Chapter 99
Viewers 18k

🤒အခန်း ၉၉





ရှောက်မင်အိမ်ပြန်သွားသည့်နှစ်ရက်အတွင်း ထိုသူမှာ ကောင်းကောင်းမအိပ်ရရှာပေ။ ထို့ကြောင့် ဦးလေးလျိုက သူအတန်းသွားတက်မည်ကို ငြင်းဆန်နေခဲ့သည်။ ကျူးထုန်မှာလည်း တွေဝေနေခြင်းပင်မရှိဘဲ အခွင့်အရေးကိုအမိအရယူပြီး အိပ်နေလိုက်၏။


သို့ရာတွင် ကျောပေါ်မှဒဏ်ရာကြောင့်ပက်လက်လှန်မအိပ်နိုင်ဘဲ ဘေးတစောင်းသာအိပ်နိုင်လေသည်။ သူအိပ်နေပုံကအစာအိမ်ကိုဖိမိနေရကား ဤပုံစံဖြင့်အိပ်စက်ခြင်းက သူ့အား သက်တောင့်သက်သာဖြစ်စေလိမ့်မည် မဟုတ်ပါချေ။


ရှောက်မင် အခန်းထဲသို့ဝင်လာသည်နှင့် သူနိုးသွားခဲ့သည်။ ဦးလေးလျိုဟုထင်လိုက်သော်လည်း မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ မထင်မှတ်ထားသည့်လူဖြစ်နေသည်။


"မင်းကဘာလို့ပြန်လာတာလဲ..."


ကျူးထုန်မှာ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူကိုယ်တိုင်ပင်သတိမထားမိလိုက်ခင် မျက်လုံးထဲ၌ တောက်ပသည့်အရာတစ်ခုဖြတ်ပြေးသွားလေ၏။ တစ်ဖက်ကအိပ်ရာဘေးတွင်ဝင်ထိုင်သည့်အချိန် သူကကုန်းပြီးထတော့မည့်အပြု ပြန်လည်ဖိချခံလိုက်ရသည်။


ရှောက်မင်: "မင်းတစ်ယောက်တည်း ပျင်းနေမှာစိုးလို့၊ ကိုယ်အိမ်ပြန်လာပြီး မင်းကိုအဖော်လုပ်ပေးတာ၊ နာနေသေးလား..."


"မလိုအပ်ဘဲ မလှုပ်ရှားသရွေ့တော့ မနာပါဘူး.." 

ကျူးထုန်ကရှင်းပြပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။ "

"ငါက သုံးနှစ်အရွယ် ကလေးလေးလည်းမဟုတ်ဘူး၊ မင်းငါ့ကိုအဖော်လုပ်ပေးစရာမလိုပါဘူး.."


ရှောက်မင်က တည်တည်ငြိမ်ငြိမ်ပင်ပြောလာခဲ့သည်။


 "ဒါပေမဲ့ ကိုယ်ကမင်းကိုအဖော်လုပ်ပေးချင်လို့ပြန်လာတာလေ.."


"...."


ကျူးထုန်မှာ သူ့စကားကြောင့် တံတွေးနင်သွားရလေ၏။


ခဏကြာမှ သူမေးလိုက်သည်။ 


"နေ့လည်ခင်းအတန်းက ပျင်းစရာကောင်းလို့လား.."


မဟုတ်ရင် ရှောက်မင်က ဘာလို့ပြန်လာမှာလဲ။


ရှောက်မင်က အိပ်ရာအစွန်ဘေးတွင်ထိုင်ကာ သူ့အားနင့်နင့်နဲနဲကြည့်ပြီးနောက် ဖွဖွလေးပြုံးလာပါ၏။ 


"မင်းကမှ အထက်တန်းကျောင်းသင်ခန်းစာတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေလို့.."


ကျူးထုန်: "......"


သူဘာကိုပြောချင်တာလဲ။ ချီးကျူးတာလား။ နှိမ်တာလား။

ထားလိုက်တော့။ အရေးမကြီးပါဘူး။


သူက တစ်ခုခုကိုသတိရသွားပြီး အလောတကြီးမေးလိုက်သည်။ 


"ဒါနဲ့ မင်းငါ့အတွက် မှတ်စုတွေကူးလာပေးလား.."


