူ သူ့အားဖိထားသည့်အလေးချိန်ဖြင့် လက်ပင်ထောက်စရာမလိုဘဲ အိပ်ရာပေါ်မှ အေးအေးလူလူထလိုက်သည်။


တဖက်က သူ့အားထိုင်ရန်ကူညီပေးလိုက်မှ ကျူးထုန်မှာ မနေနိုင်ဘဲ သက်ပြင်းချမိတော့သည်။ 


'အင်း၊ ရှောက်မင်ရဲ့ခါးက အရမ်းသန်မာတာပဲ'


ထို့နောက် သူလှည့်ကြည့်လိုက်ရာ ဦးလေးလျိုက ရှောက်မင်ကိုကြည့်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရလေ၏။


ရှောက်မင်က သူ့ကိုထူပေးပြီး သေချာထိုင်နိုင်အောင်ကူညီပေးပြီးနောက် အိပ်ရာမှထကာ ဆေးသေတ္တာကိုယူလိုက်လေသည်။ 


"ဒါဆို ကိုယ်..."


သူက ဆေးသေတ္တာကို ဧည့်ခန်းထဲတွင်သွားပြန်ထားရန် မတ်တပ်ရပ်လိုက်စဥ် လူတစ်ယောက်ကသူ့လက်ကိုချက်ချင်းလှမ်းဆွဲလာလေသည်။


ကျူးထုန်ကသူ့ကိုမော့ကြည့်နေပြီး စကားပြောရန်တုံ့ဆိုင်းနေလေ၏။


ရှောက်မင်က ပြုံးကာပြန်မေးလိုက်သည်။ 

"ဘာဖြစ်လို့လဲ.."


ကျူးထုန်က တွန့်ဆုတ်ဆုတ်နှင့်ပြန်ဖြေလာသည်။ 


"မင်းဒီညကို ငါ့ဘေးမှာလာအိပ်ချင်လား..."


ဦးလေးလျို: "!"


သခင်လေး အခုဘာပြောလိုက်တာလဲ။


အိပ်ရာပေါ်မှရှောက်မင်ရော တံခါးနားမှဦးလေးလျိုပါ ပြိုင်တူမျက်လုံးပြူးသွားကြသည်။


ဦးလေးလျိုမှာ စိတ်ထဲမှအော်ဟစ်နေလေသည်။

'သခင်လေး၊ ဘာလုပ်ချင်သေးလို့လဲ'


ရှောက်မင်ကမူ မသိမသာလေးမျက်ခုံးပင့်လိုက်သည်။


သွားပြီဟုသာ စိတ်ထဲမှတွေးလိုက်မိလေ၏။


ဒါပေမဲ့လည်း ဒါက အရမ်းကိုအံ့အားသင့်စရာကောင်းတဲ့ ပျော်ရွှင်မှုပဲ။


သူက ထိုကိစ္စကိုခဏဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်ပြီး ခေါင်းညိတ်ပြကာပြောလိုက်လေသည်။ 


"အိုကေ၊ ကိုယ်အရင်ဆုံး ဆေးသေတ္တာလေးသွားထားလိုက်ဦးမယ်.."


ကျူးထုန်က အိပ်ရာဘေးမှစားပွဲကိုထပ်ကြည့်လိုက်ပြန်သည်။


ရှောက်မင် မတ်တပ်ရပ်လိုက်သည်က ဆေးသေတ္တာသွားထားရန်ပင်ဖြစ်ကြောင်း သူနားလည်သွားခဲ့လေ၏။


သူထပ်ပြီး တစ်ခုခုကိုအထင်လွဲသွားပြီလား။


ရှောက်မင်လက်ကိုကိုင်ထားမိသည့် သူ့လက်သူငုံ့ကြည့်လိုက်သည်။ ရှက်စရာကောင်းလှသည့်အခြေအနေဖြစ်ရာ သူမည်သည့်စကားကိုမှထပ်မပြောချင်တော့ပေ။


