Chapter 100
Viewers 18k

🤒အခန်း ၁၀၀





သူ(SM)၏မျက်လုံးထဲတွင် အပြုံးတစ်ခုရှိနေပြီး သူ့အားငုံ့ကြည့်ကာ မေးလာလေသည်။ 


"ကိုယ်မင်းနဲ့ ဒီညကိုဒီမှာအတူအိပ်လို့ရလား.."


.....

ထိုအသံက သူ့ခေါင်းပေါ်မှထွက်လာခဲ့ကာ တစ်ဖက်မှလူငယ်လေး၏စကားကြောင့် ကျူးထုန်မျက်နှာမှာ ချက်ချင်းပူကြွပ်သွားလေတော့သည်။


သူဘယ်နေရာမှာအိပ်ချင်တာလဲ။ ဒီနေရာမှာလား။


ယခင်က သူနှင့်တအိပ်ရာတည်းအတူအိပ်ချင်ကြောင်း ပြောလာခဲ့သူရှိပါက အနည်းဆုံးတော့ သူ့အနေဖြင့် ထိုသူတို့ကိုအခန်းထဲမှမောင်းထုတ်ရန် ကြိုးစားမိပေမည်။


ယခုတော့ ထိုစကားပြောလာသူက ရှောက်မင်ဖြစ်နေသည်။ သူချမှတ်ထားခဲ့သောစည်းကမ်းများမှ ရှောက်မင်ကို ဖြေလျှော့ပေးခဲ့သည်မှာလည်း ယခင်တည်းက အကြိမ်ပေါင်းစွာရှိခဲ့ပြီဖြစ်သည်။


သူ့အနေဖြင့် အခြားသူများက သူ့အနားသို့ အလွန်အမင်းနီးကပ်လာသည်ကို မနှစ်သက်ခဲ့ပေ။ လူများက သူ့အား ရင်းနှီးသမှုဖြင့်ထိတွေ့ဆက်ဆံလာခြင်းမျိုးကိုလည်း မနှစ်မြို့ပေ။


ရံဖန်ရံခါတွင် ကျူးထုန်မှာ အခြားတိရစ္ဆာန််ငယ်လေးများကဲ့သို့ သူ့အနေဖြင့် လွန်ကဲစွာစည်းခြားထားမိနေသည်ဟုတွေးခဲ့ဖူးသည်။


သူ့အခန်းက သူပိုင်ဆိုင်ရာရပ်ဝန်းဖြစ်ပြီး သူ့အိပ်ရာလည်းအတူတူပင်။


အိမ်တွင်ဆိုလျှင် အစေခံများက သူ့အခန်းထဲသို့ ခွင့်ပြုချက်မရဘဲမဝင်ရပေ။ လုပ်စရာရှိလျှင်ပင် သူ့အိပ်ရာကိုမထိကြပေ။ သူက အခြားသူများ၏ထိတွေ့မှုနှင့်ပတ်သက်လာလျှင် ဇီဇာကြောင်သည်။ ယခုတော့ ရှောက်မင်က သူ့အိပ်ရာပေါ်တွင်ထိုင်နေသည်။ ခေါင်းရင်းမှ ခုတင်ဘောင်ကိုမှီထားသည်။ သူ့ခေါင်းအုံးကိုလည်းသုံးနေပြီး သူ့ကိုလည်းဖက်ထားသေးသည်။ သို့တစေ သူ့ဘက်မှ လက်မခံနိုင်သည့်သဘောထားမျိုးမပေါ်လာပေ။


သူက "သူ့အောက်" တွင်လှဲနေသောလူကို မှင်သေသေဖြင့်ကြည့်လာသည်။


ရှောက်မင်က နောက်တကြိမ်ထပ်မေးလာပြန်သည်။ 


"ကိုယ် ဒီမှာအိပ်လို့ရလား..."


ကျူးထုန်က အသက်အောင့်ထားမိပြီး မျက်တောင်ခတ်လိုက်သည်။ 


"မင်း..."