ရှောက်မင်က လက်ထဲတွင်မှတ်စုစာအုပ်ရှိနေသော်လည်း ရုတ်တရက် နောင်တရလာ၍ တုံ့ဆိုင်းနေခဲ့သည်။


မှတ်စုစာအုပ်နှင့်သာဆိုပါက သခင်လေးက သူ့မျက်စိရှေ့ကိုထပ်ပေါ်လာတော့မည်မဟုတ်ပေ။


သို့ရာတွင် သခင်လေးကျူးထံ၌ စူးရှသောမျက်လုံးများရှိပြီး ဖုံးကွယ်ထားရန်အချိန်မရလိုက်လေရာ သူ့လက်ထဲမှစာအုပ်ကိုမြင်သွားခဲ့သည်။


သည့်အပြင် သူကယခုအိပ်ရာထဲတွင်လှဲနေလေသည်။ ရှောက်မင်၏ လက်ရှိ လက်မြှောက်ထားသောအနေအထားအရ အသိသာဆုံးသောအရာကို မမြင်နိုင်စရာအကြောင်းမရှိပေ။


ရှောက်မင် မှတ်စုစာအုပ်ကို တွန့်ဆုတ်ဆုတ်ဖြင့်ပေးလိုက်သည့်တိုင် ယူမရအောင် အလျားလိုက်ကိုင်ထားလေသည်။ ထို့နောက် သူမေးလိုက်လေ၏။ 


"ထိုင်ချင်လား.."


ကျူးထုန်: "......"



ထိုသူ အခန်းထဲသို့ဝင်လာချိန်တွင် သူက ထိုင်ရန်ကြံစည်နေခဲ့ခြင်းဖြစ်သည်။


သူ စိတ်အေးလက်အေးဖြင့် ခေါင်းညိတ်ပြလိုက်၏။ 


"အင်း"


ရှောက်မင်က မှတ်စုစာအုပ်ကိုဘေးချကာ လက်တစ်ဖက်ဖြင့်သူ့ခါးကိုကိုင်လိုက်ပြီး ကျန်တစ်ဖက်ကမူ သူ့လက်ကိုကိုင်ထားပေးလေသည်။


အကိုက်အခဲပျောက်ဆေးပင် ကျောပေါ်မှနာကျင်မှုကို အပြည့်အဝ မထိန်းချုပ်ပေးနိုင်ချေ။ သို့ဖြစ်၍ သူတို့နှစ်ယောက် သတိကြီးစွာထားနေပါသော်လည်း သွေးရောင်ပြန်သမ်းနေပြီဖြစ်သော ကျူးထုန်မျက်နှာမှာ နာကျင်မှုကြောင့် ပြန်လည်ဖြူလျော်သွားခဲ့လေသည်။


ခါးမတ်ကာထိုင်လိုက်ပြီးသည့်အခါ ကျောပေါ်မှနာကျင်မှုလျော့သွားသည်အထိ သူက ခေါင်းငုံ့ကာစောင့်နေလိုက်လေ၏။ ရှောက်မင်ကသူ့ဘေးတွင်ထိုင်ရင်း သူ့အား အသေအချာကြည့်နေလေသည်။


သက်သာသွားသည့်အခါ မှတ်စုစာအုပ်ကိုလှမ်းယူလိုက်သည်။ သို့ထိတိုင် ရှောက်မင်က သူ့ညာဘက်လက်ကိုကိုင်ထားနေသေး၏။ ရှောက်မင်၏နောက်လက်တစ်ဖက်က သူ့ခါးပေါ်တွင်ရှိနေသေးသည်။


"......"


သူဘေးဘက်ကိုကြည့်လိုက်သည်။


ရှောက်မင်ကလည်း သူ့ကိုကြည့်နေပြီးပြောလိုက်သည်။ 


"မင်းနာနေရင် ပါးစပ်ကအော်လိုက်မှ ပိုနေသာသွားမယ်လို့ ကိုယ်ပြောဖူးတယ်မလား.."


ကျူးထုန်က ဇဝေဇဝါဖြစ်သွားသည်။ 


"မလိုဘူးထင်တယ်.."


ရှောက်မင်: "မင်းအဲဒီနည်းလမ်းကိုသိလား.."


ကျူးထုန်ကပြုံး၍ တုံ့ပြန်လိုက်လေသည်။ 


"လူတိုင်းသိတယ်ကွ၊ ကလေးအရွယ်တုန်းက မငိုပဲနဲ့ကြီးလာတဲ့သူ ဘယ်သူရှိလို့လဲ..."


ကလေးတစ်ယောက်က ဘာလို့ငိုတာလဲ။


၎င်းက ဆက်သွယ်ပြောဆိုခြင်းနှင့် စိတ်ထွက်ပေါက်ရှာသောနည်းလမ်းတစ်မျိုးဖြစ်နိုင်သည်။ ကလေးများက သူတို့လိုချင်သည့်အရာရရန် ငိုယိုပြီးအော်ဟစ်တတ်ကြသည်။


ရှောက်မင်၏မျက်လုံးတို့ကနက်မှောင်သွားခဲ့သည်။ 


"ဒါဆို မင်းကဘာလို့ နာနေတာတောင်မအော်တာလဲ.."


ကျူးထုန်မှာ စကားပြောနေရင်း ဤခေါင်းစဥ်သို့ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထူးဆန်းနေသောမျက်နှာဖြင့် သူကတုံ့ပြန်လိုက်သည်။ 


"ငါကလူကြီးဖြစ်နေပြီကို ဘာလို့အော်ရမှာလဲ၊ ရှက်စရာကြီး.."