သူ့နားရွက်တို့က အနည်းငယ်နွေးလာကာ ချက်ချင်းလွှတ်ပေးလိုက်ရသည်။


တွန့်ဆုတ်မှုတစွန်းတစဖြင့် ရှောက်မင်မှာ အနွေးဓာတ်လေးအားထိန်းသိမ်းထားရန်ကြိုးစားသည့်နှယ် လက်ကို အသာလေးညှစ်လိုက်မိသည်။ ထို့နောက် အပေါ်ဘက်သို့တွန့်ကွေးနေသောနှုတ်ခမ်းတို့ကို ဖွဖွလေးဖိကာ ထိန်းချုပ်ထားလိုက်ရ၏။ သူက တံခါးမှဦးလေးလျိုကိုခေါင်းညိတ်ပြကာ ဆေးသေတ္တာကိုယူပြီး အပြင်သို့ထွက်သွားလေတော့သည်။


ဦးလေးလျိုက သူ့အနောက်ကိုလိုက်ရန်လှည့်လိုက်သော်လည်း ကျူးထုန်က သူ့အားတားလိုက်လေသည်။


သခင်လေးက သူပြောမည့်စကားကိုသိနေသလိုမျိုး ပြောလာခဲ့သည်။ 


"ဦးလေးလျို သူ့ကိုအပြစ်မတင်ပါနဲ့.."


"....."


ဦးလေးလျိုက မယုံကြည်နိုင်သည့်အတိုင်း စိုက်ကြည့်နေလေ၏။


သူ့မှာ သူ့ကိုအပြစ်တင်ဖို့တောင် အချိန်တောင် မရလိုက်ပါဘူး။


မဟုတ်သေးပါဘူး။ သခင်လေးက ဘာလို့ အဲဒီကလေးကိုအပြစ်မတင်ပါနဲ့လို့ပြောရတာလဲ။ သူကမှအဲဒီကလေးကို အရင်ဖိထားခဲ့တာပါဆိုပြီး သွယ်ဝိုက်ပြောနေတာလား။


ကျူးထုန်: "ဦးလေးသိလား၊ ကျွန်တော်တို့အရွယ် ယောကျ်ားလေးတွေက အရမ်းထိရှလွယ်တာ၊ ကျွန်တော်ဘာလုပ်မယ်ဆိုတာ သူလည်းကြိုမသိပါဘူး၊ သူအပြစ်ရှိစိတ်ခံစားနေရတာ လုံလောက်ပါပြီ၊ ဒီတော့ သူ့ကို အရမ်းလည်းအေးတိအေးစက်မဆက်ဆံပါနဲ့.."


အဘိုးက ဖုန်းသာခေါ်ခဲ့သည်။ အပြစ်မပြောခဲ့သည့်တိုင် ဒေါသထွက်နေသည်မှာ သိသာနေ၏။ မဟုတ်ပါက သူ့အား A မြို့သို့ပြန်လာရန် အဘယ်ကြောင့် လောဆော်နေပါမည်နည်း။


ရှောက်မင်က အလွန်တွေးပေးခဲ့မှန်းကိုသာ ထိုသူသိခဲ့ပါက ထိုသူမှာ စိတ်ဆိုးနေဦးမည်လား သူလည်းမသိပေ။


ဦးလေးလျို: "......"


သူ၏စိတ်အခြေအနေက အလွန်အမင်းရှုပ်ထွေးနေခဲ့သည်။


ဒီတော့သခင်လေးက သူ့ကိုယ်သူရောင်းစားပြီးတောင် ဟိုကောင့်ကို ပိုက်ဆံထိုင်ရေနိုင်အောင်လုပ်ပေးမယ်ပေါ့လေ။


သူအခန်းထဲသို့ဝင်လာချိန်တွင် ထိုကောင်လေးမျက်လုံးထဲမှအကြည့်က သခင်လေးကို အရှင်လတ်လတ်မြိုချထားချင်သည့်ပုံစံဖြစ်နေခဲ့သည်။


သူသာ အေးစက်စက်မျက်နှာမျိုးမလုပ်ထားပါက ထိုကောင်လေးက အခွင့်ကောင်းယူပြီး ဆန်ကိုထမင်းဖြစ်အောင်ချက်နေလောက်ပြီ။


သခင်လေးကိုသတိထားနိုင်အောင် သူ့ဘက်မှ မည်သို့များ ယဥ်ယဥ်ကျေးကျေးပြောရပါမည်နည်း။


ကျူးထုန်၏ မသိမသာမှုန်တေနေသောမျက်နှာကြောင့် ဦးလေးလျိုမှာ ခဲရာခဲဆစ်နှစ်သိမ့်ပေးလိုက်ရသည်။


 "ဟုတ်ပါပြီ၊ ကျွန်တော်နားလည်ပါပြီ သခင်လေး.."