ဒါက တကယ့်ကိုမသင့်လျော်တဲ့နည်းလမ်းပဲ။


လူတစ်ယောက်က ရုတ်တရက်ကြီး သူ့အိပ်ရာပေါ်ရောက်လာတဲ့ဟာကို သူကောင်းကောင်းအိပ်နိုင်ပါဦးမလား။


ထို့အပြင် "လူသားခေါင်းအုံး" ကလည်း မညီမညာနှင့်မာနေသေးသည်။ သူ၏သာမန်ခေါင်းအုံးကဲ့သို့ပျော့ပျောင်းနေခြင်းမရှိပေ။


သူ အတိအကျကိုငြင်းပယ်လိုက်သင့်သည်။


သို့ရာတွင် သူ့ပါးစပ်က ထိုသို့နှယ်သာ ပြောလိုက်မိပါ၏။

"ငါ့အိပ်ရာကမင်းအိပ်ရာလောက်မကျယ်ဘူး၊ မင်းဒီမှာအိပ်ရင်ကျဥ်းကျဥ်းကျပ်ကျပ်အိပ်နေရလိမ့်မယ်..."


"ဒါဆိုလည်း မင်းကိုယ့်အိပ်ရာမှာပဲလာအိပ်ပေါ့.."


ကျူးထုန်: "......"


သူပြောချင်တာက အဲဒီလိုမဟုတ်ဘူး။


"ငါကမင်းကောင်းကောင်းအိပ်မရဘဲ အနှောင့်အယှက်ဖြစ်နေမှာစိုးလို့ပါ..."


ရှောက်မင်: "ကိုယ်ကအိပ်ပျော်ပါတယ်၊ ငလျင်လှုပ်ရင်တောင်မနိုးဘူး.."


ကျူးထုန်: "......"


များသွားပြီ။


"ဒါပေမဲ့လည်း..."


သူကမူ တုံ့ဆိုင်းနေဆဲ။


ထိုစကားက အလွန်တရာမှ ရိုးရှင်းပါသည်။ သူက အခြားသူများနှင့်အိပ်စက်လေ့မရှိကြောင်း ဆိုလိုချင်သည့်သဘောပင်ဖြစ်လေ၏။ ရှောက်မင်က နားလည်လောက်မည်မှာသေချာလင့်ကစား သူကအဘယ်ကြောင့်မပြောနိုင်ရပါသနည်း။


သူ ရှောက်မင်နှင့်အိပ်ရတာကိုမကြိုက်လို့လား။ ၎င်းကလည်း မဟုတ်ပုံပင်။


၎င်းကိုတွေးမိသည့်အခါ ဖော်ပြရခက်သောကို့ရို့ကားယားနိုင်မှုက သူ့အား စိတ်ရှုပ်ထွေးလာစေရုံသာဖြစ်လေသည်။


အထူးသဖြင့် သူကယခုလို ရှောက်မင်၏ကိုယ်ပေါ်တွင်လှဲနေရပြီး လက်ချထားစရာနေရာမရှိသည့်အချိန်မျိုးတွင်ဖြစ်လေသည်။


ရှောက်မင်က သူစိတ်ရှုပ်နေတာကို ဘာလို့မမြင်တာလဲ။


သူက ကျူးထုန် အိပ်ရာဝင်ချိန်နှင့်ပြန်ထလာချိန်တို့တွင် ထိုသူကို မြင်တွေ့ခဲ့ဖူးသည်။ သူအိပ်သည့်ပုံစံအနေအထားက အပြောင်းအလဲသိပ်မရှိပေ။ သူ့ထံတွင် အိပ်စက်ရာ၌ဆိုးရွားသောအကျင့်မျိုး စိုးစဥ်းမျှမရှိပေ။


ဒီတော့ သူကဒီတိုင်း လက်မခံရုံပဲလား။


သို့သော်လည်း သခင်လေး၏လက်ရှိတုံ့ပြန်ပုံက ငြင်းဆန်နေပုံလည်းမဟုတ်သလို ရွံရှာနေပုံလည်းမဟုတ်ချေ။ သူ့မျက်လုံးတို့က နေရာတကာသို့ရောက်နေပြီး အသံမှာလည်း ငြင်းရခက်နေသည့်အသံမျိုးဖြစ်နေသည်။ ၎င်းက ရှောက်မင်ကိုမထချင်တော့ဘဲ ကျူးထုန်က သူ့စိတ်ထဲတွင်ပိုပြီးနေရာယူလာစေခဲ့သည်။


ရှောက်မင်က ကြောင်တစ်ကောင်ချွဲနေသောအသံဖြင့်မေးလိုက်လေ၏။ 


"မရဘူးလား.."