"......"


ရှောက်မင်၏ စူးရှနေသောမျက်လုံးက အနည်းငယ်မျှမှေးသွားလေသည်။


လူများက နာကျင်လာလျှင်အော်တတ်ကြသည်။ ၎င်းက သဘာဝအလျောက်ပင်ဖြစ်ပြီး ရှက်စရာကောင်းသည် မကောင်းသည်နှင့်မဆိုင်ပေ။


ကျူးထုန်ကအကြိမ်ပေါင်းမနည်း ဒဏ်ရာရခဲ့သည့်တိုင် တစ်ခါမှမအော်ဟစ်ဖူးပေ။ အလွန်ဆုံးရှိမှ သည်းမခံနိုင်လောက်အောင်နာကျင်လာသည့်အခိုက်အတန့်မျိုးတွင် ခပ်တိုးတိုးပင့်သက်ရှိုက်လိုက်ရုံသာရှိသည်။


နာတာကိုသည်းခံနေတတ်တဲ့အကျင့်ကို သူဘယ်လို ကျင့်ယူလာတာပါလိမ့်။


ရှောက်မင်ကသူ့ကိုကြည့်နေ၍ ကျူးထုန်၏နှလုံးက ရှင်းပြရခက်စွာဖြင့်အခုန်မြန်လာခဲ့သည်။ သူလက်ကိုပြန်ဆွဲထုတ်ချင်သည့်တိုင် လှုပ်မရဖြစ်နေမှန်းတွေ့လိုက်ရလေ၏။


ယခုက ရှောက်မင်အပေါ်မှီထားရသော ပထမဆုံးအကြိမ်မဟုတ်သလို သူ့ခါးကိုရောလက်ကိုကိုင်ထားသည်ကပါ ပထမဆုံးမဟုတ်ပေ။


ယခုတော့ သူ့လက်က ရှောက်မင်၏လက်ဖဝါးထဲတွင်ရှိနေပြီး သူ့မျက်နှာကလည်း စပြီးပူလောင်လာလေ၏။


ရှောက်မင်၏လက်က ကြီးလွန်းသောကြောင့် သူ့လက်ကိုလုံးဝအုပ်ထားလုနီးပါးဖြစ်နေခဲ့သည်။ ထိုသူ၏လက်ဖဝါးက ပူနွေးလွန်းသော်လည်း လက်ချောင်းငါးချောင်းကမူ အလွန်အမင်း ရှည်လျားသွယ်လျလှသည်။


ကျူးထုန်က မျက်တောင်လေးတဖျတ်ဖျတ်ခတ်မိလေ၏။


 "မင်း.."


"မင်းကိုယ့်ဆီပြေးဝင်လာချိန်မှာ ဘာတွေတွေးနေတာလဲ.."


"......"


ဘာလို့ထပ်မေးပြန်တာလဲ။


ကျူးထုန်က နေရခက်စွာဖြင့်ခေါင်းငုံ့ထားလိုက်မိ၏။ 


"အဲဒီလိုအချိန်မှာ ဘာတွေးနိုင်မှာလဲ.."


ရှောက်မင်က ကျူးထုန်မျက်နှာကိုသာ စေ့စေ့ကြည့်နေလေသည်။ 


"မင်းဘာမှကိုမတွေးမိဘူးလား.."


ကျူးထုန်ခေါင်းညိတ်ပြလိုက်သည်။


ထိုအချိန်တွင် သူမည်သည့်အတွေးကိုမှမတွေးနိုင်ခဲ့ပေ။ စိတ်စေရာအတိုင်းလိုက်ပြီး ရှောက်မင်အားတိုက်ခိုက်လာတော့မည့်ဓားကို တားဆီးနိုင်ရန်ခုန်ဝင်ခဲ့မိသည်။


ရှောက်မင်က သူ့ထံ နီးနီးကပ်ကပ်မှီလာသည်။ သူ့အသံကတိုးလျနေ၏။ 


"ဒါဆို၊ မင်းကကိုယ့်ကိုကယ်ဖို့ မသိစိတ်အရစွန့်စားလိုက်တာဆိုတဲ့သဘောလား.."


"....."


ကျူးထုန်က ရုတ်တရက်လှည့်လိုက်သည့်အခါ ရုတ်တရက် အနားကပ်လာသည့်မျက်နှာဖြင့် တိုက်မိလုနီပါးဖြစ်သွားလေသည်။


ရှောက်မင်က သူ့ကိုပြုံးကာကြည့်ရင်းဆိုလာလေ၏။ 


"တကယ်ကိုစိတ်လှုပ်ရှားစရာပဲ၊ ကိုယ်မင်းကို ဘယ်လိုကျေးဇူးဆပ်ရမလဲ၊ အကူအညီပေးရမလား.."