ကျူးထုန်က ထပ်မှာလာပြန်သည်။ 


"ဖြစ်နိုင်ရင် သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါ.."


ဦးလေးလျို၏မျက်နှာက မထုံတက်တေးဖြင့်သာ။ 

"ကောင်းပါပြီ.."


အကောင်းဘက်ရောက်သောအဖြေကိုရလိုက်၍ ကျူးထုန်ကစိတ်အေးသွားပြီး သက်ပြင်းချလေသည်။ ထို့နောက် ခေါင်းမော့ကာမေးလိုက်၏။ 


"ဒါဆို ဦးလေးလျို လုပ်စရာရှိသေးလား.."


သူ့ကိုနှင်ထုတ်တော့မလို့လား။


ဘာလုပ်ရမှန်းမသိတော့သည့်ဦးလေးလျိုမှာ တံခါးဝကိုကြည့်သည်။ ထို့နောက် အိပ်ရာထက်မှ ဆံပင်စုတ်ဖွားဖြင့် (အထမမြောက်လိုက်) ပုံပေါ်သော လူငယ်လေးကိုပြန်ကြည့်လာလေသည်။ သာမန်ထက်လွန်ကဲနေသောခံစားချက်ဖြစ်နေသော်လည်း အလွယ်တကူပြန်ထွက်သွားရန် တွန့်ဆုတ်နေမိသည်။ သို့ရာတွင် သူလည်း ဤအခန်းထဲ၌ တစ်ညလုံးနေ၍မရပေ။ သူတို့နှစ်ယောက်အိပ်တဲ့အချိန်မှာ စောင့်ကြည့်နေလိုက်ရင်ကောင်းမလား။


မဖြစ်ပါချေ။ သူ ထိုနှစ်ယောက်ကို မစောင့်ကြည့်ချင်ပေ။


သူရောက်လာခဲ့ရခြင်းက သခင်လေးအိပ်နေစဥ် သခင်ကြီးထံမှဖုန်းခေါ်လာပါက လွဲသွားမည်ကိုစိုးရိမ်သောကြောင့်ဖြစ်လေသည်။ ယခု လာရင်းကိစ္စပြီးသွားပြီဖြစ်ရာ သိမ်မွေ့စွာဖြင့်သတိပေးလိုက်ရသည်။ 


"သခင်လေး ကိုယ်ဟာကိုယ်ဂရုစိုက်ပါ..."


ကျူးထုန်က ခေါင်းညိတ်ပြလိုက်သည်။ 


"စိတ်ချပါ.."


သူတို့ ချိုးရှောက်ဖျင်ကိုဖမ်းမိသွားပြီမလား။ သူအဆင်ပြေမှာပါ။ နောက်တစ်ခါ ဓားကိုဝင်ခံပေးဖို့ အခွင့်အရေးမရှိတော့ဘူးလေ။


ဦးလေးလျိုက အယုံလွယ်သူမဟုတ်သော်လည်း လူငယ်လေးနှစ်ယောက် မဟုတ်တမ်းတရားများ မကစားနိုင်လောက်တော့ကြောင်းတွေးမိပြီး စိတ်အေးသွားခဲ့သည်။ သူကတဖက်လှည့်ကာ အပြင်ထွက်ရန်ပြင်ဆင်နေလိုက်၏။


ကျူးထုန်ကခေါင်းငုံ့ပြီးဖုန်းကိုယူလိုက်သည်။ မတိုင်ခင်က ရှောက်မင်ပြောခဲ့သည့်စကားကို ရုတ်တရက်အမှတ်ရသွားမိ၏။

 "ကိုယ်ကမင်းကိုဂရုစိုက်ပေးချင်တာပါ" သူ့နှလုံးသားလေးကလှုပ်ရှားသွားရပြီး ပြောလိုက်လေ၏။ 


"ဒါနဲ့ ဦးလေးလျို ရှောက်မင်ကို ရေတစ်ခွက်လောက်ယူလာခဲ့ပေးဖို့ပြောလိုက်ပါ..."