သူကဘာလို့ အသနားခံပြနေသေးတာလဲ။


ကျူးထုန်၏နှလုံးက တစ်ချက်ခန့်ဆောင့်ခုန်သွားလေသည်။ 


"မရတာတော့မဟုတ်ပါဘူး၊ မလိုအပ်ရုံပါ၊ တကယ်တော့ ငါက ခန္ဓာကိုယ်ကို သေချာမလှုပ်ရှားရရင် မအိပ်တတ်လို့ပါ၊ ခေါင်းအုံးကြောင့်မဟုတ်ပါဘူး၊ မင်း..."


"ကိုယ်ကမင်းကို ဂရုစိုက်ပေးချင်ရုံပါ.."


"......"

'အာ'


ကျူးထုန်မှာ အံ့အားသင့်ရလွန်း၍ မျက်ခုံးပင့်လိုက်မိသည်။


သူမှတ်မိသည့်အတိုင်းသာဆိုပါက ရှောက်မင်က သူငှားနေသောအိမ်ကိုပြောင်းလာတည်းက ဂရုစိုက်ပေးနေခဲ့ပြီးပြီပင်မလား။


ရှောက်မင်ကပြုံးလိုက်ကာ ဆက်ပြောလာလေသည်။ 


"မင်းပဲပြောလိုက်တယ်လေ၊ ကိုယ့်မှာအပြစ်ရှိစိတ်နဲ့သနားတဲ့စိတ်ရှိနေတယ်ဆို၊ မင်းရဲ့သူရဲကောင်းဆန်ခဲ့မှုအပေါ် ကျေးဇူးပြန်ဆပ်ဖို့ ကိုယ့်ကိုအခွင့်အရေးလေးတော့ပေးသင့်တယ်မလား.."


ကျူးထုန် ကြောင်သွားခဲ့သည်။


ကျေးဇူးပြန်ဆပ်ဖို့...အတူအိပ်လိုက်ရင်ရပြီလား။


သူ ဆက်နွယ်မှုကိုအဖြေမရှာရသေးခင်မှာပင် ဖိခံထားရသော ခေါင်းအုံးအောက်မှသူ့ဖုန်းကအသံမြည်လာခဲ့သည်။


ကျူးထုန်က ဆတ်ခနဲလှုပ်သွားကာ ထိုင်နိုင်ရန် သူ့ခန္ဓာကိုယ်ကိုရုန်းလိုက်သည်။


ရှောက်မင်က သူ့ခါးကိုကိုင်ထားရင်းဖြင့်ပြောလိုက်လေ၏။


"ဒီအတိုင်းပဲကိုင်လိုက်ပါ..."


"......"


သူကဒီလိုပုံစံကြီးနဲ့ ဘယ်လိုဖုန်းပြောရမှာလဲ။


ရှောက်မင်ကသူ့အားကြည့်ကာ ဆက်ပြောလာခဲ့သည်။ 


"ကိုယ်ခိုးပြီးနားမထောင်ပါဘူးလို့အာမခံတယ်.."


ကျူးထုန်က ခပ်တိုးတိုးရယ်လိုက်လေ၏။ 

"မင်းနားမှာ အလိုအလျောက် အဖွင့်အပိတ်စနစ်ပါနေလို့လား..."


ဒီအကွာအဝေးကို ခိုးနားထောင်ဖို့လိုမှာလား။


ရှောက်မင်က တခဏမျှတွေးကြည့်နေသေးသည်။ 


"ကိုယ်နားထောင်လို့မရတော့အောင် မင်းက ကိုယ့်နားကိုပိတ်ထားလိုက်လေ.."