ကျူးထုန်: "....."


စကားခေါင်းစဥ်က ဘယ်လိုလုပ်ဒီနေရာကိုရောက်လာတာလဲ။


သူက အလိုလိုပုန်းရှောင်ချင်စိတ်ပေါက်လာသည့်တိုင် ရှောက်မင်၏လက်က သူ့ခါးပေါ်တွင်ရှိနေသေးသောကြောင့် ထိုသူက ယုံကြည်ချက်အပြည့်ဖြင့်ပြောလာလေသည်။ 


"ဘာလို့ရှောင်တာလဲ၊ နာလို့လား.."


ကျူးထုန်မှာ ထိုသူကိုပြန်အော်ပစ်လိုက်ချင်လာသည်။


 'ငါက ရှောင်တယ်ဆိုတာ ဘာစကားလဲ'


သို့ရာတွင် သူ့မှာစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်မိလေသည်။ 


"မင်း..မင်းအခု ငါမင်းကိုစိတ်ပူပေးလို့ဆိုပြီး အပြစ်တင်နေတာလား.."


ဒီလူက ကျေးဇူးတင်စကားတောင်မပြောချင်တာ။ အခုကျတော့ ဘယ်လိုလုပ်ပြီး ကူညီပေးဖို့အကြောင်းပြောလာရတာလဲ။


ရှောက်မင်: "....."


"ကိုယ်ပြောခဲ့တာကိုပြန်ရုတ်သိမ်းတယ်.."

 á€›á€žá€ąá€Źá€€á€şá€™á€„á€şáá€Ąá€™á€°á€Ąá€›á€Źá€€ မြန်မြန်ဆန်ဆန်ပင်ပြောင်းလဲသွားခဲ့သည်။ 


"နေ့လည်က ကိုယ်ပြောခဲ့တာကိုမေ့လိုက်တော့၊ လူတစ်ယောက်ကကြင်နာပေးထားတာကို မမေ့သင့်ဘူးဆိုတာ ကိုယ်လက်ခံတယ်၊ ကိုယ်မင်းကိုကျေးဇူးပြန်ဆပ်မယ်.."


ငြင်းလို့ရလား။


ကျူးထုန်က ခဏမျှတိတ်ဆိတ်သွားပြီးမှ ပြောလိုက်လေ၏။ 

"တကယ်တော့ မင်းအဲဒီလိုလုပ်စရာမလိုပါဘူး.."


ရှောက်မင် ယနေ့ထူးဆန်းနေရသည့်အကြောင်းအရင်းကို သူနားလည်သွားခဲ့ပြီ။


ရှောက်မင်ကမူ နားမလည်ပေ။


 "ဘာလို့လဲ..."


ကျူးထုန်: "ငါသိတာကတော့ အကြွေးတင်နေတဲ့လူတစ်ယောက် ကိုယ့်အပေါ်ပြန်ကူညီပေးတာက စိတ်ပညာအရ သနားစိတ်ကြောင့်တဲ့၊ ငါဒဏ်ရာရတော့ မင်းအပြစ်ရှိသလိုခံစားရတယ်၊ ဒါပေမဲ့ ပြေးဝင်လာတာက ငါ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ၊ မင်းနဲ့ဘာမှမဆိုင်ဘူး၊ ဒီတော့ မလို..."


"မင်းက ကိုယ်မင်းကိုကျေးဇူးပြန်ဆပ်တာကို အပြစ်ရှိစိတ်ကြောင့်နဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်ကြောင့်လို့ထင်တယ်ပေါ့၊ ဒါမှမဟုတ် ကိုယ့်စိတ်ထဲကသနားစိတ်ကြောင့်လို့ထင်တယ်ပေါ့.."


ရှောက်မင်က ရုတ်တရက်ဖြတ်ပြောလာခဲ့သည်။


ကျူးထုန်က အူတူတူဖြင့်မော့ကြည့်လာ၏။


အဲဒီလိုပဲမဟုတ်ဘူးလား။


ရှောက်မင်က သူ၏အပြစ်ကင်းကာ မသိနားမလည်သည့် မျက်နှာအမူအရာလေးကြောင့် တုံ့ဆိုင်းသွားလေသည်။


"မင်း..."


ကျူးထုန်၏ခါးပေါ်မှလက်က ရုတ်ချည်းတင်းကျပ်လာကာ ကျူးထုန်ကို အလိုလိုနေရင်း ဆတ်ခနဲတွန့်သွားစေသည်။ ရှောက်မင်က ခံစားချက်တို့ကိုရုတ်သိမ်းကာ ချက်ချင်း ချက်ချင်းလက်ပြန်ရုတ်လိုက်သည်။


သူက စိတ်ထဲမှတဆင့် "သူကဒဏ်ရာရထားတယ်" ဟု သုံးကြိမ်တိုင်ပြန်လည်သုံးသပ်နေပြီးမှ စိတ်လျှော့နိုင်ခဲ့လေသည်။ သူက သက်ပြင်းချကာပြောလိုက်ရလေ၏။ 


"မှတ်စုစာအုပ်ကိုကြည့်ရအောင်လေ.."