အခန်းအပြင်သို့ထွက်တော့မည့်ဦးလေးလျို တုံ့ခနဲရပ်သွားတော့သည်။


ရေယူလာခဲ့ပေးဖို့ ပြော ဟုတ်လား။ သူကိုယ်တိုင်ပဲ သွားယူပေးလိုက်လို့မရဘူးလား။ ရှောက်မင်ကပဲ "သွားယူ" ပေးရမှာလား။


အရိပ်အမြွက်ပေးတာလား။ ကိုယ့်အခန်းကိုယ်မြန်မြန်ပြန်ပါတော့ဆိုပြီး ပြောချင်တာလား။


သခင်လေးက ဘယ်တုန်းကဒီလိုမျိုး တွယ်ကပ်တတ်တဲ့လူစားမျိုးဖြစ်သွားတာလဲ။


ဦးလေးလျိုမှာ ကယ်ရာမဲ့နေသလိုခံစားလိုက်ရသည်။


ဒီကောင်လေးနှစ်ယောက်ကို တစ်ခန်းထဲမှာအတူထားခဲ့လို့ အဆင်ပြေပါ့မလား။


ရှောက်မင်မှာ အိပ်ခန်းထဲမှထွက်လာပြီးသည့်နောက် ဧည့်ခန်းထဲတွင် တစ်ယောက်တည်းထိုင်ကာ ပကတိငေးငိုင်နေလေသည်။


ဦးလေးလျို၏သဘောထားက သူ့စိတ်ထဲမှအစပျိုးနေပြီးသားမီးပွားလေးကို ငြိမ်အောင်မညိမ်းပေးနိုင်သောကြောင့်သူ့မှာ အနည်းငယ်မျှ ကသိကအောက်ဖြစ်နေမိသည်။


သူ့နားက ရုတ်တရက်ပိတ်ဆို့ခံခဲ့ရပြီး ထိုလက်များကလည်း သွက်လက်စွာဖြင့်သူ့အားဖိထားခဲ့သည်။ တဖက်လူ၏မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများက တဒင်္ဂခန့် သူ့ကိုယ်သူထိန်းချုပ်ရခက်ခဲစေခဲ့သည်။ 


ထိုအချိန်က ဦးလေးလျိုသာ တံခါးမဖွင့်ခဲ့ပါက သူမည်သည့်အရာကိုများလုပ်မိနိုင်မည်နည်း။


သူလည်းမသိပေ။


ကျူးထုန်က သူ့နားကို ဘာလို့ရုတ်တရက်ကြီးလာပိတ်ရတာလဲ။ သူကရော ဘာလို့အရမ်းလန့်သွားခဲ့တာလဲ။


သူက အရမ်းအသန့်ကြိုက်ပြီး စည်းခြားတတ်တဲ့လူမဟုတ်ဘူးလား။ သူနဲ့တစ်အိပ်ရာတည်းအတူအိပ်ဖို့ လက်ခံလိုက်တာက ရှောက်မင်မှာ ပါးစပ်မှ ပြတ်တောင်းတောင်းရယ်သံ လွတ်ထွက်သွားသည်ကိုမထိန်းနိုင်တော့ပေ။


သူက နှုတ်ခမ်းကိုလက်ဖြင့်ကာလိုက်မိစဥ် ရေအေးတစ်ခွက်ကသူ့ထံရောက်လာခဲ့သည်။


"?"