ဖြစ်နိုင်ပါက ရှောက်မင်မှာ အကောင်းဆုံးသောရလဒ်ကိုမျှော်လင့်ထားခဲ့သည်။ ကျူးထုန်က သူ့ကိုယ်ပေါ်တွင်လှဲနေပြီး ဖုန်းပြောနေရင်း လက်တစ်ဖက်က သူ့နားကိုပိတ်ထားလိမ့်မည်။


သူက ယခုလေးအတိုင်း ထိုသူကိုလွှတ်မပေးချင်ရုံသာရှိလေ၏။


ကျူးထုန်က နှစ်ယောက်ကြားမှအခြေအနေကိုဂရုစိုက်မနေတော့ဘဲ ဖုန်းကိုသာ ခပ်သွက်သွက်လေးကိုင်ချင်သွားခဲ့သည်။ သူက ခေါင်းအုံးအောက်မှဖုန်းကို လှမ်းယူကာ ခေါ်ဆိုသူကိုကြည့်ပြီးနောက် ဖုန်းဖြေလိုက်လေ၏။ 


"ဟယ်လို အဘိုး.."


ရှောက်မင်: " ....."


အလွယ်တကူခေါ်လိုက်သော အခေါ်အဝေါ်က သူ့ကိုအေးခဲသွားစေလေသည်။


ဖုန်းခေါ်လာသူက လူကြီးတစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်နေစရာ မလိုတော့ပေ။


သူအခုလွှတ်ပေးလိုက်ဖို့ နောက်ကျသွားပြီလား။


အသက်အရွယ်ကြီးရင့်သော အမျိုးသားတစ်ယောက်၏ တည်ငြိမ်ခက်ထန်သောအသံက ဖုန်းတစ်ဖက်မှထွက်လာခဲ့လေသည်။


 "မင်းဒဏ်ရာရသွားတယ်ဆို.."


တဖက်မှ ထိုစကားပြောလိုက်သည်နှင့် အိပ်ရာထက်မှလူနှစ်ယောက်မှာ ပကတိအေးခဲသွားလေတော့သည်။


ကျူးထုန်ကတွေးနေမိသည်။

 'အဘိုးသိသွားပြီ၊ ဘယ်အချိန်ကသိသွားတာလဲ၊ ဦးလေးလျိုက တကယ်လျှာရှည်တာပဲ၊ ရှောက်မင်တော့ သက်သာပါ့မလား'


သူမော့ကြည့်လိုက်ရာ ရှောက်မင်၏တောင့်တင်းနေသောအပြုံးကို တွေ့လိုက်ရလေသည်။


ရှောက်မင်က ထိုမတော်တဆမှုအတွက် သူ့ကိုယ်သူအပြစ်တင်နေခဲ့သည်။ ယခု ကျူးထုန်၏အဘိုးဖြစ်သူထံမှ "ဆူပူမှု" ကိုကြားလိုက်ရသည့်အခါ သူ မည်သို့သောအပြစ်ရှိစိတ်မျိုးကိုခံစားနေရလောက်ပါသနည်း။


သူ ရှောက်မင်အရှေ့မှာဖုန်းမပြောလိုက်သင့်ဘူး။


နှလုံးသားထဲမှ ကျပ်ခဲနေသောခံစားချက်တို့ဖြင့် ကျူးထုန်မှာ အလျင်စလိုဖြစ်သွားပြီး ဖုန်းကိုလွှတ်ချလိုက်မိသည်။ သူကလက်နှစ်ဖက်လုံးကိုမြှောက်ကာ ရှောက်မင်၏နားရွက်ကို လက်ချောင်းဖြင့် ပိတ်ဆို့ထားပြီး ဖုန်းကိုငုံ့ပြောလိုက်သည်။


 "ရပါတယ်၊ ဒဏ်ရာသေးသေးလေးပါ၊ အဘိုး စိတ်ပူစရာမလိုပါဘူး၊ ဒဏ်ရာကလည်းကျက်သွားပါပြီ၊ အဘိုးသိရဲ့သားနဲ့ ကျွန်တော်ကငယ်ငယ်လေးတည်းက ပွန်းပဲ့ရှနာဖြစ်နေကျပဲဟာ၊ ကြီးကြီးမားမားမဟုတ်ပါဘူး.."