ခေါင်းစဥ်က ခဏတွင်းချင်းပြောင်းသွားပြန်ရာ ကျူးထုန်မှာ သူပြောလိုက်သည့်စကားကိုပင် တခဏမျှနားမလည်နိုင်ဖြစ်သွားခဲ့လေသည်။


ရှောက်မင်ကမှတ်စုစာအုပ်ကိုယူကာ သူ့လက်ထဲသို့ထည့်ပေးလိုက်သည်။


ကျူးထုန်မှာ ယူရန်ပင်တုံ့ဆိုင်းနေသေး၏။


ရှောက်မင်က ထပ်မေးလာခဲ့သည်။ 

"စားပြီးပြီလား.."


ကျူးထုန်ကခေါင်းညိတ်ပြသည်။ 

"အင်း..."


ဦးလေးလျိုက သူ့အတွက် နေ့လယ်စာပြင်ပေးထားခဲ့သည်။


ရှောက်မင်ကလည်းခေါင်းညိတ်ပြလေသည်။


 "မှတ်စုတွေအပေါ်မှာအာရုံစိုက်ထားရအောင်၊ မင်းနားမလည်တာရှိရင် ကိုယ့်ကိုမေးနော်၊ ပြီးသွားရင် မင်းအဝတ်အစားလဲဖို့ လုပ်ပေးမယ်.."


ကျူးထုန်က အံ့အားသင့်သွားခဲ့သည်။ 


"မင်းကျောင်းကိုပြန်သွားမှာမဟုတ်ဘူးလား.."


ရှောက်မင်: "နေ့လည်ပိုင်းကိုယ်ပိုင်စာကြည့်ချိန်က သီချင်းလေ့ကျင့်တာတွေလုပ်ရုံပဲ၊ သင်္ချာဉာဏ်စမ်းလည်းရှိတယ်၊ မတက်လည်းရပါတယ်.."


ကျူးထုန်: "...."


ဒီတော့ ရှောက်မင်က ဓမ္မတေးဆိုတာကိုနားမထောင်ချင်တာရယ်၊ သင်္ချာဥာဏ်စမ်းမဖြေချင်တာရယ်ကြောင့် နေ့လယ်ပိုင်းမှာ ကျောင်းကိုပြန်မသွားချင်တာပေါ့။


သို့သော်လည်း ကျူးထုန်မှာ နောက်ထပ်မမေးရဲတော့ပေ။ ယခုအချိန်တွင် သူရှောက်မင်နှင့်စကားဆက်ပြောနေပါက ပြဿနာတက်နိုင်သည်ဟု ခံစားနေရလေသည်။


သူက စာရေးစားပွဲခုံတွင်ဝင်ထိုင်လိုက်ကာ ထိုင်ခုံနောက်မှီကိုမမှီတော့ဘဲ မှတ်စုစာရွက်တို့ကိုလှန်လိုက်သည်။


ရှောက်မင်က အနည်းငယ်စိတ်ဓာတ်ကျနေသောပုံစံဖြင့် သူ့အားအနောက်မှကြည့်နေလေသည်။


ဒီသခင်လေးက တကယ်ကိုနားမလည်တာလား။ တကယ်ကိုနားမလည်သေးဘူးလား။


အနည်းငယ်စနေယက်ရုံဖြင့်ပင် မျက်နှာလေးကနီရဲလာပြီး အနည်းငယ်ထိရုံဖြင့်ပင် တောင့်တင်းနေခဲ့သည်။


ရှောက်မင်အခုတွေးနေသည့်အကြောင်းကိုသာသိသွားပါမူ..သူထွက်ပြေးသွားလေမလား။


ဒါမှမဟုတ် မပြေးတာလည်းဖြစ်နိုင်ပါတယ်။


သူသာမပြေးရင်တော့ ရလဒ်က အကောင်းဆုံးဖြစ်လာမှာပဲ။

ဒါပေမဲ့ ဒီလောက်ကောင်းတာမျိုးက လောကကြီးမှာ ဘယ်လိုလုပ်ရှိမှာလဲ။


ဆယ်စုနှစ်တစ်စုစာအတွင်း သူအတိတ်တွင်ရခဲ့သမျှအနက်အကောင်းဆုံးသောအရာမှာ ကျူးထုန်ကကျောင်းပြောင်းလာပြီး သူ့အနားသို့ရောက်လာခဲ့ခြင်းပင်ဖြစ်လေ၏။