သူက သတိအပြည့်ဖြင့်လှည့်ကြည့်လိုက်သည့်အခါ ဝမ်းချုပ်နေသလိုပုံစံဖြစ်နေသော ဦးလေးလျိုကိုသာတွေ့လိုက်ရတော့သည်။ သို့ရာတွင် ထိုသူက အေးစက်သည်လည်းမဟုတ်၊ နွေးထွေးနေပုံလည်းမပေါ်ဘဲ သူ့အား အထင်ကြီးပုံမရသလို အထင်သေးပုံလည်းမပေါ်ပေ။


သူက စကားပြောလာရာတွင် အသံကို တုံးတိဖြစ်နေမှုနည်းပါးအောင်ကြိုးစားနေရရှာလေသည်။ 


"အပူချိန်က အနေတော်ပါပဲ.."


ရှောက်မင်: "....."


အပူချိန်ကအနေတော်ပါပဲတဲ့လား။


ဦးလေးလျိုက သူမလှုပ်လာသည်ကိုမြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်လေသည်။ 


"အထဲကိုယူသွားပေးလိုက်..."


"......"


ရှောက်မင်က အပြုံးလေးဖြင့်လှမ်းယူပြီး ချက်ချင်းတုံ့ပြန်လိုက်လေသည်။


 "ဟုတ်ကဲ့.."


သူ့ခမျာ သူ့ကိုယ်သူအတတ်နိုင်ဆုံးထိန်းချုပ်နေရပြီး ထိုအပြုံးက ဖြူစင်မှုအနည်းငယ်ကို မလွဲဧကန်ယူဆောင်လာလေသည်။


ဦးလေးလျိုကမူ ရှောက်မင်က ငါးကြော်ကိုခိုးသွားသောကြောင်တစ်ကောင်နှယ် ပြုံးနေသည်ကိုမြင်လိုက်ပြီး သူ့ကိုယ်သူသည်းခံနေလိုက်သည်။ သူက စူပုပ်နေသောမျက်နှာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် အခန်းအပြင်သို့ထွက်သွားတော့သည်။


ရှောက်မင်က ရေတစ်ခွက်ဖြင့်အိပ်ခန်းထဲသို့ပြန်ဝင်လာသည့်အခါ ကျူးထုန်က အတန်းမှတ်စုများအားလှန်လှောနေသည်ကိုတွေ့လိုက်ရသည်။ သူက လူတစ်ယောက်အထဲဝင်လာသည်ကိုတွေ့သည့်အခါ အလိုလိုနေရင်း အနောက်ကိုလှမ်းကြည့်မိပြီးမေးလိုက်လေ၏။


 "ဦးလေးလျိုရော.."


ရှောက်မင်က အထဲဝင်လာရင်းပြန်ဖြေလာသည်။ 


"စိတ်ဆိုးမာန်ဆိုးနဲ့ထွက်သွားတယ်.."


ကျူးထုန်: "?"


စိတ်ဆိုးသွားတယ်။


ရှောက်မင်က သူ့ကိုရေတစ်ခွက်ကမ်းပေးလာသည်။ ကျူးထုန်ကလှမ်းယူပြီးမေးလိုက်၏။ 


"သူကဘာလို့စိတ်ဆိုးသွားတာလဲ..."


သူပဲစိတ်မဆိုးဘူးဆိုပြီးတော့။ ဦးလေးလျိုက မပြောသင့်တဲ့စကားမျိုးတော့ မပြောလိုက်ပါဘူးနော်။


ထိတ်လန့်မှုတို့က သူ၏လည်ချောင်းအောက်မှ စတင်မြင့်တက်လာလေသည်။


ရှောက်မင်က မျက်နှာပေါ်မှထင်ရှားသောအပြုံးဖြင့်ပြန်ဖြေလာခဲ့သည်။ 


"အင်း...ကိုယ်လည်းမသိဘူးလေ.."

'အဖေအိုကြီးက သူ့ရဲ့ချစ်ရတဲ့သားလေးကို သားမက်က "ပြန်ပေးဆွဲ" သွားလို့ ဖြစ်လာတဲ့ခံစားချက်နဲ့တူနေတယ်ထင်တယ်'


ရှောက်မင်၏နှုတ်ခမ်းတို့က အသာလေးမြင့်တက်သွားခဲ့သည်။


ရှောက်မင်က အမြဲမျက်နှာဖုံးဝတ်ထားတတ်သည်။ ကျူးထုန်မှာ ထိုသူ၏မျက်နှာပေါ်မှ လုပ်ပြုံးကိုမြင်လိုက်ရပြီး အလွန်အမင်း စိတ်မသက်မသာဖြစ်သွားရတော့သည်။ 


"အဲဒါက..."