ထိုသူ၏လက်တို့က သူ့နားရွက်တို့ကိုထိကိုင်လာသည့်အခါ ရှောက်မင်မှာ ခေါင်းထဲမှတဝီဝီမြည်နေသံကိုသာကြားနေရလေသည်။ သူကမျက်လုံးပြူးသွားကာ ဖုန်းအားစိုက်ကြည့်နေသောလူငယ်လေးကိုမြင်လိုက်ရသည်။ ထိုသူကဖုန်းဖြေနေစဥ် သူ့နှုတ်ခမ်းတို့ကို တင်းနေအောင်စေ့ထားလေသည်။


အနည်းငယ် အဆောတလျင်ဖြစ်နေသောပုံစံ၊ အနည်းငယ်မြန်နေသောအသက်ရှူသံ၊ တဖက်သူကိုမကြားရအောင်နားပိတ်ထားပုံက အာရုံခံစားမှုကိုပုံမှန်ထက်ပိုကာ သိသာစေလေသည်။ အထူးသဖြင့် သူ၏နားမှအတွင်းသားကလိုင်ပေါက်ကိုထိကပ်နေသော အနွေးဓာတ်လေး။


ထိုသူ၏လက်ချောင်းထိပ်ဖျားလေးများက နူးညံ့သည်။ လက်သည်းများကိုလည်းတိတိရိရိညှပ်ထားပြီး ပြီးပြည့်စုံစွာဖြင့်ခုံးကြွနေလေ၏။ လက်ချောင်းထိပ်ဖျားလေးများက သူ၏အကြားအာရုံကို ပြည့်စုံစွာဖြင့် တွယ်ဆက်ထားခဲ့သည်။ ပြင်ပအသံများက ပိတ်ဆို့ခံထားရသည့်အခါ သူ၏လေးလံပြီးအပြင်းအထန်ခုန်လှုပ်နေသောနှလုံးခုန်သံကို ရှင်းရှင်းလင်းလင်းကြားနေရလေသည်။


သူက လူငယ်လေး၏နှုတ်ခမ်းတို့ကြည့်နေရင်း လည်ချောင်းက တင်းကျပ်လာလေသည်။


ကျူးထုန်ကမူ သူ့အဘိုးနှင့်စကားပြောရာမှာပင် အာရုံရှိနေခဲ့သည်။ သူ့ခါးပေါ်မှလက်က "ဖယ်မရအောင်" တင်းလာမှန်းခံစားမိနေသော်လည်း ရှောက်မင်ကို တစ်ချက်ခန့်လှည့်ကြည့်လိုက်သည်။


ဖုန်းထဲမှတဖက်လူကဆက်ပြောလာခဲ့သည်။ 


"ဓားနဲ့ထိုးခွဲခံရတာက ဒဏ်ရာသေးသေးလေးလား.."


"....."


ကျူးထုန်: သေစမ်း။


ဦးလေးလျိုတိုင်လိုက်တယ်ဆိုတာသေချာတယ်။


ပြီးတော့ သူ့အဘိုးလေသံကိုနားထောင်ကြည့်ရရင် အံကြိတ်ပြောနေသလိုပဲ။


သူရှောက်မင်ကို အပြစ်တင်နေမှာတော့ မဟုတ်လောက်ပါဘူးနော်။


ကျူးထုန်မှာ ပျာယာခတ်သွားရတော့သည်။ 


"ဒါကတကယ်ကို ဒဏ်ရာသေးသေးလေးပါ၊ ကျွန်တော်အခုအဆင်ပြေနေပြီပဲကို၊ ဒဏ်ရာကမကြာခင်သက်သာသွားတော့မှာ.."


ချန်ချင်းစုန့်: "အခုကနေသုံးရက်အတွင်း ဦးလေးလျိုနဲ့ A မြို့ကိုပြန်လာခဲ့တော့..."


အခုကနေသုံးရက်တဲ့လား။


ကျူးထုန်ကတွေးပင်မတွေးတော့ဘဲ ငြင်းပယ်လိုက်လေသည်။ 


"မဖြစ်နိုင်တာပဲ.."


ဖုန်းထဲတွင်အသံတိတ်သွားခဲ့သည်။


တိတ်ဆိတ်နေသည်မှာ မမြင်ရသောလေမုန်တိုင်းတစ်ခုတိုက်ခတ်လာပြီး ကပ်ဘေးပေါ်လာတော့မည့်နိမိတ်တစ်ခုပမာ။


"အဘိုး၊ ကျွန်တော်...ကျွန်တော်ဒီမှာ လုပ်စရာလေးရှိသေးလို့ပါ၊ ကျွန်တော်တို့ကျောင်းမှာ ကျောင်းတွင်းသီချင်းဆိုပြိုင်ပွဲရှိတယ်၊ ကျွန်တော့်ဘဝမှာ ပထမဆုံးပါဖူးတဲ့ အဖွဲ့လိုက်လှုပ်ရှားမှုပဲ၊ ပြိုင်ပွဲပြီးမှလာလို့ရမလားဟင်.."