သို့ဖြစ်၍ သူ ကျူးထုန်ကို လက်မလွှတ်ချင်ပေ။


ကျူးထုန် သူ၏မှတ်စုစာအုပ်ကိုကြည့်နေစဥ် သူကမူဖုန်းထုတ်ကာ စာရိုက်၍ရှာဖွေလိုက်၏။ 


[လူတစ်ယောက်ကို သိမ်မွေ့ပြီးရိုမန့်တစ်ဆန်တဲ့နည်းနဲ့ ဘယ်လိုဖွင့်ပြောရမလဲ]


ယေဘူယျအဖြေမှာ: မင်းက အွန်လိုင်းကိုတောင်အားကိုးနေရတယ်ဆိုတော့ ဝက်တွေလည်းသစ်ပင်ပေါ်ပျံတက်သွားတော့မှာပဲ။


ညနေခင်းတွင် အတန်းမှတ်စုတို့ကိုအပြီးသတ်ပြီးချိန်တွင် ညရှစ်နာရီကျော်သွားခဲ့ပြီ။ ရှောက်မင်က ဆေးသေတ္တာကိုယူပြီး သူအဝတ်အစားလဲရာတွင်ကူညီပေးခဲ့သည်။


သူက ပုံမှန်ဝတ်နေကျ ခေါင်းစွပ်အင်္ကျီဒီကိုချွတ်ကာ ရင်ဘတ်တဝိုက်၌ ကျပ်စည်းထားသောပတ်တီးတို့ကို တစ်လွှာချင်းဖြည်လိုက်သည်။ ဒဏ်ရာကကျောပေါ်တွင်ဖြစ်နေသောကြောင့် ၎င်းက နှေးကွေးပြီး ပျင်းရိဖွယ်ရာလုပ်ငန်းစဥ်တစ်ရပ် ဖြစ်လေ၏။


ပတ်တီးက ကြမ်းတမ်းသည့်တိုင် ပိတ်သားစကမူနူးညံ့လေသည်။ အသားပေါ်ကိုမကြာခဏပွတ်တိုက်ခံနေရသည့်အခါ ကျူးထုန်မှာယားယံလာပြီး တုန်နေလေတော့၏။


အခန်းထဲမှလေအေးပေးစက်က ဆေးရုံရှိ ကျန်းမာရေးစစ်ဆေးခန်းကလောက်မအေးပေ။ ကျူးထုန်မှာ အနည်းငယ်နွေးထွေးသလိုပင်ခံစားရလေသည်။


သူက အိပ်ရာပေါ်တွင်ထိုင်နေခဲ့သည်။ ခုံအနောက်ကိုမှီထားခြင်းလည်းမရှိဘဲ ခေါင်းကိုသူ့လက်မောင်းကြားတွင်မြုပ်ထားလိုက်သည်။ ဖြောင့်တန်းသောကျောရိုးက အနည်းငယ်ငေါထွက်နေသောလက်မောင်းရိုးနှင့်အတူ လှပသောအခုံးလေးတစ်ခုဖြစ်နေစေ၏။ သူ၏သွယ်လျသောပုခုံးနှင့်ချောမွေ့သောပုခုံးတို့က ကောင်းမွန်သောတည်ဆောက်ပုံကိုဖော်ပြနေလေသည်။ ကျောပေါ်မှလက်ဖဝါးစာအရွယ် အမာရွတ်ကမူ ၎င်းတို့အားလုံးကိုဖျက်ဆီးပစ်လိုက်၏။


ဒဏ်ရာက ထိုနေရာတွင်ဖြစ်နေ၍တော်ပါသေး၏။


ရှောက်မင်၏မျက်လုံးတို့က နက်ရှိုင်းနေသော်လည်း အသံကမူ ပေါ့ပါးအေးဆေးနေသလိုပင်။ 


"အခုနဲ့ဆိုရင် ကိုယ်မင်းကိုပတ်တီးလဲဖို့ကူညီပေးတာ ဘယ်နှစ်ခါရှိပြီလဲ.."


ကျူးထုန်: "....."


သူလည်း အကြိမ်ရေမည်မျှရှိနေပြီမှန်း မမှတ်မိတော့ပေ။


ရှောက်မင်က သူ့အဖြေကိုစိတ်မဝင်စားပေ။ ဒဏ်ရာအပေါ်ကိုဆေးလိမ်းပေးနေရင်း မေးလာပြန်သည်။ 


"ဒီနေရာကိုရောမှုတ်ပေးရဦးမလား..."


ခြေထောက်ဒဏ်ရာရစဥ်က ကျူးထုန်မှာ ဆေးလိမ်းပေးနေစဥ် လေမှုတ်ခွင့်မပေးခဲ့ပေ။


အမျိုးသားနေ့ကျောင်းပိတ်ရက်မှအကြောင်းကိုတွေးမိသည့်အခါ ကျူးထုန်မှာ အနည်းငယ်ရှက်သွားမိသည်။


 "အင်း.."