ရှောက်မင်က ချက်ချင်းမျက်လုံးပင့်ကြည့်လာလေ၏။ 


"ဟင်.."


ကျူးထုန်က အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်ရသည်။ 


"အခုလေးတင် အဘိုးငါ့ကိုပြောသွားတဲ့စကားတွေကို မင်းကြားလိုက်လား..."


ရှောက်မင်: "မင်းက ကိုယ့်နားကိုပိတ်ထားခဲ့တာလေ၊ ကိုယ်ကဘယ်လိုလုပ်ကြားရမလဲ.."


ထိုအချိန်က အမှန်တကယ်လည်း သူဘာမှမကြားခဲ့ရပေ။ သူ့နားထဲမှာပြည့်နေခဲ့သည်က သူ၏နားစည်ကွဲလောက်စရာ နှလုံးခုန်သံသာဖြစ်လေသည်။ သူ့မျက်လုံးတို့က လူငယ်လေး၏ဖြောင့်တန်းနေသောနှုတ်ခမ်းများအပေါ်၌သာ အသေကပ်နေခဲ့ပြီး သူ့နှလုံးသားကလည်း ဖုံးကွယ်ထား၍မရနိုင်သော မြတ်နိုးစိတ်တို့ဖြင့်ပြည့်လျှံနေခဲ့သည်။


သူ၏မတိုင်ခင်ကအပြုအမူတို့ကို တွေးကြည့်ပြီးသည့်နောက် ကျူးထုန်မှာ ရှက်ရွံ့လာစိတ်ကိုမထိန်းချုပ်ထားနိုင်တော့ပေ။ 


"ငါက..."


သူ့ခမျာ သူ့အဘိုးပြောလိုက်သောစကားများကို ရှောက်မင်ကြားသွားမည့်အရေးအားစိုးရိမ်နေခဲ့သည်။ အထူးသဖြင့် ထိုသူက ခပ်တင်းတင်းပြောလာခဲ့သည့်အချိန်ကပင်ဖြစ်လေ၏။ ထိုစဥ်က သူ့အဘိုးသာပိုပြီး "သဘာဝကျကျ" ပြောဆိုပါက ရှောက်မင်၏နားရွက်ကိုပိတ်နေစရာလိုမည်မဟုတ်ပေ။


သူက ချောင်းဟန့်ကာပြောလိုက်လေ၏။ 


"ငါ့အဘိုး ငါ့ကိုပြောနေတာက ဒဏ်ရာကိစ္စမဟုတ်ပါဘူး၊ ငါ့ရဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့အချိန်ကိုပြောတာပါ၊ သူကငါ့ကိုစိတ်ပူပြီး ပြန်လာဖို့ခေါ်နေတာလေ..."


ကျူးထုန် သူ့ရေကိုယူပြီးနောက် သူ့လက်ထဲတွင်သာကိုင်ထားခဲ့သည်။ သူထပ်မသောက်ချင်တော့သည့်ပုံစံမျိုးမြင်ရသည့်အခါ ရှောက်မင်က စားပွဲပေါ်ကိုရေခွက်တင်ပေးလိုက်သည်။ ထို့နောက် ရှောက်မင်က ကျူးထုန်၏စကားတို့ကို အလေးအနက်ထားပြီးစဥ်းစားနေခဲ့၏။ သူက တခဏမျှလက်ဆန့်ထုတ်ကာ မျက်လုံးပင့်ကြည့်လိုက်သည်။ 


"မင်း A မြို့ကိုပြန်တော့မှာလား.."


.......



စာရေးသူမှာ ပြောစရာရှိပါတယ်။


မလောပါနဲ့။ ရှောင်ရှောက်က ငြိမ်ငြိမ်လေးနေမယ့်ဇာတ်ကောင်မျိုးမဟုတ်ဘူး။


🤒