"....."


အသနားခံမှုအပြည့်ဖြင့် နူးညံ့သောလေသံလေး။


ချန်ချင်းစုန့်မှာ တဒင်္ဂမျှ တိတ်ဆိတ်သွားခဲ့သည်။


ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ပြီးနောက် လူအိုကြီး၏အသံမှာ ကံကြမ္မာကိုပြောင်းလဲချင်မှုအပြည့်တို့က သိသာထင်ရှားလာလေတော့၏။ 


"ပြိုင်ပွဲပြီးရင် မင်းကိုလာကြိုဖို့လူလွှတ်ပေးလိုက်မယ်..."


ကျူးထုန်: "......"


ယင်းက ညှိနှိုင်းခွင့်မပေးသောအသံမျိုးပင်။


ကျူးထုန်မှာ ထိုသူ၏ခံစားချက်တို့ကို ရှင်းလင်းသည်အထိမဖော်ထုတ်နိုင်ပေ။ ဆေးစစ်ရန်အတွက် A မြို့သို့ပြန်သွားမည့်အကြောင်းကို ဒဏ်ရာရသည့်နေ့က ဦးလေးလျိုအားကတိပေးခဲ့သည်။ အဘိုးကသူ့အားစိုးရိမ်နေသောကြောင့် သူ့အားပြန်လာရန်ခေါ်သည့်အချိန်တွင် အဘိုးဖြစ်သူ၏ပူပန်စိတ်လေးလျော့သွားရစေရန် သူချက်ချင်းလက်ခံလိုက်သင့်သည်။


၎င်းအပြင် ချင်ကျွင်းဟုန်ကိစ္စကလည်းရှိသေးသည်။ ယခုအချိန်တွင် ပြန်သွားလည်း နစ်နာစရာမရှိပေ။


ဒါပေမဲ့ သူဘာလို့ငြင်းမိတာလဲ။


သူ အနည်းငယ်တွေဝေနေမိသလိုခံစားရသည်။


သီချင်းပြိုင်ပွဲမှာဝင်ပါဖို့ တွေဝေနေမိတာလား။ သေချာပေါက်မဟုတ်ဘူးပေါ့။


ကျူးထုန်မှာ သူ့လက်တို့ကိုတင်းလိုက်ချင်စေကာမူ တစ်ခုခုက ခွာလိုက်သလို ရုတ်တရက်ခံစားလိုက်ရသည်။ သူကခေါင်းမော့လိုက်သည့်အခါ နှစ်ယောက်ကြားမှအကွာအဝေးက မည်မျှအထင်လွဲစရာကောင်းနေပြီမှန်းသိလိုက်ရသည်။


သူလက်ကိုအမြန်ပြန်ရုတ်ရန်ကြိုးစားလိုက်သော်လည်း ခါးကမူ ဆုပ်ကိုင်ခံလိုက်ရသည်။


သူက ရှောက်မင်၏နားရွက်ကိုအုပ်ထားသည့်အနေအထားဖြစ်နေသော်လည်း ယခုတော့ ရှောက်မင်ကိုကြည့်ရန်တွန်းအားပေးခံနေရသည်။


တချိန်တည်းမှာပင် တံခါးမှခေါက်သံပေါ်လာလေ၏။ 


"သခင်လေး၊ ကျွန်တော်ဝင်လာ...."