ရှောက်မင်ကထပ်ပြုံးကာ သူ့ကျောပေါ်ကို လေမှုတ်ပေးလိုက်သည်။


ဆေးကြောင့် နာကျင်မှုကလျော့ပါးသွားသည့်အပြင် ရှောက်မင်၏ဖွဖွလေး လေမှုတ်ပေးမှုကြောင့် မကြာခင်မှာပင် နာကျင်မှုကရပ်တန့်သွားတော့သည်။


ထို့နောက် သူက ပတ်တီးအသစ်စည်းပေးလိုက်သည်။


ပတ်တီးစည်းခြင်းက ပိုမိုရှုပ်ထွေးပြီး ဖြည်ရသည့်အလုပ်ထက်ပိုမိုခက်ခဲလေသည်။


ကျူးထုန်မှာ ကျောမတ်သွားပြီး လက်ကိုအသာမြှောက်ကာ ရှောက်မင်၏လက်ကသူ၏အရှေ့အနောက်ကိုပတ်သွားရင်း သူ၏ဒဏ်ရာတဝိုက်၌လှည့်ပတ်နေသည်ကို ကြည့်နေမိသည်။


ရှောက်မင်၏မျက်လုံးထဲ၌မူ ဒဏ်ရာကိုပတ်တီးစည်းပြီးနောက် သူ၏ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်မှုက ပိတ်ဆို့ခံလိုက်ရသလိုပင်။ သူမြင်ရသည့်အရာဟူ၍ ကျူးထုန်၏ အပြင်ဘက်အသားအရေသာရှိလေသည်။


သူ့မျက်လုံးတို့က အပေါ်နှင့်အောက်ရွေ့လျားနေကာ လည်ချောင်းကလည်း အနည်းငယ်တင်းကျပ်လာလေသည်။ 


"မင်းရဲ့ခါးက တကယ်သေးတာပဲ.."


ကျူးထုန်: "......"


ဟုတ်တယ်။ သူကပိန်တာကိုး။


ရှောက်မင်ရပ်သွားသည်ကိုမြင်သည်နှင့် သူ၏သက်သောင့်သက်သာဖြစ်နေခဲ့သောခန္ဓာကိုယ်လေးက မသိမသာလေးတောင့်တင်းသွားရပြန်သည်။ 


"အားလုံး အဆင်ပြေရဲ့လား..."


ရှောက်မင်က အသံထွက်ရယ်ကာ အသိစိတ်ပြန်ကပ်လာသည်။


 "အဆင်ပြေတယ်.."


သူက သုံးပြီးသားအမှိုက်တို့ကို အမှိုက်ပုံးထဲသို့လှည့်ပစ်လိုက်ကာ ဆေးသေတ္တာကိုအဖုံးပိတ်ပြီး အိပ်ရာဘေးမှစားပွဲပေါ်တွင်တင်လိုက်သည်။ သူပြန်လှည့်လိုက်သည့်အခါ အရှေ့မှလူငယ်လေးက အဝတ်အစားတို့ကိုပြန်ဝတ်နေလေသည်။


သူ့မျက်လုံးတို့က အနည်းငယ်မည်းနက်သွားပြီး ထိုသူ၏အနောက်တွင်ရပ်ကာ မေးလိုက်လေသည်။ 


"မင်းအရင်ရက်တွေက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား.."


အရင်ရက်တွေက..


သူ မအိပ်ခဲ့ရတာ နှစ်ရက်တောင်ရှိပြီလား။


ရှောက်မင် ထိုအကြောင်းကို မည်သို့မည်ပုံသိသွားခဲ့မှန်းမတွေးနိုင်သေးခင် ရှောက်မင်ကပြောလာခဲ့သည်။ 


"ကိုယ်အထဲဝင်လာတာနဲ့ မင်းနိုးသွားတာလေ.."


ကျူးထုန်: "....."


သူအတွေးလွန်သွားပြီမှန်း သိလိုက်ပြီးနောက် ကျူးထုန်မှာ အဝတ်အစားဝတ်နေရာမှတုန့်ခနဲရပ်သွားလေသည်။ ထို့နောက် နေရခက်စွာဖြင့်ပြောလာလေ၏။ 


"အင်း၊ အစာအိမ်ကိုဖိထားရတော့ အိပ်ရတာအဆင်မပြေဘူး..."


ရှောက်မင်က ပြန်မေးလိုက်သည်။ 


"အခုရော အဆင်မပြေဖြစ်နေလား.."


ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။


 "နည်းနည်းပါ.."


ရှောက်မင်က ရုတ်တရက် ဖွဖွလေးရယ်လေသည်။ 


"မင်းအိပ်တဲ့အခါမှာ ပိုအဆင်ပြေတဲ့နည်းလမ်း ကိုယ်တွေ့ထားမင်းစမ်းကြည့်ချင်လား.."


"?"


ကျူးထုန်က မယုံသလိုဖြင့်လှည့်ကြည့်လာ၏။ 


"ဘယ်လိုမျိုးလဲ.."


ရှောက်မင်ကသူတို့နှစ်ယောက်ကြားမှ အကွာအဝေးကိုငုံ့ကြည့်လိုက်သည်။ 


"ဒီနားကိုအရင်လာခဲ့.."


"....."


ကျူးထုန်က တွန့်ဆုတ်ဆုတ်ဖြင့် ရှောက်မင်၏အရှေ့ကိုတိုးသွားလိုက်သည်။


"နည်းနည်းလေးပိုတိုးလာဦး.."


ကျူးထုန်မှာ ရယ်ချင်စိတ်အနည်းငယ်ဖြစ်လာလေသည်။ ဒီနေရာမှာ သူတို့နှစ်ယောက်ပဲရှိတာလေ။ ရှောက်မင်က အိပ်ဖို့အရေးကို ဘာလို့တိုးတိုးလေးပြောနေတာလဲ။


ယင်းအပြင် လက်ရှိအနေအထားကို သူအနည်းငယ်ရင်းနှီးနေသလိုခံစားရသည်။


နို့လက်ဖက်ရည်ဆိုင်မှ သန့်စင်ခန်းထဲတွင်လည်း ရှောက်မင်ကသူ၏အလိုအလျောက် တုံ့ပြန်သည့်နည်းလမ်းကိုပြောခဲ့စဥ်က ယခုလုပ်နေသည့် မျက်နှာထားအတိုင်း တထပ်တည်းဖြစ်နေခဲ့သည်။


ဆိုတော့အခု ရှောက်မင်က ဘယ်လိုထူးဆန်းတဲ့နည်းလမ်းမျိုးကိုကြံနေပြန်တာလဲ။


သံသယဝင်နေသည့်တိုင် ကျူးထုန်ကမူ အနားကိုတစ်လက်မချင်းကပ်သွားခဲ့သည်။ ထို့နောက် ရှောက်မင်၏နှုတ်ခမ်းတို့က ရုတ်တရက်ကော့တက်သွားသည်ကိုမြင်လိုက်ရကာ သူလည်း အလိုလိုနောက်ပြန်ဆုတ်ချင်ခဲ့သော်လည်း မဆုတ်နိုင်ခဲ့ပေ။ သူ့ခါးပေါ်တွင် ကိုင်ထားသည့်ခွန်အားတစ်ခုကရောက်လာခဲ့သည်။


"!"


သူ့ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်တော့ဘဲ တခဏမျှ အရှေ့သို့အနည်းငယ်ကိုင်းကျသွားခဲ့သည်။


ရှောက်မင်က အိပ်ရာခေါင်းရင်းအနားတွင် ထိုင်နေသည့်အနေအထားဖြင့် ကျူးထုန်ကို သူ့ထံဆွဲလိုက်ပြီး သူကလည်းအနောက်ကိုအသာလေးမှီလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အိပ်ရာခေါင်းရင်းမှ နူးညံ့သောခေါင်းအုံးထဲသို့နစ်ဝင်သွားပြီး ကျူးထုန်အား သူနှင့်နီးကပ်စွာမှီထားနိုင်အောင် ကိုင်ထားလိုက်သည်။


"လူသားခေါင်းအုံးက အချိန်မရွေးညှိယူလို့ရတယ်၊ ပြီးတော့ ဘယ်အနေအထားနဲ့မဆိုအိပ်လို့ရတယ်၊ မင်းစမ်းကြည့်ချင်လား..."


"....."


ကျူးထုန်မှာ သူတို့နှစ်ယောက်ကြားတွင်နေရာလွတ်မရှိသည်အထိ သူ့ရင်ဘတ်ပေါ်တွင်ပြားကပ်နေအောင် အဖိခံထားရသည်။ သူ့နှာခေါင်းက ရှောက်မင်၏မေးစေ့ဖြင့်ပွတ်သပ်မိသွား၏။


တခဏမျှ ငြိမ်သက်သွားပြီးနောက် သူဖြည်းဖြည်းချင်းခေါင်းမော့လိုက်ကာ ရှောက်မင်၏နက်ရှိုင်းသောမျက်လုံးတို့ဖြင့်ဆုံတွေ့သွားလေသည်။


ထိုသူ၏မျက်လုံးထဲတွင် အပြုံးတစ်ခုရှိနေပြီး သူ့အားငုံ့ကြည့်ကာ မေးလာလေသည်။ 


"ကိုယ်မင်းနဲ့ ဒီညကိုဒီမှာအတူအိပ်လို့ရလား.."


.....

__________



စာရေးသူမှာ ပြောစရာရှိတယ်။


ရှောက်မင်: ငါ့ဇနီးလေးကို အလေးအနက်ကြီး ဆွဲဆောင်နေရတယ်။



🤒