စကားပင်ဆုံးအောင်မပြောမိခင် ဦးလေးလျိုက တံခါးတွင်အေးခဲသွားတော့၏။

___________


A မြို့၏ အဆင့်မြင့်တိုက်ခန်းတစ်ခုတွင် ချန်ချင်းစုန့်က ကျူးထုန်နှင့်ဖုန်းပြောပြီးသည့်နောက် ဖုန်းချလိုက်သည်။ သူ့အသက်ရှူသံက လေးပင်နေပြီး မပြောင်းလဲပေ။ သူ့အရှေ့မှကွန်ပျူတာမျက်နှာပေါ်၌ ဦးလေးလျိုပို့ပေးလိုက်သော ဓာတ်ပုံနှစ်ပုံကိုယှဥ်ချထားခဲ့သည်။ ၎င်းတို့က ကျောမှဒဏ်ရာကိုရိုက်ထားခြင်းဖြစ်လေ၏။


တစ်ပုံမှာ ဆရာဝန်က သူ့ဒဏ်ရာကိုကုသပေးချိန်တွင်ရိုက်ထားခြင်းဖြစ်ပြီး ကျန်တစ်ပုံက ဒဏ်ရာကိုကုသပေးပြီးမှရိုက်ထားခြင်းဖြစ်လေသည်။ နှစ်ပုံကြားမှ ကွာခြားချက်က တစ်နာရီခွဲသာကြာမြင့်လေ၏။


"ကျူးထုန်ရဲ့သွေးပျစ်ခဲတဲ့နှုန်းက ဆိုးရွားတယ်လို့ မင်းပြောခဲ့ဖူးတာကို ငါမှတ်မိသေးတယ်၊ သူဒဏ်ရာတစ်ခါရရင် သွေးထွက်တာရပ်သွားဖို့ခက်တယ်လေ..."


ကျူးထုန်၏ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေကိုတာဝန်ယူထားရသော မိသားစုဆရာဝန်က မတတ်တခေါက်တရုတ်စကားဖြင့် ရှင်းပြလာ၏။ 


"ဟုတ်ပါတယ်၊ သခင်ချန်၊ သခင်လေးထုန်မှာ မွေးရာပါသွေးကျဲတဲ့ရောဂါရှိပါတယ်၊ လူကြီးမင်းလျိုကရှင်းပြခဲ့တဲ့ ရောဂါလက္ခဏာတွေအရတော့ ဒဏ်ရာကသိပ်မနက်ပေမဲ့ မျှော်လင့်ထားသလောက်လည်းစိတ်ချလို့မရပြန်ပါဘူး.."


သို့သော်လည်း နယ်မြို့လေးမှဆရာဝန်က ဒဏ်ရာကိုရိုးရိုးရှင်းရှင်းပင်ချုပ်ပေးခဲ့ခြင်းဖြစ်ပြီး သွေးထွက်နှုန်းမှာလည်းခပ်မြန်မြန်ပင်ရပ်သွားခဲ့သည်။


ချန်ချင်းစုန့်မှာမူလက ကျူးထုန်၏ကျန်းမာရေးအခြေအနေတိုးတက်လာရသည့်နောက်ကွယ်မှအကြောင်းအရင်းမှာ နယ်မြို့လေးသို့ကျောင်းပြောင်းသွားပြီးနောက် စိတ်အခြေအနေကောင်းလာ၍ သူ၏ နှလုံးအခြေအနေကိုလည်းသက်ရောက်ခဲ့သောကြောင့်ဖြစ်လိမ့်မည်ဟု တွေးခဲ့သည်။ သို့ရာတွင် လူတစ်ယောက်၏အကောင်းဘက်ရောက်လာသောစိတ်အခြေအနေက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါသက်ရောက်သည်ဟု သူတစ်ခါမှမကြားခဲ့ဖူးပေ။


ကျူးထုန်၏ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေတိုးတက်လာရန် သူ့မှာ ဆရာဝန်အများအပြားကို နည်းလမ်းအမျိုးမျိုးမေးကြည့်ခဲ့ဖူးသော်လည်း အားလုံးနီးပါးကမသိခဲ့ကြပေ။


စိတ်အခြေအနေတစ်ခုတည်းပြောင်းသွားတာက ကျန်းမာရေးအခြေအနေကိုပါပြောင်းသွားစေနိုင်တာလား။


ချန်ချင်းစုန့်မှာ သံသယမဝင်ဘဲမနေနိုင်ပေ။


ဘေးမှမိသားစုဆရာဝန်ကပြောလာပါသည်။ 


"သခင်လေးထုန်ရဲ့လက်ရှိကျန်းမာရေးအခြေအနေကို ဆေးဘက်ဆိုင်ရာအချက်အလတ်တွေနဲ့ရှင်းပြဖို့ခက်ပါတယ်၊ ကျွန်တော်ကတော့ တတ်နိုင်သမျှမြန်မြန်လေး သခင်လေးထုန်ကို ဆေးစစ်ဖို့အကြံပေးချင်ပါတယ်.."


"......"


မြေးထံမှအငြင်းခံလိုက်ရသော သခင်ကြီးချန်မှာ ချက်ချင်းပြန်မဖြေနိုင်ပေ။


ဖုန်းထဲတွင် A မြို့သို့ပြန်လာရန်ငြင်းဆန်နေခဲ့သောအသံမှာ ပြတ်သားနေပြီး တောင်းဆိုလာသော အသံလွင်လွင်လေးမှာလည်း ဆီလျော်ကာကျွမ်းကျင်လေသည်။


သခင်ချန်က ဘယ်အချိန်က သူ့မြေးလေးဒီလိုတက်ကြွနေတာကို ဘယ်မှာမြင်ဖူး.. မဟုတ်ဘူး ကြားဖူးလို့လဲ။


ယခင်က ဖုန်းပြောကြချိန်တိုင်း ကျူးထုန်ကအမြဲနာခံမှုရှိပြီး တည်ငြိမ်ရင့်ကျက်သည်။စကားကိုချိုချိုသာသာပြောတတ်ပြီး အဘိုးနှင့်မြေးအကြားတွင် မမြင်ရသောစည်းတစ်ခုရှိနေသလို ဖန်တီးတတ်သည်။ ၎င်းကသူတို့နှစ်ယောက်လုံးကို ရင်းနှီးရန်ခက်ခဲစေသလို ရင်နာစရာလည်းကောင်းစေခဲ့သည်။ 


ဒါပေမဲ့ အခုတော့ ကျူးထုန်က သူနဲ့အပေးအယူတောင်လုပ်တတ်လာပြီ။ 


ဘာကိုကျောင်းတွင်း သီချင်းဆိုပြိုင်ပွဲလဲ။ သူ့မြေးကလူများတဲ့ ပွဲလမ်းသဘင်တွေကို မကြိုက်ဆုံးပဲဆိုတာ သူမသိတာမှတ်လို့။ A မြို့ကိုပြန်မလာချင်တာက သူကယ်လိုက်တဲ့ ငတိလေးကြောင့်ဆိုတာအဖြစ်နိုင်ဆုံးပဲ။


သူကမူ ရှောက်မင်အပေါ်တွင် မည်သည့်ထင်မြင်ယူဆချက်မှမရှိပေ။ သို့ရာတွင် သူ့မြေးကို ကုန်းရွှေစီရင်စုကိုပို့ပေးရန်သဘောတူခဲ့ခြင်းက အခြားသူအတွက် ဓားထိုးခံပေးရန်မဟုတ်ပေ။


၎င်းကိုတွေးနေရင်း ချန်ချင်ူစုန့်၏မျက်ခုံးတို့က ပို၍ပင် တွန့်ချိုးလာလေတော့သည်။ 


အထက်တန်းကျောင်းသားတစ်ယောက်က ဘယ်လိုလုပ် ဓားနဲ့တိုက်ခိုက်ခံရတာလဲ။


သူသိရသမျှမှာ ကျူးထုန် ထိုသူကိုကယ်ရန်ပြေးသွားချိန်တွင် ကောင်လေးဘေး၌ နောက်ထပ်လူတစ်ယောက်ရှိနေခဲ့သည်။


သူက တခဏမျှတွေးနေပြီးမှ ဦးလေးလျိုထံမက်ဆေ့ချ်ပို့လိုက်၏။


[ကဖေးဆိုင်အပြင်မှာတွေ့ခဲ့တဲ့ကောင်လေးကိုစုံစမ်းလိုက်]


မက်ဆေ့ချ်ကို အောင်မြင်စွာဖြင့်ပို့လိုက်နိုင်သော်လည်း ဦးလေးလျို၏ဖုန်းကအသံပိတ်ထားလေရာ ယခုအချိန်တွင် သူဖုန်းကိုဖွင့်ကြည့်ရန်အချိန်မရှိပေ။


ထိုသူမှာ အလွန်တရာမှထိတ်လန့်စေသည့်မြင်ကွင်းကို မြင်နေရသောကြောင့်ပင်ဖြစ်လေသည်။



🤒